Chapter 17

1.3K 131 0
                                    

ကျုပ်က ပါရမီရှင်
I am a prodigy
Author Rugao Under The Bridge
ဘာသာပြန် Han Shin

Chapter 17 ဧည့်ခံပွဲ

လန်လန်နှင့် ရည်းစားစာတို့၏ နာမည်ကြီးမှုကြောင့် ရဲ့လင်းချန်၏ တိုက်ရိုက် ထုတ်လွှင့်ခြင်း ချန်နယ်၌ ကြည့်ရှုသူ အရေအတွက် တစ်သောင်းသို့ ရောက်သွားလေသည်။ ထို့အပြင် သူ၏ အံ့ဩစရာကောင်းသော ဂိမ်းစွမ်းရည်နှင့် သုံးသပ်ချက်တို့ကြောင့် သူ၏ အားပေးသူများထံမှ ယွမ်နှစ်ထောင့်ငါးရာ ရလာသည်။
*လခွမ်း ငါ တိုက်ရိုက် ထုတ်လွှင့်မှု နှစ်ခါလုပ်တာကနေ ယွမ်နှစ်ထောင့်ငါးရာ ရပြီးတော့ နှစ်နာရီ နှိပ်နယ်ပေး တာကနေ တစ်သောင်း ရတယ်၊ ပိုက်ဆံရှာတာက ဘယ်အချိန်တုန်းက ဒီလောက် လွယ်သွားတာလဲ*
သူ၏ အားပေးသူများ၏ ဆုချီးမြှင့်မှုကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီး ဆုကြေးမှ ပိုက်ဆံ ထုတ်ယူရန်အတွက် ထုတ်ယူမည် ခလုပ်ကို နှိပ်လိုက်သည်။
*ဟမ်*
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ သူ ဘယ်နည်းနှင့်မှ ပိုက်ဆံ ထုတ်၍ မရသည်ကို တွေ့လိုက်ရသည်။ သူ Wechat မှ စာပို့လိုက်သည်။
“လန်လန် ငါ ဘာလို့ ဆုကြေးရတဲ့ ပိုက်ဆံကို ထုတ်လို့မရတာလဲ”
“နင် စာချုပ် မချုပ်ရသေးဘူး မဟုတ်လား၊ နင် စာချုပ်ချုပ်ပြီးမှပဲ ပိုက်ဆံ ထုတ်လို့ရမှာ”
ရဲ့လင်းချန် မသိမသာ ပြောစရာစကား မရှိတော့သလို ခံစားလိုက်ရသည်။
“စာချုပ်ချုပ်တယ် ဟုတ်လား၊ ငါ ဘယ်လိုလုပ်ရမှာလဲ”
“အဲ့ဒါက ရိုးရှင်းတဲ့ လုပ်ငန်းစဉ်လေးပါ၊ ငါ iHuyu ရဲ့ စီမံခန့်ခွဲမှုဌာနက တစ်ယောက်နဲ့ ရင်းနှီးတယ်၊ ငါ နင့်ကို အဆင့်မြင့် အထူးစာချုပ် ချုပ်နိုင်အောင် ကူညီပေးမယ်”
လန်လန် အလွန် ဝမ်းသာတက်ကြွနေ၏။
“သာမန်စာချုပ်က ထုတ်လွှင့်သူနဲ့ ကွန်ရက်ကြားမှာ လေးဆယ် ရာခိုင်နှုန်းနဲ့ ခြောက်ဆယ် ရာခိုင်နှုန်းဆိုပြီး ခွဲဝေတာ၊ ထုတ်လွှင့်သူက လေးဆယ် ရာခိုင်နှုန်း ရပြီးတော့ ကွန်ရက်က ခြောက်ဆယ် ရာခိုင်နှုန်း ရတာလေ၊ ဒါပေမဲ့ နင် ခြောက်ဆယ် ရာခိုင်နှုန်းရပြီး ကွန်ရက်ကို လေးဆယ်ရာခိုင်နှုန်းပဲ ခွဲပေးရမယ့် စာချုပ်မျိုး ချုပ်နိုင်အောင် ငါ ကူညီပေးမယ်၊ ပြီးတော့ နင် အဆင့်မြင့် စာချုပ်ချုပ်လိုက်ရင် ကာလတစ်ခုလောက်ထိ စာချုပ်သက်တမ်း ရှိနေမှာ”
