Chapter 63

996 131 2
                                    

Chapter 63 တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ ပုံပြောချိန်

[ပြီးရောလေ၊ နင် ဆုံးဖြတ်ပြီးမှတော့ ငါ ဖြတ်လမ်းနည်းနဲ့ ကူညီပေးမယ်]
ကိုးလ် ပြန်ပြောလိုက်သည်။
[ကျေးဇူးပဲ]
ရဲ့လင်းချန် စိတ်ထဲရှိသည့်အတိုင်း ပြန်ဖြေလိုက်သည်။ သူ ကိုးလ်နှင့် လူချင်း မတွေ့ဖူးသော်လည်း ဝေ့ပေါ်၌ မကြာခဏ စကားပြောဖြစ်ကြသည်။ များသောအားဖြင့် ကိုးလ်က တိုက်ရိုက် ထုတ်လွှင့်ခြင်း ပလက်ဖောင်းမှ ကျဆင်းလာသော အခြေအနေနှင့် သူ့အား ငွေမြန်မြန် ရှာနိုင်သမျှ ရှာရန် သတိပေးသော စကားများသာ ဖြစ်လေသည်။
ကိုးလ်က သူ့ကို အတော်လေး စိတ်ပူ၍ တွေးပေးကြောင်း သူ ခံစားမိသည်။ အခြားသော ထုတ်လွှင့်ခြင်း စတူဒီယို၌ ကိုးလ်သည် မျက်နှာရှစ်ခေါက်ချိုးဖြင့် သက်ပြင်းချနေ၏။
*ပုံပြောတာက မအောင်မြင်ရင် နင် မြန်မြန် နောက်ဆုတ်ဖို့ ငါ မျှော်လင့်ပါတယ်*
ထို့နောက်တွင်မူ သူမက ကင်မရာဘက်လှည့်၍ ပြုံးလိုက်သည်။
“ကျွန်မ အားလုံးကို သတင်းကောင်းလေး ပြောစရာ ရှိပါတယ်၊ ဝိုင်နတ်ဘုရား လိုင်းပေါ်မှာ ရှိနေပါတယ်၊ သူ ထုတ်လွှင့်တာကို ကြည့်ချင်ရင် ရှင်တို့ မြန်မြန်လေး သွားကြည့်တာ ပိုကောင်းတယ်နော်”
[ဘာ … ဝိုင်နတ်ဘုရားက လိုင်းတက်နေပြီလား၊ သွားကြည့်ရအောင်]
[ထုတ်လွှင့်သူ မင်း သူ့ကို တကယ် ချစ်နေပြီ မဟုတ်လား၊ မင်းပရိသတ်တွေကိုတောင် ဝိုင်နတ်ဘုရားဆီ လိုလိုလားလား ပို့နေတယ်ဆိုတော့]
[ထုတ်လွှင့်သူ မင်း ဘာလို့ ဝိုင်နတ်ဘုရားနဲ့ အတူတူ ဂိမ်းမဆော့တာလဲ]
….
ရဲ့လင်းချန် ထုတ်လွှင့်မှုကို စလိုက်သည်နှင့် ကြည့်ရှုသူ အရေအတွက်က တဖြည်းဖြည်း မြင့်တက်လာသည်။ သူ လဝက်မျှ လိုင်းပေါ်မရှိသော်လည်း ကြည့်ရှုသူ သုံးထောင်နီးပါး ရလာသည်။
သူသည် ကင်မရာအလင်းအား အနိမ့်ဆုံးအထိ ထားလိုက်ပြီး တစ်ခန်းလုံး၏ မီးများကို ပိတ်လိုက်သည်။ ဖန်သားပြင်တွင် အမှောင်ထုမှလွဲ၍ လူရိပ်ကို ရေးရေးမျှသာ မြင်ရလေသည်။
[ထုတ်လွှင့်သူ ဘာလုပ်နေတာလဲ၊ သရဲလို ဝတ်စားမလို့လား]
[ဝိုင်နတ်ဘုရားက ဂိမ်းသမား မဟုတ်ဘူးလား၊ သူ လိုင်းပြောင်းလိုက်တာလား]
[ယီးပဲ သူ ပြဿနာ ရှာချင်နေတာလား၊ သူ ဂိမ်းမဆော့ရင် ငါ သူ့ကို အန်ဖော်လိုး လုပ်မယ်]
[အပေါ်ကလူ ပြောတဲ့အတိုင်းပဲ၊ ငါ အန်ဖော်လိုး မလုပ်မိရင် ချီးပုံသုံးပုံ စားပြမယ်]
….
