Chapter 27

1K 120 4
                                    

ကျုပ်က ပါရမီရှင်
I am a prodigy
Author Rugao Under The Bridge
ဘာသာပြန် Han Shin

Chapter 27 မဟာဆရာသခင်ကျန်း

လူတိုင်း မျက်မှောင်ကြုတ်သွားသည်။ ထိုလူငယ်၏ မျက်နှာ မည်းမှောင်သွားပြီး သူ့မျက်လုံးသည် အန္တရာယ် ပေးလိုသော အရိပ်အယောင်များဖြင့် ဝင်းလက်လာသည်။
“မင်း ဘယ်သူ့ကို ရန်လာစနေလဲဆိုတာကိုရော တွေးမိရဲ့လား”
ထိုလူငယ်၏ လက်သီးများက ရဲ့လင်းချန်၏ ရင်ဘတ်ကို ဖိလာပြီး ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းလိုက်ကာ သားကောင်ချောင်းနေသော ဆာလောင်နေသည့် ကျားတစ်ကောင်၏ ကိုယ်နေဟန်ထားမျိုး ပြင်လိုက်သည်။
ရဲ့လင်းချန်သာ ရုတ်တရက် လှုပ်ရှားလာပါက သူ တစ်ချက်တည်းနှင့် အပြတ်ရှင်းပစ်မည် ဖြစ်သည်။
“ငါက စစ်သည်တော် လေ့ကျင့်ရေးဌာနကို အသက် ဆယ့်ခြောက်နှစ်မှာ ဝင်ခဲ့တာ၊ ဆယ့်ခုနစ်မှာ ငါ ဌာနရဲ့ လက်ဝှေ့ချန်ပီယံ ဖြစ်နေပြီ၊ ငါ ဒီနေ့ မင်းနဲ့ ကစားပေးဖို့ အချိန်မရှိဘူး၊ ပုံမှန်အခြေအနေမျိုးသာ ဖြစ်နေရင် မင်း အခုထိ မတ်တပ်ရပ်နိုင်လိမ့်မယ်လို့ ထင်နေတာလား”
ထိုလူငယ်၏ အရှိန်အဝါက အံ့အားသင့်ဖွယ်ကောင်းလှသည်။
“အခု မင်း အထဲဝင်ချင်သေးသလား”
“တကယ်လား၊ ငါ စမ်းကြည့်ချင်သား”
ရဲ့လင်းချန်၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိသလို ရှေ့သို့ ဆတ်ခနဲ လှမ်းလိုက်သည်။
“မင်း သေချင်နေတာလား”
ထိုလူငယ်က အလျှော့မပေးဘဲ ရဲ့လင်းချန်၏ ရင်ဘတ်ကို လက်သီးဖြင့် ဖိ၍ ရှေ့သို့ တက်မလာရန် တားဆီး လေသည်။
ထိုအခိုက်မှာပင် ရဲ့လင်းချန်၏ နောက်ခြေထောက်တစ်ဖက်က တံခါးဝအား ဖြတ်ကျော်ပြီးသွားလေသည်။ သူသည် ခန္ဓာကိုယ်အား အနည်းငယ် ယိမ်းလိုက်ပြီး သူ့ရင်ဘတ်က ထိုလူငယ်၏ လက်သီးဖြင့် ဖိနှိပ်ခြင်း ခံနေရာမှ ဘေးသို့ လျှိုဝင်လိုက်သည်။
“ဒုန်း”
သူတို့ ပခုံးချင်းတိုက်မိသွားသည်။ ထိုလူငယ် ချက်ချင်း နောက်သို့လန်ကျသွားပြီး ခြေသုံးလှမ်းမျှ ဆုတ်လိုက်ရသည်။
အိမ်တော်ထဲမှ လူတိုင်းသည် သူတို့ လုပ်လက်စအလုပ်များကို ရပ်လိုက်ပြီး ရဲ့လင်းချန်အား အလေးအနက် ကြည့်လာ၏။
“ဒီတော့ မင်းက နည်းနည်းပါးပါး လေ့ကျင့်ထားတယ်ပေါ့လေ၊ အဲ့ဒါနဲ့ပဲ မဆင်မခြင် လုပ်ရဲတယ်ပေါ့”