ရဲ့လင်းချန် ဆွဲဆောင်ခံလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ဆယ်ရာခိုင်နှုန်းဆိုလျင်ပင် သူ့အတွက် အတော် များနေသော ပိုက်ဆံ ဖြစ်နေသောကြောင့်ပင်။
“ငါ အဲ့ဒါကို ဘယ်လို ချုပ်ရမလဲ”
“နင် ပူစရာမလိုဘူး၊ နင် သူတို့နဲ့ သဘာဝကျကျ စာချုပ်ချုပ်နိုင်အောင် ငါ ကူညီပေးမယ်၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ ငါ နင့်အပေါ် တင်နေတဲ့ အကြွေးကို ကျေသွားပြီလို့ သတ်မှတ်ပေးရမယ်”
လန်လန်က သူမရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။
“ရတယ် ကိစ္စမရှိဘူး”
ရဲ့လင်းချန် ပြုံးလိုက်သည်။ အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက် အကျိုးအမြတ် ရှိသည်ဟု ခံစားမိနေ၏။ တစ်ချိန်တည်းမှာပင် လန်လန်သည် သူမ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်း ချန်နယ်၌ မြေခွေးမလေးကဲ့သို့ ညစ်ကျယ်ကျယ် ပြုံးနေသည်။
ရဲ့လင်းချန်၏ ဂိမ်းစွမ်းရည်နှင့် စွမ်းဆောင်ရည်က iHuyu ၏ စီမံခန့်ခွဲမှုဌာနကို အနှေးနှင့်အမြန် ဖမ်းစားသွားမှာပင်။ သူ့အတွက် အဆင်မြင့် အထူးစာချုပ် ချုပ်နိုင်ရန် မခက်ပေ။ သူမအနေဖြင့် စာလေးတစ်စောင် ပို့ရုံမှလွဲ၍ အခြား လုပ်စရာ မလိုချေ။ ဤသို့သော အခြေအနေကို ရိုးစင်းစွာ အပေးအယူ လုပ်လိုက်နိုင်သည့် သူမ၏ အောင်မြင် မှုကြောင့် သူမကိုယ်သူမ မရိုးသားသော အရောင်းဝန်ထမ်း ဖြစ်လာရန် အလားအလာရှိသည်ဟု ခံစားမိလာသည်။
[ရေခဲနတ်သမီး တစ်ယောက်တည်း ပြုံးနေတာကို မင်းတို့အားလုံး မြင်ကြလား]
[ချီးပဲ ဒါ တစ်ယောက်ယောက်ကို ချစ်မိသွားတဲ့ အပြုံးဆိုတာ သိသာတယ်]
[ငါ့အမြင်မှာတော့ ဒါ ရေခဲနတ်သမီးဘက်က တစ်ဖက်သတ် အချစ်လို့ မြင်တယ်၊ ဒါ ကြောက်စရာကောင်းတယ်၊ ကြောက်လိုက်တာ …]

မှောင်လာသဖြင့် ရဲ့လင်းချန် ဂိမ်းဆိုင်ထဲမှ ထွက်လာလိုက်သည်။ အနီးအနား၌ ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို သူ တွေ့လိုက်သဖြင့် ညစာဝင်စားပြီးမှ သူ့အိမ်သို့ လမ်းလျှောက် ပြန်လာလိုက်သည်။