“အားလုံးပဲ မင်္ဂလာပါ၊ မင်းတို့အားလုံး ခံစားမိမယ်လို့ ငါ ယုံကြည်ပါတယ်၊ ဟုတ်ပါတယ် ဒီနေ့ ကျွန်တော် ကျွန်တော့်ရဲ့ ဂိမ်းကစားတာကို ထုတ်လွှင့်မှာ မဟုတ်ပါဘူး၊ အဲ့ဒီအစား ကျွန်တော် မင်းတို့အတွက် ဝတ္ထုတစ်ပုဒ် ပြင်ဆင်ထားပါတယ်၊ ဝတ္ထုနာမည်က ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းပါ”
ရဲ့လင်းချန်သည် သရုပ်ဆောင်နည်းလမ်း တစ်ရာ့တစ်လမ်းကို ဖတ်ပြီးသည့်အပြင် ဘာသာစကားနှင် စာပေကို သင်ယူနေကာ ဆက်ဆံရေး အနုပညာကိုပါ လေ့လာခဲ့သည်။ ထို့ကြောင့် သူ့တွင် ထုတ်လွှင့်သူတစ်ယောက်၌ ရှိသင့်သော အရည်အချင်းထက် ပိုနေလေပြီ။
သူ့လေသံက မြန်လည်းမမြန်သလို နှေးလည်းမနှေးချေ၊ သူ့အသံက နားထဲသို့ ငြိမ့်ငြိမ့်ညောင်းညောင်း ဝင်လာသည်။ ကြည့်ရှုသူ တော်တော်များများက ထွက်ရန် ပြင်နေသော်လည်း တစ်ခဏမျှ နေနေကြသည်။
[ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်း ဟုတ်လား]
[အဲ့ဒါက ဘာကြီးလဲ တစ်ခါမှ မကြားဖူးဘူး]
[အဲ့ဒါ ဒိုင်ယာရီတော့ မဟုတ်လောက်ပါဘူးနော် ဟုတ်တယ်မလား]
[နာမည်က နည်းနည်းတော့ စိတ်ဝင်စားစရာပဲ]
အမှောင်ထဲ၌ ပုန်းနေရင်း ရဲ့လင်းချန်က အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အသံ ခပ်နိမ့်နိမ့်ဖြင့် စပြောလေသည်။
“လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းကပေါ့၊ ချန်ရှာက ဂူသင်္ချိုင်းဖောက်တဲ့ အဖွဲ့တစ်ဖွဲ့က ပြည်နယ်ချင်း စစ်ခင်းတဲ့ကာလက ပိုးစာသားတွေကို ရှာတွေ့ခဲ့တယ်။ ပျက်စီးနေတဲ့ စာထဲမှာ ထူးခြားတဲ့ ရှေးဟောင်းဂူတစ်ခုရဲ့ တည်နေရာကို မှတ်တမ်းတင်ထားတယ်။ ဒါပေမဲ့ အဲ့ဂူသင်္ချိုင်းဖောက်တဲ့အဖွဲ့က ဂူထဲမှာ သိပ္ပံနည်းနဲ့ အဖြေမထုတ်နိုင်တဲ့ မတော်တဆမှုတွေနဲ့ ကြုံရပြီး အားလုံးနီးပါး သေကုန်တယ်”
ရဲ့လင်းချန်၏ အသံက အလွန် တည်ငြိမ်လှပြီး ပုံပြင်အား ဖြည်းဖြည်းချင်း ပြောပြနေသည်။
“နှစ်ငါးဆယ် အကြာမှာ ဂူသင်္ချိုင်းဖောက်တဲ့သူတွေထဲက တစ်ယောက်ရဲ့ မြေးတွေက သူ့အဘိုး ဒိုင်ယာရီကနေ ဒီလျှို့ဝှက်ချက်ကို တွေ့သွားခဲ့တယ်။ သူက အတွေ့အကြုံရင့်တဲ့ ဂူသင်္ချိုင်းဖောက်တဲ့ အဖွဲ့တစ်ဖွဲ့ကို ငှားပြီး ဒီရတနာကို ရှာဖွေလေတော့တယ်။ ဒီရှေးဟောင်းဂူထဲမှာ သိပ္ပံနည်းနဲ့ အဖြေမထုတ်နိုင်တဲ့ အဖြစ်အပျက်တွေ အများကြီး ရှိနေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားမိကြဘူးလေ၊ အဲ့ဒါတွေကတော့ ထူးဆန်းတဲ့ ခေါင်းတလား ခုနစ်ခု၊ မျက်လုံးစိမ်း မြေခွေး၊ ခေါင်းကိုးခေါင်း မြွေပင် …”
