Chapter 18

1.1K 126 1
                                    

ကျုပ်က ပါရမီရှင်
I am a prodigy
Author Rugao Under The Bridge
ဘာသာပြန် Han Shin

Chapter 18 စာမေးပွဲအမှတ် စစ်ဆေးခြင်း

“ယွင်ရှီ”
ချူဟောင်က အေးအေးဆေးဆေး လျှောက်လာပြီး ကျန်းယွင်ရှီ၏ ဘေး၌ ဝင်ထိုင်လိုက်သည်။ အခြားစားပွဲနှစ်ဝိုင်း၌ ထိုင်နေသော ကျန်ကျောင်းသားများကလည်း သူတို့နှင့် လာထိုင်လေသည်။
“ချူဟောင် နင် ဘာလို့ ဒီမှာ လာထိုင်တာလဲ”
ကျန်းယွင်ရှီ ပြန်မေးလိုက်သည်။
“ငါတို့အားလုံးက အတန်းဖော်တွေလေ၊ မင်းက ဒီမှာ သူငယ်ချင်းတစ်ယောက်နဲ့ ထိုင်နေမှတော့ ငါတို့ အချင်းချင်း ရင်းနှီးသင့်တာပေါ့”
ချူဟောင်က ဟက်ခနဲ ရယ်၍ ရဲ့လင်းချန်ကို ကြည့်ကာ မေးလေသည်။
“ဒါက …”
“သူ့နာမည်က ရဲ့လင်းချန်၊ ငါ့သူငယ်ချင်းတစ်ယောက်”
ကျန်းယွင်ရှီက မိတ်ဆက်ပေးလိုက်သည်။
“မင်းသူငယ်ချင်းကို သိပ်မရင်းနှီးဘူး၊ သူက ငါတို့ နံပါတ်တစ် အထက်တန်းကျောင်းက မဟုတ်ဘူးမလား”
ချူဟောင် မေးခွန်းထုတ်လေသည်။
“ငါက နံပါတ်သုံး အထက်တန်းကျောင်းက”
ရဲ့လင်းချန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“လက်စသက်တော့ မင်းက နံပါတ်သုံး အထက်တန်းကျောင်းက အမှတ်ကောင်းရတဲ့လူကိုး၊ မင်းကို မသိတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါ”
ချူဟောင်က အမှတ်ကောင်းဟူသော စကားကို ဖိပြော၍ ဆက်ပြောလေသည်။
“နံပါတ်သုံး အထက်တန်းကျောင်းက ကျောင်းသားပေါင်းစုံနဲ့ တော်တော်လေး ဆူညံပျက်စီးနေတယ်လို့ ငါ ကြားဖူးတယ်၊ ငါ ရူကောင်းမြို့မှာ နှစ်တွေ အများကြီး နေလာခဲ့ပင်မယ့် ငါ အဲ့ကို တစ်ခါမှ မရောက်ဘူးသေးဘူး၊ ငါ စိတ်မကောင်းပါဘူး”
“အဲ့ဒါက ပျက်စီးနေတဲ့ နေရာပဲ၊ နံပါတ်သုံး အထက်တန်းကျောင်းသား တစ်ဝက်လောက်က လူမိုက်တွေလို့ ငါ ကြားဖူးတယ်”
တစ်စုံတစ်ယောက်က စကားဝိုင်းထဲသို့ ဝင်ပြောလေသည်။ ရဲ့လင်းချန် နှုတ်ခမ်းမဲ့သွားသော်လည်း စကားဝိုင်း၌ ဝင်မပြောလိုက်ပါ။ ယခုရောက်လာသူများက ဖော်ရွေစိတ် ရှိပုံမရပေ။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျင် နံပါတ်သုံး အထက်တန်းကျောင်းသည် အပျင်းထူသော ကျောင်းသားများနှင့် ပြည့်နေပြီး ကျောင်းစွမ်းဆောင်ရည် ညံ့ဖျင်းလှသည်။ ဤကျောင်းမှ ကျောင်းသားများသည် ပညာရေးအား စွန့်လွှတ်ထားသူများဟု ဆိုရပေမည်။ ထိုကျောင်းမှ ကျောင်းသားအများစုသည် အထက်တန်းကျောင်း မအောင်မချင်း ခိုကပ်တတ်သူများ ဖြစ်ကြသည်။