နောက်ပိုင်း အချိန်အတိုင်းအတာတစ်ခုအတွင်း ရဲ့လင်းချန်သည် နွေရာသီ ကျောင်းပိတ်ရက်၏ တန်ဖိုးရှိသော အချိန်များကို ခံစား ပျော်ရွှင်နေသည်။ သူသည် မနက်စောစောထ၍ အရဟာ လက်သီးကို တစ်ကြိမ် လေ့ကျင့်သည်။ ထို့နောက် အနီးအနားမှ စာကြည့်တိုက်သို့သွား၍ သူ၏ စွမ်းရည်အမှတ် မြင့်တက်လာစေရန် သူ စိတ်ဝင်စားသော စာအုပ်အချို့ကို ဖတ်နေလိုက်သည်။ သူ၏ နေ့လယ်ဘက် အချိန်များကို လန်လန်နှင့်အတူ တိုက်ရိုက် ထုတ်လွှင့်ခြင်းဖြင့် ကုန်ဆုံးကာ တစ်ခါတရံ၌ ရှောင်ဖေးဖေးကို နှိပ်နယ်ပေးခြင်း ပြုလုပ်လေသည်။
အရဟာ လက်သီးသည် အပြင်ပန်း ခန္ဓာကိုယ် တည်ဆောက်မှုအပေါ် အာရုံထားသော သိုင်းပညာ ဖြစ်သည်။ ရဲ့လင်းချန်၏ ယခင် ပျော့အိနေသော ကြွက်သားများက ကျစ်လျစ်၍ သန်မာကြီးထွားလာ၏။ သူ တဖြည်းဖြည်း သန်မာလာသည်ကို သူ သေချာ ခံစားမိသည်။ ယခင်က သူ အရဟာ လက်သီးကို တစ်ကြိမ်သာ လေ့ကျင့်နိုင် သော်လည်း ယခု နှစ်ကြိမ် လေ့ကျင့်နိုင်စွမ်း ရှိလာ၏။
တဖြည်းဖြည်း အချိန်ကုန်လာပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရလဒ်များ ကြေညာမည့်ရက်သို့ နီးကပ်လာသည်။ မိဘများ စိုးရိမ်ပူပန်လာပြီး စာလေ့လာခြင်းကို လက်လျှော့ထားသည့် ကျောင်းသားများလည်း စိုးရိမ်လာကြသည်။
“အဖေ အမေ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး၊ ကျွန်တော် ဒီစာမေးပွဲမှာ အမှတ်ကောင်းကောင်း ရမှာပါ”
ရဲ့လင်းချန်က ပူပန်နေသော သူ့မိဘများ စိတ်အေးအောင် ဖျောင်းဖျလေသည်။
“မင်းရဲ့ အမှတ်ကောင်းပါလို့ပြောတဲ့ စကားရဲ့ စံသက်မှတ်ချက်က ဘာလဲ၊ ဒုတိယ ဒါမှမဟုတ် တတိယအဆင့် တက္ကသိုလ် တက်ရတာကို ပြောတာလား”
ရဲ့ကျင်းက ရဲ့လင်းကို စူးခနဲ ကြည့်လိုက်ပြီးနောက် သက်ပြင်းရှည် ချလိုက်သည်။ ရှုကျန်းက ရဲ့လင်းချန်၏ ခေါင်းလေးကို ပွတ်ပေးလေသည်။
“လင်းချန် အမေတို့ရွာက ဟူကျီက သူ့စာမေးပွဲရလဒ်ကို ကြိုသိပြီးနေပြီ၊ သူက ရွာက လူတိုင်းကို ကျွေးမွေးဖို့အတွက် ဧည့်ခံပွဲကြီး ပြင်ထားပြီးပြီလေ”
“တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရလဒ်က မနက်ဖြန်မှ ထွက်မယ်လို့ ကျွန်တော် ထင်နေတာ”