ထိုလူငယ်က သူ့ပခုံးအား ဖုန်ခါသလို ပုတ်လိုက်သည်။ ထို့နောက် ရဲ့လင်းချန်နှင့် တိုက်ခိုက်ရန် ကိုယ်နေဟန်ထား ပြင်လိုက်သည်။
“အစ်ကို ရှင် ဘာလုပ်တာလဲ၊ ရဲ့လင်းချန်က ညီမသူငယ်ချင်း”
လင်းရို့ယွီ မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“နင် ဘေးဖယ်နေ”
ထိုလူငယ်က လင်းရို့ယွီကို လက်ညှိုးထိုး၍ ပြောလာသည်။ လင်းရို့ယွီ၏ မိခင်က ချက်ချင်း ရှေ့သို့ပြေးလာပြီး သူမကို အဝေးသို့ ခေါ်ထုတ်သွားလေသည်။
“ငါ ဘယ်တော့မှ နာမည်မသိတဲ့လူကို မတိုက်ခိုက်ဘူး၊ မင်းနာမည်ပြော”
ထိုလူငယ်က ရဲ့လင်းချန်ကို ပြောလာ၏။
“ငါက ရဲ့လင်းချန်”
“မှတ်ထား ငါ့နာမည်က လင်းအောင်”
ထိုစကားအဆုံး၌ လင်းအောင်သည် လေထဲသို့ ခုန်လွှား၍ တစ်ပတ်လှည့်ကာ ရဲ့လင်းချန်ထံသို့ ကန်ချက်တစ်ချက် ပစ်သွင်းလိုက်သည်။
သူ့ခန္ဓာကိုယ်က ပျော့ပျောင်းသော်လည်း ကန်ချက်က ကြမ်းတမ်းလှသည်။ ဤသို့သော ကန်ချက်မျိုးနှင့် ရင်ဆိုင်ရလျင် လူအများစုသည် ရှောင်တိမ်းခြင်းမှလွဲ၍ အခြားမလုပ်နိုင်ပေ။
သို့သော် ရဲ့လင်းချန်သာ ဤကန်ချက်ကို ရှောင်လိုက်ပါက လင်းအောင်၏ တရစပ် ကျလာမည့် လက်သီးချက်များ အတွက် လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားပြီး လွင့်ထွက်သွားလောက်သည်။
ရဲ့လင်းချန်သည် ရပ်နေရင်းနှင့် ထိုကန်ချက်၏ လေတိုးသံက သူ့မျက်နှာသို့ လာဟပ်သည်ကိုပင် ခံစားမိနေ၏။ ထိုအခိုက်တွင် သူသည်လည်း ခြေထောက်ကို မြှောက်လိုက်သည်။ လှုပ်ရှားမှုက မြန်ဆန်လှသည်။
အမြင့်ကန်ချက်နှင့်အတူ သူ၏ ခဲတံသဖွယ် ဖြောင့်တန်းသော ခြေထောက်က လင်းအောင်၏ ခုန်ကန်ချက်နှင့် ထိပ်တိုက် တွေ့သွားသည်။
“ဂျွတ်”
အရိုးကျိုးသံနှင့်အတူ လင်းအောင်၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ အရှိန်ဖြင့် ပြန်ကျသွားသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
အိမ်တော်တစ်ခုလုံး စိတ်မပါ လက်မပါနှင့် ကြည့်နေရာမှ အံ့အားသင့်သွားကြသည်။ ရဲ့လင်းချန်၏ ခွန်အားကို သူတို့ ထိတ်လန့်သွားလေသည်။
မြေကြီးပေါ် လဲနေသည့် လင်းအောင်သည်လည်း ရဲ့လင်းချန်အား ဖြူဖပ်ဖြူရော် မျက်နှာထားနှင့် မယုံနိုင်သလို ကြည့်နေသည်။