“ယွင်ရှီနဲ့ငါက နန်ကင်း တက္ကသိုလ်ကို လျှောက်မလို့၊ မင်းရော ဘယ်တက္ကသိုလ်ကို လျှောက်မှာလဲ”
ချုဟောင် မေးလိုက်သည်။
“အချိန်ကျတော့မှပဲ ငါ့အတွက် ဘယ်တက္ကသိုလ်က သင့်တော်လဲ ကြည့်ရမှာပေါ့”
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြန်ဖြေလေသည်။
“ဟီးဟီး … မင်းရဲ့ စာမေးပွဲရလဒ်ကို မင်း တော်တော် ယုံကြည်ချက် ရှိတယ်နဲ့တူတယ်”
ချူဟောင်က ရဲ့လင်းချန်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပုံကြောင့် ရယ်ချင်သွားသည်။ အဘယ်ကြောင့်ဆိုသော် ရဲ့လင်းချန်က သူ ကြိုက်သော တက္ကသိုလ်ကို စိတ်ကြိုက် ရွေးနိုင်သည်ဟု ထင်မှတ်နေသည့်ပုံပင်။ ချူဟောင်သည် ထေ့ငေါ့မပြောဘဲ မနေနိုင်တော့ချေ။
“မင်းက ပုံမှန်နေ့တွေမှာ စာတော်တော်လေး လုပ်တဲ့ပုံပဲ၊ အဲ့ဒါကြောင့် တော်တော်လေး ယုံကြည်ချက် ရှိနေတာ”
“ငါ့ဖင်ကြီးကိုပဲ စာတော်တော်လေးလုပ်၊ သူက နံပါတ်သုံး အထက်တန်းကျောင်းမှာ နာမည်ကြီးကျောင်းသားလို့ သတ်မှတ်ခံရမယ့်အစား စာမေးပွဲတိုင်းမှာ ဘိတ်ချေးရတာကွ”
ဟူကျီက ရှေ့တိုးလာပြီး ပြောလိုက်သည်။
“ပြီးတော့ ငါက သူနဲ့ စာမေးပွဲခန်းမ တစ်ခုတည်းမှာပဲ ဖြေခဲ့တာ၊ သူက ဘယ်ဘာသာရပ်ကိုမဆို နာရီဝက်ထက် ပိုပြီး မဖြေဘူးကွ၊ သူ ဘယ်လိုလုပ် စာမေးပွဲမှာ အမှတ်ကောင်းမှာလဲ”
လူတိုင်း ရဲ့လင်းချန်ကို အထင်သေးသလို ကြည့်လိုက်ကြပြီးနောက် သူကလည်း ဒါကို ငြင်းချင်စိတ် မရှိသည်ကို သတိထားမိသွားသည်။
သူ မေးခွန်းကို ဘယ်လိုဖြေရမလဲ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူ စာမေးပွဲအချိန် ကုန်ခါနီးအထိ စောင့်သင့် ပေသည်။ ရဲ့လင်းချန်က အလေးအနက်မထားဘဲ သူ့ကိုယ်သူ လက်လျှော့ထားကြောင်း သိသာလှ၏။
ဤသို့ဖြစ်နေသည့်တိုင်အောင် ရဲ့လင်းချန်က တည်တည်ငြိမ်ငြိမ် နေရဲဆဲပင်။ သူက လုံးဝ ရှက်ရွံ့ခြင်း မရှိသော်လည်း ကျန်းယွင်ရှီမှာမူ အနေရခက်ကာ ရှက်နေလေသည်။
“ဟားဟားဟား … အထင်ကြီးစရာပဲ၊ လေးစားပါတယ်၊ ငါ့ဆန္ဒက အဆင့်တစ် တက္ကသိုလ်ဝင်နိုင်ဖို့အတွက် အမှတ်ကောင်းကောင်း ရဖို့ပဲ၊ အစ်ကိုရဲ့ကလည်း ပါရမီရှိတဲ့လူလို့ သတ်မှတ်ရမှာပေါ့”
ချူဟောင်က ကျယ်လောင်စွာ ရယ်မောလေသည်။ သူက ကြင်နာတတ်သော အမူအရာဖြင့် ဆက်ပြောလေသည်။
