Chapter 35

1K 118 2
                                    

Chapter 35 ချစ်ခင်မှု တိုးတက်လာခြင်း

“ယီးပဲ အာလူးကောင် မင်း ငါ့ကို သစ္စာဖောက်တာလား”
ရှန်းသည် အယုံကြည်ရဆုံး မိတ်ဆွေ၏ သစ္စာဖောက်ခြင်း ခံရသကဲ့သို့ မယုံနိုင်ဟန်ဖြင့် အော်ဟစ်လာသည်။ ဖန်သားပြင်ပေါ်၌ ဟီးရိုးသည် ရှုံးနိမ့်မှုကို လက်မခံနိုင်ဟန်ဖြင့် စူးရှသော အော်သံနှင့်အတူ လဲကျသွားလေသည်။
“မကြောက်နဲ့ ငါ မင်းအတွက် လက်စားချေပေးမယ်”
အာလူးက ကြွေးကြော်၍ ငါးယောက်အဖွဲ့ထဲသို့ တစ်ယောက်တည်း ပြေးဝင်သွားသည်။ ထို့ကြောင့် ပြိုင်ဘက်အား နှစ်ကြိမ်ဆက်တိုက် သတ်ဖြတ်ခြင်း ရသွားအောင် လုပ်ပေးသလို ဖြစ်သွားသည်.
“ရှောင်ကမ်း ငါ မင်းကို ရှဲဒိုးဖီးန် မရွေးဖို့ ပြောခဲ့သားပဲ၊ အဲ့ဟီးရိုးက ကိုင်ရခက်တယ်၊ အသုံးမဝင်ဘူး”
ရှန်းက တစ်ဦးတည်း အသက်ရှင်နေသေးသည့် ရှောင်ကမ်းကို ရှင်းပြနေသည်။
“ငါ ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ဖူးတယ်၊ ရှဲဒိုးဖီးန်က အရမ်း သန်တာကွ”
“သူက ပရော်ဖက်ရှင်နယ်သမားလေ၊ မင်းက ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ”
“စိတ်မပူနဲ့ မင်းတို့နှစ်ယောက်လုံး သေပြီဆိုတော့ ငါလည်း အရှက်တကွဲနဲ့ ဆက်မနေပါဘူး၊ မင်းတို့ သေလိုက်တော့”
ရှောင်ကမ်း ကြွေးကြော်၍ တရားမျှတမှုကို ရှာဖွေဟန်ဖြင့် ပြေးဝင်သွားကာ တစ်ဖက်အသင်းအား ထိုးကျွေး လေတော့သည်။
“မင်းတို့တွေ ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်တာကို ကြည့်တာလား”
ရဲ့လင်းချန် ချက်ချင်း စိတ်ဝင်စားသွားသည်။ အာလူးလေးက ချက်ချင်း ပြန်ဖြေလေသည်။
“သူက နတ်ဘုရားတွေရဲ့ နတ်ဘုရားကို၊ ငါတို့ ကြည့်ကိုကြည့်တာပေါ့ကွ၊ သူ့တိုက်ရိုက် ထုတ်လွှင့်တာကို ကြည့်ပြီး ရှောင်ကမ်းနဲ့ ငါနဲ့ ဒီဒိုတာဂိမ်းကို စွဲလမ်းသွားတာ”
“ဟုတ်တယ် ဝိုင်နတ်ဘုရား ရှဲဒိုးဖီးန်ကို ဆော့တဲ့ပုံက စောက်ရမ်းမိုက်တယ်”
“ဝိုင်နတ်ဘုရားရဲ့ ရှဲဒိုးဖီးန် ကိုင်ဆော့တဲ့ ပွဲတော်တော်များများက ထိပ်တန်း ဆယ်ခုထဲမှာ ပါတယ်၊ ပြီးတော့ ကြည့်ရှုသူကလည်း ဆယ်သန်းကျော်တယ်”
ရှန်းက ထပ်ရှင်းပြလေသည်။ ရှောင်ကမ်းက နောင်တရသလို သက်ပြင်းချသည်။
