Chapter 5

1.5K 160 7
                                    

ကျုပ်က ပါရမီရှင်
I am a prodigy
Author Rugao Under The Bridge
ဘာသာပြန် Han Shin

Chapter 5 ဟန်လုပ်နေတာ ဟုတ်လို့လား

*ကိုးလ်က ငါ့ကို လာအပ်တာလား*
ရဲ့လင်းချန် မသိမသာ မျက်ခုံးပင့်လိုက်မိသည်။ ဤထုတ်လွှင့်သူ မိန်းမချောလေး၏ ဒေါသကို သူ ဖန်သားပြင် မှတစ်ဆင့် ခံစားမိနေ၏။ သူမက သူ့ကို ကြိမ်းမောင်းချင်၍ လာအပ်လေသလားဟု ထင်မိသွားသည်။
ရဲ့လင်းချန်သည် စိတ်ထဲ၌ သေချာတွေးတောပြီးနောက် လက်ခံသည်ဟူသော နေရာကို နှိပ်လိုက်သည်။
*ငါ အချိန်တိုအတွင်း ဒီလောက် ပရိသတ်တွေရတာ ကိုးလ်ကြောင့်ပဲလေ၊ ဒီလူက ပရိသတ်တွေကို ဆွဲခေါ်နိုင်တဲ့ နတ်သံလိုက်လိုပဲ၊ သူ လာအပ်တာကို ငါ ငြင်းစရာ အကြောင်းမှ မရှိတာ*
"နင် ဒါကို တမင်လုပ်တာလား"
ကိုးလ်က အသံဖိုင်နှင့်အတူ စိတ်ဆိုးနေသော အီမိုဂျီသုံးခုပါ ပို့လာသည်။
"မဟုတ်ဘူး"
ရဲ့လင်းချန် ခပ်အေးအေး ပြန်ပြောလိုက်သည်။ ရဲ့လင်းချန်က သူမကို ထောင်ချောက်ဆင်၍ အစောပိုင်းက သူမ တစ်ကိုယ်တော် ဆော့နေသည့် သုံးပွဲလုံးကို တမင်ရှုံးအောင် လုပ်သည်ဟု ယူဆနေ၏။
"ဒါဆို နင် လုပ်ခဲ့သမျှက မကောင်းတဲ့ ရည်ရွယ်ချက် မပါဘူးပေါ့လေ"
စိတ်ဆိုးနေသော အီမိုဂျီသုံးခု ထပ်ရောက်လာပြန်သည်။
"ငါ တမင် မလုပ်ပါဘူးဆို"
ရဲ့လင်းချန်က အပြစ်မရှိပုံ ပေါ်နေသည့် အီမိုဂျီကိုပါ ထပ်ပို့လိုက်သည်။
"နင် ငါ့ကို အလျော်ပေးရမယ်၊ ငါ့အကူ ကစားသမား ဖြစ်ပေးပါ"
ကိုးလ်က အသနားခံနေသော အီမိုဂျီကို ပို့လာ၏။
"ရတယ်လေ လုပ်ပေးမယ်"
ရဲ့လင်းချန် အပြုံးကြီးပြုံး၍ သဘောတူလိုက်သည်။ ပရိသတ်များကို ဆွဲဆောင်နိုင်သူက သူနှင့် အဖွဲ့အဖြစ် ကစားရန် လာပြောနေသည်။ ဤသည်မှာ ကောင်းကင်မှ ငွေမိုး ရွာသွန်းလိုက်သလိုပင်။
တစ်ခဏကြာသော် စကားစမြည်ပြောဆိုရန် တောင်းဆိုမှုတစ်ခု တက်လာသည်။ ရဲ့လင်းချန် တစ်ဒင်္ဂမျှ တွေဝေနေပြီးနောက် လက်ခံသည်ဟူသော ခလုတ်ကို နှိပ်လိုက်လေသည်။
"အာ...ဟဲလို"
"ဟွန့်"
တစ်ဖက်မှ အေးတိအေးစက် နှာမှုတ်လိုက်သောအသံ ထွက်လာပြီးနောက် ချိုသာသော မိန်းကလေးကို ကြားလိုက်ရသည်။
"နင် ငါ့ကို ဒီပွဲမှာပါ ရှုံးအောင်လုပ်ရင် ငါ နင့်ကို အလွတ်မပေးဘူးနော်"
*ဒေါသထွက်နေတာတောင် သူ့အသံလေးက ချစ်စရာလေး၊ သူ ဒီလို နာမည်ကြီး ထုတ်လွှင့်သူ ဖြစ်နေတာကို ငါ မအံ့ဩတော့ဘူး*
ရဲ့လင်းချိန် စိတ်ထဲမှ ကျိတ်၍ ပြောနေလိုက်သည်။ ထို့နောက် သူသည် ကိုးလ်အား စိတ်ချရန် ထပ်ခါထပ်ခါ ပြောလိုက်ပြီး ကိုးလ်နှင့် အဖွဲ့ဖွဲ့ကာ ကစားပွဲထဲ ဝင်လိုက်သည်။
(လခွမ်း ဘာတွေ ဖြစ်ကုန်တာလဲ၊ ဘာလို့ ရေခဲနတ်သမီးက ရုတ်တရက်ကြီး ဝိုင်နတ်ဘုရားနဲ့ အဖွဲ့ဖွဲ့လိုက်တာလဲ)
(နတ်သမီးလေး၊ တစ်ကိုယ်တော် ဆော့နေတာကနေ ဘယ်လိုဖြစ်သွားတာလဲ၊ မင်း ပြောင်းလဲသွားပြီပဲ ...)