ရဲ့လင်းချန် တအံ့တဩ ပြောလိုက်သည်။ ဟူကျီက သူနှင့် ဖြေဆိုသည့် စာမေးပွဲခန်းမ တူသည်ကို ပြန်မှတ်မိ သွားသည်။
“သူ့မိသားစုဝင်တွေက သူ့အမှတ်ကို သိဖို့အတွက် ပညာရေးဌာနက တစ်ယောက်ယောက်ကို အကူအညီ တောင်းလိုက်တာလေ၊ သူက အမှတ်ပေါင်း ခြောက်ရာနှစ်ဆယ့်ခြောက်မှတ် ရတယ်လေ၊ ပြီးတော့ သူက ပထမအဆင့် တက္ကသိုလ် တက်နိုင်မယ်ဆိုတာ သံသယဝင်စရာတောင် မလိုဘူး”
ရှုကျန်းက ပြန်ပြောလေသည်။ ရဲ့လင်းချန် သတိထားမိသွားပြီး ခေါင်းညိတ်လိုက်သည်။ အခြားသူ၏ ကလေးက အမှတ်ကောင်းသည်ကို သိပြီးနောက် သူ့မိဘများ စိတ်အခြေအနေမကောင်းသည်ကို သူ မအံ့ဩတော့ချေ။
သူ ဆက်၍ အသေးစိတ် မစီစဉ်ထားသော်လည်း မနက်ဖြန် ကြေညာမည့် သူ့အမှတ်ကိုသာ စောင့်နေမိသည်။ သို့မှသာ သူ့မိဘများ အံ့ဩသွားအောင် သူ လုပ်နိုင်ပေမည်။
“ပြင်ဆင်ရအောင် အမေတို့ အဲ့ကို သွားရမယ်”
ရှုကျန်း ထပ်ပြောလာသည်။
“မင်းတို့ နှစ်ယောက်ပဲ သွားပါ၊ ငါ မလိုက်တော့ဘူး”
ထိုသို့ပြောပြီးသည်နှင့် ရဲ့ကျင်းက သူ့ကုတ်အင်္ကျီရှည်ကို ကောက်ဝတ်ကာ ချက်ချင်း ထွက်သွားသည်။ သူ၏ ထွက်သွားသော ပုံရိပ်၌ ခါးသီးမှုနှင့် အထီးကျန်မှုများ ကပ်ညိနေ၏။
ရွာက ရွာကြီးမဟုတ်သဖြင့် ရှုကျန်းနှင့် ရဲ့လင်းချန်တို့သည် ဆယ်မိနစ်မျှ လမ်းလျှောက်ပြီးသည်နှင့် ဟူကျီ၏ အိမ်သို့ ရောက်သွားကြသည်။
လက်ရှိတွင် ဟူကျီ၏ အိမ်ရှေ့၌ ဧရာမ အနီရောင် ပေါင်းမိုးတစ်ခု ပြင်ထားသည်။ ပေါင်းမိုးအောက်၌ စားပွဲ ဆယ်လုံးကျော် ချထားလေသည်။ မိသားစုဝင်များက ဝမ်းသာအားရ ကြွားဝါ ပြောဆိုနေကြသည်။ မိသားစုဝင် တချို့သည် အစားအသောက်များ ပြင်ပေးနေပြီး အချို့က ပရိဘောဂများ နေရာချရင်း အလုပ်များနေ၏။ အကြိမ်တိုင်း ရွာသားအချို့က သူတို့ထံ လျှောက်သွားပြီး ဂုဏ်ပြုစကား ပြောကြသည်။
ဟူကျီ၏ မိခင် ရှောင်မေ့က အပြုံးကြီးပြုံးကာ ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်နေ၏။ ဟူကျီသည် သူ့မိခင်ဘေး၌ အောင်ပွဲရလာသော စစ်သူကြီးသဖွယ် ခေါင်းကိုမော့၍ ရပ်နေသည်။ သူ့မျက်နှာ၌ ပျော်ရွှင်မှုနှင့် ဂုဏ်ယူဟန်များဖြင့် ပြည့်နှက်နေလေသည်။
ရှုကျန်းက ရဲ့လင်းချန်ကိုဆွဲ၍ သူတို့ထံ လျှောက်သွားလိုက်သည်။