“ဝိုင်နတ်ဘုရား အခုတလော တိုက်ရိုက် မထုတ်လွှင့်တာ နာတာပဲ၊ ငါ သူ့ကို တော်တော် သတိရနေတာကွ”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် မာန်တက်သွားမိသည်။ တိုက်ရိုက်ထုတ်လွှင့်ခြင်း နယ်ပယ်၌ သူ နာမည်ကြီးနေလိမ့်မည်ဟု ထင်မထားမိပေ။
ထိုအခိုက်တွင် ဖန်သားပြင်ပေါ်၌ အနီရောင် စာတန်းများ ပေါ်လာသည်။
[ငါတို့ပြိုင်ဘက်က မဆော့တတ်သေးတဲ့ သုံးယောက်အဖွဲ့ မဟုတ်လား၊ ညံ့လိုက်တာကွာ]
ထိုစာသည် [မဟာမြင့်မြတ်သူကြီး]ဟုခေါ်သော ပြိုင်ဘက်မှ ပို့လာခြင်း ဖြစ်သည်။
“ယီးပဲ ဒါ ရန်စတာကွ၊ ငါတို့ကို ပေါ်တင် ရန်စတာ”
“ဒါကို ဒီအတိုင်း သည်းခံလို့ ဖြစ်မလား၊ လုံးဝ မရဘူးကွ”
“ချစမ်းကွာ၊ ငါ သူ့ကို လိုက်ဖမ်းပြီး ဆော်မယ်”
အခန်းဖော် သုံးယောက်လုံး သွေးဆူလာပြီး တစ်ဖက်အသင်းနှင့် ပါးစပ်သေနတ်ပစ်ကာ ဒေါသတကြီး ပြိုင်ဘက်ကို လိုက်နေကြသည်။
သို့သော် သူတို့၏ အရည်အချင်းများက ဆိုးရွားလွန်းသည်။ သူတို့သည် မည်သည့်ရန်သူကိုမှ မသတ်နိုင်ရုံသာမက တစ်ဖက်အသင်းအား အကြိမ်ပေါင်းများစွာ သတ်နိုင်အောင် လမ်းဖွင့်ပေးသလို ဖြစ်ကာ လူသတ်နိုင်သည့် အရေအတွက် တိုးလာအောင် လုပ်ပေးသလို ဖြစ်သွားလေသည်။
[အမှိုက်တွေ၊ မင်းတို့က တော်တော်ညံ့တာပဲ၊ ငါ့လာသတ်လေ]
တစ်ဖက်အသင်းက အလွန် တင်စီးသော အမူအရာဖြင့် မခံချင်အောင် ပြောလာ၏။
“ချီးပဲ ငါ AFK ရအောင် လုပ်ပြီး သူ့ကို အမှုန့်ကြိတ်ပစ်မယ်”
ရှောင်ကမ်းသည် ကစားနေသည်ကို ရပ်၍ ကီးဘုတ်ကို လွှင့်ပစ်ရန် ပြင်လေသည်။ အာလူးလေးနှင့် ရှန်းတို့သည်လည်း တစ်ဖက်အသင်းကြောင့် ဒေါသထွက်သော်လည်း သူတို့၏ အရည်အချင်းက မကောင်းသဖြင့် သူတို့စိတ်ကို ချိုးနှိမ်ထားရသည်။
[မင်းတို့ရှုံးမှာ သေချာတယ်၊ ဂိမ်းထဲကသာ ထွက်လိုက်စမ်းပါကွာ၊ ဘာလို့ ဒုက္ခခံပြီး ဆက်ဆော့နေဦးမှာလဲ]
မဟာမြင့်မြတ်သူကြီးက သူတို့ကို အဆက်မပြတ် မခံချင်အောင် ပြောနေ၏။
“ရှောင်ကမ်း ငါ ဝင်ဆော့လို့ရမလား”
ရဲ့လင်းချန် ဝင်ပြောလိုက်သည်။
“မင်းလည်း ဒိုတာ ဆော့တာလား”
အခန်းဖော် သုံးယောက်လုံး၏ အကြည့်က ရဲ့လင်းချန်ပေါ် ရောက်လာသည်။ ရဲ့လင်းချန်က ခေါင်းညိတ်၍ အထက်စီးဆန်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