သူ အသက် ဆယ့်ခြောက်နှစ်နှင့် စစ်သည်‌တော် လေ့ကျင့်ရေးဌာနသို့ ဝင်နိုင်ခဲ့ခြင်းမှာ ငယ်ငယ်လေးကတည်းက လေ့ကျင့်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် သူ လျင်မြန်စွာ နာမည်ကြီးလာခဲ့သည်။ ယခု သူ အသက် နှစ်ဆယ့်ငါးနှစ် ရှိပြီ ဖြစ်ပြီး နှစ်တိုင်း လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့သည်။ သူသည် ယခု ဌာနတွင်း၌ နည်းပြအဖြစ် တာဝန်ယူ ထားရပြီး အသက်ငယ်ငယ်လေးနှင့် ထိပ်တန်း တိုက်ခိုက်ရေးသမားအဖြစ် အသိအမှတ်ပြုခံထားရသည်။
စစ်သည်တော် လေ့ကျင့်ရေးဌာနသည် ဩဇာအာဏာ ကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ယင်းဌာနသို့ ဝင်လိုက်သည်နှင့် ပြောမပြတတ်လောက်အောင် ကြမ်းတမ်းခက်ခဲသော လေ့ကျင့်ရေးများကို အောင့်အည်း သည်းခံ ရသည်။ အဖွဲ့ဝင်တစ်ယောက်ချင်းစီက ထိပ်တန်းများထဲမှ ထိပ်တန်းလူတစ်ယောက် ဖြစ်ပေသည်။
စစ်သည်တော် လေ့ကျင့်ရေးဌာနသို့ ဝင်ကြသူများသည် သိုင်းပညာရှင်များဖြစ်ပြီး ဌာနသို့ ဝင်နိုင်ရန် မြင့်မားသော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှု စံနှုန်း ပြည့်မီသူများ ဖြစ်လေသည်။ လက်ချင်းဗလာနှင့် တိုက်ခိုက်ခြင်းသာမက သေနတ်ပစ်ခြင်း၌တွင်လည်း ထူးချွန်ကြသည်။
မိမိတို့ ပိုင်ဆိုင်ထားသည့် အရည်အချင်းများပေါ် မူတည်၍ သူတို့အား စစ်သည်တော်၊ စောင့်ရှောက်သူနှင့် ဗိုလ်ချုပ်ကြီးဟူ၍ ခွဲခြားထားသည်။  ရာထူးတစ်ခုချင်းစီ၌ အနိမ့်တန်း၊ အလယ်တန်း၊ အမြင့်တန်းဟူ၍ ပြန်ခွဲ ထားသည်။
လင်းအောင်သည် အမြင့်တန်းအဆင့် စစ်သည်တော်ဖြစ်ပြီး ထူးချွန်သော အရည်အချင်းများ ရှိသူ ဖြစ်သည်။ သို့သော် ယခု သူ ရှုံးသွားလေသည်။
“မင်းက ငါ့ကို စိန်ခေါ်နိုင်တဲ့အဆင့် မဟုတ်ဘူး”
ရဲ့လင်းချန်က စိတ်ပျက်သွားဟန်ဖြင့် ခေါင်းခါလိုက်သည်။ ပါရမီရှင် စနစ်၏ ပိုင်းခြား စိတ်ဖြာချက်အရ အရဟာ လက်သီးနှင့် ရှစ်ဆပြင်းထန် လက်သီးတို့၌ သူ၏ ကျွမ်းကျင်မှုက တစ်ရာရာခိုင်နှုန်းသို့ ရောက်ပြီးနေကာ သူ၏ အကန့်အသက်က ဘာလဲဆိုတာကို သူတောင် မသိပေ။ သူသည် ထိုက်တန်သော ပြိုင်ဘက်နှင့် တွေ့ပြီဟု ထင်ခဲ့သော်လည်း လင်းအောင်က တစ်ချက်ကလေးတောင် မခုခံနိုင်ချေ။
“ငါ သတိမထားလိုက်မိလို့ ဖြစ်သွားတာ၊ မပြီးသေးဘူး၊ စောင့်ကြည့်နေ”
လင်းအောင် ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ရသည်။ သူ ယခင်ကထက် ပိုလေးနက်လာ၏။ ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရဲ့လင်းချန်ထံ ပြေးဝင်သွားသည်။