“ဂုဏ်ယူပါတယ် ရှောင်မေ့ရေ၊ ဟူကျီက စာမေးပွဲမှာ တော်တော် အမှတ်ကောင်းတာပဲ၊ နင် ပင်ပန်းရကျိုး နပ်သွားပြီ”
ရှုကျန်းက ဂုဏ်ပြုစကား ဆိုလေသည်။
“ဟားဟားဟား … ဒီတစ်ခေါက် စာမေးပွဲက အရမ်း မခက်လို့ပါ၊ ဘယ်တက္ကသိုလ်က သူ့ကို လက်ခံမလဲဆိုတာကို ကျွန်မတို့ အခုထိ မသိသေးပါဘူး”
ရှောင်မေ့က နှိမ့်ချစွာ ပြန်ပြောလာသည်။ အနီးအနားမှ တစ်စုံတစ်ယောက်က ဖြတ်ပြောလေသည်။
“ရှောင်မေ့ နင် အရမ်း နှိမ့်ချလွန်းနေပြီ၊ ဒီတစ်ခေါက် မေးခွန်းတွေက မနှစ်ကထက် ပိုခက်တယ်ဆိုတာကို လူတိုင်း သိတယ်၊ ဟူကျီက သူ့အမှတ်နဲ့ဆို ထိပ်တန်း တက္ကသိုလ်ရဲ့ လက်ခံတာကို ခံရမှာ သေချာတယ်”
“နင့်သား ဟူကျီက သူ့အမှတ်ကို ဘယ်လို စစ်ကြည့်တာလဲ၊ နင် ငါ့ကလေးအမှတ်ကိုလဲ ကြည့်ပေးလို့ရမလား”
“ငါ့ကိုရောပဲ၊ ငါ့သား အားကုံးက အရင်စာမေးပွဲပေါ် အခြေခံပြီးတော့ အမှတ် ခြောက်ရာလောက် ရမယ်လို့ မှန်းနေတာ၊ အဲ့ဒါ မှန်၊ မမှန် ငါ သိချင်လို့”
မိဘများစွာတို့သည် သူတို့ကလေးများ၏ စာမေးပွဲရလဒ်ကို တက်ကြွစွာ သိချင်နေကြသည်။ ရှုကျန်းက ရဲ့လင်းချန်ကို ဆွဲ၍ တိတ်တဆိတ် နောက်ဆုတ်သွားသည်။ သူတို့ စားပွဲတစ်လုံးကို တွေ့ပြီး ဝင်ထိုင်လိုက်သည်။
ထိုစဉ် ခပ်ဝေးဝေးမှ ကြော့မော့သော ပုံရိပ်တစ်ခု လျှောက်လာ၏။ ထိုသူက ကျန်းယွင်ရှီပင်။ သူမသည် ယနေ့ သာမန် အားကစား အင်္ကျီနှင့် အပြာဖျော့ဖျော့ ဂျင်းဘောင်းဘီကိုသာ ဝတ်ထားသည်။ သူမ သေချာ မဝတ်စား ထားသော်လည်း သူမ၏ သဘာဝ အလှတရားက အံ့ဩစရာကောင်းလှပေသည်။
“ယွင်ရှီ ဒီမှာ”
ထောင့်နားမှ စားပွဲနှစ်လုံးတွင် လူပြည့်နေပြီးသား ဖြစ်သည်။ ထိုစားပွဲမှ လူများအားလုံးက ကျောင်းသားများ ဖြစ်ကြောင်း သိသာလှ၏။
ကျန်းယွင်ရှီ တစ်ခဏမျှ ရပ်သွားသည်။ သူမ ဘေးဘီကို ဝေ့ကြည့်လိုက်ပြီးနောက် ရဲ့လင်းချန်ကို တွေ့သွားသည်။ ရဲ့လင်းချန်ကို သတိထားမိသည်နှင့် သူမမျက်လုံးများက တစ်ခဏမျှ တောက်ပသွားသည်။ သူမက စားပွဲနှစ်လုံးအား လက်ပြလိုက်ပြီး ခပ်သွက်သွက်လျှောက်ကာ ရဲ့လင်းချန်ဘေး၌ ဝင်ထိုင်လိုက်သည်။
“ရဲ့လင်းချန် နင် ဘယ်တွေရောက်နေတာလဲ၊ ငါ နင့်ကို ခဏခဏ လာတွေ့ဖို့ ကြိုးစားပင်မယ့် နင် မရှိဘူး”