“စိတ်မပူနဲ့ ငါ့ကို သူ ဖေဖေကြီးလို့ ခေါ်လာအောင် လုပ်ပေးမယ်”
“ပြီးရောလေ မင်း ဆော့ကြည့်”
ရှောင်ကမ်းက ချက်ချင်း ထိုင်ခုံမှ ဖယ်ပေးလေသည်။ ရဲ့လင်းချန်က အလျင်စလို ဝင်မဆော့ဘဲ စာပြန်ရိုက် လိုက်သည်။
[ဟိုဘက်ကအသင်း မင်းတို့တွေ ငါ့ကို ဖေဖေကြီးလို့ ခေါ်လာအောင် လုပ်နိုင်တယ်လို့ မင်းတို့ ထင်သလား]
[ယီးပဲ အမှိုက်ကောင် မြေယိုး]
[ဒီလိုဆိုရင်ရော ဘယ်လိုလဲ ငါ မင်းကို ဆယ်ခါ သတ်ပြရင်‌ရော မင်း ငါ့ကို ဖေဖေကြီးလို့ ခေါ်မလား]
ရဲ့လင်းချန်က ဆက်၍ စာရိုက်လေသည်။
[မင်းရဲ့ အရည်အချင်းနဲ့လေ မင်းတို့သုံးယောက်လုံးကို ငါ ရှင်းနိုင်တယ်]
ရှောင်ကမ်းက ချက်ချင်း အားပေးလေသည်။
“ယဲ့သခင်လေးက သောက်ရမ်း တင်စီးတယ်ဟေ့၊ ဒါ ငါတို့ လိုနေတဲ့ စိတ်ဓာတ်ပဲ”
ရဲ့လင်းချန် စာရိုက်ခြင်းအား ရပ်တန့်၍ သူ၏ ရှဲဒိုးဖီးန်ဖြင့် စကစားလေသည်။ ပြိုင်ဘက်လူများသည် ရဲ့လင်းချန်၏ စကားကြောင့် ဒေါပွကာ ရှဲဒိုးဖီးန်ကိုသာ သည်းကြီးမည်းကြီး လိုက်ကြသည်။
သို့သော် ဤရှဲဒိုးဖီးနသည် ရေထဲမှ ငါးတစ်ကောင်သဖွယ် ထောင်ချောက်များကို ရှောင်တိမ်းပြီး တစ်ခါတစ်ရံ၌ ပြိုင်ဘက်၏ တိုက်ပွဲ သက်ရောက်မှုကို ဖိနှိပ်လေသည်။
ရှဲဒိုးဖီးန်သည် ပစ္စည်းပိုင်ဆိုင်ရာ၌ နောက်ကောက်ကျနေသော်လည်း ရဲ့လင်းချန်က သူတို့ကို ထိပ်တိုက် မတွေ့ပေ။ ထိုအစား တောအုပ်ထဲနှင့် လမ်းပေါ်မှ ခရိများကို စားနေ၏။
ရှဲဒိုးဖီးန်တွင် အရိပ်ဖြိုစွမ်းရည် ရှိပြီး သူ့အား လမ်းပေါ်မှ ခရိများကို လျင်မြန်စွာ စားသုံးနိုင်အောင် လုပ်ပေး လေသည်။ အာလူးလေးနှင့် ရှန်းမှာမူ ရဲ့လင်းချန်၏ သတိပေးချက်ကြောင့် ရန်သူများကို ကြိုရှောင်လာနိုင်သည်။
ရဲ့လင်းချန်၏ ကစားပံကလည်း တဖြည်းဖြည်း ကြမ်းလာ၏။ သူသည် ဆယ်မိနစ်အတွင်း ခြောက်ခါ သတ်ထားနိုင်သည်။
ပြိုင်ဘက်များသည် သူ့ကို မထိန်းနိုင်သဖြင့် အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ စိတ်မရှည် ဖြစ်လာကြသည်။ ထိုအခိုက်တွင် ရှဲဒိုးဖီးန်၏ ကိရိယာများက တိုးတက်လာသည့် လက္ခဏာများ ပြသလာ၏။
ပထမဆုံးသော အရေးပါသည့် ပစ္စည်းမှာ အရိပ်ဓား ဖြစ်သည်။
အရိပ်ဓား : ဟီးရိုးအား ဆယ့်ငါးစက္ကန့်စာ ကိုယ်ယောင်ဖျောက်ပေးနိုင်ခြင်း။
