Chapter 60

1.1K 127 1
                                    

Chapter 60 လျှပ်တပြက် မစ်ရှင် ပွင့်လာခြင်း

ထိုစဉ် အနည်းငယ် ဝဖိုင့်ဖိုင့်ဖြစ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် လျှောက်လာသည်။ သူသည် နှုတ်ခမ်းမွေး ခပ်ရေးရေးရှိပြီး အနက်ရောင် မျက်မှန်ကိုင်းကို တပ်ထားကာ အပြုံးနှင့် ဝင်လာသည်။
လီထိုက် ထရပ်၍ သူ့ကို အားတက်သရော ကြိုဆိုလေသည်။
“ဘော့စ်ကျန်း ကြည့်ရှုသူ တိုင်းတာမှုက ဘယ်လိုလဲဗျ”
ကြည့်ရှုသူ တိုင်းတာမှု အချက်အလက်အား ထုတ်လွှင့်ပြီးနောက် မည်သည့် ဖုန်းနှင့်မဆို စစ်ဆေးနိုင်ပါသည်။ သို့သော် လီထိုက်က စိတ်မရှည်ဘဲ ရုပ်သံ ထုတ်လွှင့်ရုံသို့ တန်းသွားပြီး အချိန်နှင့်တပြေးညီ အချက်အလက်များကို သွားကြည့်ခြင်း ဖြစ်လေသည်။
“ဟားဟားဟား ရောင်းရင်းလီရေ ဒီတစ်ခါတော့ မင်း ရွှေထုပ် ပိုက်မိတာပဲဟေ့”
“ငါ ဒီကို မလာခင် ကြည့်ရှုသူ တိုင်းတာမှုက နှစ်ကို ကျော်သွားပြီ”
“နှစ်ကို ကျော်သွားပြီ ဟုတ်လား”
လီထိုက် အံ့ဩသွားပြီး မျက်နှာ ဝင်းပလာသည်။
“တကယ်လား”
“သေချာတာပေါ့၊ အဲ့ဒါအပြင် ခပ်မြန်မြန်ကို တက်နေတာ၊ အခုထိ တက်နေတုန်းပဲ”
ကျန်းပင်းက သေချာဟန်ဖြင့် ခေါင်းညိတ်ပြသည်။
“ရောင်းရင်းလီ အခုလို အောင်မြင်မှု စိုက်ထူနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်”
“ဟူး”
လီထိုက် စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ ယခု စိုးရိမ်စိတ် လွင့်ပြယ်သွားပြီး ထိန်းချုပ်မရနိုင်သော စိတ်လှုပ်ရှားမှုတို့သာ ဖြစ်တည်လာသည်။
အင်တာနက်ကို လွယ်လင့်တကူ ရနေသော ယနေ့ခေတ်အခါ၌ လူတိုင်းတွင် ကွန်ပျူတာများနှင့် ဖုန်းများ ရှိနေလေပြီ။ တီဗွီမှ ကြည့်ရှုသူနှုန်းက ကျဆင်းလာနေပြီ ဖြစ်သောကြောင့် ကြည့်ရှုသူ တိုင်းတာနှုန်းက နှစ်ကို ကျော်သွားခြင်းသည် ချီးကျူးထိုက်သော အောင်မြင်မှုပင်။
လီထိုက်၏ မှတ်တမ်းမှာ တစ်ဒဿမခြောက်သာ ရှိခဲ့သည်။
*ရဲ့ … သူ ငါ့ကို စိတ်ပျက်ရအောင် မလုပ်ဘူးပဲ၊ မနေ့က ကြည့်ရှုသူ တိုင်းတာမှုက တစ်ဒဿမနှစ်ပဲ ရှိခဲ့တာ၊ ကြည့်ရှုသူ အများစုက သူ့ကို ကြည့်ချင်လို့ဆိုတာ သိသာနေတာပဲ*
