Chapter 61

1K 119 2
                                    

Chapter 61 ဒဿနိက ဂန္တဝင်စာပေ

ပါရမီရှင်စနစ်နှင့် ချိတ်ဆက်ပြီးကတည်းက စနစ်သည် ငြိမ်သက်နေခဲ့သည်။ ရဲ့လင်းချန်သည် ၎င်းက သူ၏ စွမ်းရည်ကို တိုးတက်အောင် ကူညီပေးရုံမျှသာလျင် ဖြစ်သည်ဟု ထင်ထားခဲ့ပြီး မစ်ရှင်များ ပေးလာလိမ့်မည်ဟု ထင်မထားမိပါ။
ပါရမီရှင်စနစ်ဟု ခေါ်ဆိုထိုက်ပေသည်။ ယင်းနှင့် သူ ပထမဆုံး ချိတ်ဆက်မိသည်ကလည်း အတန်းတွင်း၌ ဖြစ်သည်။ ယခု ရုတ်တရက် ပေါ်လာသော မစ်ရှင်ကလည်း အတန်းတွင်းမှာပင် ဖြစ်သည်။
*မဟုတ်မှလွဲရော ခုနက ဆရာမရဲ့ တောင်းဆိုမှုက မစ်ရှစ်ကို အသက်သွင်းလိုက်မိတာလား*
အံ့ဩမည့်အစား ရဲ့လင်းချန် ဖိအားပေးခံရသလို ခံစားမိသည်။ သူ့၌ အချိန် တစ်လသာ ရသည်။ အကယ်၍ သူသာ မစ်ရှင်ကို အောင်မြင်‌အောင် မလုပ်နိုင်လျင် စနစ်က သူ့ထံမှ ဖယ်ခွာသွားလိမ့်မည်။
စနစ်ထံမှ အသီးအပွင့်များကို ခံစားပြီးနောက် သူသာ စနစ်နှင့် မချိတ်ဆက်မိတော့လျင် သူ့အတွက် အသတ်ခံ ရသည်ထက်ပင် ဆိုးရွားပေတော့မည်။
ထို့အပြင် ဆုကြေးကလည်း မက်ချင်စရာပင်။ ဗဟုသုတကို မြှင့်တင်နိုင်မည့် အရည်အသွေး ပွင့်လာမှာ ဖြစ်ပေသည်။
စွမ်းရည် တစ်ရာရာခိုင်နှုန်းသို့ ရောက်ခြင်းသည် လက်ရှိလောက၏ ဗဟုသုတကို အလုံးစုံ သိနားလည်သွားပြီဟု ဆိုလိုခြင်းပင်။ အကယ်၍ ဆက်လက် တိုးမြင့်ပါက သူ့အသိပညာက လက်ရှိကမ္ဘာထက် ကျော်လွန်မည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
တစ်နည်းအားဖြင့် ဆိုရလျင် သူသာ အသိပညာ၏ ပိုမြင့်သော စွမ်းရည်ကို ဖွင့်လိုက်နိုင်ပါက ဤကမ္ဘာဂြိုဟ်ထက် သာလွန်သော အသိပညာကို သူ ရလာနိုင်သည် မဟုတ်ပါတကား။
ဤမစ်ရှင်ကို သူ မဖြစ်မနေ ပြီးဆုံးအောင် လုပ်ရပေမည်။
ထိုအခိုက်တွင် ရဲ့လင်းချန်၏ စနစ်ဇယား၌ ရေပန်းစားမှုအတွက် ဘားအသစ်တစ်ခု ပေါ်လာ၏။ သူ၏ လက်ရှိ ရေပန်းစားမှုသည် ၁၀၀,၅၅၆ ဖြစ်သည်။ ဤသည်မှာ ဂိမ်းကစားခြင်းနှင့် ဇာတ်လမ်းတွဲ ရိုက်ကူးခြင်းကြောင့် ရရှိလာသော ရေပန်းစားမှု ဖြစ်လေသည်။
ထို့နောက်တွင်မူ အတန်းချိန်ကို ဆက်လက်သင်ပြလေသည်။ ဆရာမက နာမည်ကျော် စာသားများနှင့် စာအုပ်များအပေါ် အခြေခံ၍ ဂန္တဝင်စာသားများ မည်သို့ စဉ်းစား၍ ရေးသားရမလဲ ရှင်းပြလေသည်။
“ကျူးရှားထံမှ သင်ပြမှု ရရှိခြင်း၊ စာပေစွမ်းရည် တစ်မှတ်”
“ကျူးရှားထံမှ သင်ပြမှု ရရှိခြင်း၊ စာပေစွမ်းရည် တစ်မှတ်”
“ကျူးရှားထံမှ သင်ပြမှု ရရှိခြင်း၊ စာပေစွမ်းရည် တစ်မှတ်”
….
