Chapter 78

1K 131 2
                                    

Chapter 78 ဝေဖန်မှု၏ အစွမ်းသတ္တိ

ထိုအေးစက်စက် အသံက လူတိုင်းကို ကျောချမ်းသွားစေသည်။
*လေယာဉ်ပြန်ပေးဆွဲတယ်*
*တကယ် လေယာဉ်ပြန်ပေးဆွဲတာလား*
ထိုအခိုက်တွင် လူတိုင်း၏ အာရုံက ရဲ့လင်းချန်အပေါ် ကျရောက်လာသည်။ သူတို့၏ စိတ်ထဲ၌ ခံစားချက် ပေါင်းစုံ ရောထွေးနေပြီး မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာသည်။
သူ့စကားက မှန်နေခဲ့သည်။ သို့သော် လူတိုင်း လေယာဉ်ပေါ် တက်ပြီးပြီ ဖြစ်သဖြင့် မှားမှား၊မှန်မှန် အရေးမပါတော့ချေ။
"ဟားဟားဟား ရှေ့ဖြစ်ဟောဆရာတစ်ယောက်က ငါ လေယာဉ်ပြန်ပေးဆွဲမယ်ဆိုတာကို ဖော်ထုတ်လိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိဘူး၊ အရင်တုန်းက ငါ အဲ့လိုအရာတွေကို မယုံခဲ့ဘူး၊ အဲ့လို ဂမ္ဘီရအကြောင်းအရာက တကယ် ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
ကတုံးနှင့် ဗလကောင်းသော လူတစ်ယောက်က နေရာမှ ထရပ်ရင်း ပြောလာသည်။ တစ်ချိန်တည်းမှာပင် လေယာဉ်၏ ထောင့်တစ်ခုစီမှ နောက်ထပ် လူလေးယောက် ထရပ်လာ၏။ သူတို့၏ သေနတ်ပြောင်းဝက ခရီးသည်များကို ချိန်ရွယ်ထားသည်။
ခရီးသည်များ၏ နှလုံးသား၌ ကြောက်ရွံ့မှုတို့ စိုးမိုးလာပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူတို့ ခေါင်းငုံ့ထားပြီး ခုံအောက်သို့ တွားသွားဝင်နိုင်သည်အထိ ခန္ဓာကိုယ်‌ ပျော့ပြောင်းလျင် ကောင်းမည်ဟု တွေးနေကြသည်။
"မလှုပ်နဲ့၊ ငါ ပစ်ဖို့ ဝန်မလေးဘူး"
ဗလနှင့်လူက လှောင်ရယ်လာ၏။
"အစ်ကိုကြီး ကျုပ်မှာ ပိုက်ဆံ ရှိပါတယ်၊ ခင်ဗျား ဘယ်လောက် လိုချင်လဲ ပြောပါ၊ ကျုပ်ကို မသတ်ပါနဲ့"
တစ်စုံတစ်ယောက်က တုန်ယင်နေသော အသံဖြင့် ပြောလာသည်။
"ပိုက်ဆံ ဟုတ်လား"
ဗလနှင့်လူက သရော်လာ၏။
"ဒီလေယာဉ်ပြန်ပေးဆွဲကတည်းက ငါ အသက်ရှင်ဖို့ စိတ်မကူးထားဘူး၊ ပိုက်ဆံရတော့ ဘာလုပ်ရမှာလဲ၊ မင်းက ပိုက်ဆံ ရှိတယ်လို့ ပြောတာမလား၊ ဒီကို တွားသွားလာခဲ့စမ်း"
ထိုလူ ကြောက်ရွံ့နေပြီး တုန်တုန်ယင်ယင်ဖြင့် လေးဘက်ထောက်၍ လျှောက်လာသည်။
"ငါ့ဖိနပ်ကို လျက်"
"ငါ ..."
