Chapter 88

892 107 0
                                    

Chapter 88 ရုပ်ရှင်နှစ်ခုကြားမှ တိုက်ပွဲ

ရှစ်လေ့၏ ဝေ့ပေါ်တွင် [မင်းအမေက ညစာပြန်လာစားဖို့ ခေါ်နေတယ်] ဟူသော ကောမန့်များ ပလူပျံလာသည်။ သူ ဖုန်းဖန်သားပြင်ကို ပြန်ပွတ်ကြည့်လိုက်သည်နှင့် မျက်နှာတစ်ခုလုံး စိမ်းဖန့်ဖန့် ဖြစ်သွားလေသည်။
အစပိုင်းက သူ သည်အတိုင်း ထားလိုက်ရန် တွေးထားသော်လည်း ထိုစကားရှေ့တွင် သူ့နာမည်ကိုပါ တပ်၍ ပြောဆိုထားသည်။
ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ ဤသည်က ပြောင်ပြောင်တင်းတင်း ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုပင်။
ရှစ်လေ့ အသက်ကို မှန်မှန်ရှူလိုက်သည်။ သို့သော် သူသည် ဉာဏ်ကောင်းသောသူဖြစ်ပြီး ဝိုင်အားလုံးကို ပြောဆို၍ မဖြစ်မှန်း သိသည်။ ထို့ကြောင့် သူက ရဲ့လင်းချန်ကိုသာ ပစ်မှတ်ထားလိုက်သည်။
[အာ ... အာ ... သူများကို ပုတ်ခတ်စော်ကားတာအပြင် မင်း တတ်တာ ဘာရှိသေးလဲ၊ မင်းကို တရုတ် သိုင်းပညာအစစ်က ဘာလဲဆိုတာကို ငါ ပြမယ်]
များမကြာမီနှစ်များက သိုင်းပညာသည် နာမည်ကျော်လာသည်။ လူတော်တော်များများက စစ်သည်တော်ဌာနကို ဝင်ချင်လာကြသည်။ ထို့ကြောင့် တရုတ် သိုင်းပညာ၏ ပုံရိပ်က လူအများ၏ ရင်ထဲ၌ စွဲထင်နေသည်။
ရှစ်လေ့၏ စကားက သိုင်းပညာကို သဘောကျသော ပရိသတ်များ၏ စိတ်လှုပ်ရှားမှုကို ရရှိသွားစေသည်။
သူ့စကားက ထိရောက်သွားသည်ကိုမြင်ပြီး ရှစ်လေ့ ပြုံးလိုက်သည်။ ထို့နောက် သူ့ရုပ်ရှင်ကို ပြောင်ပြောင် တင်းတင်း ကြော်ငြာလိုက်သည်။ သိုင်းကွက်တစ်ချို့နှင့် ဗန်းစကားတစ်ချို့ကို ရှင်းပြလိုက်သောအခါ ပရိသတ်များက အလွန် စိတ်လှုပ်ရှားသွားကြသည်။
ရဲ့လင်းချန်သည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သရုပ်ဆောင် ဝိုင်၏ ဝေ့ပေါ်၌ ပို့စ်တစ်ခု တင်လိုက်သည်။
[ကွန်ဖူးပညာက ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီးတော့ ရှေးခေတ်အချိန်ကတည်းက တည်ရှိခဲ့တာပဲ။ သုံးပြည်ထောင်ခေတ်က သူရဲကောင်းတွေဖြစ်ဖြစ်၊ ထန်နဲ့စုန့်ခေတ်က စစ်သူကြီးတွေ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရှောင်လင်ကျောင်းဆိုတာက လူတိုင်း ရင်းနှီးနေကြတဲ့ အရာတွေပဲ၊ အဲ့ဒါတွေကနေ ငါတို့က သိုင်းပညာရဲ့ တည်ရှိမှုကို သိကြတာပဲ။ ဒါပေမဲ့ မကြာသေးတဲ့ တရုတ်သမိုင်းထဲမှာ အခုထိ သိုင်းပညာကို သင်ယူနေတဲ့ လူတွေ ရှိသေးတယ်၊ ပြီးတော့ သူတို့ရဲ့ အမွေအနှစ်က ရိုးရာအဖြစ် ပြောင်းလဲသွားတာ ဒါမှမဟုတ် လူမသိသူမသိ လက်ဆင့်ကမ်းသွားတာမျိုးတွေ ရှိတယ်]