လီထိုက် တစ်ကိုယ်တည်း တွေးနေမိသည်။
သူတို့၏ ကျော်ကြားမှုနှုန်း တိုးမြင့်သွားရသည့် အဓိကအချက်ကမှာ ဝံပုလွေအား လက်ချည်းဗလာနှင့် တိုက်ခိုက်နေသော သူ့ဗွီဒီယီုကြောင့်ပင်။ နောက်တစ်ချကက် သူ၏ သရုပ်ဆောင်စွမ်းရည်က ဇာတ်လမ်း၏ ရေပန်းစားမှုကို ထိန်းထားနိုင်ခြင်းကြောင့် ဖြစ်ပေသည်။ သူတစ်ယောက်တည်းက ရုပ်သံဇာတ်လမ်းတစ်ခုလုံးကို ဆွဲခေါ်သွားသည်ဟု ဆိုရပေမည်။
“ရောင်းရင်းလီ ဒီ … ဝိုင်ဆိုတာလေ၊ သူက ဘယ်လိုလူမျိုးလဲ၊ မင်း သူ့ကို သိတယ် မဟုတ်လား”
ကျန်းပင်းက သတင်းအချက်အလက် ပိုသိရအောင် ကြိုးစားလာသည်။
“သူက လူသိရှင်ကြား မနေချင်ဘူး၊ သူ့အကြောင်း ဖော်လိုက်ရင် ကျုပ်အတွက် အဆင်မပြေဘူး”
“ငါ့ကိုတောင်မှ မရဘူးလား”
ကျန်းပင်း မသိမသာ မျက်မှောင်ကြုတ်သွားသည်။
“ရောင်းရင်းလီရာ ငါက ပါးစပ်ဖွာတဲ့လူ မဟုတ်မှန်း မင်း သိပါတယ်၊ သူ့ရဲ့ ကြည့်ရှုသူ တိုင်းတာမှုနှုန်းက အာမခံစရာ ကောင်းနေတော့ ငါတို့ ရုပ်သံက သူ့ကို ငါတို့ရဲ့ ရသစုံ ဖျော်ဖြေပွဲမှာ ပါဖို့အတွက် ဖိတ်ချင်နေတာ”
လီထိုက် မချိတင်ကဲရယ်၍ ခေါင်းခါလိုက်သည်။
“ဘော့စ်ကျန်း ကျုပ် မပြောချင်တာ မဟုတ်ဘူး၊ မပြောရဲတာ”
“မင်း ကြောက်နေတာလား၊ သူ့အနောက်မှ အကောင်ကြီးကြီး ရှိနေလို့လား”
ကျန်းပင်း အံ့ဩသွားသည်။ လီထိုက်၏ အမူအရာက လေးနက်လာပြီး ကောင်းကင်ကို လက်ညှိုးထိုး၍ ခပ်တိုးတိုး ပြောလိုက်သည်။
“မိုးလောက်ကို ကြီးတာ”
….
ကလင် ကလင် ကလင်
အမျိုးသားအဆောင်တွင်း၌ ဖုန်းမြည်သံ ထွက်လာပြီး ရဲ့လင်းချန် ဖုန်းကိုင်လိုက်သည်။
“ဟဲလို အစ်မဖေးဖေး”
“လင်းချန် နာမည်ကျော် ဖြစ်ရတာ ဘယ်လို ခံစားရလဲ”
ဖုန်းထဲမှ ရှောင်ဖေးဖေး၏ အသံတွင် မသိမသာ အားကျသံ ပါနေကြောင်း ခံစားမိသည်။
“အခု နင်က ငါ့ထက်တောင် နာမည်ကြီးနေပြီ”
“အစ်မဖေးဖေး ကျွန်တော့်ကို မနောက်ပါနဲ့ဗျာ၊ အစ်မနဲ့ယှဉ်ရင် ကျွန်တော်က ဘာမှမဟုတ်ပါဘူး”
ရဲ့လင်းချန် အပြုံးနှင့် ပြောလိုက်သည်။
“ဝေ့ပေါ်နဲ့ ထျဲပမှာ အခု နင်နဲ့ပတ်သက်တဲ့ သတင်းတွေနဲ့ ပြည့်နေတာ၊ ဝံပုလေကို အလဲထိုးတာအစ မိန်းမပျိုလေးကို ကယ်တင်တာအပြင် နောက်ဆုံး နင့်ရဲ့ အံ့ဩစရာကောင်းတဲ့ သရုပ်ဆောင်အစွမ်း အထိကြောင့်ပေါ့၊ သူတို့က နင့်ကို အသားကုန် ချီးကျူးနေကြတာ”