“တကယ်တော့ စာမေးပွဲမှာ အမှတ်ကောင်းတာက သိပ်အဟုတ်ကြီးတော့ မဟုတ်ပါဘူး၊ မင်း တက္ကသိုလ်တစ်ခုခုက လက်မခံတာမျိုး ခံရလည်း အလုပ်ရှာနိုင်ပါသေးတယ်၊ ငါ့ဦးလေးက ကားရုံပိုင်တယ်၊ ငါ မင်းကို သူနဲ့ မိတ်ဆက် ပေးလို့ရတယ်၊ မင်း အဲ့မှာ အလုပ်သင် ဝင်လုပ်လို့ရတယ်၊ အစမ်းခန့် ကာလပြီးသွားရင် မင်း တစ်လ ယွမ်ငါးထောင် ရနိုင်ပါတယ်”
လူတိုင်း ထိတ်လန့်အံ့ဩသွားကြသည်။ ရုတ်ချည်းဆိုသလိုပင် သူတို့ ချူဟောင်ကို မြင်သော အမြင်များ ပြောင်းလဲ သွားသည်။ သူတို့ သူ့ကို မျက်နှာလုပ်၍ မိတ်ဆွေဖြစ်ချင်သော စိတ်များ ဖြစ်လာကြသည်။ ဤတစ်ရွာလုံးမှ လူအနည်းစုပင် တစ်လ ယွမ်ငါးထောင် ရှာနိုင်လေသည်။
ထို့အပြင် ထိုမျှရနိုင်ရန် သူတို့ တစ်နှစ်ပတ်လုံး နေရာစုံ အလုပ်လုပ်ရန် လိုအပ်သေးသည်။ ချူဟောင်၏ ကမ်းလှမ်းမှုက ကောင်းကင်ဘုံမှ ကျလာသော နေ့လယ်စာကဲ့သို့ ဆွဲဆောင်မှု ရှိလှသည်။
မိဘများ၏ သားသမီးကို တက္ကသိုလ်ကို ပို့ချင်သော အကြောင်းပြချက်က ဘာနည်း။ သူတို့၏ ကလေးများကို ပိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အရေးများ ပံ့ပိုးပေးနိုင်ရန် မဟုတ်ပါလော။
ဤမျှ အကျိုးရှိသော ကမ်းလှမ်းမှုမျိုး ရသော်လည်း ရဲ့လင်းချန်၏ အမူအရာက မပြောင်းလဲပေ။ သူက အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ရပါတယ်”
“အစ်ကိုရဲ့ မင်းက မာနကြီးတဲ့လူဆိုတာကို ငါ နားလည်ပါတယ်၊ ဒါ ငါ့ဦးလေးရဲ့ လုပ်ငန်းကဒ်၊ မင်း အသိဝင်လာရင် သူ့ကို ဆက်သွယ်လိုက်ပေါ့”
ချူဟောင်က သူ့ကို လုပ်ငန်းကဒ်တစ်ခု ပေးလေသည်။
“ငါ့ဦးလေးရဲ့ ကားဂိုထောင်က ကြီးတယ်၊ သူပေးမယ့်လစာက မင်းကို မဆွဲဆောင်နိုင်လို့လား၊ ဘွဲ့မရသေးတဲ့ တက္ကသိုလ်ကျောင်းသားတွေတောင် အထက်တန်းအောင်ပြီးတာနဲ့ သူ့ဆီမှာ အလုပ်လာရှာကြတာ”
ရဲ့လင်းချန်က ကဒ်ကို လှမ်းယူရန် လက်ကို မဆန့်လိုက်ပေ။ သို့သော် သူ့အနောက်မှ တစ်စုံတစ်ယောက်က လက်ဆန့်၍ လုပ်ငန်းကဒ်ကို ခပ်သွက်သွက် လှမ်းယူလေသည်။ ထိုလက်ပိုင်ရှင်မှာ ကြံ့ခိုင်သန်မာသော လူငယ် တစ်ယောက်ကို ခေါ်လာသည့် အမျိုးသမီးတစ်ဦးပင်။ သူမက လုပ်ငန်းကဒ်ကို ယူပြီးသည်နှင့် ပြုံးပြလာ၏။
“သူဌေး ဒါ ကျွန်မသား တနျိုပါ၊ သူက နံပါတ်သုံး အထက်တန်းကျောင်းကလေ ပြီးတော့ သူက ကြိုးစားတဲ့ လူတစ်ယောက်ပါ၊ သူ့အတွက် နည်းနည်းပါးပါး စီစဉ်ပေးလို့ ရလို့ရှိရင် ကူညီပေးပါဦး”
ချူဟောင်က ဂုဏ်ယူဟန်ဖြင့် ရဲ့လင်းချန်ကို လှစ်ခနဲ ကြည့်လိုက်သည်။