ဗလနှင့်လူက ထိုသူ၏ ဦးခေါင်းကို သေနတ်ဖြင့် ချိန်လိုက်သည်။
"လျက်မှာလား မလျက်ဘူးလား"
"လျက်မယ်၊ ငါ လျက်ပါ့မယ်"
ထိုလူသည် သေနတ်ပစ်ခံရမည်ကို ကြောက်ပြီး ချွေးပြန်ကာ ထိန်းမရအောင် တုန်ယင်နေပြီး လျှာထုတ်လျက် လေသည်။
"ဟားဟားဟား မင်း ချမ်းသာတော့ရော ဘာဖြစ်လဲ၊ ငါ လူချမ်းသာတွေကို မုန်းတယ်၊ အခု မင်းပုံကို ကြည့်လေ၊ ငါ့ဖိနပ်ကို လျက်နေရတယ် မဟုတ်လား"
ဗလနှင့်လူက အားပါးတရ ရယ်မော၍ ဖိနပ်ကို လျက်နေသူအား ကန်ထုတ်လေသည်။
"ပိုက်ဆံ မရှိလည်း ငါ မင်းတို့အသက်ကို ထိန်းချုပ်နိုင်သေးတယ်၊ ငါ လိုချင်တဲ့ ဘယ်မိန်းမမဆိုကိုလည်း ရနိုင်တယ်ကွ"
ဗလနှင့်လူတွင် စိတ်ဒဏ်ရာအချို့ ရှိမှန်း သိသာလှသည်။ ထိုသို့ပြောပြီးနောက် သူသည် အနီးအနားမှ အမျိုးသမီးကို စ၍ ကိုယ်ထိလက်ရောက် စော်ကားလေသည်။ ထိုအမျိုးသမီးသည် ကြောက်လန့်နေသော သမင်ကဲ့သို့ တုန်လှုပ်နေ၏။
"ငါတို့အားလုံး သေမှာဆိုတော့ ငါတို့ နည်းနည်း ပျော်လိုက်ရအောင် ဟားဟားဟား..."
ထိုသို့ပြောပြီးနောက် သူ့အကြည့်က လေယာဉ်မယ်ထံ ရောက်သွားပြီး ကျောချမ်းဖွယ်ကောင်းသော အမူအရာနှင့် အနားသို့ လျှောက်လာသည်။
"လေယာဉ်မယ်ရဲ့ ဆွဲဆောင်မှုအကြောင်းကို ငါ အမြဲ ကြားခဲ့တာ၊ ဒီနေ့ ငါ စမ်းကြည့်ရမယ်၊ ဒုတိယညီလေး မင်း လေယာဉ်မယ်အားလုံးကို သွားခေါ်ပြီး ဒီမှာ လာစုခိုင်းလိုက်"
ကျန်လူများကလည်း ကြောက်စရာကောင်းလောက်အောင် ရယ်မော၍ အခြားခရီးသည်များကို ကြည့်လာသည်။ လူတိုင်း ကြောက်လွန်း၍ အကြောအချဉ် တောင့်တင်းနေ၏။ သူတို့ ဘာဖြစ်လာမလဲ သိနေသော်လည်း မည်သူကမှ မဆန့်ကျင်ရဲချေ။
သူတို့ ကိုင်ထားသည်က သေနတ် ဖြစ်နေသည် မဟုတ်ပါလော။ လေယာဉ်ပေါ်၌ သေနတ် ပစ်လိုက်လျင် အပစ်ခံရသူတိုင်း သေချာပေါက် သေပေလိမ့်မည်။ အကယ်၍ လေယာဉ်ကို ထိမှန်ပါက အားလုံး အတူတူ‌ သေဆုံးရပေမည်။
မည်သူမှ လက်တုံ့မပြန်ရဲသည်ကို မြင်ပြီး ဗလနှင့်လူက ပို၍ ကျေနပ်သွားသည်။ သူ့မျက်လုံးတွင်းမှ အရူးထစိတ်က ပို၍ ကြီးမားလာသည်။
"ဒီနေ့ ငါ မသေခင် ထင်တိုင်းကြဲတဲ့ ပါတီပွဲကြီး လုပ်ပစ်မယ်၊ ယောက်ျားအားလုံးက ငါ့အစေခံ ဖြစ်လာပြီးတော့ မိန်းမတွေက ငါ့အသုံးတော်ခံတွေ ဖြစ်လာရမယ် ဟားဟားဟား..."