ရှစ်ဆပြင်းထန် လက်သီးသိုင်းကွက်ထဲမှ မြင်းရိုင်း လက်သီးကွက်။ ၎င်းလက်သီးကွက်သည် အပြင်ပန်းအရ သိမ်မွေ့၍ ပျော့ပျောင်းသယောင် ထင်ရသော်လည်း တကယ်တမ်း၌ မာကြောလေသည်။ ထို့အပြင် ရဲ့လင်းချန်ကို ထိခိုက်စေလိုသော ရည်ရွယ်ချက် အပြည့် ရှိနေသည်။
သို့သော် ရဲ့လင်းချန်နားသို့ လက်သီးချက် ရောက်လာပြီး လင်းအောင် လက်သီးကွက် မပြောင်းခင်မှာပင် ရဲ့လင်းချန်က လက်နှစ်ဖက်လုံးကို လှုပ်ရှား၍ လင်းအောင်၏ လက်သီးနှစ်လုံးအား အသာ ပုတ်ထုတ်လိုက်သည်။ ထို့နောက် သူသည် တစ်ပတ်လှည့်ကာ ကျောပြင်ကို သုံး၍ လင်းအောင်၏ ရင်ဘတ်ကို အားဖြင့် တိုက်လိုက် လေသည်။ လင်းအောင် ညည်းတွားရင်း နောက်သို့ အရှိန်ဖြင့် လွင့်သွားရသည်။
“ရှစ်ဆပြင်းထန် လက်သီးသိုင်းရဲ့ တောင်ဖြိုအကွက်”
“မင်းလည်း ရှစ်ဆပြင်းထန် လက်သီးသိုင်းကို သိတာလား”
လင်းမိသားစုဝင်များအားလုံး တအံ့တဩ ရေရွတ်လာပြီး ရဲ့လင်းချန်အား သေချာ စိုက်ကြည့်လာလေသည်။
“ကျုပ် ရှစ်ဆပြင်းထန် လက်သီးသိုင်းကို မသင်ခဲ့မိရင် လူအိုကြီးရဲ့ ရောဂါကိစ္စမှာ ကျုပ် ဝင်ပါမိမှာ မဟုတ်ဘူး”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။ ထိုစကားကြောင့် ရဲ့လင်းချန်သည် နားမလည်နိုင်သော လူတစ်ယောက် ဖြစ်သွားသည်။ လင်းမိသားစုဝင်များသည် အချင်းချင်း ပြန်ကြည့်လိုက်သော်လည်း ဘာမှမပြောကြချေ။
ရဲ့လင်းချန်က လင်းအောင်နားသို့ လျှောက်လာပြီး သူ့ပေါင်ကို ကိုင်လိုက်သည်။
“သည်းခံလိုက်”
ထို့နောက် ဂျွတ်ခနဲ အသံနှင့်အတူ နေရာလွဲသွားသော အရိုးက ယခင်အတိုင်း ပြန်ဆက်သွားသည်။
“ကျေးဇူးပါပဲ”
လင်းအောင်က ရဲ့လင်းချန်ကို တွေဝေနေသော အကြည့်များဖြင့် ကြည့်လိုက်သည်။
“မင်းသာ စစ်သည်တော် လေ့ကျင့်ရေးဌာနမှာ ရှိနေရင် အံမတုနိုင်တဲ့ စစ်နတ်ဘုရား ဖြစ်နေလောက်ပြီ”
“လူအိုကြီး ဘယ်မှာလဲ”
ရဲ့လင်းချန် ပြန်မေးလိုက်သည်။
“ဒါက …”
“အစ်ကို သူ ဘိုးဘိုးကို ကယ်နိုင်ပါတယ်၊ ညီမကို ယုံပေးပါ”
လင်းရို့ယွီက အလောတကြီး ဝင်ပြောလေသည်။
“ရို့ယွီ ဒီအဓိပ္ပာယ်မရှိတဲ့ စကားကို ရပ်လိုက်တော့”
ထိုစဉ် လင်းရှန်ဟဲ ဝင်ဟန့်တားလိုက်သည်။ သူက ရဲ့လင်းချန်ကို ကြည့်၍ ဆက်ပြောလေသည်။
