Chapter 28

1.1K 122 1
                                    

ကျုပ်က ပါရမီရှင်
I am a prodigy
Author Rugao Under The Bridge
ဘာသာပြန် Han Shin

Chapter 28 သေမင်းနတ်ဘုရား၏ အပ်ရှစ်ချောင်း

*ဟမ်*
လူတိုင်း မှင်တက်သွားလေသည်။ သူတို့ နောက်လှည့်၍ အသံလာရာသို့ ကြည့်လိုက်သောအခါ အခန်းအပြင်ဘက် မှနေ၍ အောက်ဘက်မြင်ကွင်းကို ရှုစားနေသလို ကြည့်နေသည့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက် ရလေသည်။
“မင်းကလား”
မဟာဆရာသခင်ကျန်း၏ မျက်နှာတွင် မကျေနပ်ဟန်များ ပေါ်လာသည်။
“မင်းက ငါ့ဆေးပညာကို သံသယဝင်နေတာလား”
သူ၏ ဆုံးဖြတ်ချက်ကို ပြောပြပြီးသော်လည်း ရဲ့လင်းချန်၏ စကားက သူ့ကို စော်ကားသလို ဖြစ်နေ၏။
“ခင်ဗျား ဘယ်လိုထင်လဲ လူကြီးမင်းလင်း၊ ကျုပ် သူ့ကို ကုပေးသင့်သလား၊ မကုပေးသင့်သလားဆိုတာကို ခင်ဗျား တစ်ခွန်းပဲ ပြောဖို့ လိုတာ”
ရဲ့လင်းချန်က မဟာဆရာသခင်ကျန်းကို လျစ်လျူရှု၍ ဆက်မေးလိုက်သည်။ လင်းမိသားစုဝင်များအားလုံး ငြိမ်ကျ သွားသည်။ သူတို့၏ စိတ်ထဲတွင် ရဲ့လင်းချန် နောက်နေတာ မဟုတ်ပါစေနဲ့ဟု မျှော်လင့်နေမိသည်။ သို့သော် သူတို့၏ ကျိုးကြောင်းဆင်ခြင်စိတ်က မဖြစ်နိုင်ဟု ပြောနေ၏။
မဟာဆရာသခင်ကျန်းသည် သူ၏ ဆေးပညာနယ်ပယ်၌ ထူးချွန်သူ ဖြစ်သည်။ ရောဂါက နောက်ဆုံးအဆင့်သို့ ရောက်မနေပါက သူ တစ်စုံတစ်ယောက်အပေါ် အသေခံလိုက်သင့်ကြောင်း ပြောမည် မဟုတ်ပါ။
သူတို့အရှေ့မှ ဤလူငယ်လေးသည် အလွန် ငယ်နေသေးသည်။ သူက ဘာများ သိနိုင်ပါမည်နည်း။
“ဟ လေကျယ်လိုက်တဲ့ကောင်ပဲ”
မဟာဆရာသခင်ကျန်းက ဒေါသထွက်သော်လည်း ပြုံးနေသည်။
“အဘိုးလင်းရဲ့ အသက်ရှူလမ်းကြောင်း စနစ်က အဆုတ်ကင်ဆာ ရှိနေတဲ့လူတစ်ချို့ထက်တောင် ဆိုးနေ သေးတယ်၊ မင်းက ဘာများ ကုပေးနိုင်လို့လဲ”
“လောကမှာ ငါအမုန်းဆုံးအရာက ဆေးပညာ ကျွမ်းကျင်သယောင် ဟန်ဆောင်ပြီး သူတို့ကိုယ်ကျိုးအတွက် လုပ်စားတဲ့ လူတွေပဲ”
ရဲ့လင်းချန်က ခေါင်းခါ၍ သက်ပြင်း အသာချလိုက်သည်။