“တစ်ယောက် ကမ်းလှမ်းတာကို ငြင်းလိုက်မှတော့ ကျွန်တော်တို့ ခင်ဗျားသားကိုပဲ ခေါ်ရမျာပေါ့၊ ယွင်ရှီရဲ့ ရွာက မိတ်ဆွေအားလုံးက ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေပါပဲ၊ ကျွန်တော် သေချာပေါက် အကောင်းဆုံး ကြိုးစားပြီး ကူညီသွားမှာပါ”
“ကျေးဇူးတင်ပါတယ် သူဌေး၊ ကျေးဇူးတင်ပါတယ် သူဌေး”
ထိုအမျိုးသမီးက ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ တောက်ပစွာ ပြုံးလေသည်။ ထို့နောက် သူမက ရှုကျန်းကို ပြောလာသည်။
“အစ်မကျန်း ဒီလို အဖိုးတန်တဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပေးတဲ့ ရှင့်သားရဲ့ စိတ်စေတနာကို ကျေးဇူးတင်ပါတယ်၊ အဲ့ဒါကြောင့်ပဲ ကျွန်မ ရသွားတာ”
ရှုကျန်း မချိပြုံး ပြုံးလိုက်သည်။ ခဏကြာသော် ဧည့်ခံပွဲ စတင်လေသည်။ သို့သော် ချူဟောင်က စကားဝိုင်း၏ အခရာ ခေါင်းစဉ် ဖြစ်နေလေသည်။ လူတိုင်းက သူ့အကြောင်းကို သီးသန့် ဆွေးနွေးနေကြသည်။ သူတို့၏ ကလေးများကို သူနှင့် ရင်းနှီးစေချင်နေကြသည်။
“တနျို သူဌေးကို သွားပြီး ငှဲ့ပေးလိုက်လေ”
အမျိုးသမီးက သူမသားကို ပြောလိုက်သည်။
“အခုကစပြီး သူ့နေရာမှာ အလုပ်ကောင်းကောင်းလုပ် ဟုတ်ပြီလား”
“ကျွန်တော်တို့အားလုံးက မိတ်ဆွေတွေပါပဲ ရပါတယ်ဗျာ”
ချူဟောင်က ရယ်၍ ပြောလိုက်သည်။
ကျန်းယွင်ရှီ၏ အမေက သူမအင်္ကျီစကို ဆောင့်ဆွဲ၍ အသာပြောလာသည်။
“ယွင်ရှီ အခုကစပြီး ရဲ့လင်းချန်နဲ့ ခပ်ကင်းကင်း နေစမ်း၊ နံပါတ်သုံး အထက်တန်းကျောင်းက အပေအတေ တစ်ယောက်က ဘဝမှာ ဘာများလုပ်နိုင်လို့လဲ၊ ချူဟောင်က အတော်လေး အထင်ကြီးစရာကောင်းတယ်လို့ အမေ ထင်တယ်၊ သူက အတော်လေး အားကိုးရတဲ့ ကြည့်ကောင်းတဲ့ လူငယ်လေးပဲ၊ သူက အသက်ငယ်ငယ်လေးနဲ့ တော်တော် အောင်မြင်နေပြီ”
“အမေ လင်းချန်က အပေအတေ မဟုတ်ဘူး၊ သူ သမီးကို ခဏခဏ ကူညီထားတာ”
ကျန်းယွင်ရှီ မနေနိုင်ဘဲ ပြန်ပြောလိုက်မိသည်။
“နင့်လို မိန်းမငယ်လေးက ဘာသိလို့လဲ၊ သူက တော်တော် အရှက်မဲ့တာ၊ သူက အပေအတေ မဟုတ်တောင် လူကောင်း မဟုတ်နိုင်ဘူး၊ နင် ခပ်ဝေးဝေးနေတာ အကောင်းဆုံးပဲ ဟုတ်ပြီလား”

မိခင်ဖြစ်သူ ရှုကျန်း စားချင်စိတ်မရှိသည်ကို ရဲ့လင်းချန် သတိထားမိသည်။ သူက တူကို ကိုင်၍ ဟင်းမယ်တစ်ချို့ကို မိခင်ဖြစ်သူအတွက် ထည့်ပေးလိုက်သည်။
“အမေ နည်းနည်း စားပါဦး”
“သား စားလေ၊ အမေ မဆာလို့”
ရှုကျန်း စားချင်စိတ် မရှိမှန်း သိသာလှသည်။ သူမက တူကိုပင် မကိုင်ချေ။ သူမပုံစံက ဖြစ်နိုင်လျင် မြန်မြန် ထွက်သွားချင်နေပုံ ရသည်။