“ဒီကိစ္စက အလျင်လိုဖို့ မလိုဘူး၊ အားလုံး ဒီမှာရှိနေတဲ့အချိန် အဖေတို့ ဒီကိစ္စကို ပြန်ပြောလို့ ရတယ်၊ အခုတော့ ဒီလူငယ်လေး ခဏလောက် နားချင်မယ် ထင်တာပဲ”
ရဲ့လင်းချန် ဘာမှမပြောဘဲ သူ့အတွက် နေရာတစ်နေရာ ရှာလိုက်သည်။ လင်းမိသားစု၏ အပြုအမူက ပြောင်းလဲသွား သော်လည်း ယခုထိ မဖော်ရွေသေးပေ။ မည်သူမှ သူ့ကို ရေတစ်ခွက် ပေးရန် မဆိုထားနှင့် စိတ်ထဲပင် မထည့်ကြချေ။
ဆယ်မိနစ်ကြာပြီးနောက် အပြင်ဘက်၌ လူများ စုဝေးလာသည်။ ယခုတစ်ခေါက်တွင်မူ လင်းမိသားစု တစ်ခုလုံးက ဧည့်သည်အား နွေးထွေးစွာ ကြိုဆိုကြသည်။
“မဟာဆရာသခင်ကျန်း နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ”
ပထမဆုံး ဝင်လာသည့်လူက အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ့ဆံပင်များက ဖြူစွတ်နေ သော်လည်း မျက်လုံးများက တောက်ပနေဆဲ ဖြစ်ကာ ခြေလှမ်းများက သပ်ရပ်တိကျလှသည်။ သူ့အနောက်၌ တပည့်တစ်သိုက် ပါလာသည်။
လင်းရှန်ဟဲက သူ့ဆန္ဒအလျောက် မိတ်ဆက်ပေးလိုက်သည်။
“ရို့ယွီ ဒါ ပေကျင်းက အထင်ကရ ဆရာဝန်ကြီး၊ မြို့တော်ဆေးရုံကြီးရဲ့ ကျော်ကြားတဲ့ ဆေးရုံအုပ် မဟာဆရာသခင် ကျန်းလေ”
“မဟာဆရာသခင်ကျန်းက ပုံမှန်ဆို ခရီးသွားတာနဲ့ ဆေးပညာ ဗဟုသုတ ပိုရလာဖို့အတွက် ပြည်ပကို စာတမ်း ဟောပြောဖလှယ်ပွဲတွေ တက်တာနဲ့ပဲ အချိန်ကုန်နေတာ၊ သူ အမေရိကားရောက်နေတာတောင် ပြန်လာပေးဖို့ အဖေတို့ ဖိတ်ထားရတာ”
လင်းရို့ယွီ မသိမသာ အံ့ဩသွားသော်လည်း မဟာဆရာသခင်ကျန်းအား ယဉ်ယဉ်ကျေးကျေး နှုတ်ဆက် လိုက်သည်။
ရဲ့လင်းချန်သည် ဝတ်ရုံနှင့် အဘိုးအိုကို လှမ်းကြည့်လိုက်ပြီးနောက် ဤလူက လင်းမိသားစုများ မျှော်လင့်ချက် ထားနေသည့် လူဖြစ်ကြောင်း ရိပ်မိသွားသည်။ သူတို့အား သူ့အား အရေးတကြီး နှုတ်ဆက်ကာ ခရီးဦးကြို ပြုနေကြသည်။
“လူနာ ဘယ်မှာလဲ”
မဟာဆရာသခင်ကျန်းက အလွန် တဲ့တိုးဆန်သော အမူအရာဖြင့် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ”
လင်းကျန်းဟဲက မဟာဆရာသခင်ကျန်းအား ဒုတိယထပ်သို့ ခေါ်သွားလေသည်။ သူတို့ အပေါ်ထပ်သို့ တက်နေသည့် လမ်းတစ်ဝက်မှာပင် လင်းရှန်ဟဲက ရပ်သွားပြီး လင်းရို့ယွီကို မျက်မှောင်ကြုတ်ကာ‌ ပြောလိုက်သည်။
“ရို့ယွီ မင်းသူငယ်ချင်းနဲ့အတူ အောက်ထပ်မှာ စောင့်နေ”