“ခင်ဗျားက တရုတ်တိုင်းရင်းဆေးပညာကို အသုံးပြုတဲ့သူ ဖြစ်နေရင် ကျုပ် ခင်ဗျားကို အကြံတစ်ချို့ ပေးမိဦးမှာ၊ ခင်ဗျားက အနောက်တိုင်း ဆေးပညာကို သုံးတဲ့သူ ဖြစ်နေပြီးတော့ ကိုယ့်အရင်းအမြစ်ကို မေ့နေတာက ရှက်စရာပဲ၊ ကျုပ်တို့ အခြေအနေက မတူညီတော့ ကျုပ် ဆေးပညာကို ခင်ဗျား နားလည်နိုင်မှာလား”
“မင်း … မင်းက ငါ့ကို အကြံပေးမယ် ဟုတ်လား”
မဟာဆရာသခင်ကျန်းက ရဲ့လင်းချန်ကို လက်ညှိုးငေါက်ငေါက်ထိုးနေပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင် နေသည်။ သူ့မျက်နှာတစ်ခုလုံးလည်း မည်းမှောင်နေ၏။
“လူလိမ်ကောင် မင်း အရှက်မဲ့တတ်ကာ အကန့်အသတ်တော့ ရှိသင့်တယ် မဟုတ်ဘူးလား”
လူတိုင်း တစ်ယောက် မျက်နှာ တစ်ယောက် ပြန်ကြည့်လာကြပြီး ရဲ့လင်းချန်၏ ရဲတင်းသော စကားကြောင့် ထိတ်လန့် သွားကြသည်။ သူတို့ကိုယ်တိုင် မမြင်ခဲ့ရလျင် ဤအဖြစ်ကို ယုံနိုင်မည် မဟုတ်ပါ။ မုတ်ဆိတ်မွေးတောင် မပေါက်နိုင်သေးသည့် လူငယ်လေးတစ်ယောက်က မဟာဆရာသခင်ကျန်းကို ဤသို့ စော်ကားရဲသတဲ့လား။
“ရပါတယ်လေ၊ လူကြီးမင်းယဲ့က ကျွန်တော့်ကို မယုံမှတော့ နှုတ်ဆက်ပါတယ်”
ရဲ့လင်းချန် လက်ကာပြလိုက်ပြီး အိမ်တံခါးဝသို့ ပြန်လျှောက်လှမ်းလိုက်သည်။ သူသည် လင်းထျန်းဟွာနှင့် လင်းရို့ယွီတို့ကြောင့် ရှစ်ဆပြင်းထန် လက်သီးသိုင်းကို သင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရဲ့လင်းချန်သည် တစ်စုံ တစ်ယောက် အပေါ် အကြွေးတင်သည်ကို မကြိုက်တတ်သည့် လူစားမျိုး ဖြစ်သည်။ ထို့ကြောင့် အဘိုးအိုကို ကယ်ရန် သူ လိုက်လာခြင်း ဖြစ်လေသည်။
သို့သော် အခြေအနေအရပ်ရပ်မှ တားမြစ်ခြင်း ခံလိုက်ရသဖြင့် သူ ဆက်လက်၍ ပြောဆိုနေမည် မဟုတ်ပါ။
“နေပါဦး”
လင်းရို့ယွီ သတိဝင်လာပြီး ရဲ့လင်းချန်၏ လမ်းကို ပိတ်ရပ်ကာ မျက်ရည်သုတ်၍ ပြောလိုက်သည်။
“ငါ ယုံတယ်၊ ငါ သဘောတူတယ်၊ ကျေးဇူးပြုပြီး ငါ့အဘိုးကို ကယ်ပေးပါ”
ရဲ့လင်းချန် အခြားလင်းမိသားစုဝင်များကို လှမ်းကြည့်လိုက်သည်။ မည်သူမှ ဆန့်ကျင်ဘက် ပြောမနေသည်ကို မြင်လိုက်ရသဖြင့် သူ အဘိုးအို၏ ခုတင်ဘေး၌ ဝင်ထိုင်လေသည်။ ထို့နောက် သူ အေးအေးဆေးဆေး ပြောလိုက်သည်။
“ငွေအပ် ရှစ်ချောင်းနဲ့ မီးဖိုတစ်ခု ယူခဲ့”