ဖေးဖေးက ဆက်ပြောလေသည်။
“နင် အနုပညာနယ်ပယ်ထဲ မဝင်တာ သေချာလား၊ အခု နင့်အကြောင်းကို ဖော်ပြလိုက်ရင် နင့်ဂုဏ်သတင်းက မိုးထိမတတ် မြင့်တက်သွားမှာ၊ အခု လက်ရှိ ကျော်ကြားနေတာကို အသုံးချပြီး ဇာတ်ညွှန်း ကောင်းကောင်းလေးသာ ရှိရင် နင် ထိပ်ကို အလွယ်တကူ တက်သွားလိမ့်မယ်”
“အခုတော့ ကျွန်တော့်မှာ အဲ့လို ရည်ရွယ်ချက်မျိုး မရှိပါဘူး”
“ဒါဆို ငါ နင့်ကို အနုပညာနယ်ပယ်ထဲက မိန်းမလှလေးတွေနဲ့ မိတ်ဆက်ပေးရမလား၊ သူတို့အားလုံးက ငါ့ကို ဝိုင်နဲ့ ပတ်သက်တဲ့သတင်းကို အသည်းအသန် မေးနေတာ”
ရှောင်ဖေးဖေး ရယ်လိုက်သည်။
“မလုပ်ပါနဲ့”
“ဪ ဟုတ်သားပဲ၊ ငါ နင့်ကို ပြီးခဲ့တဲ့ ကိစ္စအတွက် ကျေးဇူးတင်ရဦးမယ်”
ရှောင်ဖေးဖေး ငြိမ်သွားပြီး တစ်ခဏမျှ ချီတုံချတုံဖြစ်ကာ ပြန်မေးလာသည်။
“နောက်ပိုင်း … နင် ငါ့ကို ဆက်ပြီး နှိပ်နယ်ပေးဦးမှာလား”
“အစ်မဖေးဖေး စိတ်ချပါ၊ အစ်မ ခေါ်လိုက်တာနဲ့ ကျွန်တော် အရောက်လာမှာပါ”
ဖုန်းတစ်ဖက်မှ ရှောင်ဖေးဖေး စိတ်အေးသွားပြီး သူမမျက်နှာတွင် ယစ်မူးစေသော အပြုံးတစ်ပွင့် ပေါ်လာသည်။
“နင် ဒီပိတ်ရက် အားလား”
ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ အားလပ်နေသည်ကို တွေးမိပြီး ချက်ချင်း သဘောတူလိုက်သည်။
နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် တက္ကသိုလ်သို့ ဝင်ပြီးကတည်းက ပထမဆုံးသော အတန်းကို စတက်လေသည်။ သူသည် တရုတ်စာပေကို အထူးပြုယူထားပြီး ပထမဆုံးအတန်းမှာ မျက်မှောက်ခေတ် တရုတ်စာပေ အတန်း ဖြစ်သည်။
သတ်လတ်ပိုင်းနီးနီး ရှိသော ဆရာမက မိတ်ဆက်စကားတစ်ချို့ ပြောပြီးနောက် အတန်းကို စလိုက်သည်။
“မင်းတို့ ဘယ်လို မျက်မှောက်ခေတ် စာအုပ်တွေကို သိကြလဲ၊ လက်မြှောက်ပြီး ဖြေကြည့်”
လျင်မြန်စွာပင် ကျောင်းသားများက လက်မြှောက်၍ ဖြေကြလေသည်။ သူတို့၏ ပထမဆုံးအတန်း ဖြစ်သဖြင့် လူတိုင်း စိတ်အား တက်ကြွနေ၏။
“ဆရာမ မာနနှင့် အာဃာတ (Pride and Prejudice)”
“ခါးကုန်းကြီး ( Hunchback of Notre-Dame)”
“Les Misérables!”
“ဆရာမ လေရူးသုန်သုန်”
….