အခန်းထဲ၌ စိတ်လေးလံဖွယ်ကောင်းသော လေထုက ပြည့်နှက်လာသည်။ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်း မှတ်တမ်း၏ အဓိက အကြောင်းအရာမှာ ဂူသင်္ချိုင်းဖောက်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာဖြစ်ပြီး ၎င်းထဲ၌ ထူးခြားသော အဖြစ်အပျက်များ ရောနှောထားသည်။
ယင်းသည် အကျော်ကြားဆုံး သည်းထိတ်ရင်ဖို ဝတ္ထုအား ဖုန်းရွှေ၏ လျှို့ဝှက်ချက်များထဲမှာ အချက်အလက်များနှင့် ရောနှောပေါင်းစပ်၍ ဖန်တီးထားသော ရဲ့လင်းချန်၏ ဝတ္ထု ဖြစ်သည်။
ထုတ်လွှင့်ခြင်းမှနေ၍ ရဲ့လင်းချန်က သူ့ဝတ္ထုကို ဆက်ပြောနေ၏။ သူ့အသံနေအသံထားက အသင့်အတင့်ပင်။ ဤဝတ္ထုက သူရေးထားသော ဝတ္ထု ဖြစ်သောကြောင့် သင့်လျော်သော အနေအထားကို ဖော်ထုတ်ရန် သူ့အတွက် အလွန် လွယ်ကူလေသည်။
“အခန်းတစ် သွေးစွန်းနေသော အလောင်း၊ လွန်ခဲ့သော နှစ်ငါးဆယ်က ချန်ရှာမှ ပေါင်ကျီလင်တွင် ဂူသင်္ချိုင်းဖောက်သူ လေးဦးက ညစ်ပတ်နေတဲ့ မြေပုံတစ်ခုနားမှ ဝပ်နေကြသည်။ လူတိုင်း ငြိမ်နေပြီး ဂေါ်ပြားကိုသာ စိုက်ကြည့်နေ၏။ ဂေါ်ပြားရဲ့ ထိပ်မှာ မြေကြီးကနေ လတ်လတ်ဆတ်လတ် တူးထားတဲ့ သဲတွေ ရှိနေလေသည်။ ထူးဆန်းသည်မှာ ယင်းသဲတွင် အနီရောင်တောက်တောက် အရည်တစ်ချို့ စိမ့်ထွက်နေခြင်းပင်။ မသိလျင် သွေးများ စိမ့်နေသည်ဟုပင် ထင်မှတ်ရသည်။”
ထုတ်လွှင့်ခြင်းချန်နယ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း မသိလိုက်မသိဘာသာ ဖြစ်နေစဉ်မှာပင် ရဲ့လင်းချန်၏ အသံနှင့်အတူ ဇာတ်လမ်းထဲ မျောသွားကြသည်။
ရှောင်မင်သည် အစက ရဲ့လင်းချန် ဂိမ်းကစားသည်ကို သဘောကျသော အမာခံ ပရိသတ် ဖြစ်သည်။ ရဲ့လင်းချန်က ဂိမ်းကစားခြင်းကို ထုတ်လွှင့်မည် မဟုတ်ကြောင်း သိလိုက်သောအခါ သူ ဆဲလုနီးပါး ဖြစ်သွားရသည်။ သို့သော် သူ ချန်နယ်ထဲမှ မထွက်ချင်သေးသဖြင့် ဆက်နေနေခဲ့မိသည်။
သို့သော် သူ ထိုသို့ နေလိုက်မိသည်က နှစ်နာရီပင် ကြာသွားလေသည်။