“ဟမ့် မင်းမှာ ဘာအရည်အချင်းရှိလဲ ငါ ကြည့်ရသေးတာပေါ့”
မဟာဆရာသခင်ကျန်းက မကျေမနပ်နှင့် နှာမှုတ်သံပေး၍ ဘေး၌ လာရပ်လေသည်။ မီးဖိုက အခန်း၏ အပူချိန်ကို တိုးမြင့်လာစေသည်။ အနီရောင် မီးတောက်က အားလုံး၏ မျက်နှာကို ဟပ်နေသဖြင့် လူတိုင်း၏ မျက်နှာက နီမြန်းနေ၏။
ရဲ့လင်းချန်၏ မျက်နှာက လေးနက်တည်ကြည်နေပြီး လင်းထျန်းဟွာ၏ ရင်ဘတ်နားမှ အင်္ကျီကြယ်သီးကို ဖြုတ်လိုက်သည်။ ခန္ဓာကိုယ် ပေါ်လွင်လာပြီးနောက် လင်းထျန်းဟွာ၏ ရင်ဘတ်ပတ်လည်မှ အရေပြားက အနက်ရောင်သို့ ပြောင်းနေပြီး အခြားတစ်ရှူးများကလည်း အနက်ရောင် ပြောင်းချင်သည့် လက္ခဏာကို ပြသနေသည်။
“ငါ ခုနကတည်းက ပြောပြီးပြီ၊ အဘိုးလင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေက ဆုတ်ယုတ်စပြုလာပြီလို့၊ ပြီးတော့ ဆဲလ်သေတွေက သူ့တစ်ရှူးထဲ ပျံ့နှံ့နေပြီ၊ အခြေအနေက ပြောင်းမရတော့ဘူး”
လူနာ၏ အခြေအနေကိုကြည့်ပြီး မဟာဆရာသခင်ကျန်းက သူ၏ သုံးသပ်ချက်က ခိုင်မာကြောင်း ယူဆနေသည်။ ရဲ့လင်းချန်က သူ့ကို လျစ်လျူရှူလိုက်သည်။ ငွေအပ်တစ်ချောင်းကိုယူ၍ မီးဖိုပေါ် တင်လိုက်လေသည်။
မီးတောက်ကြောင့် အပ်တစ်ခုလုံး အရောင်တောက်လာသည်အထိ စောင့်နေပြီးနောက် လက်မြှောက်၍ အပ်ကို ပြန်ချလိုက်သည်။
ထို့နောက် ပထမဆုံးအပ်အား အဆုတ်၏ အလယ်နားသို့ ထိုးစိုက်လိုက်သည်။ အခြား အပ်ခုနစ်ချောင်းကိုလည်း ရဲ့လင်းချန် မီးဖိုပေါ်တ တင်လိုက်ပြီး ပထမအပ်နည်းအတိုင်း အပူပေးလေသည်။
ရဲ့လင်းချန်သည် အပ်၏ အပူချိန်ကို သတိမမူမိပုံ ပေါ်နေပြီး မျက်နှာ တည်ငြိမ်မြဲ တည်ငြိမ်နေပြီး အပ် တစ်ချောင်းပြီး တစ်ချောင်းကို ပထမအပ် ပတ်လည်၌ စက်ဝိုင်းသဖွယ် ထိုးစိုက်လိုက်သည်။ အပ်ရှစ်ချောင်းအား ထူးခြားသော ပုံစံဖြင့် အဆုတ်ပတ်လည်တွင် ထိုးစိုက်ထားခြင်း ဖြစ်ပေသည်။
“ဒါ ဘာနည်းလဲ၊ မင်း ဟန်ကိုယ့်နေတာပဲ”
မဟာဆရာသခင်ကျန်းက အထင်ကြီးသလို ကြည့်သော်လည်း အေးစက်စက် ပြောလေသည်။ သို့သော် နောက်အဖြစ်အပျက်ကြောင့် သူ့မျက်နှာက ချက်ချင်း စူးစမ်းသော အမူအရာသို့ ပြောင်းလဲသွားသည်။
အပ်ရှစ်ချောင်းလုံး အမည်းရောင် သန်းလာပြီး တစ်မိနစ်အတွင်း လုံးဝ မည်းနက်သွား၏။