သူ လမ်းများကို ခပ်သွက်သွက် တစ်ချက် ကြည့်လိုက်သောအခါ မဟာမြင့်မြတ်သူကြီးက အောက်လမ်းသို့ သွားတော့မည်ကို တွေ့လိုက်ရသည်။
ရဲ့လင်းချန် ချက်ချင်း ထိုနေရာသို့ တည်နေရာ ရွှေ့ပြောင်းလိုက်ပြီး အရိပ်ဓားကို အသက်သွင်းကာ မဟာမြင့်မြတ်သူကြီးနားသို့ လျှောက်သွားလိုက်သည်။
ရှဲဒိုးဖီးန်၏ ခန္ဓာကိုယ် တုန်ယင်လာပြီး မန္တန်စရွတ်လေသည်။ ဝိညာဉ်ဆုတောင်းခြင်း။
ရှဲဒိုးဖီးန် ပြန်ပေါ်လာသည်နှင့် မဟာမြင့်မြတ်သူကြီး ချက်ချင်း အသတ်ခံလိုက်ရသည်။ ရဲ့လင်းချန် ပြိုင်ဘက်အား [?] ပို့လိုက်သည်။ အာလူးလေးနှင့် ရှန်းတို့သည် သူ့လှုပ်ရှားမှုကို တုပ၍ [?] ပို့ကြသည်။ ယခုအခါ၌ တစ်ဖက်အသင်း ငြိမ်ကျသွားသည်။
“ချီးပဲကွာ ယဲ့သခင်လေး မင်း တော်လွန်းတယ်၊ ဒီအရည်အချင်း မြေပုံကို သတိထားမိတဲ့ပုံက လုံးဝကို ပရိုပဲ”
ရှန်းက ရဲ့လင်းချန်ကို လေးစားမှုနှင့် ချီးကျူးလာ၏။
“အရမ်း အံ့ဩဖို့ ကောင်းလွန်းတယ်၊ နောက်ဆို ပိုပျော်ဖို့ ကောင်းလာတော့မှာပဲ၊ အခု ငါတို့အဆောင်မှာလည်း နတ်ဘုရား ရှိနေပြီလေ”
“အိုး … ကြီးမြတ်တဲ့နတ်ဘုရားခင်ဗျား ကျုပ် အရိုအသေပေးတာကို ခံယူပေးပါ”
သူတို့၏ စိတ်ဓာတ်များ တက်ကြွမြင့်တက်လာလေသည်။ ထို့နောက်တွင်မူ ရဲ့လင်းချန်က မဟာမြင့်မြတ်သူကြီးကို ဆက်တိုက် နောက်ကလိုက်လေတော့သည်။ အခွင့်အရေး ပေါ်လာသည်နှင့် သူ့ကို ချက်ချင်း တိုက်ခိုက်သည်။
အဖွဲ့လိုက် တိုက်ရလျင်တောင်မှ ရဲ့လင်းချန်က မဟာမြင့်မြတ်သူကြီးကိုသာ အရင်တိုက်လေသည်။ နောက်ဆုံးတွင် မဟာမြင့်မြတ်သူကြီး စိတ်ဓာတ်ကျကာ မျက်နှာမဖော်ဝံ့တော့ချေ။
မဟာမြင့်မြတ်သူကြီးသည် ကိုးကြိမ်မြောက် သေသွားပြီးနောက် အရှက်ကွဲကာ ဂိမ်းထဲမှ ထွက်သွားရန်သာ ရွေးချယ်သွားသည်။
“အဲ့ကောင် စောစောထွက်သွားလို့ တော်သေးတယ်၊ မဟုတ်ရင် သူ ငါတို့ကို ဖေဖေကြီးလို့‌ ခေါ်နေရမှာ၊ ဟားဟားဟား …”
ရယ်သံများက အခန်းအပြင်ထိပါ ထွက်နေပြီး သူတို့ ကျေနပ်အားရနေကြသည်။
“ဟုတ်သားပဲ၊ ရှောင်ယဲ့ မင်းက ဒီမှာ အသစ်ဆို‌တော့ မင်းကို ငါ တစ်ခု ပြရဦးမယ်”
အာလူးလေးက ထူးခြားဆန်းကြယ်စွာ ပြောလေသည်။ ထိုသို့ပြောပြီးနောက် သူသည် ဂိမ်းထဲမှထွက်၍ browser ကို ဖွင့်လိုက်သည်။ ၎င်းသည် ပီကင်းတက္ကသိုလ်ဖိုရမ်၏ ပင်မ စာမျက်နှာ ဖြစ်သည်။
