Chapter 172

654 73 1
                                    

စာစဉ် 12 Chapter 172 အရည်အချင်းများ

"ဆရာ သူက တကယ် အရည်အချင်း ရှိတာပါ၊ ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာပါ"

ဥက္ကဋ္ဌကျန်းက အားပျော့သော အသံဖြင့် သူ့ကိုယ်သူ ခုခံပြောဆိုသည်။

အဘိုးအို၏ နာမည်က ဖမ်ဟမ် ဖြစ်သည်။ သူသည် ခေါင်းမာခြင်းဖြင့် နာမည်ကျော်သည်။ ထို့အပြင် ဘတ်စကတ်ဘော အသင်း၏ ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး စည်းကမ်းကြီးသည်ဟု နာမည်ကြီးသည်။ သူ အနားယူ သွားသော်လည်း သူ့နာမည်ကို အများက သိနေဆဲပင်။ ဤသို့ ရုတ်တရက် ရှောင်တခွင် ဝင်စစ်ခြင်းက အဖွဲ့အစည်းထဲမှ လူတိုင်းကို ထိတ်လန့်သွားစေသည်။ လူတိုင်း တုန်နေပြီး အသက်ပင် မရှူရဲချေ။

"သူ့မှာ ဘယ်လို အရည်အချင်းမျိုး ရှိလို့ မင်းကို ဒီလိုဖြစ်အောင် လုပ်နိုင်ရတာလဲ"

ဖမ်ဟမ် အစပျိုးလာပြန်သည်။

"ငါ အိုနေပင်မယ့် သူငယ်မပြန်သေးဘူးကကွ၊ အခု ဘယ်လိုလုပ် သူငယ်ပြန်နေတဲ့သူက မင်း ဖြစ်နေတာလဲ၊ ဒီနေ့ ငါ လာလိုက်လို့ တော်သေးတယ်၊ ဒီစာချုပ်သာ ချုပ်ဖြစ်ရင် ဟာသကြီး ဖြစ်နေမှာကွ"

"ဒီထဲမှာ ဘာရေးထားလဲ မင်း တွေ့လား"

ဖမ်ဟမ်က စာချုပ်ကို ဖြန့်ပြသည်။

"လေ့ကျင့်ရေး ကင်းလွတ်ခွင့်၊ ပုံမှန်အတိုင်း လစာပေးမယ် ဟုတ်လား၊ ပရော်ဖက်ရှင်နယ် အားကစားသမား တစ်ယောက် ရသင့်တာတွေ အပြည့်အဝ ပေးမယ် ဟုတ်လား၊ ပြိုင်ပွဲတွေ ရှိမှ လာဖို့လိုမယ်ပေါ့လေ"

"ဖြန်း"

ဖမ်ဟမ်က စားပွဲကို နောက်တစ်ခါ ထပ်ရိုက်လိုက်သည်။ သူ ပြောစရာ စကားမဲ့နေ၏။ သူ့မျက်လုံးများ ပြူးကျယ်နေပြီး ကျန်းဟဲအား သူ့အကြည့်ဖြင့် သေအောင် ကြိုးစားနေသလိုပင်။

အခြားကစားသမားများလည်း အံ့ဩသွားသည်။ သူတို့ မကျေနပ်သော အရိပ်အယောင်များပါသည့် အကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။

အကြောင်းအရာများကို ဖမ်ဟမ် ခပ်ကျယ်ကျယ် ဖတ်ပြလိုက်မှသာ ထိုစာချုပ်က မည်မျှ အရေးမပါလဲ သူတို့ သတိပြုလိုက်မိကြသည်။ သူတို့ တအံ့တဩ မော့ကြည့်လိုက်လေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now