ရဲ့လင်းချန်သည် သင်ပြခြင်းကို နားထောင်ရင်း ထိုဂန္တဝင်စာပေများကို ဖတ်ရန် ကြံစည်လိုက်သည်။ သူ၏ စာပေစွမ်းရည်ကို မြန်နိုင်သမျှ မြန်မြန် တိုးမြှင့်ရန် လိုအပ်ပေသည်။
ပထမစာသင်ချိန်အပြီး နောက်တစ်ချိန်မှာ တန်းမြင့်သင်္ချာချိန် ဖြစ်သည်။ ခြောက်ဆယ် ရာခိုင်နှုန်း၌ ရပ်နေသော ရဲ့လင်းချန်၏ သင်္ချာစွမ်းရည်သည် စတင်၍ တိုးတက်လာသည်။
နေ့လယ်ခင်းတွင် အတန်းချိန် မရှိတော့ပေ။ တက္ကသိုလ်ကျောင်းသားဘဝက အေးဆေးနေလေသည်။ ရဲ့လင်းချန်သည် သူ့အဆောင်တွင်းမှ ဂိမ်းကစားရန် ခေါ်ခြင်းကို ငြင်းပယ်၍ ကျောင်းထဲမှ ထွက်လာခဲ့သည်။
လက်ရှိတွင် သူ့အတွေးထဲ၌ မစ်ရှင်သာ စိုးမိုးနေ၏။ တစ်လဟူသော အချိန်က တိုတောင်းလွန်းသည်။ သာမန်လူတစ်ယောက်အတွက် ထိုမျှ အချိန်တိုအတွင်း ရေပန်းစားမှု အမှတ်တစ်သိန်း ရရန် မဖြစ်နိုင်ချေ။ သို့သော် ရဲ့လင်းချန်သည် ရှောင်ဖေးဖေးနှင့်အတူ အမျိုးသမီး သူရဲကောင်း၏ ဒဏ္ဍာရီတွင် သရုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်သည်။ ဇာတ်လမ်းတွဲ၏ ရေပန်းစားမှု ရှိသော်လည်း သူ၏ ရေပန်းစားမှုက တစ်သိန်းသို့ ရောက်ရန် လိုနေသေးသည်။
အထူးသဖြင့် ရဲ့လင်းချန်သည် ရေပန်းစားမှုကို ရရှိရန် ဂန္တဝင်စာပေကို ဖန်တီးရန် လိုအပ်နေသေးသည်။ သရုပ်ဆောင်ခြင်းနှင့် ဂိမ်းကစားခြင်းမှ ရရှိလာသော ရေပန်းစားမှုသည် ဤမစ်ရှစ်အတွက် အသုံးမဝင်ချေ။
ဂန္တဝင်စာပေတစ်အုပ်။ သူ ရေးသားနိုင်လျင်တောင်မှ ထုတ်ဝေမှု လုပ်ရဦးမည်။ ထုတ်ဝေပြီးနောက် နာမည်ရရန် အချိန်လိုသေးသည်။ ဤမျှအချိန်တိုအတွင်း ရေပန်းစားမှု အမှတ်တစ်သိန်းကို သူ ဘယ်လိုလုပ် ရနိုင်မည်နည်း။
ပထမဆုံး ရဲ့လင်းချန်သည် ကျောင်းအနီးအနားမှ စာအုပ်ဆိုင်တစ်ဆိုင်သို့ သွားလိုက်ပြီး ဈေးကွက်၌ ရေပန်းအစားဆုံး ဂန္တဝင်စာပေများကို လေ့လာလေသည်။
စိတ်ကူးယဉ်ဝတ္ထုများ၊ ခေတ်သစ်ဝတ္ထုများ၊ ကောကျင်းမင်၊ ဟန်ဟန် (တရုတ်နိုင်ငံမှ နာမည်ကျော် စာရေးဆရာများ) စသည်တို့ကို အလျင်အမြန် လှန်လှော ဖတ်ရှုလိုက်သည်။
ဤအရာများက ရေပန်းစားမှု ရနိုင်သည်ဟု ဆိုနိုင်သော်လည်း စာပေ အမြန်ပြင် စားစရာများဟုသာ သတ်မှတ်နိုင်ပြီး ဂန္တဝင်စာပေနှင့် နည်းနည်းလေးမျှ မနီးစပ်ချေ။
