Chapter 39

1K 115 0
                                    

Chapter 39 မင်း အံ့ဩသွားလား

ခန်းမတွင်း၌ သတ်ဖြတ်ချင်သော အရှိန်အဝါတစ်ခု ပျံ့လွင့်လာ၏။ ယနေ့ ဤနေရာ၌ သွေးများ စွန်းထင်းမှ ဖြစ်မည့်ပုံပင်။
လူတိုင်း ရဲ့လင်းချန်ကို မျက်တောင်မခတ်တမ်း စိုးရိမ်တကြီး ကြည့်နေကြသည်။ နှစ်ဖက်ညှပ် တိုက်ခြင်းနှင့် ရင်ဆိုင်နေရချိန်တွင် ရဲ့လင်းချန်က ကြောက်လန့်၍ မှင်တက်နေသကဲ့သို့ မလှုပ်မယှက် ရပ်နေ၏။ သူ့လက်နှစ်ဖက်ကို နောက်ပစ်မြဲ ပစ်ထားပြီး လေတိုးသံကြောင့် ဆံပင်များ လွင့်နေသော်လည်း လှုပ်ရှားခြင်း မရှိချေ။
လူတော်တော်များများက မကြည့်နိုင်ဟန်ဖြင့် မျက်လုံးကို တင်းနေအောင် မှိတ်လာကြသည်။ လက်သီးနှင့် ဓားမြောင်တို့က သူနှင့် တစ်လက်မမျှသာ ကွာဝေးတော့သည့် အချိန်၌ ရဲ့လင်းချန်က လှုပ်ရှားလာသည်။
သူသည် လက်တစ်ဖက်ကိုမြှောက်၍ သိမ်းငှက်က ကြက်ပေါက်စလေးကို ထိုးသုတ်သကဲ့သို့ လူဖြူအမျိုးသား၏ လက်သီးကို လွယ်ကူစွာ ဖမ်းချုပ်လိုက်သည်။
ထို့နောက် သူသည် ခြေတစ်ဖက်ကိုမြှောက်၍ အရှေ့တောင်အာရှသား၏ ပခုံးကို လျင်မြန်စွာ ကန်ထုတ် လိုက်လေသည်။
“ဝှီး”
အရှေ့တောင်အာရှသား၏ ခန္ဓာကိုယ်သည် လေထဲ၌ သဲအိတ်သဖွယ် လွင့်ထွက်သွားပြီး နံရံအား အားဖြင့် ဝင်ဆောင့်သွားသည်။
ထိုကန်ချက်ကြောင့် သူ့ပခုံးတစ်ခုလုံး ပုံပျက်သွားပြီး တစ်ကိုယ်လုံး အကြောဆွဲကာ ချက်ချင်း သတိလစ် သွားလေသည်။ ထို့‌နောက် ရဲ့လင်းချန်က လူဖြူအမျိုးသား၏ ပါးအား ဝိုက်လက်သီးတစ်ချက် ကျွေးလိုက်သည်။ လူဖြူ ဥရောပသား၏ ဦးခေါင်း ဘေးသို့ လိမ်ထွက်သွားပြီး ပါးရိုးကျိုးသွားသည်။
နှစ်ယောက်လုံး ရှေ့ဆင့်နောက်ဆင့် လွင့်ထွက်သွားပြီး တစ်ချက်ကလေးမှ မညည်းတွားလိုက်နိုင်ဘဲ သတိလစ် သွားကြသည်။
အရာအားလုံး တိတ်ဆိတ်သွားပြီး လက်ရှိတွင် အချိန်ပါ ရပ်တန့်နေသည်ဟု ထင်မှတ်ရသည်။ ခန်းမတွင်း၌ အသက်ရှူသံကိုပါ မကြားရပါ။
လူတိုင်း မျက်လုံးပြူးကာ ကျောက်ရုပ်သဖွယ် နေရာ၌ ငြိမ်၍ ရပ်နေကြသည်။ ထိုလူများထဲတွင် ဝူဖုန်းနှင့် လုဟောင်လည်း ပါဝင်ပေသည်။
ရဲ့လင်းချန် စတင် တိုက်ခိုက်လာသည့်အချိန်မှ တစ်ဖက်လူနှစ်ယောက် မြေကြီးပေါ် လဲကျသွားသည့်အချိန်ထိ စုစုပေါင်း ကြာချိန်က အသက်သုံးကြိမ် ရှူစာလောက်ပင် မရှိချေ။ မြန်ဆန်လွန်းပေ၏။