(ယီးပဲ၊ ငါ့နတ်သမီးလေးက ရန်သူလက်ထဲ ဘယ်တော့မှ ဒီလို ကျဆုံးသွားမှာ မဟုတ်ဘူး၊ ဘုရားသခင်၊ ဘာလို့ ဒီလောက် ရက်စက်ရတာလဲ)
(အပေါ်ကလူ ပါးစပ်ပိတ်ထား၊ ဒီပူးပေါင်းတာကို ပထမဆုံး ကန့်ကွက်မယ့်သူက ငါပဲကွ)
...
တိုက်ရိုက်ထုတ်လွှင့်နေသော ချန်နယ်၌ မှတ်ချက်များ ပလူပျံနေ၏။ ပရိသတ်များစွာက ကန့်ကွက်ကြောင်း တစ်ယောက်ပြီး တစ်ယောက် ဝင်ရေးလာသည်။
"အားလုံးပဲ စောင့်ကြည့်နေလိုက်ပါ၊ အဲ့ကောင်က ငါ့ကို တော်တော် အခက်တွေ့တဲ့ အခြေအနေမျိုးအထိ ထောင်ချောက်ဆင်ခဲ့တာ၊ ငါ သူ့ကို သေချာပေါက် လွယ်လွယ် အလွတ်မပေးဘူး"
တိုက်ရိုက်လွှင့်နေစဉ်တွင် ကိုးလ်က မကောင်းသော အကြံရှိဟန်ဖြင့် ပြုံးနေ၏။ သူမသည် အပြင်ပန်း၌ အလွန် နားလည်ပေးနိုင်သော အမြင်မျိုးရှိဟန်ပေါက်အောင် ဟန်ဆောင်ထားလေသည်.
(မိုက်ပြီဟေ့၊ နတ်သမီးက ဒီလိုလွယ်လွယ် အရှုံးမပေးနိုင်မှန်း ငါ သိနေတယ်လေ၊ ငါ စောင့်ကြည့်ဦးမယ်)
(အားလုံး၊ ဝိုင်နတ်ဘုရားရဲ့ ချန်နယ်ထဲမှာ သတင်းသွားပေးမနေနဲ့နော်၊ ဟားဟားဟား ... ဒါ သေချာပေါက် စိတ်ဝင်စားစရာ ဖြစ်လာမှာပဲ"
(လတ်စသက်တော့ ကိုးလ်မှာ အကြံရှိနေတာကိုး၊ ဟားဟားဟား ... ဝိုင်နတ်ဘုရားအတွက် ခဏလောက် ငြိမ်ပေးလိုက်ကြပါ)
(တစ်ခဏမျှ ငြိမ်သက်ခြင်း တစ်ယောက်)
(တစ်ခဏမျှ ငြိမ်သက်ခြင်း တစ်ထောင်ရှစ်ဆယ့်ခြောက်ယောက်)
...