ဂန္တဝင်စာပေဟု သတ်မှတ်ရန်အတွက် ၎င်းတွင် ခိုင်မာသော အခြေခံ ရှိရမည်။ ၎င်းသည် ဖြစ်ရပ်မှန်ပေါ် အခြေခံထားခြင်း ဖြစ်ရမည်ဖြစ်ပြီး လက်တွေ့ထက် ပိုသာလွန်၍ ပြင်းပြသော ထင်မြင်ချက် ရှိရမည်။
သူ တီးတိုးရေရွတ်နေစဉ်မှာပင် သူ့အကြည့်က ထူထဲသော အနက်ရောင် စာအုပ်တစ်အုပ်ထံသို့ ‌ရောက်သွားပြီး တန့်ခနဲ ဖြစ်သွားရသည်။ စာအုပ်ပေါ်တွင် ရွှေရောင်စာလုံးဖြင့် ရေးသားထားသည်မှာ “ဖုန်းရွှေ၏ လျှို့ဝှက်ချက်များ” ဖြစ်လေသည်။
ရဲ့လင်းချန် မျက်လုံးအရောင်လက်သွားပြီး သူ့စိတ်ထဲတွင် အလားအလာရှိသော အဖြေတစ်ခု စပေါ်လာသည်။
ရုပ်လွန်ပညာရပ်သည် ရှေးခေတ်အချိန်များကတည်းက လူအများ စိတ်ကူးယဉ်၍ လေ့လာသော အရာတစ်ခု ဖြစ်သည်။ များစွာသော ရှေးနတ်ဘုရားများ၏ ဒဏ္ဍာရီများပင် ရှိသေးသည် မဟုတ်ပါတကား။
လက်ရှိခေတ်တွင်တောင်မှ ကံကြမ္မာကို ယုံကြည်သူများစွာ ရှိပြီး မြတ်ဗုဒ္ဓထံ ဆုတောင်းကြသူများ ရှိလေသည်။ လူတစ်ယောက်၏ ကံတရားကို ဖုန်းရွှေဖြင့် ပြောင်းလဲပြီး ရှေ့ဖြစ်ဟောများမှတစ်ဆင့် မိမိရှေ့ရေးကို ဆုံးဖြတ်ခြင်းက အတော်လေး ရေပန်းစားသည်။
ဤသည်ကို ရှေးတရုတ်ယဉ်ကျေးမှုမှ ဆင်းသက်လာသော ရိုးရာဓလေ့ထုံးတမ်းဟု ဆိုရပေမည်။ အယူသီးသည် ဖြစ်စေ၊ ဝိညာဉ်များနှင့် ရင်ဆိုင်ရသည် ဖြစ်စေ၊ ယင်းသည် မျိုးဆက်အလိုက် ဆင်းသက်လာခဲ့ပြီး လူအများက ကျယ်ကျယ်ပြန့်ပြန့် လက်ခံသောကြောင့် အကြောင်းပြချက် ရှိမှာ သေချာသည်။
သူ၏ ဂန္တဝင်စာပေအား ရုပ်လွန်ပညာရပ်အပေါ် အခြေခံပါက ဂန္တဝင်စာပေဟု သတ်မှတ်နိုင်သလော။ ထို့အပြင် ရုပ်လွန်ပညာရပ်နှင့် ပတ်သက်သော ဂန္တဝင်စာပေသည် ရေပန်းစားမှုရရှိရန် ပြဿနာ မရှိလောက်ပါ။
*လုပ်မယ်ကွာ*
ရဲ့လင်းချန်သည် ရုပ်လွန်ပညာရပ်နှင့် ပတ်သက်သော စာအုပ်များကို ယူရုံသာမက နာမည်ကြီး ထိတ်လန့်သည်းဖို စာအုပ်များအချို့ကိုပါ ယူ၍ ဖတ်ရှုလေသည်။
ရုပ်လွန်ပညာရပ်သည် နှစ်ပေါင်း လေးထောင့်ခြောက်ရာကျော်က စတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ဖန်းကူက လောကကြီးကို  ထက်ခြမ်းခွဲပြီး နွီဝါးမှ လူသားများကို ဖန်တီးပြီးနောက်ပိုင်း ပေါ်လာခဲ့သည်။
ချီယိုက လောကကို ကသောင်းကနင်း ဖြစ်အောင် လုပ်ခဲ့ချိန်တွင် ဟွမ်တိက ကောင်းကင်ဘုံ၏ အကူအညီကို ရယူ၍ ချီယို၏ မိစ္ဆာလုပ်ရပ်ကို နှိမ်နိုင်းခဲ့သည်။ ထို့နောက် သူသည် ချီယိုကို ဖမ်းဆီးပြီးနောက် ကောင်းကင်ဘုံ အောက်မှ အရာအားလုံးကို စိုးမိုးခဲ့သည်။