ချက်ချင်းဆိုသလိုပင် လေယာဉ်ပေါ်၌ ဆောက်တည်ရာမရ ငိုကြွေးသံများ ထွက်ပေါ်လာ၏။ လေယာဉ်မယ်က သွေးပျက်နေသော အမူအရာဖြင့် ပြန်ရောက်လာသည်။ သူမပုံစံက သနားစရာ ကောင်းနေ၏။ အခြား လေယာဉ်မယ်များသည်လည်း ကြောက်ရွံ့ကာ တုန်ယင်နေကြသည်။
"အလှလေးတို့ မငိုပါနဲ့၊ ငါ မင်းတို့ကို ကောင်းကောင်း စောင့်ရှောက်မှာပါ"
ဗလနှင့်လူက လက်ကိုဆန့်၍ အနားက လေယာဉ်မယ်လေးကို ကိုင်ရန် ပြင်လေသည်။ သို့သော် ဘေးနားမှ အသံတစ်သံ ထွက်လာ၏။
"နေပါဦး"
ဗလနှင့်လူ၏ လှုပ်ရှားမှု ရပ်တန့်သွားသည်။ ခရီးသည်တိုင်း စိတ်ပေါ့ပါးလာ၏။ အားလုံး၏ အကြည့်က ရဲ့လင်းချန်ပေါ် ရောက်လာလေသည်။
"ကောင်လေး မင်းက လူတစ်ယောက်ရဲ့ ကံကြမ္မာကို ဟောနိုင်တယ်၊ ဒါကို အရည်အချင်းလို့ ပြောလို့ရတယ်၊ ဒါပေမဲ့ မင်းကိုသာ ရှေ့နှစ်တွေက ငါ တွေ့ခဲ့ရင် ငါ့အတွက် အကူအညီကောင်းတွေ ပေးနိုင်မှာ၊ နှမြောစရာပဲ"
ဗလနှင့်လူက ရဲ့လင်းချန်ကို ကြည့်နေသည်။
"မင်းရဲ့ ရှေ့ဖြစ်ဟော ပညာနဲ့ မင်းကိုယ်တိုင်ရဲ့ ကပ်ဘေးကိုရောင် မြင်နိုင်လို့လား"
ရဲ့လင်းချန်၏ မျက်နှာက မဖြုံသည့်ပုံ ပေါ်နေသော်လည်း စိတ်ထဲ၌ စိုးရိမ်စိတ် ကြီးနေ၏။ လက်ရှိ အခြေအနေက သူ အသာလေး ကျော်သွားလို့ရသည့် အခြေအနေ မဟုတ်ချေ။ ဤလူက လေယာဉ်ပေါ်မှ လူတိုင်းကို သူနှင့်အတူ သေစေရန် ကြံစည်ထားသည်။ ထို့ကြောင့် ... ရဲ့လင်းချန် ရှေ့ထွက်လာရခြင်း ဖြစ်သည်။
သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်က ဝေဖန်မှုပညာ အလုပ်ဖြစ်ရန်သာ ဖြစ်ပေသည်။ သရော်ပြုံးနှင့်အတူ သူ စ၍ ပြန်ပြောလိုက်သည်။
"ကျွန်တော်တို့ အခုမှ မိတ်ဆွေဖြစ်လည်း နောက်မကျသေးဘူး မဟုတ်လား၊ ခင်ဗျားမှာ မွေးချင်း ဘယ်နှစ်ယောက် ရှိလဲ မေးလို့ရလား၊ ခင်ဗျားမိဘတွေကော ရှိသေးလား"
ဗလနှင့်လူက မျက်မှောင်ကြုတ်သွားသည်။
"မင်း ငါ့ကို သရော်နေတယ်လို့ ငါ ခံစားမိနေသလားလို့"
"မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော်က မသေခင် မိတ်ဆွေအသစ် ရဖို့ ကြိုးစားနေရုံလေးပါ"
"ထားလိုက်တော့ မင်းရဲ့‌ ပေါက်တတ်ကရတွေနဲ့ ငါ အချိန်ဖြုန်းဖို့ စိတ်ကူးမရှိဘူး"
ထိုသို့ပြောပြီး ဗလနှင့်လူက ရဲ့လင်းချန်ကို လက်ခါပြသည်။
"ဒါဆို ခေါင်းစဉ် ပြောင်းလိုက်တာပေါ့၊ ဒန်ဒန်ဒန်ဒန်ဆိုတာ ဘာလဲ ခင်ဗျား သိလား"
"ဘာကို ဒန်ဒန်ဒန်ဒန်လဲ"
ဗလနှင့်လူသာမက လေယာဉ်တစ်စီးလုံးမှ ခရီးသည်များ တွေဝေသွားပြီး ရဲ့လင်းချန်၏ အတွေးကို လိုက်မမီနိုင် ဖြစ်နေကြသည်။