ရဲ့လင်းချန်တစ်ယောက်တည်း ဘာမှမသိဘဲ ဖြစ်နေလေ၏။ သူ့တွင် တိုက်ခိုက်ချင်စိတ် အပြည့် ရှိနေသည်။ သူသည် ရှဲဒိုးဖီးန်အား ကျွမ်းကျင်စွာ ရွေးချယ်၍ အလယ်လမ်းအတိုင်း သွားလိုက်သည်။
ရဲ့လင်းချန်သည် ယခုတစ်ခေါက်၌ လမ်း၌တွေ့သည် မေ့လေဟီးရိုး ခွန်းဂါနှင့် ချနေရသည်။ ရိန့်ဂျ်ဟီးရိုးက မေ့လေဟီးရိုးနှင့် တိုက်နေသော ပွဲ၌ ရှဲဒိုးဖီးန်က ခွန်းဂါအပေါ် အနည်းငယ် အသာစီး ရနေသည်။ ရဲ့လင်းချန်သည် ခွန်းဂါအား အခွင့်ရတိုင်း မန္တန်ထုတ်သုံး၍ သွေးလျော့အောင် လုပ်နေ၏။
"ခွန်းဂါရဲ့ ဒုတိယစွမ်းရည်က ဒီရေလှိုင်း ဓားချက်ပဲ၊ ဒီဒဏ္ဍာရီ ဓားချက်က ထိခိုက်မှု များစေသလို ခုတ်ပိုင်းမှုကြောင့် တော်တော်လေး အကျိုးထိရောက်တယ်၊ ခရိတွေကို ဒီမန္တန်သုံးနေတုန်း ဘေးပတ်လည်က ရန်သူတွေပါ ဆက်တိုက် ထိသွားမှာ"
ရဲ့လင်းချန်က တာဝန်ယူမှုအပြည့်ဖြင့် သူ၏ကြည့်ရှုသူများကို ရှင်းပြနေသည်။ သူ၏ ပညာရှင်ဆန်မှုနှင့် တာဝန် ယူမှုတို့ကြောင့် ကြည့်ရှုသူများသည် အစက အပျော်သဘောဖြင့် လာကြည့်ခြင်း ဖြစ်သော်လည်း သူ၏ချန်နယ်၌ ဆက်နေရန် ဆုံးဖြတ်လိုက်ကြသည်။
"ခရိရဲ့ သွေးတန်းက လျော့နေပြီ၊ သူ နောက်ဆုံးအကွက် ထုတ်သုံးလာမှာပဲ"
ရဲ့လင်းချန်က ရှဲဒိုးဖီးန်၏ နေရာကို ထိန်းချုပ်ရင်း သူ၏ကြည့်ရှုသူများကို ဆက်ရှင်းပြနေ၏။
"ငါ ဘေးဘက်ကို လျှောက်သွားလိုက်မယ်၊ ဒါက ငါ့ကို ဒီရေလှိုင်း မန္တန် အကွာအဝေးကနေ လွတ်စေနိုင်သလို သူ့နဲ့လည်း နီးနေတော့ သူ့ကို သတ်နိုင်မယ့် အခွင့်အရေး ရလာမှာပဲ"
အစောပိုင်းက ခွန်းဂါ၏ သွေး သုံးပုံတစ်ပုံကို သူ တမင် ထိခိုက်အောင် လုပ်ထားခဲ့သည်။ ကိုးလိုးကန့်လန့် ဖြစ်နေသော သွေးတန်းကြောင့် ခွန်းဂါ ဘေးသို့ လှည့်၍မရသလို ကုသခြင်းဆေးရည်ကိုလည်း မသုံးနိုင်ပေ။
သူ့စကားအဆုံး၌ ခွန်းဂါးက ယဲ့ဖန် ခန့်မှန်းထားသလိုပင် နောက်ဆုံးတိုက်ကွက် ထုတ်ဖော်ရန် ရှေ့သို့ တက်လာသည်။
ရဲ့လင်းချန်က ခွန်းဂါ၏ သွေးတန်း လျော့နိုင်သမျှ လျော့ရန်အလို့ငှာ ရှဲဒိုးဖီးန်၏ အလိုအလျောက် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။ ခွန်းဂါက တစ်ခုခု မှားနေသည်ကို သတိထားမိပြီး နောက်ဆုတ်ရန် ပြင်လိုက်ချိန်တွင် ရဲ့လင်းချန်က ခွန်းဂါ၏ သွေး မရှိတော့အောင် အရိပ်ဖြိုမန္တန်ကို သုံးလိုက်လေသည်။
"အခုမှ နောက်ဆုတ်ရင် နောက်ကျသွားပြီ၊ သူက သေလူ ဖြစ်ပြီးနေပြီ"
ရဲ့လင်းချန်က အလွန် ယုံကြည်မှုရှိဟန်ဖြင့် ပြောလိုက်သည်။
"သူ့ကို အပြတ်ဖြတ်ဖို့ ငါ အလိုအလျောက် တိုက်ခိုက်မှု သုံးကြိမ်နဲ့ အရိပ်ဖြိုမန္တန် နှစ်ကြိမ် သုံးဖို့ပဲ လိုအပ်တယ်"
"ပထမအကြိမ်"
ရဲ့လင်းချန်က ရေတွက်ရင်း တိုက်ခိုက်မှုကို တိုက်ခိုက်လိုက်သည်။
"ဒုတိယအကြိမ်"
ဒုတိယအကြိမ် တိုက်ခိုက်ပြီး မကြာခင်မှာပင် ခွန်းဂါက ရှဲဒိုးဖီးန်၏ မန္တန် အကွာအဝေးတွင်းမှ လွတ်မြောက်သွားသည်။
"တတိယတစ်ကြိမ်"
ရဲ့လင်းချန်က တစ်ပတ်လည့်၍ ယုံကြည်မှုရှိစွာ တိုက်ခိုက်လိုက်သည်။
"ပထမအဆုံးအကြိမ် သတ်ဖြတ်ခြင်း"
"ဝိုင်နတ်ဘုရား၊ ငါ သေသွားပါပြီ၊ ငါ့ကို မသတ်ပါနဲ့တော့"
(အံ့ဩစရာပဲ၊ ထုတ်လွှင့်သူက ပညာသားပါပါ မကစားရင် သူ့အရည်အချင်းက အလကား ဖြစ်သွားမှာ)
(အိုးဟိုးဟိုး ... တော်လိုက်တဲ့ ထိန်းချုပ်မှုကွာ၊ ထုတ်လွှင့်သူ၊ မင်းဘာလို့ မင်းကိုယ်မင်း မဖော်ပြတာလဲ၊ မင်းအသံက လူချောလေးပုံ ပေါက်နေတယ်...)