“ဘာလို့လဲ၊ ရဲ့လင်းချန်လည်း ဘိုးဘိုးကို ကယ်နိုင်ပါတယ်”
လင်းရို့ယွီ မပျော်မရွှင်ဖြင့် ပြောလိုက်သည်။ သူမစကား ဆုံးသောအခါ မဟာဆရာသခင်ကျန်း၏ အနောက်မှ လိုက်လာသော တပည့်များက သူတို့ကို ရယ်လာသည်။
မဟာဆရာသခင်ကျန်း မျက်ခုံးပင့်သွားသည်။
“မင်း တစ်ခြားသူကိုလည်း အကူအညီတောင်းထားတာလား”
“မဟာဆရာသခင်ကျန်း ဒီကလေးမလေးက မသိတတ်လို့ပါ၊ သူက ဒီအတိုင်း အပြင်လူသက်သက်ပါပဲ”
လင်းကျန်းဟဲက မတတ်သာဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ခင်ဗျားရှေ့မှာ ကျွန်တော်တို့ အရှက်ရအောင် လုပ်မိသွားပါပြီ”
မဟာဆရာသခင်ကျန်းက ရဲ့လင်းချန်ကို လှမ်းကြည့်၍ သိချင်ဟန်ဖြင့် မေးလိုက်သည်။
“မင်းကို ဘယ်သူ့ဆီက သင်ယူထားတာလဲ”
“ကျွန်တော့်မှာ ဆရာမရှိဘူး”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
“ဒါဆို မင်းမှာ ဆရာဝန်လက်မှတ် ရှိလား”
“မရှိဘူး”
“ဒါဆို မင်းမှာ ရှုပ်ထွေးတဲ့ ရောဂါတွေကို ကုသဖူးတဲ့ အတွေ့အကြုံ ရှိလား”
မဟာဆရာသခင်ကျန်းက မျက်မှောင်ကြုတ်၍ ဆက်မေးလိုက်သည်။ ရဲ့လင်းချန်က ခေါင်းခါ၍ ပြန်ပြော လိုက်သည်။ ထိုမေးခွန်းသုံးခုကြောင့် လူတိုင်း အထင်သေးလာကြသည်။
“မင်းမှာ ဘာမှမရှိတာကို ဒီနေရာမှာ ရပ်နေဖို့ အခွင့်အရေး ရှိလို့လား၊ ဆရာဝန်ယောင်ဆောင်နေတာ ငါ ရဲကို ဖုန်းခေါ်ပြီး မင်းကို ဖမ်းခိုင်းလိုက်လို့ ရတယ်”
မဟာဆရာသခင်ကျန်း၏ အနောက်မှ တပည့်တစ်ယောက်က ဒေါနှင့်မောနှင့် ပြောလာသည်။
“လင်းမိသားစုကြီးက သူတို့ အလွယ်တကူ လှည့်စားလို့ မရဘူးလို့ နာမည်ကြီးတဲ့ မိသားစုကြီးတစ်ခု မဟုတ်ဘူးလား”
တစ်စုံတစ်ယောက်က ဝင်ပြောလေသည်။ လင်းရှန်ဟဲ မျက်နှာ မည်းမှောင်သွားပြီး လင်းရို့ယွီကို ငေါက်လိုက်သည်။
“မင်းသူငယ်ချင်းကို ဒီကခေါ်သွားစမ်း”
“မရဘူး၊ ဒီမဟာဆရာသခင်ကျန်းက ဘိုးဘိုးကို မကုနိုင်ရင် ဘယ်လိုလုပ်မလဲ”
လင်းရို့ယွီ ပြန်ခံပြောလိုက်သည်။ သူမ၏ ခေါင်းမာမှုက ပြိုင်စံရှားပင်။
“အဓိပ္ပာယ် မရှိလိုက်တာ”
လင်းရှန်ဟဲ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
“မဟာဆရာသခင်ကျန်းက နာမည်ကြီး ပါရဂူ၊ မင်းက သူ့ကို သံသယ ဝင်လာသည်။
“ငါ့ဆရာတောင်မှ မကုနိုင်ဘူးဆိုရင် သူက ဘယ်သူမလို့ မင်းက သူ့အပေါ် မျှော်လင့်ချက် ထားရတာလဲ”