“အမေ ကျွန်တော် ဒီတက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ အမှတ်ကောင်းကောင်း ရလာမှာ၊ စိတ်မပူပါနဲ့”
ရဲ့လင်းချန်က သူ့မိခင်ကို အာမခံစကား ပြောလိုက်သည်။ သို့သော် ရှုကျန်းက သူ့ကို မယုံသည့်ပုံပင်။ ရဲ့လင်းချန်၏ ကျောင်းတွင်း စွမ်းဆောင်ရည်ကို အခြားသူများထက် သူမ အသိဆုံးပင်။
“အမေ ဒီမှာကြည့်”
သူ့အာမခံစကားက မထိရောက်သည်ကို သတိထားမိပြီး ရဲ့လင်းချန်က ဖုန်းထုတ်၍ Wechat ကို ဖွင့်ပြလိုက်သည်။ သူက ဖန်သားပြင်မှ ယွမ်သုံးသောင်းကို လက်ညှိုးထိုးကာ ပြောပြလေသည်။
“ဒါ ကျွန်တော် အခုတလော ရှာထားတဲ့ ပိုက်ဆံ”
ထိုပိုက်ဆံသည် ရှောင်ဖေးဖေးကို နှိပ်ပေးခြင်းမှ ရလာသော ပိုက်ဆံ ဖြစ်သည်။ သူမ၏ ဆွဲဆောင်မှု ရှိသောပုံစံကြောင့် သူ နှာခေါင်းသွေးယိုမတတ် ဖြစ်မိသော်လည်း ပရော်ဖက်ရှင်နယ်ဆန်စွာဖြင့် သူ့လူနာကို ကြိုးစား၍ ကုသခဲ့သည်။
“မင်း ဒီလောက် ပိုက်ဆံတွေ ဘယ်လိုရတာလဲ”
ရှုကျန်း မသိမသာ အမူအရာပြောင်းသွားပြီး စိုးရိမ်စွာ ပြောလိုက်သည်။
“ကျွန်တော် ရှာထားတာလေ၊ ဒါ ကျွန်တော် ရိုးရိုးသားသား ရှာထားတာပါ၊ အမေ စိတ်ပူစရာ မလိုပါဘူး၊ အမေ့သားက လူကြီး ဖြစ်နေပါပြီ၊ အခုချိန်ကစပြီး ကိုယ့်သာသာကိုယ် ထောက်ပံ့နိုင်ပါတယ်”
ရဲ့လင်းချန်က ရှုကျန်းကို ပြုံးကာ ပြောလေသည်။
“ဟင်း … ဒါမှ အမေ့သား အလိမ္မာလေး”
ရှုကျန်းက ရဲ့လင်းချန်ကို ကြင်နာသော မိခင်မေတ္တာစိတ်အပြည့်ဖြင့် ကြ့့်လာသည်။
“အမေ့အတွက်ပဲ ထည့်ပေးမနေနဲ့ သားလည်း စားဦးလေ”
“ဗွီ ဗွီ ဗွီ”
ထိုစဉ် ချူဟောင်၏ ဖုန်းက ကျယ်လောင်စွာ မြည်လာ၏။
“ဟဲလို အဖေ”
“သား အဖေ လူတစ်ယောက်ကို မင်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရလဒ် ကြည့်ခိုင်းလိုက်ပြီ၊ အဖေ အခု ပြောပြမယ်၊ မင်း လိုက်မှတ်ထား”
“ဟုတ် အဖေ”
“တရုတ်စာ အမှတ် တစ်ရာ့နှစ်ဆယ်၊ သင်္ချာ အမှတ် တစ်ရာ့လေးဆယ်၊ အင်္ဂလိပ်စာ အမှတ် တစ်ရာနှစ်ဆယ့်ငါး၊ သိပ္ပံစွမ်းရည် အမှတ် နှစ်ရာခုနစ်ဆယ့်ငါး၊ မင်း အမှတ်စုစုပေါင်းက ခြောက်ရာ့ခြောက်ဆယ်”
“အင်းအင်း … ဟုတ်ပြီ အဖေ၊ အခု ကျွန်တော် သူငယ်ချင်းတွေနဲ့ ညစာ စားနေလို့ ဖုန်းချလိုက်တော့မယ်နော်”
“ဝိုး … ချူဟောင် မင်း ကောင်းလှချည်လားကွ၊ အမှတ် ခြောက်ရာ့ခြောက်ဆယ်တောင် ရတယ်၊ နန်ကင်း တက္ကသိုလ်က မင်းကို ဘာပြဿနာမှ မလုပ်ဘဲ လက်ခံမှာ သေချာတယ်”
လူတိုင်းက သူ့ကို အားကျသော အကြည့်များဖြင့် ကြည့်လာသည်။