[ဒါပေမဲ့ ကြီးမြတ်တဲ့ စစ်သည်တော်တွေက နိုင်ငံနဲ့လူမျိုးအတွက် အမှုထမ်းကြတယ်။ သိုင်းပညာဆိုတာ တိုက်ခိုက်ရုံသက်သက် မဟုတ်ဘူး၊ စိတ်နှလုံးသားနဲ့ ဆိုင်တယ်။ လူတိုင်း စစ်သည်တော် ဖြစ်နိုင်တယ်။ လူတိုင်းက ကိုယ့်ပတ်ဝန်းကျင်က လူတိုင်းအတွက် သူရဲကောင်းဖြစ်နိုင်တယ်။ ဒါကို ကိုယ့်စိတ်နှလုံးသားကပဲ ဆုံးဖြတ်ရတာ]
[မကြာခင်မှာ ငါကိုယ်တိုင် ရုပ်ရှင်တစ်ခု ရိုက်မယ်၊ အဲ့ဒါက သိပ်မကြာသေးတဲ့ အချိန်က စစ်သည်တော် တစ်ယောက်ရဲ့ အမွေအနှစ်နဲ့ ပတ်သတ်တယ်၊ နာမည်က ... "ဟော်ယွမ်ကျား"]
ရဲ့လင်းချန်သည် စာပေဌာနမှဖြစ်သဖြင့် သမိုင်းအကြောင်း သင်ယူရသည်။ သူသည် သမိုင်းစာအုပ်များ ဖတ်နေသည်မှာ ကြာပြီးဖြစ်ပြီး ဟော်ယွမ်ကျားသည် သူ အလွန် အထင်ကြီးမိသော လူတစ်ယောက် ဖြစ်ပါ၏။
ဖတ်စာအုပ်က ဟော်ယွမ်ကျားအကြောင်း သိပ်မဖော်ပြထားပေ။ ၎င်းတွင် သူ၏ ဂျပန်လူမျိုးနှင့် တိုက်ခိုက်သော အချိန်နှင့် သိုင်းပညာကို လေ့လာခဲ့ပုံကို အကျဉ်းချုံးသာ ရေးသားထားသည်။ သူ၏ ကံကြမ္မာ အဆုံးသတ်မှာ တိုက်ပွဲတစ်ခုတွင်း၌ အနောက်နိုင်ငံသားများ၏ သတ်ခြင်း ခံခဲ့ရသည်။ အကြောင်းအရာများက ရှင်းလင်းမှု မရှိချေ။ ထို့ကြောင့် လူတော်တော်များများက ဟော်ယွမ်ကျားနှင့် ပတ်သက်၍ မသိကြချေ။
ဟော်ယွမ်ကျား၏ သိုင်းလေ့ကျင့်ပုံကို ရဲ့လင်းချန် စိတ်ဝင်စားသောကြောင့် အချိန်ပေး၍ သူနှင့်ပတ်သက်သော စာအုပ်များကို ရှာဖွေခဲ့သလို ပုံပြင်များကိုလည်း လိုက်ဖတ်ခဲ့သည်။ ထိုအခါတွင်မှ သူ ဟော်ယွမ်ကျား၏ ဇာတ်လမ်းကို သိလာရသည်။
သူသည် အနောက်နိုင်ငံသားများ တရုတ်ကွန်ဖူးပညာကို အသိအမှတ်ပြုလာအောင် လုပ်နိုင်သည့် သူရဲကောင်း တစ်ယောက် ဖြစ်သည်။
သူသည် တရုတ်နိုင်ငံအား တရုတ်လူမျိုးတို့၏ ဂုဏ်သိက္ခာ မြင့်တက်လာအောင် လုပ်ပေးခဲ့သောသူ ဖြစ်သည်။
သမိုင်းအား မေ့ထား၍ မရနိုင်ပါ။ ဤရှေးခေတ်သူရဲကောင်းအား လူပိုပြီး သိလာအောင် သူ လုပ်သင့်မလားလို့ တွေးမိသည်။
သူ ထိုပို့စ်တင်လိုက်သည်နှင့် ဝေ့ပေါ်အကောင့်သည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ဆူညံ ပွက်လောရိုက် လာလေ၏။