မည်သူမှ ဖြစ်အင်ကို ရှင်းလင်းစွာ မမြင်လိုက်ကြချေ။ ရဲ့လင်းချန် လက်တစ်ဖက် ခြေတစ်ဖက် မြှောက်လိုက်ချိန်တွင် တစ်ဖက်လူ နှစ်ယောက် လွင့်ထွက်သွားသည်ကိုသာ သူတို့ မြင်လိုက်ရသည်။
သူတို့ အိပ်မက်မက်နေသလိုပင်။ ဤရလဒ်က မထင်မှတ်ထားဘဲ အံ့ဩစရာ ကောင်းလှသည်။
လူတိုင်း ရဲ့လင်းချန် မည်မျှ ဆိုးရွားစွာ ဇာတ်သိမ်းသွားမလဲဟုသာ မျှော်လင့်ထားကြသည်။ ရဲ့လင်းချန်က ဤမျှ သန်မာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“ဒီတော့ အခုထိ မင်း ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်လို့ ထင်နေတုန်းလား”
ရဲ့လင်းချန်က လုဟောင်ကို ကြည့်နေသည်။ သူ့အကြည့်ကြောင့် လုဟောင် တစ်ကိုယ်လုံး အေးစက်သွားပြီး ကြောက်စိတ် ဝင်လာ၏။
“မင်း ဘာလုပ်မလို့လဲ၊ ဝေးဝေးနေစမ်း”
ရဲ့လင်းချန် တဖြည်းဖြည်း လျှောက်လာပြီး လုဟောင်နားအထိ ရောက်လာသည်။ မည်သူမှ သူ့ကို မတားရဲချေ။ အစောပိုင်းက ရိုင်းပျနေသည့် ဝူဖုန်းပင် ယခု ပါးစပ်ပိတ်နေလေသည်။ ထို့နောက် ရဲ့လင်းချန်က လက်မြှောက်၍ လုဟောင်၏ ပါးကို ဖြောင်းခနဲ ချလိုက်သည်။
လုဟောင် ကြမ်းပြင်ပေါ် လဲကျသွားသည်။ ရိုက်ချလိုက်သံက ခန်းမအနှံ့သို့ ပဲ့တင်ထပ်သွားသည်။
“မင်း … မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့လေ”
လုဟောင် ပါးစပ်ကိုအုပ်၍ အိပ်မက်မက်နေသည်ဟု ထင်မှတ်ကာ ရဲ့လင်းချန်အား မယုံနိုင်သလို ကြည့်လာ၏။
“မင်း အံ့ဩသွားလား၊ မင်းခေါင်းထဲမှ ဝီခေါ်သံတွေနဲ့ ပြည့်နေပြီလား”
“မင်း တုန်လှုပ်သွားလား၊ မင်း အရိုက်ခံရတာကို မယုံနိုင်ဘူး မဟုတ်လား”
ရဲ့လင်းချန်က လုဟောင်ကို စိန်းစိန်းဝါးဝါး ကြည့်၍ လက်မြှောက်လိုက်သည်။
“ဖြောင်း”
နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ခြင်းပင်။ လုဟောင်၏ မျက်နှာ၌ နီရဲသော လက်ငါးချောင်းရာက အထင်းသား ပေါ်လာသည်။
“မင်း ခုနက မောက်မာနေတာ မဟုတ်ဘူးလား၊ အခု မင်းမာနတွေ ဘယ်ရောက်သွားလဲ”
“ဖြောင်း”
“ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်ဆို၊ မင်း အခု ငါ့ကို ရွေးချယ်ခိုင်းချင်သေးလား”