“ငါ အင်္ဂလိပ်စာကို ကောင်းကောင်း မလုပ်မိတာ နှမြောတယ်ကွာ၊ ငါ အခြေခံ သဒ္ဒါ အဖြေမှန် ရွေးခိုင်းတဲ့ မေးခွန်းတွေမှာ အမှား လုပ်ခဲ့မိတယ် မဟုတ်ရင် ငါ ပိုပြီး စိတ်ချရမှာ”
ချူဟောင်က သက်ပြင်းချကာ ပြောလေသည်။
“ဟားဟားဟား ဟန်များနေတာ ရပ်တော့ကွာ၊ နန်ကင်းတက္ကသိုလ်ရဲ့ အမှတ်ဖြတ်တဲ့ ရမှတ်ကာ ခြောက်ရာ့ ငါးဆယ်တည်းကို၊ ဒီနှစ် စာမေးပါဲက တော်တော်လေး ခက်တော့ မင်းအမှတ်က ကောင်းတယ်ကွ”
“ချူဟောင် မင်းအဖေကို ငါ့အမှတ်ကိုလည်း ကြည့်ပေးဖို့ ပြောလို့ရမလား”
တစ်ယောက်ယောက်က စိုးရိမ်တကြီး မေးလာသည်။
“အသေးအဖွဲလေးပါကွာ၊ မင်း ခုံနံပါတ်သာပြော ငါ ဖုန်းဆက်လိုက်မယ်”
ချူဟောင်က အေးအေးလူလူ ပြန်ပြောလိုက်သည်။
“မင်းအဖေက တော်တော် အစွမ်းရှိတာပဲ၊ ငါ့ခုံနံပါတ်က တစ် …”
“ငါရောပဲ”
“ငါ့အတွက်လည်း ကြည့်ပေးပါ”
သူ့အတန်းဖော်များသာမက ရွာထဲမှ လူတစ်ချို့ပါ သူ့အနားသို့ ဝိုင်းလာ၏။
“ဝမ်ဟောင် မင်း အမှတ်ပေါင်းက ခြောက်ရာ့နှစ်ဆယ်၊ မဆိုးဘုး မင်း တော်တော်လေး လုပ်နိုင်တာပဲ”
“ဟန်ယု မင်း အမှတ်ပေါင်းက ခြောက်ရာ၊ မင်း အဆင့်တစ် တက္ကသိုလ်ကို ဝင်နိုင်လောက်တယ်”

ချူဟောင်၏ အကူအညီကို တောင်းခံသူများသည် ယုံကြည်မှုရှိသော ကျောင်းသားများ ဖြစ်ကြလေသည်။ ချက်ချင်းဆိုသလိုပင် အားပေးဂုဏ်ပြုသော အဖြစ်သို့ ပြောင်းလဲလာ၏။
“ယွင်ရှီ ငါ နင့်အမှတ်ကိုရော ကြည့်ပေးရမလား”
ချူဟောင်က ကျန်းယွင်ရှီကို ကြည့်လိုက်သည်။
“အာ … အဲ့လိုလုပ်ဖို့ မလိုဘူး ထင်တာပဲ”
ကျန်းယွင်ရှီ အနည်းငယ် တုံ့ဆိုင်းနေလေသည်။
“ဘာပဲဖြစ်ဖြစ် မနက်ဖြန် အောင်စာရင်း ထွက်မှာပဲကို”
“ဘာဖြစ်လဲ စောစောသိတော့ ပိုစိတ်အေးရတာပေါ့”
ကျန်းယွင်ရှီ၏ အမေက အဆောတလျင် ပြောလာ၏။
“ငါ့သမီးခုံနံပါတ်က တစ်…”
“တရုတ်စာ အမှတ် တစ်ရာ့သုံးဆယ်၊ သင်္ချာ အမှတ် တစ်ရာနှစ်ဆယ့်ငါး၊ အင်္ဂလိပ်စာ အမှတ် တစ်ရာ့သုံးဆယ်၊ သိပ္ပံစွမ်းရည် အမှတ် နှစ်ရာခြောက်ဆယ့်ကိုး၊ အမှတ်ပေါင်း ခြောက်ရာငါးဆယ့်ကိုး”
“ယွင်ရှီ မင်းအမှတ်နဲ့ဆို နန်ကင်း တက္ကသိုလ်ကို ဝင်နိုင်မှာ သေချာတယ်၊ ငါတို့ အတန်းဖော်တွေ ထပ်ဖြစ်ဦးမှာပဲ”
ချူဟောင် ပြောလိုက်သည်။
“သူက မိန်းကလေးပဲလေ၊ သင်္ချာနဲ့ သိပ္ပံစွမ်းရည်မှာ သူ ကောင်းကောင်း မလုပ်နိုင်ဘူး”
ကျန်းယွင်ရှီ၏ မိခင်က ထိုသို့မပြောဘဲ မနေနိုင်ချေ။
“သင်္ချာမေးခွန်းလွှာက နာမည်ကြီး တက္ကသိုလ်က ပါမောက္ခ ထုတ်တာလေ၊ အဲ့တော့ ခက်တာပေါ့၊ တစ်ရာနှစ်ဆယ့်ငါးမှတ် ရတာတင် တော်တော် အထင်ကြီးစရာ ကောင်းနေပြီ”