(သူ့ချန်နယ်ကို စာရင်းသွင်းလိုက်ပြီကွာ၊ ငါက တျောင်စစ်ပါ၊ ဒီမှာ ငါ သဘောကျတဲ့ အထိမ်းအမှတ်အနေနဲ့ မင်းအတွက် ချိုချဉ်)
...
ပထမအဆုံး သတ်ပြီးသည်နှင့် ရဲ့လင်းချန်သည် ကစားပွဲထဲ ဈာန်ဝင်သွားသည်။ ရှဲဒိုးဖီးန်သည် တစ်မဟုတ်ချင်း ကြီးထွားပြင်းထန်လာပြီး အလျင်အမြန် တိုးတက်လာ၏။ သူသည် အလယ်လမ်းတစ်လျှောက် သွားလာရင်း အပေါ်လမ်းနှင့် အောက်လမ်းကိုပါ တိုက်ခိုက်နေသည်။
ကစားပွဲ ဆယ်မိနစ်အကြာ၌ ...
"သောက်ကျိုးနည်း"
"ဝိုင်နတ်ဘုရားက နတ်ဘုရားလိုပဲ၊ တစ်ယောက်ယောက် သူ့ကို သတ်ကြပါဦး"
ကျယ်လောင်သော ကြေငြာသံ ထွက်လာပြီးနောက် ရဲ့လင်းချန်သည် ဘဝတစ်လျှောက်လုံး ပထမဆုံးအကြိမ် အဖြစ် နတ်ဘုရားသဖွယ် ခံစားလိုက်ရသည်။
"မင်း ဘယ်လိုထင်လဲ၊ ငါ အခု နတ်ဘုရားလိုပဲမလား"
ရဲ့လင်းချန်က ကိုးလ်ကို အသံဖိုင်ဖြင့် မေးလိုက်သည်။
"ဟွန့်၊ နတ်ဘုရားလို ဖြစ်နေတာ ဘာကြွားစရာ ရှိလို့လဲ၊ ဘာမှ အထင်ကြီးစရာ မရှိပါဘူး"
ကိုးလ်က အထင်သေးဟန်ဖြင့် ကြိမ်းမောင်းလေသည်။ သို့သော် သူမ ကြိတ်၍ အံကျိတ်နေမိသည်။ သူမ ယခုထိ တစ်ယောက်မှ မသတ်ရသေးချေ။
"ဘာမှမဖြစ်ပါဘူး၊ တစ်ယောက်ယောက်က အလိုလို အလကားနိုင်နေတာကို ပျော်နေသလားလို့ မေးကြည့် တာပါ"
ရဲ့လင်းချန်က ရယ်မော၍ စနောက်ဟန်ဖြင့် ပြောလိုက်သည်။ ကိုးလ်က နှာမှုတ်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ငါတို့ ဒီပွဲ မပြီးသေးဘူး၊ တစ်ယောက်ယောက် အဆုံးထိ ရယ်နိုင်ပါ့မလား မသေချာသေးဘူး"
ရဲ့လင်းချန်က အသံတိုးတိုးဖြင့် အဲဟု ရေရွတ်လိုက်သည်။
"ကိုယ့်လူတို့ ဒီနေ့ ငါ မင်းတို့ကို ရှဲဒိုးဖီးန်ရဲ့ အကောင်းဆုံး စွမ်းရည်ကို ပြသပေးမယ်"
ထိုသို့ပြောပြီးသည်နှင့် ရဲ့လင်းချန်က ပင်မဆိုင်မှ အီးယူလ်၏ နတ်တောင်ဝှေးကို ချက်ချင်း ဝယ်လိုက်သည်။ လက်ရှိတွင် သူ့၌ အရှိန်တိုးနှုန်း၊ လျှပ်တပြက် ဓားမြောင်၊ အီးယူလ်၏ နတ်တောင်ဝှေးနှင့် မှော်တုတ်တို့ ရှိနေသည်။
လျှပ်တပြက် ဓားမြှောင်: အသုံးပြုသူက ပစ်မှတ်နေရာသို့ တည်နေရာ ရွှေ့ပြောင်းပေးနိုင်၊ ရန်သူဟီးရိုးအား ထိခိုက်အောင် လုပ်ပြီးသည်နှင့် သုံးစက္ကန့်မျှ မသုံးနိုင်။
အီးယူလ်၏ နတ်တောင်ဝှေး: ပစ်မှတ်အား ဆိုင်ကလုန်းမုန်တိုင်းသဖွယ် တိုက်ခတ်နိုင်ပြီး နှစ်ဒသမငါးစက္ကန့်မျှ ဘေးကင်းနိုင်။
ရှဲဒိုးဖီးန်သည် ထိခိုက်မှုများအောင် လုပ်တတ်သော ဟီးရိုးဖြစ်သဖြင့် တိုက်ခိုက်ခြင်း ပစ္စည်းများကိုသာ အသုံး များသည်။ ရဲ့လင်းချန်၏ တိုက်ကွက်က အလွန် ထူးခြား၍ ခန့်မှန်းမရနိုင်ချေ။
(ဘယ်လိုတောင် ထူးခြားတဲ့ အရာလဲကွ၊ ထုတ်လွှင့်သူက သွေးကြီးနေပြီပဲ)
(ဒါ ကြွားနေတာပါကွာ၊ ဘယ်အရူးက ကိုယ့်အားသာချက်ကို စွန့်လွှတ်မှာလဲ)
(သူ့ DPS ကို အတင်း မေ့ဂျ်ဖြစ်အောင် လုပ်နေတာပဲ၊ မိုက်လှချည်လား...)