"ဒါဆိုလည်း အရင်မေးခွန်းကိုပဲ ပြန်သွားရအောင်၊ ခင်ဗျားမှာ မွေးချင်းရှိလား၊ ခင်ဗျားမိဘတွေရော ရှိသေးလား"
"အဲ့မေးခွန်းနှစ်ခုက ဘာတွေ ဆက်စပ်နေလို့လဲ"
ဗလနှင့်လူ စိတ်မရှည်တော့ချေ။ သူသည် ရဲ့လင်းချန်အား သေနတ်ဖြင့်ချိန်၍ ခြိမ်းခြောက်လိုက်သည်။
"မင်း ငါ့ကို လာနောက်နေတာလား၊ ငါ မင်းကို ပွဲချင်းပြီး သတ်ပစ်လိုက်မယ်"
"ရပ်လိုက်၊ ခင်ဗျား ကျွန်တော့်ကို သတ်လိုက်လို့ရတယ်၊ ဒါပေမဲ့ ခင်ဗျား ဒါကို အရင် ပြောပြရမယ်၊ ဘယ်သူက ကျွန်တော့်ကို သတ်မှာလဲ"
"ငါပဲ"
"ဒါဆို ... ခင်ဗျားက ဘယ်သူလဲ"
"ငါက ငါပေါ့၊ ဘယ်သူ ဖြစ်ဦးမှာလဲ"
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး မဟုတ်ဘူး၊ ဘယ်သူမဆို ငါ ဖြစ်နိုင်တယ်လေ၊ ကျွန်တော်ကလည်း ငါပဲ၊ ခင်ဗျားရဲ့လူတွေကလည်း ငါလို့ ပြောနိုင်တယ်လေ၊ ဒါပေမဲ့ ကျွန်တော် သေချာသိချင်တာက ... ခင်ဗျားက ဘယ်သူလဲ"
ဗလနှင့်လူ တွေဝေသွားပြီး မရေမရာ ဖြစ်သွားလေသည်။
"ဒါဆို ... ငါဆိုတာ ဘယ်သူလဲ"
"ဒါပဲလေ၊ အရင်မေးခွန်းဆီ ပြန်သွားမယ်၊ ခင်ဗျားမှာ မွေးချင်းရှိလား၊ ခင်ဗျားမိဘတွေ ရှိသေးလား"
"ငါ့မှာ ဘာမွေးချင်းမှ မရှိဘူး၊ ပြီးတော့ ငါ့မိဘတွေလည်း မရှိတော့ဘူး"
ဗလနှင့်လူက သွေးရူးသွေးတန်း လေသံဖြင့် ပြန်ဖြေလာသည်။
"ငါ့မိဘတွေက ဒီရက်စက်တဲ့ လူ့အဖွဲ့အစည်းကြောင့် အသတ်ခံလိုက်ရတာ၊ အဲ့ဒါကြောင့် ငါ မင်းတို့အားလုံးကို လက်စားချေမှာ၊ ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်"
ရဲ့လင်းချန်က ပြန်ငေါက်လိုက်သည်။
"နေဦး ခင်ဗျားမိဘတွေက ခင်ဗျားကို လူသတ်ဖို့ ခွင့်ပြုသလား"
ဗလနှင့်လူ အံ့အားသင့်သွားသည်။ ရဲ့လင်းချန် အခွင့်အရေးကို အရယူ၍ အမိအရ ပြောလိုက်သည်။
"ခင်ဗျားနဲ့ ခင်ဗျားမိဘတွေကို သတ်ခဲ့တဲ့လူတွေနဲ့ ဘာများ ကွာသွားတော့မလဲ၊ ခင်ဗျား သေပြီးရင် ခင်ဗျား မိဘတွေကို ဘယ်လို မျက်နှာပြမလဲ၊ လူသားတစ်ယောက်အနေနဲ့ မွေးဖွားလာပြီဆို ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း စည်းကမ်းတကျ နေသင့်ပြီးတော့ သူများကိုလည်း ကူညီသင့်တယ် မဟုတ်လား၊ ခင်ဗျားက ရေလို ဖြစ်ရမှာလေ၊ မကောင်းတဲ့ လူမှုပတ်ဝန်းကျင်ထဲမှာ အခြားသူတွေကို ကူညီသင့်တာ၊ ခင်ဗျားလိုလူက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်၊ ခင်ဗျားမိဘတွေသာ အသက်ရှင်နေဦးမယ်ဆိုရင် သူတို့ နှလုံးရောဂါ ရပြီး သေလောက်တယ၊ ခင်ဗျား အသက်ရှင်ရတာ ထိုက်တန်တယ်လို့ ထင်လား၊ %#&*...."