ချူဟောင်က ဆက်ပ‌ြောလိုက်သည်။
“ခရိုင်တစ်ခုလုံးမှာ သင်္ချာကို အမှတ်တစ်ရာ့သုံးဆယ်နဲ့အထက် ရတဲ့လူက နှစ်ရာတောင် မပြည့်ဘူးလို့ ကျွန်တော့်အဖေက ပြောတယ်”
“ဝိုး … ချူဟောင် မင်း သင်္ချာအမှတ်က တစ်ရာ့လေးဆယ်လေ၊ မင်းက မယုံနိုင်စရာပဲ”
“ဟုတ်တယ် မင်းက ခရိုင်တစ်ခုလုံးမှာ အမှတ်အများဆုံးလို့ ငါ လောင်းရဲတယ်၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ”
ချူဟောင် ပြုံးလေသည်။
“တကယ်တော့ သင်္ချာဆိုတာ မတူတဲ့ ပုံစံတွေရဲ့ ပြောင်းလဲမှုပဲ၊ ပုံမှန်နေ့တွေမှာ ဗဟုသုတ တိုးလာအောင် ဖော်မြူလာတွေနဲ့ ပုံစံမျိုးစံကို ရင်းနှီးအောင် လေ့ကျင့်ထားဖို့ပဲ လိုတယ်၊ အဲ့ဒါဆို အမှတ် တစ်ရာ့လေးဆယ်ရဖို့ မခက်ပါဘူး”
ရဲ့လင်းချန်က အရေးမစိုက်သည့်အတွက် သူ မကျေမနပ် ဖြစ်နေ၏။ သူ ဆက်ပြောလိုက်သည်။
“ငါ့အမှတ်နဲ့ယှဉ်ရင် အစ်ကိုရဲ့ အမှတ်က ပိုအထင်ကြီးစရာကောင်းမယ်လို့ ငါ ထင်တယ်၊ သူ အင်္ဂလိပ်စာ စာမေးပွဲမှာ ဘဲဥပဲ ရဝယ်လို့ ငါ ကြားဖူးတယ်၊ အဖြေမှန် ရွေးရတဲ့ မေးခွန်းတစ်ရာလုံးကို တစ်မှတ်မှမရအောင် ရွေးနိုင်တာက တကယ့် ဆရာရဲ့ ပညာပဲလေ”
“အစ်ကိုယဲ့ ကျုပ် နည်းလမ်းလေးတစ်ခု သင်ပေးမယ်၊ နောက်တစ်ခါ မင်း အဖြေလွှာကို ကြမ်းပြင်ပေါ်ချပြီး ခြေထောက်နဲ့ နှစ်ခါ ဆောင့်နင်းလေ၊ အဖြေမှန် ရွေးဖို့ကို မင်း ခြေရာအတိုင်း ရွေးလိုက်၊ ခင်ဗျား အမှတ်ပို များများ ရချင် ရလာမှာပေါ့”
စော်ကားမှုက ရဲ့လင်းချန်၏ အမူအရာကို နည်းနည်းလေးမှ မပြောင်းလဲသွားစေပါ။ ရဲ့လင်းချန်က အေးဆေးသော အမူအရာဖြင့် ပြောလိုက်သည်။
“အမှတ် တစ်ရာ့လေးဆယ်ရတာ တအား အထင်ကြီးစရာ ကောင်းနေတာလား၊ နောက်ဆုံးမေးခွန်းကို ဗလာ ထားလိုက်ရင်တောင် အဲ့အမှတ်လောက် ရတယ် မဟုတ်လား”
သူ၏ တည်ငြိမ်သော လေသံက အခြားသူများအား သွားနှောင့်ယှက်သလို ဖြစ်သွားလေသည် လူတိုင်း အံ့ဩသွားပြီး အစားအသောက်၌ ခံတွင်းတွေ့နေသော ရဲ့လင်းချန်ကို ငဲ့ကြည့်လာ၏။
“ခုနက စကားကို ပြောလိုက်တာ မင်းလား”
ချူဟောင်က မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
“ငါပဲ”
“ဟား … ဘယ်သူက ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားပြောနေလဲလို့ ငါ တွေးနေတာ၊ မင်းဆီက ထွက်လာတာဆိုတော့ မအံ့ဩတော့ပါဘူးလေ”
ချူဟောင်က အထင်သေးစွာ ပျက်ရယ်ပြုလေသည်။
“မောက်မာတဲ့လူကပဲ ဒါကို လွယ်ကူတဲ့ကိစ္စလို့ တွေးမှာ”