[ကြီးမြတ်တဲ့ စစ်သည်တော်တွေက နိုင်ငံနဲ့လူမျိုးအတွက် အမှုထမ်းကြတယ်။ လူတိုင်းက ကိုယ့်ပတ်ဝန်းကျင်က လူတိုင်းအတွက် သူရဲကောင်းဖြစ်နိုင်တယ်။ ဝိုး ... ငါ ကြက်သီးတောင် ထလာပြီ]
[နားမလည်တဲ့သူ ဘယ်သူရှိလဲ၊ ငါ သွေးပွက်ပွက်ဆူလာပြီးတော့ နီးရာလက်နက်ကိုဆွဲပြီး ပင်လယ်ကိုဖြတ်ပြီး ဂျပန်တွေနဲ့တောင် သွားချချင်လာပြီ]
[ငါ အတန်းထဲ ရောက်နေတာ၊ ပြီးတော့ ဆရာက ငါ့အနားလာပြီး ငါ့ဖုန်းကို သိမ်းဖို့လုပ်တယ်၊ ငါ ဘာမှမပြောဘဲ သူ့ကို တွန်းပစ်လိုက်တယ်၊ မင်းတို့ကောင်တွေ ငါ့ကို လေးစားပြီလား၊ ငါ ဘာမှသိပ်မပြောတော့ဘူး၊ ငါတော့ အပြစ်ဝန်ခံစာတော့ ရေးရတော့မယ်]
[ဟော်ယွမ်ကျားတဲ့လား၊ ဒါ လူနာမည် မဟုတ်လား၊ ငါ မျှော်လင့်နေပြီ]
[ဒီစကားနဲ့တင် ငါ ကြည့်ကိုကြည့်တော့မယ်၊ ဝိုင် သရုပ်ဆောင်မှာလား၊ သရုပ်မဆောင်ဘူးလားတော့ ငါ မသိဘူးပေါ့လေ]
....
ကျောက်တုံးလေးတစ်တုံးက ရေပွက်များစွာကို ဖြစ်လာစေ၏။
ရဲ့လင်းချန်၏ ဝေ့ပေါ်ပို့စ်က ပရိသတ်များကြား၌ ပွက်လောရိုက်စေရုံသာမက အနုပညာနယ်ပယ်ကိုပါ ဂယက်ရိုက် သွားစေသည်။
ရှစ်လေ့ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားပြီး သူ့မျက်လုံးတွင် အထင်သေးရိပ်တို့ သန်းလာသည်။
*အာ အာ ... ဒီဝိုင်က တော်တော် တုံးတာပဲ၊ သူ့ဘာသာသူ ရုပ်ရှင်ရိုက်နိုင်မယ်လို့ ထင်နေတာလား*
*ဒီလို နည်းနည်းလောက် ဆွပေးတာကိုတောင် မခံနိုင်တာ၊ သူက ရုပ်ရှင် ဘယ်လိုရိုက်မလဲ သင်ဦးမလို့တဲ့လား*
*ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ သရုပ်ဆောင်။ သူ့မှာ ဘာမှမှမရှိတာ၊ သူ ဘယ်လိုလုပ်မှာလဲ*
*တုံးလိုက်တာ၊ တုံးလွန်းတယ်*
*သူ့ကိုယ်သူ အရှက်ခွဲမိတဲ့အခါကျရင် ငါ သူ့ကို ကောင်းကောင်းကြီး ရယ်လိုက်ဦးမယ်*
သူသည် ပျော်ရွှင်စွာဖြင့် ရဲ့လင်းချန်၏ ပို့စ်၌ ဝင်ရေးလိုက်သည်။
[ငါတို့ ရုပ်ရှင်တွေ တစ်ချိန်တည်း ပြနိုင်ပါစေလို့ ငါ မျှော်လင့်တယ်၊ ဒါမှ ငါတို့ နှစ်ခု ယှဉ်လို့ရမှာ၊ တစ်စုံတစ်ယောက်က သူ့နေရာ သူသိရင် ကောင်းမှာပဲ]
ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။
[ငါလည်း မျှော်လင့်ပါတယ်]