လက်ရှိတွင် ရဲ့လင်းချန်က မနားမနေဖြင့် စက်သေနတ်ပစ်သကဲ့သို့ ပြောဆိုနေသည်။ အမနာပ စကားလုံးများစွာက ထပ်သွားခြင်းမရှိဘဲ ပြောဆိုနေသဖြင့် ဗလနှင့်လူသည် စကားတစ်ခွန်းဆုံးတိုင်း ပိုပို၍ ခေါင်းငုံ့လာ၏။ နာက်ဆုံးတွင် သူ ကြမ်းပြင်ပေါ် ထိုင်ကျသွားပြီး ခေါင်းမော့ရန်ပင် ရှက်ရွံ့လာ၏။
လေယာဉ်ပေါ်မှ အခြားသူများလည်း သူတို့၏ ပါးစပ်မှ နှလုံးခုန်ထွက်လာတော့မည်ဟု ထင်မှတ်မှားနေကာ အသက်ရှူရန်ပင် မေ့နေ၏။ သူတို့အားလုံး ကြက်သေသေကာ လှုပ်ရှားရန်ကိုပင် ကြောက်လန့်နေသည်။
*မိုက်တယ်*
*စောက်ရမ်းမိုက်တယ်*
သူတို့ စိတ်ထဲ၌ အော်ဟစ်နေမိပြီး ရဲ့လင်းချန်အား လေးစားမှုအပြည့်နှင့် ကြည့်နေကြသည်။ လူဆိုးများနှင့် ရင်ဆိုင်နေရသော်လည်း ဝေဖန်စကားအား ရဲရဲတင်းတင်း ပြောဆိုနေခြင်းက လေးစားစရာပင်။ ယင်းက သူတို့၏ အတွေးအမြင်ကို ကျော်လွန်စေပြီး အမြင်ကို ပြောင်းလဲလာစေသည်။
နာရီဝက် ကြာပြီး‌နောက် ရဲ့လင်းချန် အာခြောက်လာသည်။ နောက်ဆုံးတွင် ဗလနှင့်လူသည် ကြမ်းပြင်ကို နဖူးနှင့်တိုက်၍ ကုန်းအော်လေသည်။
"တောက် တောက်"
ကျန်လေယာဉ် ပြန်ပေးဆွဲသမား လေးယောက်သည်လည်း သေနတ်များကို ပစ်ချ၍ ကြမ်းပြင်ပေါ်၌ ထိုင်ငိုနေကြသည်။
"ကယ်တင်ရှင်၊ ငါ့ကယ်တင်ရှင်"
ဗလနှင့်လူက ရဲ့လင်းချန်၏ ခြေထောက်ကို ဖက်လာသည်။
"မင်း ငါ့ကို မပြောဘူးဆိုရင် ငါက အဲ့လိုအမှိုက်မျိုး ဖြစ်နေတာကို ငါ သတိထားမိမှာ မဟုတ်ဘူး၊ ငါ ဆုံးဖြတ်လိုက်ပြီ၊ ငါ ဒီလေယာဉ်ကို လွှတ်ပေးပြီး ငါ့ဘာသာ အဖမ်းခံမယ်၊ ဒါဆို လောကကြီးအပေါ် ငါ ပြန် ဝဋ်ကြွေးဆပ်တယ်လို့ သတ်မှတ်လို့ရပြီ"
"ခင်ဗျားအမှားကို သတိပြုမိပြီး အမှားကို ပြင်ဆင်တာ၊ ဒါ အကောင်းဆုံးလုပ်ရပ်ပဲပေါ့"
ရဲ့လင်းချန်က အားရကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ် ပစ်ချထားသော သေနတ်များကို လိုက်ကောက်လိုက်သည်။ ထို့နောက် သူတို့အား ကြိုးဖြင့် တုပ်နှောင်လေသည်။
"ကယ်တင်ရှင် ကျေးဇူးပြုပြင်း ခပ်တင်းတင်း ချည်ပါ၊ မင်း သေချာပေါက် တင်းနေအောင် ချည်ရမယ်၊ ုါမှ ငါ့အပြစ်ရှိစိတ်ကို နည်းနည်းလောက် သက်သာစေမှာ"
ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် ဖြောင့်မတ်သော လေသံဖြင့် ပြောလိုက်သည်။
"စိတ်မပူနဲ့ အားလုံး အဆင်ပြေသွားမှာပါ"
"ကျေးဇူးတင်ပါတယ် ..."

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now