“ချူဟောင် မင်း ဘာလို့ သူလိုလူနဲ့ သွားငြင်းနေတာလဲ၊ သူ အရင်က သင်္ချာကို အမှတ်ငါးဆယ်တောင် မရဖူးဘူးလို့ ငါ ထင်တယ်”
ဟူကျီက ဝင်ထေ့ငေါ့လာ၏။
ကျန်းယွင်ရှိ၏ အမေက ဘေးနားမှ ကျန်းယွင်ရှီကို လက်ကုပ်ပြန်သည်။
“ယွင်ရှီ နင် မြင်ပြီမလား၊ ရဲ့လင်းချန်က သူ တွေးနိုင်တာက စကားကို အဆောတလျင် ပြောလွန်းတဲ့ ကောင်လေးပဲ၊ ချူဟောင်က သူ့ကို အလုပ်ရဖို့ ကူညီတာတောင် သူက ဆက်တိုက် ချူဟောင်ကို ကန့်လန့်တိုက်နေတယ်၊ သူက ဗီဇ မကောင်းဘူး၊ နင် မကြာခင် တက္ကသိုလ် သွားတက်ရမှာမို့လို့ တော်သေးတယ်၊ အခုကစပြီး သူ့လိုလူမျိုးနဲ့ အဆက်အသွယ် မလုပ်နဲ့ ဟုတ်ပြီလား”
တစ်ဖက်တွင်လည်း ရှုကျန်းဘေး၌ ထိုင်နေသော အမျိုးသမီးကလည်း ခေါင်းခါ၍ ပြောလာသည်။
“အစ်မကျန်း ရှင့်သားက တစ်ကိုယ်ကောင်းသမားပဲ၊ သူ ကျောင်းမှာ စာကောင်းကောင်း မလုပ်တာ ထားပါတော့၊ လူတစ်ယောက်က လူ့အဖွဲ့အစည်းထဲ ခြေချတော့မယ်ဆို စိတ်ကောင်းရှိဖို့ လိုတယ်လေ၊ သူ့ရှေ့က ကောင်လေးက စိတ်ထားမြင့်မြတ်တာတောင် သူက ရန်စနေတယ်၊ ကျွန်မတော့ သူ့အနာဂတ်ကို စိတ်ပူလိုက်တာ”
ရွာသားများက မကျေနပ်ဟန်ဖြင့် ခေါင်းခါလေသည်။ ရဲ့ကျင်းက လူ့အသက်ကို ကယ်သော ဆရာဝန်ဖြစ်ပြီး တစ်ရွာလုံး၌ ဩဇာအနည်းငယ်ရှိသောလူဟု သတ်မှတ်နိုင်သည်။ သူ့သားက သူ့ခြေရာမနင်းနိုင်သည့်အတွက် သုံးစားမရပေ။
*သူ သားတစ်ယောက်ကို ဘယ်လို ပျိုးထောင်လာတာလဲ၊ သူ့သားက နောင်ဆို မိသားစုကို ပိုအရှက်ရအောင် လုပ်နိုင်လောက်တယ်*
“ချူဟောင် ရဲ့လင်းချန်က ဒီလို ရဲတင်းတဲ့စကားမျိုး ပြောရဲတယ်ဆိုတော့ စာမေးပွဲမှာ တော်တော် ကောင်းကောင်း ဖြေခဲ့တဲ့ပုံပဲ၊ မင်း သူ့အမှတ်ကို ကူကြည့်ပေးလိုက်ပါလား”
ဟူကျီက အကြံပေးလာသည်။
“ကောင်းသားပဲ”
ချူဟောင် ခေါင်းညိတ်လိုက်သည်။
“ရဲ့လင်းချန် မင်းခုံနံပါတ် ငါ့ကိုပြော”
“မင်းကို ဒုက္ခခံခိုင်းစရာ မလိုပါဘူး၊ ငါ မနက်ဖြန် သိရမှာပဲကို”
ရဲ့လင်းချန် ခေါင်းခါလိုက်ပြီးနောက် ပျင်းရိလာ၏။
“အမေ အိမ်ပြန်ရအောင်”
သူ့အပြုအမူက ရွာသားများ၏ အမြင်တွင် သွေးကြောင်ကာ ထွက်ပြေးသည်ဟု ထင်သွားစေသည်။
“ဘာလို့သူက မြန်မြန်သွားချင်နေတာလဲ၊ ငါတို့ ခဏနေရင် သူ့အမှတ်ကို ကြည့်မှာပဲကို”
ဟူကျီက ဟက်ခနဲ ရယ်လိုက်သည်။
“ငါ ရဲ့လင်းချန်ရဲ့ ခုံနံပါတ်ကို စာမေးပွဲခန်းမတုန်းက ဓာတ်ပုံရိုက်ခဲ့တယ်၊ သူက ငါတို့ကို မပြောမှတော့ ငါတို့က သူ့ကို ကူညီပေးရမှာပေါ့”
….

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now