“ကိစ္စမရှိဘူး၊ သူ့လိုလူမျိုးဆီမှာ အချိန်ကုန်မနေနဲ့၊ ငါတို့ လူနာကို ကုဖို့လိုတယ်”
မဟာဆရာသခင်ကျန်းက လက်ကာပြလိုက်ပြီး ရဲ့လင်းချန်ကို စိတ်ထဲမထားတော့ချေ။ ဒုတိယထပ်သို့ သူတို့ ရောက်လာပြီးနောက် အတွင်းအကျဆုံး အိပ်ခန်းထဲသို့ လျှောက်လာကြသည်။ တံခါးဖွင့်လိုက်သည်နှင့် အခန်းထဲမှ ထူးခြားသော အနံ့တစ်ခု ပျံ့လွင့်လာသည်။ အနံ့က မနံသော်လည်း ရှူမိသည့် မည်သူမဆိုအား သက်တောင့် သက်သာ မရှိသလို ခံစားရစေသည်။
လင်းထျန်းဟွာ အိပ်ရာပေါ်၌ လဲနေပြီး မျက်လုံးပိတ်ထားသည်။ သူ၏ အသက်ရှူနှုန်းက ဖုတ်လိုက် ဖုတ်လိုက် ဖြစ်နေပြီး ပါးစပ်ပင် မသိမသာ ဟနေလေသည်။ သူ၏ မျက်လုံးများကို တင်းနေအောင် ပိတ်ထားပြီး အိပ်နေစဉ်၌ပင် ဝေဒနာ ခံစားနေရပုံ ပေါ်သည်။
ရဲ့လင်းချန် ယခင်တုန်းက တွေ့ခဲ့သည့်ပုံစံနှင့် ယှဉ်လျင် လင်းထျန်းဟွာသည် အတော်လေး ကိုယ်အလေးချိန် လျော့နည်းနေပြီး အသက်မျှင်းမျှင်းသာ ရှိတော့သည့်ပုံပင်။
“ဘိုးဘိုး”
လင်းရို့ယွီ မျက်ရည် ထပ်ကျလာသည်။
“မဟာဆရာသခင်ကျန်း၊ အဖေ သတိလစ်နေတာ ငါးရက် ရှိပါပြီ၊ ပြီးခဲ့တဲ့ ကာလအတွင်း ဘာမှလည်း မယ်မယ်ရရ မစားနိုင်ပါဘူး”
လင်းရှန်ဟဲက စိုးရိမ်သော မျက်နှာဖြင့် ပြောလိုက်သည်။ လင်းထျန်ဟွာကို သတိထား ကြည့်မိစဉ်ကတည်းက မဟာဆရာသခင်ကျန်း၏ မျက်မှောင်ကြုတ်ထားခြင်းက ပြေလျော့သွားခြင်း မရှိဘဲ စိုးရိမ်စိတ်များ ထင်ဟပ်လာ၏။
“အခန်းထဲကနေ အနံ့အရအဆို အဘိုးလင်းရဲ့ ရောဂါက အဆုတ်ပြဿနာကြောင့် ဖြစ်ရတာပဲ”
ထိုသို့ပြောနေရင်းနှင့် မဟာဆရာသခင်ကျန်းက အိပ်ရာဘေးသို့ လျှောက်လာပြီး လင်းထျန်းဟွာ၏ မျက်ခွံကို ဖွင့်ကြည့်လိုက်ပြီးနောက် ပါးစပ်ကို ဟကြည့်လေသည်။ နောက်ဆုံးတွင် သူသည် လင်းထျန်းဟွာ၏ အဆုတ်ရှိရာ နေရာသို့ လက်ဖြင့် ဖိကြည့်လိုက်သည်။
ထိုဖိအားက လင်းထျန်းဟွာ၏ အသက်ရှူနှုန်းအား ရုတ်တရက် ပို၍ ခက်ခဲသွားစေကာ အသက်မရှူနိုင်သကဲ့သို့ မျက်နှာ ပြာနှမ်းလာ၏။
“မဟာဆရာသခင်ကျန်း အခြေအနေ ဘယ်လိုရှိလဲ”
အခန်းထဲတွင် အားလုံး၏ အကြည့်များက မဟာဆရာသခင်ကျန်းပေါ်သို့ ကျရောက်နေသည်။
“ကျုပ် ခုက အသာလေး ဖိလိုက်တာတောင် အဘိုးလင်းက အပြင်းအထန် ပြန်တုံ့ပြန်နေတယ်”
တစ်ခဏမျှ ငြိမ်နေပြီးနောက် မဟာဆရာသခင်ကျန်းက ခေါင်းခါလိုက်သည်။