“ဖြောင်း”
“မင်း ငါ့ကို မြန်မြန်သေအောင် လုပ်ပေးမယ်ဆို၊ မင်း အခု အဲ့လို လုပ်ချင်တုန်းပဲလား”
“ဖြောင်း”
“မင်း အခုထိ ကြီးမြတ်နေတုန်းလား”
“ဖြောင်း”
ဆက်တိုက် ပါးရိုက်ခြင်းကြောင့် လုဟောင် မူးဝေလာ၏။ သူ့မျက်နှာက လူရုပ်မထွက်တော့ဘဲ ရောင်ကိုင်းကာ ဝက်ခေါင်းနှင့် တူလာလေသည်။
ခန်းမတစ်ခုလုံး သုသာန်လေအလား တိတ်ဆိတ်နေသည်။ ရဲ့လင်းချန် ဤမျှ ရူးသွပ်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။
ဤသည်က  သူတို့၏ အတွေးအမြင် ပြောင်းလဲသါားသလိုပင်။ သူတို့၏ ဦးနှောက်များ အလုပ်ပင် ကောင်းကောင်း လုပ်ပုံ မရတော့ပါ။
“အား…”
ပါးပေါ်မှ နာကျင်မှုကြောင့် လုဟောင် အသိပြန်ဝင်လာသည်။ သူ အရိုက်ခံလိုက်ရတာလား။ သူ တကယ်ကြီး အဆော်ခံလိုက်ရတယ်တဲ့လား။
သူသည် မွေးကတည်းက တစ်ခါမှ အရိုက်မခံရဖူးပါ။ မည်သူမှ သူ့ကို နာနာပင် မဆိတ်ရဲချေ။ သူ့မျက်နှာ တစ်ခုလုံး ရုပ်ပျက်နေပြီး မျက်လုံးနှစ်ဖက်လုံး နီမြန်းနေသည်။
ပြင်းထန်သော အရှက်ကွဲခြင်းနှင့် ဒေါသတို့ ပေါင်းစုံသွားသောအခါ သူ၏ ဆင်ခြင်တုံတရား ပျောက်ဆုံး သွားလေသည်။

တစ်ချိန်တည်းမှာပင် လင်းမိသားစု အိမ်တော်တွင်း၌ လင်းရှန်းဟဲ၊ လင်းအောင်၊ လင်းရို့ယွီနှင့် ကျန်လင်းမိသားစုဝင် များအားလုံး စုဝေးနေပြီး စိုးရိမ်တကြီး စောင့်ဆိုင်းနေ၏။
မဟာဆရာသခင်ကျန်းလည်း ရှိနေသည်။ ယခုအခွင့်အရေး၌ သူသည် ရဲ့လင်းချန်၏ ဆေးပညာကို ဂရုတစိုက် လေ့လာ သင်ယူလိုခြင်း ဖြစ်လေသည်။
“ဘာဖြစ်တာလဲ၊ ဒီလောက် နောက်ကျနေတာတောင် မဟာဆရာသခင်ရဲ့က ဘာလို့ ရောက်မလာသေးတာလဲ”
လင်းရို့ယွီ မေးခွန်းထုတ်လာသည်။ သူမ တံခါးဝကို ယခုအထိ ခဏခဏ ကြည့်နေမိသည်။
“အရင်တုန်းက အဖြစ်ကြောင့် မဟာဆရာသခင်ရဲ့ စိတ်ဆိုးနေတာများလား”
လင်းရှန်းဟဲက စိုးရိမ်နေသော လေသံဖြင့် ပြန်ပြောလာသည်။
“ဟားဟား မစိုးရိမ်ပါနဲ့၊ အဲ့လူငယ်လေးက ငါ့ကို ကုပေးမယ်လို့ ကတိပေးထားပြီးမှတော့ သူ သေချာပေါက် လာမှာပါ၊ ငါ့ရဲ့ လူကဲခတ်စွမ်းရည်က အဲ့လောက် မညံ့သေးပါဘူး”
လင်းထျန်းဟွာက အိပ်ရာထဲမှ ရယ်၍ ပြောလေသည်။ သူ့ပုံစံက ယခင်ကထက် တော်တော်လေး ပိုကောင်းနေ၏။