နတ်ဘုရားဆိုသည်မှာ ကောင်းကင်ဘုံကိုးလွှာ၏ ဆန်းကြယ်သော အမျိုးသမီး နွီဝါးမယ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။
ဟွမ်တိသည် စစ်ပွဲကို ဆင်နွှဲပြီးနောက် စန်းကျဲအား ကောင်းကင်ဘုံကိုးလွှာ၏ နွီဝါးမယ်တော် အပ်နှင်းသော ကောင်းကင်ဘုံမှ များစွာသော ဆန်းကြယ်မှုများနှင့် နည်းလမ်းများကို မှတ်တမ်းတင် ရေးသားရန် တာဝန်ပေးခဲ့သည်။ ထိုစာအုပ်အား ရုပ်လွန်ပညာရပ်၏ ဝိညာဉ်၊ ကျောက်စိမ်းမှတ်တမ်းဟု ခေါ်တွင်လေသည်။
ထို့နောက်တွင် ထိုစာအုပ်အား ကျိုးမင်းဆက်ခေတ်အတွင်း ခွန်းလွန်တောင်၌ ကျန်းကျီရာက ရှာတွေ့ခဲ့သည်။ သူသည် စာအုပ်ထဲမှ စွမ်းအားများကို သုံး၍ ကျိုးမင်းဆက်အား ရန်သူများကို နှိမ်နင်းရာ၌ ကူညီခဲ့ပြီး ကျိုးမင်းဆက်အား နှစ်ရှစ်ရာတိုင်တိုင် တည်ရှိအောင် ဦးဆောင်ပေးခဲ့သည်။
စစ်ခင်းနေသော ခေတ်ကာလတွင် ဝမ်ချန်၏ ဘိုးဘေး ကွေ့ကူကျီလက်ထဲသို့ ရောက်သွားသည်။ ထို့နောက် သူသည် လျှို့ဝှက်အတတ်ပညာများအား သူ့တပည့်များဖြစ်သော စုချင်၊ ကျန်းရီ၊ စွန်းပင်းနှင့် ဖန်းကျွမ်တို့အား လက်ဆင့်ကမ်းခဲ့သည်။ သူ့တပည့် တစ်ယောက်ချင်းစီက သူတို့ခေတ်ကာလများတွင် အသီးသီး ကျော်ကြားခဲ့သည်။
ဟန်မင်းဆက်ခေတ်တွင် ကျန်းလန်က ဟွမ်ရှီကုန်း၏ ကျမ်းစာများကို ရရှိခဲ့ပြီး ဟန်မင်းဆက်အား နှစ်လေးရာတိုင် ချမ်းသာဝပြောအောင် လုပ်ပေးနိုင်ခဲ့သည်။
သုံးပြည်ထောင်ခေတ်တွင် ကျူးကဲလျန့်၏ လက်ထဲ ရောက်သွားကာ လျှိုပေအား လောက၏ သုံးပုံတစ်ပုံအား ရရှိအောင် ကူညီပေးခဲ့သည်။
ကံမကောင်းစွာပင် ကျောက်စိမ်းမှတ်တမ်း၏ အကြောင်းအရာ အများစုက နှစ်များစွာကြာအောင် ပျောက်ဆုံးသွားခဲ့သည်။ အကြောင်းအရာများကလည်း ဂိုဏ်းများစွာသို့ တကွဲတပြား ရောက်ရှိသွားသည်။
ယနေ့ခေတ်တွင် တောတောင်၊ ဆေးပညာ၊ ကံကြမ္မာ၊ ရှေ့ဖြစ်နှင့် လက္ခဏာဟူ၍ ရုပ်လွန်ပညာရပ်၏ ပညာငါးခုအဖြစ် ကွဲပြားသွားသည်။
ကျောက်စိမ်းမှတ်တမ်းသည် ရဲ့လင်းချန်၏ လက်ထဲတွင် မရှိပါ။ သူသည် ဖုန်းရွှေ၊ ရှေ့ဖြစ်ဟောနှင့် ဝိညာဉ်များနှင့် ပတ်သက်သော စာအုပ်များကိုသာ ဖတ်နေခြင်း ဖြစ်သည်။