“အဘိုးလင်းရဲ့ အသက်ရှူလမ်းကြောင်း စနစ်တစ်ခုလုံး ပိုးဝင်နေတယ်လို့ သက်သေပြနေပြီ၊ ဘယ်အစိတ်အပိုင်းမှ ကောင်းနေတာ မရှိဘူး”
မဟာဆရာသခင်ကျန်းသည် သူ၏ အတွေ့အကြုံအရ ရောဂါစမ်းသပ်ချက် ပြုလုပ်ရန် မည်သည့် ကိရိယာမှ မလိုအပ်ပေ။
“ဒါဆို …. ကုလို့ရနိုင်မလား”
လင်းရှန်ဟဲ ပြန်မေးလိုက်သည်။
“တစ်ခုတော့ ရှိတယ်၊ အဆုတ် အစားထိုးကုသခြင်းပဲ”
မဟာဆရာသခင်ကျန်းက ဖြည်းဖြည်းချင်း ပြောလိုက်ပြီးနောက် ဆက်ပြောလေသည်။
“ဒါပေမဲ့ … အခု ကျုပ်တို့မှာ ရှိတဲ့ နည်းပညာနဲ့ဆို သူ့ကို အဆုတ် အစားထိုး ကုသပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ် ဆိုရင်တောင်မှ အဘိုးလင်းက အသက်ကြီးနေပြီ၊ အဲ့တော့ အောင်မြင်မှု ရာခိုင်နှုန်းက ပြောရရင် သုညပဲ”
အဆုတ်သည် အခြားကိုယ်တွင်းအင်္ဂါများနှင့် မတူပေ။ ယခုလက်ရှိအချိန် မဆိုထားနှင့် နောင်အနာဂတ်တွင်ပင် အဆုတ် အစားထိုးကုသခြင်း ပြုလုပ်ရန် မဖြစ်နိုင်လုနီးပါးပင်။
“ဘယ်လို … ဒါ ဘာကိုပြောချင်တာလဲ”
လင်းရို့ယွီက မဟာဆရာသခင်ကျန်းကို စေ့စေ့ကြည့်လာသည်။
“အဘိုးလင်းရဲ့ ရောဂါက ကယ်ဖို့ ခက်နေပြီ၊ ငါ့ခန့်မှန်းချက်အရဆို သူ အသက်ရှင်ဖို့ သုံးရက်ပဲ အချိန်ရတော့မယ်”
မဟာဆရာသခင်ကျန်းက စိတ်ထင့်ခြင်းမရှိဘဲ ခေါင်းခါလိုက်သည်။
“ဒီလက်ကျန်အချိန်လေးမှာ မင်းတို့အားလုံး သူ့ဘေးမှာ နေပြီး သူ့ကို ပို့ဆောင်ပေးသင့်တယ်”
လင်းမိသားစုတစ်ခုလုံး မမျှော်လင့်ထားသော အဖြစ်ကြောင့် ထိတ်လန့်ကာ ပြောစရာစကားမဲ့သွားကြသည်။
“မဟုတ်ဘူး၊ ဘိုးဘိုး မသေပါဘူး”
လင်းရို့ရွယ်၏ တုံ့ပြန်မှုက အပြင်းထန်ဆုံးပင်။ သူမသည် လင်းထျန်းဟွာ၏ ခုတင်ပေါ် ပစ်လှဲ၍ ရှိုက်ငိုလာသည်။ လင်းအောင်သည်လည်း ဒုန်းခနဲ ဒူးထောက်ကျသွားပြီး ခေါင်းငိုက်စိုက်ကျလာ၏။ လင်းရှန်ဟဲ၏ မျက်နှာ ပြာနှမ်း နေပြီး နှုတ်ခမ်း တဆတ်ဆတ် တုန်ကာ တစ်ဖက်လှည့်၍ မျက်ရည်များကို သုတ်လိုက်သည်။
လူတိုင်း၏ မျက်လုံးများ နီရဲလာပြီး မျက်နှာတွင် မျှော်လင့်ချက် ပျက်သုဉ်းသွားဟန်များ ပြည့်နှက်လာ၏။ ထိုအခိုက်တွင် အခန်းတွင်းသို့ အသံတစ်သံ ပျံ့လွင့်လာလေသည်။
“ယွမ်ဆယ်သန်း ပေးရင် ငါ အဘိုးရဲ့အသက်ကို မင်းအတွက် ကယ်ပေးမယ်”

ကျုပ်က ပါရမီရှင် (Chapter 1-200)Onde histórias criam vida. Descubra agora