...
ကြည့်ရှုသူများက သဘောမကျကြောင်း ပြိုင်တူ ပြောလာကြသည်။ ကိုးလ်သည်လည်း ဤအခြေအနေကြောင့် တွေဝေသွားပြီး မျက်မှောင်ကြုတ်သွားလေသည်။
ရဲ့လင်းချန်သည် သံသယဝင်ခံနေရသော်လည်း ထွေထွေထူးထူး ရှင်းပြမနေတော့ချေ။ သူသည် တည်ငြိမ် အေးဆေးသော အမူအရာဖြင့် ဆက်ကစားနေလိုက်သည်။
ကစားပွဲ ဆယ့်လေးမိနစ်သို့ ရောက်လာချိန်တွင် ရဲ့လင်းချန်က နောက်တစ်ကြိမ် သတ်လိုက်နိုင်သည်။ သူ၏ တတိယမြောက် အစွမ်းထက်သော တစ္ဆေတောင်ဝှေးကို သုံးလိုက်သည်။
တစ္ဆေတောင်ဝှေး: လေးစက္ကန့်မျှ တစ္ဆေပုံပြောင်းသွားပြီး တိုက်ခိုက်မှုကို တောင့်ခံနိုင်သော်လည်း ပြန်မတိုက်နိုင်သလို မှော်အစွမ်း ထိခိုက်မှုက လေးဆယ်ရာခိုင်နှုန်း ပိုအားလျော့သွား။
ထိုသို့သော ပစ္စည်းမျိုးသည် အသုံးမဝင်ဟု ဆိုနိုင်သော တစ်ခြား ဘာရည်ရွယ်ချက်ကိုမှ မသုံးနိုင်ပေ။
"နင် ဘာလုပ်နေတာလဲ"
ကိုးလ် ထက်၍ သည်းမခံနိုင်တော့သဖြင့် ထုတ်မေးလိုက်မိသည်။
"ပစ္စည်းသုံးလို့ပြီးသွားပြီ၊ အခု တစ်ကိုယ်တော် စွမ်းရည် ပြချိန်ရောက်ပြီ"
ရဲ့လင်းချန်က ကြွားဝါဟန်ဖြင့် ပြောလိုက်သည်။
"မင်း ငါ့အနောက်မှာ ပုန်းနေသင့်တယ်၊ ငါ ရှေ့တက်ပြီး ရန်သူကို မျှားခေါ်မယ်၊ ငါတို့ ရန်သူအသင်းကို ရှင်းနိုင်မှာ သေချာတယ်"
ကိုးလ်က အကြည့်လွှဲ၍ ပြောလိုက်သည်။
"ပြီး‌ရော ရှေ့ကသွား"
ရဲ့လင်းချန်က သူမကို သံသယမဝင်ချေ။ ရှဲဒိုးဖီးန်သည် တစ်ဖက်အသင်း၏ အာရုံထဲ၌ ရဲတင်းစွာဖြင့် ဘယ်သွားလိုက်၊ ညာသွားလိုက် လုပ်နေ၏။
"တစ်ဖက်အသင်းရဲ့ ငါ့အပေါ် မုန်းတီးစိတ်အရဆို သူတို့ မညှာဘဲ ငါ့ကို ချောင်းတိုက်လောက်တယ်၊ ဒါမှ ငါ့ ကြောနေတာကို ဖျက်ဆီးနိုင်မှာလေ"
ရဲ့လင်းချန်က ချန်နယ်အတွင်း၌ ရှင်းပြနေ၏။
"တစ်ဖက်အသင်းက မြေပုံကနေ ပျောက်သွားပြီ၊ ကြည့်ရတာ ဝိညာဉ်ခွင်းက ငါ့ဆီ လာနေတဲ့ပုံပဲ"
တစ်ဖက်အသင်း၏ ဖယ်ရီနဂါးက အရိပ်ထဲမှ ကလိမ်ကျစွာ ထွက်လာပြီး ပေါ်လာသည်နှင့် မန္တန် ထုတ်ဖော် လေသည်။