“ဒါပေမဲ့ … အဖေ ဒီကိစ္စက အဖေ့ ကျန်းမာရေးနဲ့ ပတ်သက်နေတာလေ၊ ကျွန်တော်တို့ အားလုံး အစီအစဉ်တကျ ဖြစ်နေလား သေချာအောင် လုပ်ဖို့ လိုတာပေါ့”
လင်းရို့ယွီ၏ ဒုတိယဦးလေးက ပြန်ပြောလာသည်။
“ကျွန်တော် … သူ့ကို ဖုန်းဆက်ကြည့်ရမလား”
လင်းအောင်က မိသားစုဝင်များကို မေးလိုက်သည်။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လင်းရှန်းဟဲက အသာ ခေါင်းညိတ်၍ သဘောတူလေသည်။
“ဒါပဲ ငါတို့ လုပ်နိုင်တော့တယ်၊ မင်းလေသံက လေးစားမှုရှိအောင် သေချာလုပ်နော်”

ကျင်းချန်ဟိုတယ်၌
“အား …အား … အား … မင်း သေပြီသာမှတ်၊ ငါ မင်းတစ်ဘဝလုံး နောင်တနဲ့ နေရအောင် လုပ်ပစ်မယ်၊ မင်း စောင့်နေ၊ မင်း စောင့်ကြည့်နေလိုက်”
လုဟောင် ရူးသွပ်နေသည်။ သူ့အော်သံက လူတိုင်းကို ကြက်သီးထသွားစေသည်။ သူသည် ရဲ့လင်းချန်အား တစ်စစီ စုတ်ဖြဲ၍ အသက်ချမ်းသာပေးရန် တောင်းပန်လာအောင် လုပ်မည်ဟူသော အတွေးတစ်ခုတည်းဖြင့် ကြည့်နေ၏။
သူ့စိတ်ထဲတွင် အရူးသဖွယ် ဖြစ်နေကာ တစ်ကိုယ်လုံး တုန်ယင်နေ၏။
“မင်းက သတ္တိရှိသားပဲ၊ အခုထိ မောက်မာနေသေးတယ်”
ရဲ့လင်းချန် လှောင်ပြောင်၍ လက်ကို ထပ်မြှောက်လိုက်သည်။ သူ ပါးရိုက်တော့မည့်အချိန်၌ သူ့ဖုန်းက မြည်လာသည်။ သူမသိသော နံပါတ်တစ်ခုက ဖုန်းခေါ်နေခြင်းပင်။
“မင်္ဂလာညနေခင်းပါ ဒါ မဟာဆရာသခင်ရဲ့ရဲ့ ဖုန်းနံပါတ် ဟုတ်ပါလား”
“မင်းက … လင်းအောင်လား”
ရဲ့လင်းချန် ထိုအသံကို ရေးတေးတေး မှတ်မိသွားသည်။
“ဆရာသခင်ရဲ့ ဟုတ်ပါတယ်၊ ကျွန်တော်ပါ”
လင်းအောင် တလေးတစား ပြန်ဖြေလိုက်သည်။ ထိုလေးစားသမှုက သူ့စိတ်ထဲမှ နက်နက်ရှိုင်းရှိုင်း ထွက်ပေါ် လာခြင်း ဖြစ်သည်။
ရဲ့လင်းချန်သည် သူ့အဘိုးကို ကယ်ခဲ့ရုံသာမက ထူးချွန်သော တိုက်ခိုက်ရေးသမားလည်း ဖြစ်သည်။ စစ်သည်တော် ဌာနမှ ဖြစ်သော သူသည် သန်မာသူများကို အမြဲ လေးစားလေ့ ရှိသည်။ ရဲ့လင်းချန်က သူ့ထက် ငယ်သော်လည်း ရဲ့လင်းချန်၏ အရည်အချင်းက သူ့ကို နာခံအောင် လုပ်နိုင်ပေသည်။
“မဟာဆရာသခင်ရဲ့ ကျွန်တော့်အဘိုးကို ဆေးကုပေးဖို့ ဒီနေ့ ချိန်းဆိုထားတာလေ၊ အဲ့ဒါ ဆရာ မှတ်မိသေး ရဲ့လားလို့ပါ”
“ငါ မှတ်မိပါတယ်၊ အခု ဒီမှာ ငါ နည်းနည်း ပြဿနာ တက်နေလို့၊ နည်းနည်း နောက်ကျမယ် ထင်တယ်”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ပြဿနာ၊ ဘာပြဿနာလဲဗျ၊ ကျွန်‌တော် ကူညီပေးလို့ ရမလား”