ကျန်းယွင်ရှီက နှုတ်ခမ်းလေးစူ၍ ငြူစူတောက်တီးလေသည်။
“ငါ လုပ်စရာ ကိစ္စလေးတွေ ရှိနေလို့ပါ”
ရဲ့လင်းချန် အနေရခက်စွာ ပြုံးလိုက်မိသည်။ သူသည် စာကြည့်တိုက်၊ ဂိမ်းဆိုင်နှင့် ရှောင်ဖေးဖေး၏ အိမ်တော် သို့လည်း သွားနေရသည်။ သူ နေ့တိုင်း လုပ်စရာကိစ္စများနှင့် ပြည့်နေသဖြင့် နေ့တိုင်းနီးပါး အိမ်၌ မရှိပေ။
“ဟိုတစ်နေ့က ကိစ္စအတွက် ငါ နင့်ကို သေချာ ကျေးဇူးမတင်ရသေးဘူး၊ ငါ နင့်ကို ထမင်းတစ်နပ်လောက် လိုက်ကျွေးမလို့ကို”
ကျန်းယွင်ရှီ ပြန်ပြောလိုက်သည်။
“ငါ့ကို လိုက်ကျွေးစရာ မလိုပါဘူး၊ ပြီးတော့ မင်း ငါ့ကို လိုက်ကျွေးပြီးသားပဲကို”
ရဲ့လင်းချန်က အပြုံးဖြင့် ပြန်ပြောလေသည်။
“မတူဘူးလေ၊ အဲ့ဒါက အရင်တစ်ခေါက် နင် ကူညီခဲ့တဲ့အတွက်လေ၊ ပြောရရင် နင် ငါ့ကို နှစ်ခါတောင် ကူညီခဲ့တာကို”
ကျန်းယွင်ရှီက ရှက်ရှက်ဖြင့် လျှာလေးထုတ်ကာ ပြန်ပြောလာသည်။
“သူတို့က မင်းကျောင်းနေဖက်တွေလား”
ရဲ့လင်းချန် သိချင်စိတ်ဖြင့် မေးလိုက်သည်။ ကျန်းယွင်ရှီ သူ့ဘေး ထိုင်လိုက်သည်နှင့် ရန်လိုသော အကြည့်များစွာ ကျရောက်လာသည်ကို သူ ခံစားမိသည်။
“ဟုတ်တယ် ဟူကျီက ငါ့အတန်းဖော်လေ သူက ငါတို့အတန်းထဲက ကျောင်းသားအားလုံးကို ဖိတ်ထားတာ”
ကျန်းယွင်ရှီက ပြန်ရှင်းပြလာ၏။ ကျန်းယွင်ရှီက ရဲ့လင်းချန်ကို ခိုး၍ စုံချည်ဆန်ချည် ကြည့်မိသည်။ ရဲ့လင်းချန်၏ အသွင်အပြင်က သိပ်မပြောင်းလဲကြောင်း သူမ သတိထားမိသော်လည်း သူ့မျက်လုံးများက ယခင်ထက် တောက်ပကာ ပို၍ ဆုံးဖြတ်ချက် ပြတ်သားလာသည့်ပုံပေါ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သန်စွမ်းသော အရှိန်အဝါ ဝိုးတဝါး ထွက်ပေါ်နေသဖြင့် သူမ လုံခြုံသလို ခံစားမိရသည်။ သူမရင်ထဲမှ နှလုံးသားက ကျယ်လောင်စွာ ခုန်ပေါက်လာ၏။
တစ်ချိန်တည်းမှာပင် မျက်လုံးဆယ်စုံကျော်က ကျန်းယွင်ရှီကို စူးစိုက်ကြည့်နေ၏။ ကျန်းယွင်ရှီက ရဲ့လင်းချန်နှင့် စကားပြောရင်း ပျော်နေသည်ကိုကြည့်ပြီး သူတို့အကြည့်များက သုန်မှုန်လာလေသည်။
“ယီးပဲ အဲ့ကောင်က ဘယ်သူလဲ၊ သူက ဘယ်သူမို့ ငါတို့အတန်းရဲ့ အလှဆုံး မိန်းကလေးနဲ့ အတူထိုင်နေတာလဲ”