“အရက်ပြန် ယူလာခဲ့”
လျင်မြန်စွာပင် အရက်ပြန်တစ်ပုလင်း ရဲ့လင်းချန်ရှေ့သို့ ရောက်လာသည်။ အရက်ပြန်ကို အပ်ပေါ် လောင်းချလိုက် ပြီးနောက် ရဲ့လင်းချန်က လက်ကောက်ဝတ်တစ်ဖက်ကို လျင်မြန်စွာ လှုပ်ရှား၍ မီးဖိုမှ မီးတောက်အား အပ်ပေါ်မှ အရက်ပြန်နှင့် ဟပ်မိသွားအောင် လုပ်လိုက်သဖြင့် အပ်ပေါ်၌ မီးတောက်လာသည်။
ငွေအပ်ထိပ်ပေါ်၌ မီးတောက်သည် အပြာရောင် တောက်နေပြီး မှော်ဆန်စွာ တောက်လောင်နေသည်။ အပေါ်၌ အပြာရောင် မီးတောက်၊ အလယ်၌ အနက်ရောင် သန်းနေသော အပ်ချောင်းများနှင့် အောက်ခြေ၌ အဘိုးအို၏ အရေပြား ရှိနေသည်.
ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်ကာ စကားမပြောနိုင်ကြချေ။ မီးတောက်က အရက်ပြန်ကို အားပေးသလို ဖြစ်နေပြီး အပ်မှ အနက်ရောင်သန်းနေခြင်းအား လောင်မြှိုက်နေပုံရသည်။
“ဘိုးဘိုး ချွေးထွက်နေတယ်”
လင်းရို့ယွီ၏ အသံက တုန်ယင်နေသည်။ သူမအသံ၌ မယုံနိုင်ဟန်၊ စိတ်လှုပ်ရှားဟန်နှင့် မျှော်လင့်ဟန်များ ရောပြွမ်း နေ၏။
“ဘိုးဘိုးရဲ့ အသက်ရှူနှုန်းကလည်း တည်ငြိမ်လာပြီ”
လင်းအောင် ဝမ်းသာအားရနှင့် အံ့ဩတကြီး ပြောလိုက်သည်။ ငါးမိနစ်ကြာပြီးနောက် လင်းထျန်ဟွာ၏ မျက်နှာ တစ်ခုလုံး ချွေးများ စို့လာပြီး ထိုအခါတွင်မှ ရဲ့လင်းချန် အပ်များကို ဖယ်ရှားလိုက်သည်။ ထိုအချိန်မှာပင် လင်းထျန်စွာ၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး သတိရလာတော့သည်။
“ဘိုးဘိုး”
“အဖေ …”
လင်းမိသားစုဝင်များအားလုံး အသံ ထွက်လာကြသည်။
“အံ့ဩစရာ အံ့ဩစရာပဲ”
မဟာဆရာသခင်ကျန်း မှင်တက်နေပြီး မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။
“အာ ငါ့မိတ်ဆွေလေး ငါတို့ ထပ်တွေ့ပြန်ပြီပဲ”
လင်းထျန်းဟွာက ရဲ့လင်းချန်ကိုကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“အဘိုးလင်း ခင်ဗျား ဗိုက်ဆာလား”
ရဲ့လင်းချန် မေးလိုက်သည်။
“ဟားဟား ငါ နည်းနည်းတော့ ဆာသလိုလို ရှိတယ်”
လင်းထျန်ဟွာ ပြန်ပြောလေသည်။
“မြန်မြန် ဒီကို စားစရာ မြန်မြန် ယူလာခဲ့”