ဇာတ်လမ်းက ဆွဲဆောင်လွန်းသည်။ သူကိုယ်တိုင် ရဲ့လင်းချန်နှင့်အတူ ဂူသင်္ချိုင်းဖောက်သည့် ဖြစ်စဉ်အတွင်း လိုက်ပါသွားရသည်ဟု ခံစားရပြီး ဘာဆက်ဖြစ်မလဲ သိချင်လာရသည်။
ရဲ့လင်းချန်က တူးမြောင်းထဲမှနေ၍ ဂူထဲမှ မြစ်ထဲသို့ ဝင်သွားသောအခါ မြစ်ကမ်းနံဘေး၌ ပုပ်ပွနေသော စိမ်းဖန့်ဖန့် အလောင်းများနှင့် ပြည့်နေကြောင်း ပြောပြလာသောအခါ ရှောင်မင် တုန်သွားပြီး လည်ပင်းပါ တောင့်သွားသည်။ ရုတ်တရက် အခန်း၏ လေထုက လေးလံလာသည်ဟု သူ ခံစားလိုက်ရသည်။
သူ့ကဲ့သို့ တူညီသော ခံစားမှုအား ခံစားရသူ များစွာ ရှိလေသည်။ ရဲ့လင်းချန်၏ မည်းနက်နေသော ဖန်သားပြင်ကိုပါ ပေါင်းလိုက်လျင် ခံစားချက်က ပြင်းထန်လာလေသည်။
လူတိုင်း မိမိဖန်သားပြင်ရှေ့၌ မသိစိတ်အရ အသက်အောင့်ထားမိကြသည်။
“ရေထဲက အရိပ်ကနေ ဘာမှန်းမသိတဲ့ အရာတစ်ခုက ငါ့ကျောပေါ် တက်လာတယ်၊ ငါ အော်ချင်စိတ်နဲ့အတူ ဘေးဘီကို လှည့်ကြည့်ချင်စိတ်က မအောင့်နိုင်ဘဲ ပေါ်လာတယ်၊ အဲ့အချိန်မှာပဲ ငါ့ခေါင်းကို တစ်ခုခုနဲ့ ထုနှက်လိုက်သလို ခံစားရပြီးတော့ သတိလစ်သွားတယ်”
ထိုအခိုက်တွင် ဇာတ်လမ်း၌ သည်းထိတ်ရင်ဖိုခြင်းများနှင့် ပြည့်နှက်လာသည်။ လူတိုင်း၏ စိတ်ထဲ၌ တင်းကြပ်မှုများ ဖြစ်ပေါ်နေလေသည်။
ကြည့်ရှုသူ အရေအတွက်က ငါးထောင်သို့ လျင်မြန်စွာ တက်သွားသည်။ ရဲ့လင်းချန်၏ ချန်နယ်ကို ဝင်လာသမျှ လူတိုင်းတွင် ဘယ်သူမှ ထွက်မသွားချေ။ ထို့ကြောင့် ကျဆင်းနှုန်းက သုညသာ။
အံ့ဩစရာကောင်းလှစွာပင် မှတ်ချက်တစ်ချို့ ရှိနေသည်။ လူတိုင်းက ဇာတ်လမ်းထဲ မျောနေသဖြင့် လူတစ်ချို့သာ ရံဖန်ရံခါမှ မှတ်ချက်ရေးနိုင်ကြသည်။
[ဂူသင်္ချိုင်း ဖောက်တာဟေ့၊ စောက်ရမ်း စိတ်လှုပ်ရှားစရာ ကောင်းတယ်ကွာ]
[ထုတ်လွှင့်သူ ခင်ဗျားက အံ့ဩဖို့ကောင်းတယ်၊ ကျွန်တော် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို သဘောကျတာ၊ ဒါ ကိုယ်တိုင်ရေး ဟုတ်တယ်မလား]
[နားထောင်နေရာကနေ ငါ ကြက်သီးပါ ထလာတယ်၊ ဒါပေမဲ့ ငါ ထပ်နားထောင်ချင်နေရော ချီးပဲ]
[အပေါ်ကလူ ခင်ဗျား အန်ဖော်လိုး လုပ်ချင်တာ မဟုတ်ဘူးလား၊ ခင်ဗျား ချီးစားဖို့ အဆင်သင့်ပဲလား]
[ဒါ ပါရမီရှင်ရဲ့ လက်ရာပဲ၊ ဒီဇာတ်လမ်းကို ကြားလိုက်ရတာက ငါ့ဘဝရဲ့ အထွတ်အထိပ်ကို ရောက်သွားတယ်လို့ ထင်သွားရတယ်]
….