“မဆိုးပါဘူး မင်းတို့ ပြောတဲ့ စာအုပ်တွေအားလုံးက နာမည်ကျော်တွေပါပဲ၊ ဒါပေမဲ့ မင်းတို့ အဲ့ဒါတွေအားလုံးမှာ တူညီတဲ့ တစ်ချက်ရှိတာကို သတိထားမိကြလား”
ဆရာမက နောက်မေးခွန်းတစ်ခု ထပ်မေးလာသည်။
*တူညီတဲ့တစ်ချက်တဲ့လား*
လူတိုင်း အချင်းချင်း ပြန်ကြည့်မိကြပြီး ပြောစရာစကား ရှာမတွေ့ဘဲ ဖြစ်နေကြသည်။ ထိုစာအုပ်များ အားလုံးသည် မတူညီသော နိုင်ငံများနှင့် စာရေးဆရာများ ရေးသားခဲ့သော စာအုပ်များ ဖြစ်လေသည်။ သူတို့၏ သမိုင်း ခေတ်အခါတောင်မှ မတူကြချေ။
*ဘယ်လိုလုပ် တူတာ ရှိနေမှာလဲ*
ရဲ့လင်းချန်က မထင်ရှားသော ထောင့်တစ်ထောင့်၌ ထိုင်နေပြီး တည်ငြိမ်စွာ ဖြေလိုက်သည်။
“အဲ့ဒါတွေအားလုံးက တစ်ခုမှ တရုတ်စာပေတွေ မဟုတ်တာပါ”
“မှန်တယ်”
ဆရာမက ရဲ့လင်းချန်ကို လှမ်းကြည့်လာသည်။
“ဒီကျောင်းသား ပြောတာ အတိအကျပဲ”
ကျန်အတန်းသားများအားလုံး သတိထားမိသွားပြီး အတွေးနွံထဲမှ နိုးလာကြသည်။ သူတို့အားလုံး မသိမသာ ရှုံးသလို ခံစားလိုက်ရသည်။
သူတို့ စာအုပ်များစွာကို ပြောပြခဲ့သော်လည်း တစ်အုပ်မှ တရုတ်ပြည်က မဟုတ်သည်ကို ဖြည်းဖြည်းချင်း သတိထားမိလာသည်။
*ငါတို့ တရုတ်နိုင်ငံက နက်ရှိုင်းတဲ့ စာပေ အခြေခံနဲ့ ဒီလောက် ရှည်လျားတဲ့ သမိုင်းကြောင်း ရှိတာ၊ ဘယ်လိုလုပ် ငါတို့နိုင်ငံက တစ်ကမ္ဘာလုံး အသိအမှတ်ပြုတဲ့ စာအုပ်မျိုးကို မထုတ်နိုင်ရတာလဲ*
“ဘာသာစကားဆိုတာ နိုင်ငံတစ်နိုင်ရဲ့ အခြေခံအုတ်မြစ် ဖြစ်ပြီးတော့ စာပေက နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို ဖော်ပြတဲ့ ဖော်ပြချက်ပဲ၊ စာပေကနေ ငါတို့က ကမ္ဘာကို ငါတို့ နိုင်ငံအကြောင်း သိအောင် လုပ်နိုင်တယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာစုနှစ်တွေအတွင်း ငါတို့ ကမ္ဘာ့အသိအမှတ် ပြုခံတဲ့ စာပေတစ်ခုတောင်မှ မထုတ်ဝေနိုင်ခဲ့ဘူး။ ဒါက ငါတို့ ဆင်ခြင်စဉ်းစားသင့်တဲ့ အရာတစ်ခုပဲ”
“မင်းတို့ဆီကနေ အဲ့လိုနေ့မျိုး ရောက်လာဖို့ ငါ မျှော်လင့်မိတယ်”
ထိုစကားနှင့်အတူ သူမက စင်မြင့်၌ ရပ်ကာ ကျောင်းသားများအား ဦးညွှတ်လေသည်။ ရဲ့လင်းချန် နှလုံးသားထဲမှနေ၍ ဝမ်းနည်းသလို ခံစားလိုက်ရသည်။ တရုတ်ပြည်သည် ကျယ်ဝ၍ အရင်းအမြစ် ပေါများသည်။ လူဦးရေကလည်း ကမ္ဘာတွင် အများဆုံး ဖြစ်သည်။ သို့သော် စာပေရေးရာ၌ နောက်ကောက်ကျ ကျန်နေ၏။