တစ်ချိန်တည်းမှာပင် ရှောင်ဖေးဖေးသည် အဖြစ်အပျက်အား အာရုံစိုက်၍ စောင့်ကြည့်နေသည်။ ရဲ့လင်းချန်၏ ပို့စ်ကို မြင်သောအခါ သူမ တစ်ဒင်္ဂမျှ ငြိမ်သက်သွားသည်။ ထို့နောက် သူမမျက်နှာတွင် မကျေမနပ် ဖြစ်ဟန် ပေါ်လာသည်။
*ဒါကြီးက အလကား ကြွားနေတာကြီး ဖြစ်မနေဘူးလား*
"အလျင်လိုလွန်းတယ်၊ အလောတကြီး ပြောလွန်းတယ်"
အစ်မလင်း ခေါင်းခါနေသည်။
"သူ့မှာ သရုပ်ဆောင်လည်း မရှိ၊ ပြင်ဆင်ထားတာတွေလည်း မရှိဘဲနဲ့ ရှစ်လေ့နဲ့ ရုပ်ရှင်ခြင်း ပြိုင်ချင်နေတာလား၊ ဒါ ဘယ်လို အိပ်မက်မျိုးလဲ"
"အစ်မလင်း လင်းချန်က ငယ်သေးတယ်၊ အဲ့တော့ သူက ယှဉ်ပြိုင်ချင်စိတ် ရှိမှာပဲလေ"
ရှောင်ဖေးဖေး ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူမ ဖုန်းကိုကိုင်ပြီး ရဲ့လင်းချန်ကို ခေါ်သင့်၊ မခေါ်သင့် အချိန်အတော်ကြာအောင် စဉ်းစားနေ၏။
"မတတ်နိုင်ဘူးလေ၊ ငါ သူ့ရုပ်ရှင်မှာ ဇာတ်လိုက် မင်းသမီးအဖြစ် သရုပ်ဆောင်ပေးရမယ်"
ရှောင်ဖေးဖေးသည် ရုပ်သံဇာတ်လမ်းတွဲ၏ ဘုရင်မဖြစ်ပြီး ရုပ်ရှင်တွင် တစ်ခါမှ သရုပ်မဆောင်ဘူးပါ။ သူမ ရုပ်ရှင်ဖန်သားပြင်၌ ပွဲဦးထွက်မည်ဆိုပါက ပွဲဦးထွက် ဇာတ်ကောင်က အလွန် အရေးပါသည်။ ၎င်းက ရုပ်ရှင်နယ်ပယ်တွင်းမှ သူမ၏ အဆင့်အတန်းကို ဆုံးဖြတ်ပေးရာ ရောက်သည်။ သူမက ရဲ့လင်းချန်အတွက် စတေးလိုခြင်းက အလွန် ကျိုးကြောင်းမသင့်လျော်သော ဆုံးဖြတ်ချက်ပင်။
သို့သော် သူမသည် ရဲ့လင်းချန်၏ ပြတ်သားသောစိတ်ကို ခံစားမိနေပြီး သူ့ကို အကြံပေးသော စကား မပြောရဲပေ။
တစ်ဖက်မှ လီထိုက်ကမူ ရဲ့လင်းချန်ကို ချက်ချင်း ဖုန်းခေါ်လေသည်။
"ညီလေးရဲ့ မင်း ရုပ်ရှင်ရိုက်ချင်တာလား၊ မင်း ငါ့အကူအညီ လိုလား၊ ငါ ရုပ်ရှင်ဒါရိုက်တာတွေ အများကြီးနဲ့ သိတယ်၊ ငါတို့ ဆက်သွယ်ပြီး ဆွေးနွေးလို့ရတယ်"
"ဒါရိုက်တာလီ၊ အခု ကျွန်တော့်မှာ ဒီအတိုင်း အကြံသက်သက်ပဲ ရှိတာပါ၊ ကျွန်တော်တို့ သရုပ်ဆောင်ဖို့ လူရွေးဖို့ အခွင့်အရေးကို မျှော်လင့်နေပါတယ်"
"လူရွေးတာက ပြဿနာ မဟုတ်ဘူး၊ မကြာခင် ငါတို့ ဇာတ်လမ်းတွဲက လူရွေးပွဲ လုပ်တော့မှာ၊ အရံဇာတ်ကောင်နဲ့ အခြားနေရာတွေအတွက် လူတွေအများကြီး လာလျှောက်ကြမှာ၊ မင်း အားရင် လာကြည့်သင့်တယ်"
"ကောင်းတာပေါ့၊ ကျေးဇူးတင်ပါတယ် ဒါရိုက်တာလီ"
"ရပါတယ်ကွာ၊ ဒါပေမဲ့ နောင် မင်း နာမည်ကြီးလာရင်တော့ ငါ့ကို မမေ့နဲ့ပေါ့"
"ဒါပေါ့ဗျာ"