“ဖုန်းရွှေ၏ လျှို့ဝှက်ချက်များကို လေ့လာခြင်း၊ ဖုန်းရွှေ့ လေ့လာမှုစွမ်းရည် တစ်မှတ်”
“ဖုန်းရွှေ၏ လျှို့ဝှက်ချက်များကို လေ့လာခြင်း၊ ဖုန်းရွှေ့ လေ့လာမှုစွမ်းရည် တစ်မှတ်”
“ဖုန်းရွှေ၏ လျှို့ဝှက်ချက်များကို လေ့လာခြင်း၊ ဖုန်းရွှေ့ လေ့လာမှုစွမ်းရည် တစ်မှတ်”

နေ့လယ်ခင်းတစ်ခုလုံး အကြာတွင် ရဲ့လင်းချန်၏ ရုပ်လွန်ပညာရပ်ကို နားလည်ခြင်းက ထိုးတက်လာ၏။ သာမန်လူများ နားလည်ရန် မဖြစ်နိုင်သော အရာက သူ့အတွက် လွယ်ကူလာသည်။ သူ့စိတ်ထဲတွင်လည်း အကြံတစ်ခု စတင်ဖြစ်ပေါ်လာသည်။
အပြင်ဘက်တွင် မှောင်ရိပ်သန်းလာသောအခါတွင်မှ ရဲ့လင်းချန် အဆောင်သို့ ပြန်လာခဲ့သည်။ သူ တစ်ညလုံး သူ၏ အကြံအစည်ကို အကောင်အထည်ဖော်ရန် သုံးမည်ဟု စီစဉ်ထားပြီး နောက်တစ်နေ့တွင် ထုတ်ဝေရန်အတွက် ပြင်ဆင်မည်ဟု တွေးထားသည်။
အချိန်က အကန့်အသတ် ရှိနေသည် မဟုတ်ပါလော။ သူ စောစောထုတ်ဝေလေ သူ၏ ရေပန်းစားမှုက မြန်မြန် တိုးလာလေပင်။
နောက်တစ်နေ့တွင် သူသည် မနက်ပိုင်း၌ အတန်းချိန် နှစ်ချိန်နှင့် နေ့ခင်းပိုင်း တစ်ချိန်သာ ရှိလေသည်။ ထိုအချိန်အတွင်း ရဲ့လင်းချန်က ပင်မကျောရိုးနှင့် အရံဇာတ်လမ်းများကို အပြီးသတ်လိုက်သည်။
နေ့လယ်ခင်း အတန်းချိန်ပြီးသောအခါ ရဲ့လင်းချန်သည် ကျောင်းပြင်သို့ တန်း၍ ထွက်လာသည်။ သူ့အလုပ်ကို သူ မြန်နိုင်သမျှမြန်မြန် အကောင်အထည် ဖော်ချင်နေ၏။
“ရပ်လိုက်”
မမျှော်လင့်ဘဲ ကျောင်းပေါက်ဝ၌ လူငယ်တစ်ယောက်၏ တားဆီးခြင်းကို သူ ခံလိုက်ရသည်။ ထိုလူငယ်သည် အရပ် တစ်ရာရှစ်ဆယ့်ငါး စင်တီမီတာ ရှိပြီး အဖြူရောင် တီရှပ် ဝတ်ထားပြီး ဆံပင်တိုတိုနှင့် မောက်မာသော အမူအရာ ရှိလေသည်။
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားပြီး ထိုလူငယ်ကို ကျော်၍ သူ့အနောက်၌ ရပ်နေသော မိန်းကလေး နှစ်ယောက်ကို ကြည့်လိုက်မိသည်။ ထိုအခါ သူ့မျက်လုံးတွင် အံ့ဩဟန် ပြလာ၏။
“မင်းက ငါနဲ့ စာရင်းရှင်းဖို့ လာတာလား”
လူငယ်အနောက်မှ မိန်းကလေး နှစ်ယောက်အနက် တစ်ယောက်မှာ ဇာပါသော အဖြူရောင်ဂါဝန်ကို ဝတ်ထားသည်။ သူမက အရပ်ရှည်ပြီး မာနကြီးသော အမူအရာ ရှိလေသည်။ သူမသည် ယခင်က ရဲ့လင်းချန် နမ်းလိုက်ဖူးသော လီမူရွှယ်ပင်တည်း။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now