သူ တရုတ်ပြည်နိုင်ငံ၏ ဂုဏ်ယူရသော စာပေ လေးခုကို ပြန်အမှတ်ရသွားသည်။ အနောက်ဘက်သို့ ခရီးသွားခြင်း စာအုပ်သည် မျောက်မင်း၏ ဇာတ်လမ်းဟု ဘာသာပြန်ဆိုခြင်း ခံရသည်။ ရေနယ်နမိတ်အား အမျိုးသား တစ်ရာ့ငါးယောက်နှင့် အမျိုးသမီးသုံးယောက်တို့၏ ဇာတ်လမ်းဟု ဘာသာပြန်ခဲ့သည်။ သုံးပြည်ထောင်အား သုံးပြည်ထောင်၏ သမိုင်းဟု ပြန်လည် ဘာသာပြန်ဆိုခဲ့လေသည်။ နောက်ဆုံးတွင် ခန်းနီဆောင် အိပ်မက်အား အိမ်တော်နီတွင်းမှ အိပ်မက်ဟု ဘာသာပြန်ခဲ့ကြသည်။
ထိုနာမည်များအားလုံးသည် ဟာသဆန်လှပြီး တစ်ချိန်တည်းမှာပင် အရှက်ခွဲနေသလိုပင်။ တရုတ်ယဉ်ကျေးမှုကို ပြည်ပနိုင်ငံများအားလုံးက လက်မခံကြချေ။ မည်သည့် ကုန်ပစ္စည်း ဖြစ်ပါစေ နိုင်ငံခြားသားများ လက်ခံလာအောင် မလုပ်နိုင်ပါ။
အခွင့်အရေးများ ရခဲ့မည့်ဆိုလျင် နိုင်ငံခြားသားများ၏ တရုတ်နိုင်ငံကို မြင်သော အမြင်အား သူ ပြောင်းလဲ ပစ်ချင်ပါ၏။ ရဲ့လင်းချန်အတွက် ယင်းက ခက်ခဲမည် မဟုတ်ပါ။
“တင်”
ရဲ့လင်းချန်၏ ခေါင်းထဲ၌ ရှင်းလင်းသော အသံတစ်သံ ပေါ်လာသည်။
*ပါရမီရှင် စနစ်ရဲ့ မစ်ရှင်ဘား ပွင့်သွားပါပြီ*
*ပါရမီရှင် စနစ်နဲ့ဆို ဘယ်သူ ယှဉ်နိုင်မလဲ*
*အဓိက မစ်ရှင် __ ပါရမီရှင်ဟူသော နာမည်အား ကမ္ဘာကျော်အောင် ပြုလုပ်ပါ*
*စမ်းသပ်မစ်ရှင် (မဖြစ်မနေ လုပ်ရမည့် မစ်ရှင်) : ဂန္တဝင်စာပေအား တစ်လအတွင်း ဖန်တီး၍ ရေပန်းစားခြင်း ရမှတ် တစ်သိန်းအား ရယူပါ*
*မစ်ရှင် ကျရှုံးပါက ပါရမီရှင်စနစ်က သင်ထံမှ စွန့်ခွာသွားမည်၊ မစ်ရှင် အောင်မြင်ပါက ဗဟုသုတ တိုးမြှင့်နိုင်သော စွမ်းရည် ပွင့်လာမည်*
*မှတ်ချက် ရေပန်းစားခြင်း ရမှတ်သည် ကစားသူ၏ ကျော်ကြားမှု၊ ဂုဏ်သိက္ခာ၊ အောင်မြင်မှု၊ လေးစားမှု၊ အများ ယုံကြည်လက်ခံနိုင်မှုနဲ့ နာမည်အားလုံးနဲ့ ချိတ်ဆက်နေပါတယ်*
*ချီးပဲ*
ရဲ့လင်းချန် အတန်းထဲ ထအော်လုနီးပါး ဖြစ်သွားရသည်။
*ဒီစနစ်မှ … မစ်ရှင်ရှိတာလားဟ*

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now