တစ်ချိန်တည်းမှာပင် ကိုးလ်၏ ချန်နယ်ထဲသို့ လူတစ်ချို့ ရောက်လာသည်။
[OMG … အားလုံးပဲ ဝိုင်နတ်ဘုရားရဲ့ ချန်နယ်က အလွတ်ခံလို့မရဘူးနော်၊ ငါ ဒါပဲ ပြောမယ်၊ မြန်မြန် ပြန်သွားဖို့ လိုနေတယ်]
[ငါတို့က မိတ်ဆွေဟောင်းတွေဖြစ်နေလို့ တန်ဖိုးရှိတဲ့ စက္ကန့်အချို့ကို စတေးခံပြီး ငါ သတင်းလာပြောပြတာ၊ ဝိုင်နတ်ဘုရားရဲ့ ပုံပြင်က စောက်ရမ်းမိုက်တယ်ဟေ့]
[ဝိုင်နတ်ဘုရားရဲ့ ထုတ်လွှင့်နေတာကို ပြောပြပေးလို့ ကိုးလ်ကို ကျေးဇူးတင်တယ်၊ ငါ ပုံပြင် သွားနားထောင်လိုက်ဦးမယ် …]
[စောက်ကျိုးနည်း အဲ့လူတွေ ရူးနေတာလား]
[အဲ့စောက်တုံးတွေ ဘယ်ကလာတာလဲ, သူတို့က ဒီကို ရန်ဖြစ်ဖို့ လာတာလား အမှိုက်ကောင်တွေ]
[ငါ့လူတွေ စိတ်အေးအေးထားစမ်းပါ၊ ငါ သွားကြည့်ပြီး ပြန်လာခဲ့မယ်]

တော်တော်များများက သိချင်စိတ်ကို ထိန်းမရသဖြင့် ဝိုင်နတ်ဘုရား၏ ချန်နယ်သို့ သွားစပ်စုကြသည်။ သို့သော် တစ်ခါ သွားလိုက်သည်နှင့် ဘယ်သူမှ ပြန်မလာကြချေ။
ကိုးလ်သည်လည်း ယင်းကို သတိပြုမိသည်။ ဝိုင်နတ်ဘုရား ဒုက္ခရောက်မည်ကို သူမ စိုးရိမ်နေ၏။ တိုက်ဆိုင်စွာပင် သူမ၏ ကစားပွဲကလည်း ပြီးသွားသည်။ တစ်ခဏမျှ တွေဝေနေပြီးနောက် သူမ ဝိုင်နတ်ဘုရား၏ ချန်နယ်ကို ဝင်ရန် ရွေးချယ်လိုက်ပြီး ရဲ့လင်းချန်အတွက်ပါ ကြေညာပေးလိုက်သည်။
“အားလုံး သိချင်နေမှတော့ ကျွန်မတို့အားလုံး ဝိုင်နတ်ဘုရားရဲ့ ချန်နယ်ကို သွားကြည့်ရအောင်လေ”
ထိုသို့ပြောပြီး သူမက သူမ၏ ချန်နယ်မှ ဝိုင်နတ်ဘုရား၏ ချန်နယ်သို့ ဝင်လိုက်သည်။ အနက်ရောင် ဖန်သားပြင်ကို မြင်လိုက်ရသောအခါ သူမ မျက်မှောင်ကြုတ်မိသည်။ သို့သော် ရဲ့လင်းချန်၏ ခပ်နိမ့်နိမ့် အသံကို ကြားလိုက်ရသော အခါ သူမ ခံစားချက်က ချက်ချင်း ပြောင်းလဲသွားလေသည်။
ထိုအချိန်တွင် ဇာတ်လမ်းက ရှေးဟောင်းဂူထဲသို့ ရောက်နေလေပြီ။ ရဲ့လင်းချန်က မောပန်းခြင်းမရှိ ပြောနေ၏။
“ငါတို့ အပေါ်ကို တက်ကြည့်လိုက်တော့ ခေါင်းတလားထဲမှာ ခေါင်းပြတ်အလောင်းတစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်။ သူ့အဝတ်အစားတွေက ပျက်စီးနေပြီ၊ ပြီးတော့ ခြောက်ကပ်နေတဲ့ အလောင်းက လက်ဝတ် ရတနာတစ်ချို့ ဝတ်ထားတယ်၊ ဖန်းကျီက စိတ်မထိန်းနိုင်ဘဲ ရတနာတွေကို ချွတ်ပြီး လက်မှာ ဝတ်လိုက်တယ်”
ချက်ချင်းဆိုသလိုပင် ကောမန့်များနှင့် ပြည့်နေသော ကိုးလ်၏ ချန်နယ် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကိုးလ်တောင်မှ စကားပြောရင်း ရပ်သွားရသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now