လင်းအောင် စိုးရိမ်သွားသည်။ သူ့အဘိုး၏ ဆေးကုသမှုအား မည်သည့်အရာကမှ နှောင့်နှေးအောင် လုပ်ခွင့် မပေးနိုင်ပါ။
“ငါ လုဟောင်နဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာလေး ရှိလို့၊ အခု အဲ့ကိစ္စကို ရှင်းလက်စ ဖြစ်နေလို့”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
“လုဟောင်၊ လုလုပ်ငန်းစုက လုဟောင်လား”
“ဟုတ်တယ် သူပဲ”
“ဆရာသခင်ရဲ့ ကျွန်တော့်ကို ဆရာ့နေရာ ပြောပါ၊ ကျွန်တော်တို့ ဒီကိစ္စကို ဆရာ့အတွက် ချက်ချင်း ဖြေရှင်း ပေးပါ့မယ်”
လင်းအောင်က အရေးမပါသော ကိစ္စကို ပြောနေသကဲ့သို့ တစ်ချက်ကလေးမှ စဉ်းစားမနေဘဲ ပြန်ပြောလိုက်သည်။
“ငါ ကျင်းချန်ဟိုတယ်မှာ”
“ကောင်းပါပြီ ကျွန်တော် ဆယ်မိနစ်အတွင်း ရောက်လာခဲ့ပါ့မယ်”
လင်းအောင်က ဖုန်းချလိုက်ပြီးနောက် တုံ့ဆိုင်းမနေဘဲ အခြေအနေကို ရှင်းပြလိုက်သည်။ ထို့နောက် သူ လူတစ်ချို့ကို ခေါ်၍ မဟာမြို့တော် စားသောက်ဆိုင်သို့ အပြေးထွက်လာလေသည်။
မဟာဆရာသခင်ရဲ့ ပြဿနာ တက်နေ၏။ ဤသည်က လင်းမိသားစုအတွက် သူတို့အင်အား ပြသနိုင်မည့် အခွင့်အရေး ဖြစ်ပေသည်။
ယခင်အခေါက်က သူတို့ မဟာဆရာသခင်ရဲ့ကို စိတ်ပျက်အောင် လုပ်ခဲ့မိပြီး ယခုအထိ မည်သို့ ဖြေရှင်းရမလဲဟု တွေးနေခဲ့ကြသည်။ လုမိသားစု၏ ပြဿနာ ရှာခြင်းက သူတို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်လာပေသည်။
“ကလင် ကလင် ကလင်”
ရဲ့လင်းချန် ဖုန်းချခါနီး၌ နောက်ဖုန်းတစ်လုံး မြည်လာ၏။ ယခုတစ်ခေါက် မြည်သံမှာ လုဟောင်၏ ဖုန်းမှ ဖြစ်သည်။ ဖုန်းဖန်သားပြင်ကို တစ်ချက်ကြည့်ပြီးနောက် လုဟောင်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာကာ မျက်ရည်များ စီးကျလာ၏။
“ဟဲလို အဖေ ကျွန်တော် သေမတတ် အရိုက်ခံနေရတယ်”
စောဒက တက်နေသော လုဟောင်၏ အသံ၌ နာကျည်းမုန်းတီးမှုနှင့် မတရားခံနေရဟန်များ ပါဝင်နေသည်။
“မင်း ဘယ်မှာလဲ”
ဖုန်းထဲမှ လည်ချောင်းသံပါသော အသံတစ်သံ ထွက်လာ၏။
“ကျွန်တော် အခု ကျင်းချန် ဟိုတယ်မှာ”
“ငါ ဆယ်မိနစ်အတွင်း ရောက်မယ်”

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now