အိပ်မက်ကွိုင်: ရန်သူပေါ် တွယ်ကပ်နိုင်သော အငွေ့ပြန်လွယ်သည့် မှော်အခွေလိုက်ကို ဖန်တီးနိုင်ပြီး သုညဒဿ မငါးစက္ကန့် မှင်တက်စေကာ ထိခိုက်မှုရှအောင် လုပ်နိုင်၊ အကယ်၍ ခပ်ဝေးဝေးသို့ ရွှေ့သွားပါးက ဆတ်ခနဲ လှမ်းရိုက်၍ ထပ်မံ၍ အဆနှစ်ရာ ထိခိုက်အောင် လုပ်နိုင်။
မကြာခင်မှာပင် ဝိညာဉ်ခွင်းက ရဲ့လင်းချန်ထံသို့ ပြင်းထန်သော အရှိန်အဝါဖြင့် ပြေးဝင်လာ၏။ သူ အံ့အားသင့် သွားရသည်။
ထို့နောက် ဖယ်ရီနဂါးက အပျော့စား အက်ကွဲခြင်းအပြင် အရိပ်စက်ဝန်းကိုပါ ထုတ်သုံးလာသည်။ ဤဟီးရိုး နှစ်ကောင် ပေါ်လာခြင်းကြောင့် ရှဲဒိုးဖီးန်၏ သွေးတန်းတစ်ဝက်မျှ ထိခိုက်သွားသည်။ ရှဲဒိုးဖီးန်သည် သေရေးရှင်ရေး အခြေအနေသို့ ရောက်နေလေသည်။
"ကိုးလ်၊ အချိန်ကျပြီ"
ရဲ့လင်းချန်က အသံဖွင့်၍ ပြောလိုက်သည်။ သို့သော် တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေပြီး ဘာမှမကြားရပေ။ ထိုအခိုက်တွင် ကိုးလ်က သူမ၏ ဟီးရိုးကို ထိန်းချုပ်၍ ရဲ့လင်းချန်အား တစ်ချက်ပင် ငဲ့မကြည့်ဘဲ နောက်ဆုတ် သွားသည်။
"ဟားဟားဟား... သူ ငါ့ကို ဆိုးဆိုးရွားရွား ထောင်ချောက်ဆင်ခဲ့တာတောင် သူက ငါ့ကို လာကယ်စေ ချင်သေးတာလား၊ သူ့ကိုယ်သူ ငါ့ကို ဒီလောက်ထိ ရန်စလို့ ရမယ်များ မှတ်နေတာလား"
ကိုးလ်က သူမကိုယ်သူမ ဂုဏ်ယူနေဟန်ဖြင့် ပြောနေ၏။
"သူက ကံဆိုးမှုကို လိုက်ရှာနေမှတော့ ငါက ဘာလို့ လိုက်အဖော်လုပ်ပေးရမှာလဲ"
(ကိုးလ်၊ မင်း တော်တော်ဆိုးတာပဲ၊ ဒါပေမဲ့ ငါ သဘောကျတယ်)
(ပွဲကောင်းပဲဟေ့၊ ဝိုင်နတ်ဘုရားရဲ့ စိတ်ထဲမှာ ဘယ်လောက် စိတ်ဒဏ်ရာရသွားမလဲ အားလုံး တွက်ကြည့်ကြဦး)
(အဖွဲ့သားအချင်းချင်း အဲ့လိုလုပ်ရင် ငါ ရွံရှာပင်မယ့် အခုတော့ ငါ မှန်တယ်ထင်ပြီး ပြုံးနေမိတယ်)
"အခု ငါတို့ ဝိုင်နတ်ဘုရားရဲ့ နတ်ဘုရားပုံစံကနေ ဖယ်ထုတ်ခံရမယ့် အသံကို စောင့်ကြတာပေါ့၊ သာယာတဲ့ အသံလေး ဖြစ်မှာ သေချာတယ်)
...