လီထိုက်သည် ဇာတ်ညွှန်းကဲ့သို့သော အထိအခိုက်မခံသော မေးခွန်းများအား ရဲ့လင်းချန်ကို မမေးပေ။ အကူအညီလိုလျင် ကူညီမည်ဟုသာ သူ ကမ်းလှမ်းခဲ့သည်။
ဝူယုံသည် "ငါက သူရဲကောင်း" ၏ ဒါရိုက်တာ ဖြစ်ပြီး ယင်းသည် ရှစ်လေ့ သရုပ်ဆောင်ထားသော ဇာတ်ကား ဖြစ်သည်။
သူသည်လည်း ဤကိစ္စကို အလွန် အာရုံစိုက်နေ၏။ အခြား ရိုက်ကူးရေးပညာရှင်များနှင့် တည်းဖြတ်သမား များလည်း ထိုနည်းတူပင်။ ရဲ့လင်းချန်၏ ဝေ့ပေါ်ပို့စ်ကို မြင်သောအခါ သူတို့သည် မထီမဲ့မြင် ရယ်ကြလေသည်။
[သူက တကယ်ကို အဝါးမဝသေးတဲ့ လူသစ်ပဲ၊ ရုပ်ရှင်ရိုက်တာက လွယ်တယ်လို့များ သူ ထင်နေတာလား]
[ဘာကိုမှမသိတဲ့ လူသစ်ပါလား၊ သူ ရုပ်ရှင်ရိုက်တယ်ဆိုဦးတော့ ဘယ်ရုပ်ရှင်ရုံက ပြသခွင့်ပေးမှာလဲ]
[ဟော်ယွမ်ကျားတဲ့လား၊ ဘယ်လို ဟာသကြီးလဲ၊ နာမည်ကိုကြားရုံနဲ့တင် ဆိုးရွားမှာ သိနေပြီ]
[ပြသခွင့်ရရင်တောင်မှ ဝင်ကြည့်တဲ့သူက သနားစရာကောင်းလောက်အောင် နည်းမှာပဲ၊ သူ ခွက်ခွက်လန်အောင် ရှုံးမှာ]
[ဒီဝိုင်က တော်တော် သွေးကြီးတာပဲ၊ ရက်နည်းနည်းလောက် နာမည်ကြီးလာတာနဲ့ ကိုယ့်နေရာကိုယ် မသိတော့ဘူး၊ ဟာသပဲ]
အခြား တူညီသော မှတ်ချက်များကလည်း နေရာအနှံ့မှ ထွက်ပေါ်လာသည်။
အနုပညာနယ်ပယ်တွင် လူတော်တော်များများက ရဲ့လင်းချန်ကို အထင်မကြီးကျချေ။ အထူးသဖြင့် ဤသည်က ကလေးကစားစရာ ကိစ္စမဟုတ်ချေ။ ရဲ့လင်းချန်၏ ဝေ့ပေါ့်ပို့စ်က သူတို့အမြင်တွင် ရူးမိုက်လွန်းသည်ဟု တွေးနေကြသည်။
ရဲ့လင်းချန်၌ သူတို့ကို အာရုံစိုက်ချိန် မရှိပေ။ ရှစ်လေ့က သူ့ကို ချနင်း၍ နာမည်ရအောင် ကြိုးစားနေသဖြင့် သူသည် ရှစ်လေ့အား ကျော်ကြားမှု တိုးလာအောင် ကူညီပေးမည် မဟုတ်ပါ။
အချိန်တစ်ချို့ ကြာပြီးနောက် ရဲ့လင်းချန်၏ စိုးရိမ်နေသော အကြည့်အောက်၌ သူ၏ ရေပန်းစားမှုအမှတ်က တစ်သိန်းကို ကျော်သွားပြီး ၁၁၈,၇၃၅ သို့ ရောက်သွားသည်။
သူ၏ နောက်ထပ် စွမ်းရည်ပညာတစ်ခုကို သူ အဆင့်မြှင့်နိုင်ပေတော့မည်။
ရဲ့လင်းချန် အသက်ပြင်းပြင်း ရှူလိုက်သော်လည်း ရင်တဒိန်းဒိန်း ခုန်နေသေးသည်။
စွမ်းရည် မြှင့်တင်ခြင်း၏ အကျိုးအမြတ်ကို သူ ပိုသိလာလေလေ ပို၍ စိုးရိမ်တုန်လှုပ်လာလေပင်။ ထူးဆန်းစွာပင် သူ စိတ်လှုပ်ရှားသလိုလည်း ခံစားနေရသည်။
*အင်း ... ငါ စလိုက်သင့်ပြီ ...*

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now