ယင်းစာမျက်နှာ၌ ပီကင်းတက္ကသိုလ်မှ ကျောင်းသားများ၏ ပို့စ်များ ရှိလေသည်။ လူတိုင်းအတွက် အားသာချက်မှာ အချင်းချင်း လိုင်းပေါ်မှ မိတ်ဆွေဖွဲ့၍ စကားပြောဆိုနိုင်၏။
ကျောင်းသူအချို့က မိတ်ဆွေရလာရန် ချိုသာသော ဓာတ်ပုံများရိုက်၍ တင်ထားသည်ကို ရဲ့လင်းချန် တွေ့လိုက်ရသည်။
“ဒါ ပီကင်းတက္ကသိုလ်ရဲ့ ဖိုရမ်လေ၊ ကျောင်းတွင်းမှာ သတင်းကြီးတစ်ခုခု ဖြစ်လာရင် ဒီနေရာမှာ အရင်ဆုံး တွေ့နိုင်တယ်ကွ”
ရှောင်ကမ်းက ရှင်းပြလာသည်။ အာလူးလေးက ရဲ့လင်းချန်အား ညစ်ကျယ်ကျယ် ပြုံးပြလေသည်။
“အဓိကကတော့ ဒီနေရာကနေ မိန်းမလှလေးတွေကို ကြည့်နိုင်တာပဲ၊ အတန်းအလှလေး၊ ဌာနအလှလေး တွေလည်း တွေ့နိုင်တယ်၊ ဒါမှမဟုတ် ကြုံရာဟာသတွေပေါ့၊ မင်း သတင်းအစုံကို ဒီကနေ ရနိုင်တယ်”
“ဟားဟားဟား အမှန်အတိုင်း ပြောရရင် ငါတို့ကျောင်းရဲ့ အလှလေးတွေအားလုံးရဲ့ပုံကို ငါ့ဖုန်းထဲမှာ သိမ်းထား ပြီးပြီ”
ရှန်းက မာန်တက်စွာ ပြုံးပြသည်။ သုံးယောက်လုံးသည် ထိုအကြောင်းကို ဆွေးနွေးရာတွင် မနက်ဖြန်ဆိုတာ မရှိတော့သကဲ့သို့ တက်ကြွစွာ ပြောဆိုကြသည်။ သူတို့၏ နတ်မိမယ်လေးများနှင့် နီးကပ်နိုင်ခြင်းက ယောက်ျားသားတိုင်း၏ အိပ်မက်ပင်။
ရဲ့လင်းချန် ဘာမှမပြောနိုင်တော့ချေ။
“လခွမ်း ဒီပို့စ်က ဘာလဲဟ၊ ချက်ချင်း ရှာဖွေမှုစာရင်း ထိပ်ဆုံးကို ရောက်နေတယ်”
“မထင်မှတ်ဘဲ ကျောင်းအလှလေး၏ ချစ်သူကို ရှာဖွေတွေ့ရှိ၊ အတူနေနေသည်ဟု သံသယရှိရတဲ့လား”
“မဖြစ်နိုင်တာ၊ ဒါ သတင်းကြီးလား”
သူ ချက်ချင်း လင့်ခ်ထဲ ဝင်ကြည့်လိုက်သည်။ ပထမဆုံး ပေါ်လာသည်မှာ ဓာတ်ပုံကြီးတစ်ပုံ ဖြစ်ပြီး လီမူရွှယ်၏ အနီးကပ်ပုံ ဖြစ်လေသည်။ မာနကြီး၍ ဖြူစင်လှပမှုက စကားလုံးနှင့်တောင် မလောက်ပေ။
“ငါတို့ နတ်မိမယ်လေးက လှလိုက်တာကွ၊ ဒီသတင်းက အတုပဲ ဖြစ်ရမယ်၊ ငါ မယုံဘူး”
ရှောင်ကမ်းက တစ်ပြားသားမှ မလျှော့ဘဲ ပြောလိုက်သည်။
“ငါလည်း အဲ့လိုပဲ ထင်တယ်၊ ဒီလိုမာနကြီးတဲ့ နတ်မိမယ်လေးက ယောက်ျားတစ်ယောက်ကို စိတ်ဝင်စားမှာ မဟုတ်ဘူး”
အာလူးလေးက ခေါင်းညိတ်၍ ထောက်ခံလေသည်။ သို့သော် နောက်တစ်ပုံက လီမူရွှယ်၏ ယောကျာ်း တစ်ယောက်အား ချစ်ခင်စွာ ဖက်ထားပုံ သို့မဟုတ် ထိုသို့ ထင်ရသည့်ပုံ ဖြစ်လေသည်။