"နှစ်ကြိမ်ဆက်တိုက် သတ်ဖြတ်ခြင်း"
"Holy Shit"
"ဝိုင်နတ်ဘုရားက နတ်ဘုရားလို တစ်ခြားသူတွေကို သတ်နေပါပြီ"
"သုံးကြိမ်ဆက်တိုက် သတ်ဖြတ်ခြင်း"
"အလွန်အကျွံ သတ်ဖြတ်ခြင်း"
"Holy Shit"
"Rampage"
"Holy Shit"
ဂိမ်းတစ်ခုလုံး၌ အသံများ ဆူညံပွက်လောရိုက်နေ၏။ ကိုးလ်၏ ချန်နယ်၌ သုသာန်အလား ချက်ချင်း တိတ်ဆိတ်သွားလေသည်။
(ဘာ ... ဒါ တကယ်ကြီးလား၊ တစ်ယောက်တည်းက ငါးယောက်ကို အပြတ်တိုက်ပြီး ရှင်းနေတာလား)
(အဲ့လူတွေက ဟန်လုပ်နေတာ၊ ပြိုင်ဘက်အသင်းက ဟန်လုပ်နေတဲ့လူ မဟုတ်ရင် ငါ ချီးပဲစားမယ်ကွာ)
(ယီးပဲဟေ့၊ ယီး ... ယီး၊ ငါ အခုလေးတင် ဝိုင်နတ်ဘုရားရဲ့ ချန်နယ်က ပြန်လာတာ၊ အပေါ်ကလူတော့ တကယ် ချီးစားရတော့မှာ)
(မင်းတို့အားလုံး ခုနက မမြင်လိုက်ဘူးလား၊ ဝိုင်နတ်ဘုရားရဲ့ ထိန်းချုပ်ပုံက ထိပ်တန်းဆယ်ယောက်ထဲ ပါလာလိမ့်မယ်လို့ ငါ အာမခံရဲတယ်ကွာ၊ သောက်ရမ်း လန်းတာကွ)
...
ရဲ့လင်းချန်၏ ချန်နယ်၌ ဆူညံပွက်လောရိုက်နေ၏။
(လခွမ်း ငါ့မျက်လုံးတွေ ကန်းသွားသလိုပဲ)
(ငါ့အမေက ငါ ဘာလို့ ကြည့်နေရင်းနဲ့ ဒူးထောက်နေတာလဲလို့ မေးနေတယ်၊ ငါ အမေ့ကို လန့်လွန်းလို့ သေးပါ ထွက်ကျတယ်လို့ ပြောလိုက်မိတာ)
(ဟန်လုပ်နေတာ ဟုတ်လို့လား)
...
ကိုးလ်သည် လှည့်စားမခံချင်သဖြင့် ရဲ့လင်းချန်၏ ချန်နယ်သို့ ပြောင်းကြည့်လိုက်သည်။ ရဲ့လင်းချန် အဝိုင်းခံထားရချိန်၌ သူမ လှည့်ပြန်လာခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ရှဲဒိုးဖီးန်၌ သွေးတစ်ဝက်သာ ကျန်တော့သည်။ သလင်းကျောက် အပျိုစင်က အမှောင်ထဲ ပုန်းနေရာမှ ထွက်လာပြီး ရှဲဒိုးဖီးန်ထံသို့ နှင်းကိုက်နာ မန္တန် ပစ်လွှတ်လိုက်သည်။ ခွန်းဂါသည်လည်း တစ္ဆေသင်္ဘော နှစ်စင်းကို ဆင့်ခေါ်၍ တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ တစ္ဆေခွင်းကလည်း သူ့စွမ်းရည်ကို ထုတ်၍ ရှဲဒိုးဖီးန်အနောက်မှ ထွက်လာသည်။
ဤအခြေအနေ၌ မည်သူမှ အသက်မရှင်နိုင်ကြောင်း သေချာပေသည်။ သို့သော် ထိုသေရေးရှင်ရေး အခြေအနေ၌ ရှဲဒိုးဖီးန်က အီးယူလ်၏ နတ်တောင်ဝှေးကိုသုံး၍ ရှောင်တိမ်းလိုက်သည်။
အနက်ရောင် ရှဲဒိုးဖီးန်က လေပေါ် မြောက်တက်သွားပြီး ခွန်းဂါ၏ တစ္ဆေသင်္ဘော နှစ်စင်းကို ရှောင်လိုက်နိုင်သည်။ မြေကြီးပေါ် ပြန်ကျလာသည်နှင့် ဝိညာဉ်ခွင်းကို ချက်ချင်း တိုက်ခိုက်လေသည်။
ပြိုင်ဘက်အသင်းမှ ဟီးရိုးငါးကောင်သည် သူတို့၏ မန္တန်များကို သုံးပြီးသဖြင့် ပြန်သုံးနိုင်ရန် စောင့်နေဆဲ ဖြစ်သည်။ သူတို့သည် ရှဲဒိုးဖီးန် ထိခိုက်အောင် ထပ်မတိုက်နိုင်သေးသော်လည်း ဘာမှမလုပ်ဘဲ ဆက်ဝိုင်း ထားကြသည်။