“သူတို့က ငယ်သူငယ်ချင်းတွေများလား၊ သူက ဒီလောက်လည်း ဆွဲဆောင်မှု မရှိပါဘူး”
“ဟူကျီ လာပါဦးဟ၊ ဟိုတစ်ယောက်က ဘယ်သူလဲကွ”
ဟူကျီက ရဲ့လင်းချန်ကို လှမ်းကြည့်လာသည်။ သူ့နှုတ်ခမ်းများက အထင်သေးသော အပြုံးမျိုး ပြုံးလာလေသည်။
“သူက ငါတို့ရွာရဲ့ ဂန္တဝင်အမြောက်ဆုံး ငပျင်းကျောင်းသားလေ၊ သူ စာမေးပွဲတိုင်းမှာ ဘိတ်ချေးလို့ ငါ ကြားတာပဲ”
“သူက ဘယ်ကျောင်းကလဲ”
အရပ်ရှည်ရှည်နှင့် ခပ်ချောချော ကောင်လေးတစ်ယောက် မျက်မှောင်ကြုတ်၍ မေးလာ၏။
“ရူကောင်း နံပါတ်သုံး အထက်တန်းကျောင်းကလေ၊ အဲ့ကျောင်းက ငါတို့ နံပါတ်တစ်ကျောင်းထက် ပိုအပျင်းထူတဲ့ ကျောင်းသားတွေနဲ့ ပြည့်နေတာ”
ဟူကျီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“နံပါတ်သုံး အထက်တန်းကျောင်း တစ်ခုလုံးကနေ အဆင့်တစ် တက္ကသိုလ်ကို တက်နိုင်တဲ့ ကျောင်းသား စုစုပေါင်းက ငါတို့အတန်းရဲ့ တစ်ပုံစာတောင် မရှိဘူးလို့ ကြားဖူးတယ်၊ ဟားဟားဟား …”
“အဲ့ငပျင်းကျောင်းသားတွေက ငါတို့နဲ့ တစ်လောကတည်း မနေသင့်ဘူး၊ သူက ယွင်ရှီကို ပိုပြီးတော့တောင် ငမ်းငမ်းတက် မလိုချင်သင့်ဘူး”
အရပ်ရှည်ရှည်နှင့် ခပ်ချောချော ကောင်လေးက ထိုသို့ ပြောလာသည်။ ထို့နောက် သူက ကျန်းယွင်ရှီ ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။ ကျန်ကျောင်းသားများကလည်း သူ့ကို အလျင်စလို လိုက်ကြည့်ကြသည်။
ချူဟောင်သည် ရူကောင်း နံပါတ်တစ် အထက်တန်းကျောင်း၌ လွှမ်းမိုးနိုင်သော လူတစ်ယောက် ဖြစ်သည်။ ကျန်းယွင်ရှီနှင့်သူသည် ကျောင်း၌ ရွှေရောင် ကောင်လေးနှင့် ကျောက်စိမ်း မိန်းကလေးဟူ၍ နာမည်ကြီးသည်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်က စာမေးပွဲတွင်း၌ တစ်ကျောင်းလုံး၏ နံပါတ်တစ် ဖြစ်နေကြပင်။ ထို့အပြင် ချူဟောင်က အတော်လေး ချမ်းသာသော မိသားစုမှ ဆင်းသက်လာခြင်း ဖြစ်လေသည်။ သူ့မိသားစုက စက်ရုံလေး တစ်ခု ပိုင်၏။ ကျန်းယွင်ရှီ၏ အချစ်ကို ပိုးပန်းနေသော သူ့ရည်မှန်းချက်က လုံးဝကို လျှို့ဝှက်ချက် မဟုတ်ပေ။

ကျုပ်က ပါရမီရှင် (Chapter 1-200)Waar verhalen tot leven komen. Ontdek het nu