သူတို့သုံးယောက်၏ အသည်းကွဲသံကိုပင် ရဲ့လင်းချန် ကြားရသလို ဖြစ်လာ၏။ အောက်သို့ ဆက်ရွှေ့ကြည့်လိုက် သောအခါ ထိုလူက လီမူရွှယ်ကို နမ်းလိုက်သည့်ပုံ ဖြစ်ပေသည်။
ထို့အပြင် ထိုပို့စ်၌ မှတ်ချက်များ ရှိပြီး ဤအဖြစ်က ပင်မတံခါးပေါက်၌ ဖြစ်ခဲ့ခြင်း ဖြစ်ကြောင့် ထပ်ကွန့်၍ ပြောထားကြသည်။ နောက်ဆုံးတွင် ရဲ့လင်းချန်၏ “ငါ သူနဲ့ အိပ်ခဲ့ပြီးပြီ” ဟူသော စကားကို အနီရောင် စာသားကြီးဖြင့် ရေးထားလေသည်။
ထိုပုံသည် အလျင်အမြန် ရိုက်ထားရသဖြင့် ထိုလူ၏ ပုံက သိပ်မကြည်ပေ။
“ဒီခွေးမသားက ဘယ်က လာတာလဲ၊ ကောင်းမွန်တဲ့ ဂေါ်ဖီထုပ်ကြီးက ဝက်စားခံလိုက်ရသလိုပဲကွာ၊ အဲ့လိုကြီး ခံစားလိုက်ရတယ်”
ရှန်းက စိတ်ပျက်လက်ပျက် အော်လာသည်။
“ဟူး … ငါ့နတ်မိမယ်လေးကို စောစော မသိလိုက်ရတာ ဆိုးတာပဲ၊ မဟုတ်ရင် ငါ့ရုပ်ရည်နဲ့ အရည်အချင်းနဲ့ဆို ငါ သူ့နဲ့ မသိခင် ဘယ်သူ့ကိုမှ သူ့ကို ထိခွင့်ပေးမှာ မဟုတ်ဘူး”
အာလူးလေးက သူ့ကိုယ်သူ အလွန် သနားဟန်ဖြင့် ပြောလိုက်ပြီးနောက် ငြိမ်၍ ရပ်နေသော ရဲ့လင်းချန်ကို ကြည့်လိုက်မိသည်။ ထိုအခါ သူ အံ့ဩသွားလေသည်။
“အာ … ဘာလို့ ဒီလူပုံက ရှောင်ယဲ့နဲ့ နည်းနည်းလေး လာတူနေတာလဲ”
“ဟမ်”
သုံးယောက်လုံး ငြိမ်ကျသွားပြီး ဓာတ်ပုံကိုကြည့်လိုက် ရဲ့လင်းချန်ကိုကြည့်လိုက် လုပ်လာကြသည်။ သေချာ နှိုင်းယှဉ်ကြည့်ပြီးနောက် သူတို့ သတိပြုမိသွားပြီး မျက်လုံး ပြူးလာ၏။
“လခွမ်း မျက်နှာပုံစံကိုက အတူတူပဲကွ၊ အဝတ်အစားတွေတောင် တစ်ထပ်တည်း”
“ရှောင်ယဲ့ ဒီလူက … မင်းလား”
“အာ … ငါလို့တော့ ထင်တာပဲ”
ရဲ့လင်းချန်က နှာခေါင်းကို ပွတ်လိုက်မိသည်”
“ယီးပဲ မိုက်တယ်ဟေ့”
“ငါတို့မျိုးဆက်ရဲ့ စံပြမော်ဒယ်လ်၊ ဏှာဘူးအားလုံးရဲ့ အားကျစရာကြီးပါလား”
အခန်းဖော် သုံးယောက်လုံး ပါးစပ် အဟောင်းသား ဖြစ်သွားပြီး ပြိုင်တူ ထရပ်ကာ ရင်ဘတ်ပေါ် လက်သီးဆုပ်တင်လိုက်ပြီး ဦးညွှတ်လာသည်။
“အို အထက်ဘုံမှ အချစ်နတ်ဘုရားခင်ဗျား ကျွန်တော် ရိုရိုကျိုးကျိုး နှုတ်ဆက်တာကို ခွင့်လွှတ်ပေးပါ”

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now