တစ်ဖက်တွင်မူ ရှဲဒိုးဖီးန်က အဝိုင်းခံနေရစဉ်အတွင်း လက်ကိုမြှောက်၍ ဝိညာဉ်ဆုတောင်းကို ထုတ်ဖော်လိုက်သည်။
ရှဲဒိုးဖီးန်၏ ကြည့်ကောင်းလှသော ပုံရိပ်က အပေါ်မြောက်တက်သွားပြီးနောက် ခေါင်းကိုမော့၍ အမှောင်သခင်ကို ဆင့်ခေါ်နေသကဲ့သို့ ဟစ်ကြွေးလိုက်သည်။
ဝိညာဉ်ဆုတောင်း: ရှဲဒိုးဖီးန်က ဖမ်းထားသော ဝိညာဉ်များကို နတ်ဆိုးစွမ်းအင်သဖွယ် ထုတ်လွှတ်ခြင်း၊ ရှဲဒိုးဖီးန်အနား၌ ရှိနေသော ဟီးရိုးများသည် ဝိညာဉ်များ ထွက်လာသည်နှင့် ၎င်းတို့၏ လှုပ်ရှားမှု အရှိန်နှင့် တိုက်ခိုက်မှု အရှိန်များ လျော့နည်းထိခိုက်သွားရ။
ရှဲဒိုးဖီးန်၏ ကိုယ်ထဲမှ ဝိညာဉ်များစွာ ထွက်လာပြီး ပြင်းထန်သော အဖျက်စွမ်းအင်က ဖန်သားပြင်အနှံ့ ပျံ့လွင့် သွားသည်။ အားလုံး၏ အမြင်ကို လှုပ်ကိုင်သွားစေသည့် ပြောင်းလဲသွားသော အခြေအနေက နှစ်စက္ကန့်အတွင်း ဖြစ်သွားခြင်း ဖြစ်သည်။
သလင်းကျောက် အပျိုစင်နှင့် ဖယ်ရီနဂါးတို့ ချက်ချင်း သေသွားသည်။ တစ်ဖက်မှ ခွန်းဂါ၊ ဝိညာဉ်ခွင်းနှင့် တစ္ဆေတို့တွင် သွေးသိပ်မကျန်တောချေ။ ရှဲဒိုးဖီးန်မှာမူ ထောင်ချောက်အတွင်း ပကတိအတိုင်း ရှိနေ၏။
ထိုစဉ် ရှဲဒိုးဖီးန်က လျှပ်တစ်ပြက် ဓားမြောင်အား တည်ငြိမ်စွာ ထုတ်သုံးလာသည်။ သူ၏ ပုံရိပ်က အခြားတစ်ဖက်၌ ချက်ချင်း ပေါ်လာသည်။ မကြာခင်မှာပင် သူက နောက်လှည့်၍ အရိပ်ဖြိုမန္တန်ကို သုံးကြိမ် သုံးလိုက်သည်။ သူသည် ထက်မြက်၍ ထိန်းချုပ်မရနိုင်ဘဲ လွှမ်းမိုးလွန်းလှသည်။
မြင်ကွင်းက ထိတ်လန့်စရာ ကောင်းလှသည်။ သူ၏ ကစားပုံကြောင့် ကြည့်နေသူများအားလုံး အချိန်အတော်ကြာ မှင်တက်နေသည်။
"လတ်စသက်တော့ ရှဲဒိုးဖီးန်ကို ဒီလိုလည်း သုံးလို့ရတာကိုး"
ကိုးလ် မရည်ရွယ်ဘဲ ထုတ်ပြောလိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူမ ဝိုင်နတ်ဘုရားအကြောင်း သိချင် လာမိသည်။
ကျွမ်းကျင်သော ထုတ်လွှင့်သူတစ်ယောက် ဖြစ်သောကြောင့် သူမသည် ဂိမ်းအတွင်း၌ မြင့်မားသော ဆုကြေးများ ရလေ့ ရှိသည်။ ထို့အပြင် သူမသည် ကျွမ်းကျင်းသော ကစားသမားများစွာနှင့်လည်း သိကျွမ်း၏။ သို့ရာတွင် ရှဲဒိုးဖီးန်အား ဤပုံစံဖြင့် ကစားသောလူမျိုးကို သူမ တစ်ခါမှ မမြင်ဖူးချေ။
ပစ္စည်းများကို အသုံးပြုပုံနှင့် ထိန်းချုပ်ပုံတို့တွင် ရဲ့လင်းချန်က ကျွမ်းကျင်၍ ဝင့်ကြွားလွန်းသော ကစားသမား ဖြစ်သည်မှာ အသေအချာပင်။
(မိုက်တယ်၊ မိုက်တယ်၊ မိုက်တယ်ဟ)
(ကိုးလ်က ကမ္ဘာ့ အတော်ဆုံး ပရိုကစားသမားနဲ့ တွေ့တာထင်တယ်၊ ငါ သူ့ကို အားကျလာပြီ)
(ငါ နတ်သမီးကို အင်တာဗျူးလေး လုပ်ချင်လာပြီ၊ ဘာမှမလုပ်ဘဲ အတူတူ နိုင်ပွဲရတာ ဘယ်လိုခံစားရလဲလို့လေ)

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now