လင်းရှန်ဟဲက ချက်ချင်း အမိန့်ပေးလိုက်ပြီးနောက် ရဲ့လင်းချန်ကို ကြည့်လာသည်။
“ရဲ့ … မဟာဆရာသခင်ရဲ့ ကျုပ်အဖေရဲ့ ရောဂါက …”
“အဘိုးလင်း အရင်တုန်းက အဆုတ်ထိခိုက်ဖူးလား”
ရဲ့လင်းချန် ပြန်မေးခွန်းထုတ်လိုက်သည်။
“အမှန်ပဲ ငါ ငယ်ငယ်တုန်းက ရန်ဖြစ်ပြီး ဒဏ်ရာရခဲ့ဖူးတယ်”
လင်းထျန်ဟွာက အောင့်သက်သက် ပြန်ပြောလိုက်သည်။
“ဒဏ်ရာထဲမှာ အဆိပ် ရှိတယ်”
ရဲ့လင်းချန် ခေါင်းညိတ်၍ ပြောလေသည်။
“အဘိုးလင်းရဲ့ အခြေအနေက ကောင်းမွန်လွန်းတယ်၊ ဒါကြောင့်လည်း ဒီလောက်ထိ သည်းခံနိုင်လာတာ”
သူ ပြောလို့ပြီးသည်နှင့် ထရပ်လိုက်သည်။
“ကျုပ် တစ်ပတ်တစ်ကြိမ်လာပြီး အဘိုးလင်းကို ကုပေးမယ်၊ ငါးကြိမ် ကုပြီးသွားရင် အဆိပ်ကို အရှင်းဖယ်ထုတ် နိုင်သလောက်နီးပါး ဖြစ်သွားမှာပါ”
“မဟာဆရာသခင်ရဲ့ ခင်ဗျားရဲ့‌ဆေးပညာက နတ်ဘုရားလိုပဲ၊ လင်းမိသားစုက ဒီကြင်နာမှုအတွက် သိပ်ကို ကျေးဇူးတင်ပါတယ်”
လင်းရှန်ဟဲ ချက်ချင်း ဝင်ပြောလာ၏။ သူ့အသံ၌ လေးစားရိပ်များ ပြည့်နှက်နေသည်။
“လူကြီးမင်းလင်း ကျုပ်ကို ပေးထားတဲ့ကတိကို မမေ့သရွေ့ အဆင်ပြေပါတယ်”
ရဲ့လင်းချန်က လင်းရှန်ဟဲကို ပြုံး၍ ပြန်ပြောလိုက်သည်။
“ဘာကတိလဲ မသိဘူး”
မေးပြီးမှ လင်းရှန်းဟဲ ကိုယ့်ခေါင်းကိုယ် ပြန်ရိုက်လိုက်မိသည်။
“ဟုတ်တာပေါ့၊ ယွမ်ဆယ်သန်းက နည်းလွန်းပါတယ်၊ ကျုပ် နှစ်ဆပေးပါ့မယ်၊ ပြီးတော့ နောင်အနာဂတ်မှာ မဟာဆရာသခင်ရဲ့ လင်းမိသားစုရဲ့ အထူးဧည့်သည်တော်အဖြစ် မှတ်ယူထားပါ့မယ်”
လင်းထျန်းဟွာသည် မြို့တော်၌ ကျော်ကြားသော ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ အသိအမြင်ဖြင့် လင်းမိသားစုကို ယနေ့ခေတ် အနေအထားသို့ ဖြစ်လာအောင် တည်ဆောက်ခဲ့သည်။ အကယ်၍ သူသာ ကွယ်လွန်သွားလျင် လင်းမိသားစု၏ အခြေအနေက အကြီးအကျယ် ကျဆင်းသွားလောက်သည်။
ယွမ်သန်းနှစ်ဆယ် မဆိုထားနှင့် သန်းတစ်ရာတောင်းလျင်တောင်မှ လင်းရှန်ဟဲ ငြင်းဆန်ရဲမည် မဟုတ်ပါ။ ထို့အပြင် ရဲ့လင်းချန်က ထူးချွန်ပြောင်မြောက်သော ဆေးပညာကို ပိုင်ဆိုင်ထားပြီး အသက်သခင် ကျေးဇူးရှင်လည်း ဖြစ်ပေသည်။ လူတစ်ယောက်၏ အသက်အတွက် ပိုက်ဆံပမာဏက နည်းလွန်းသည်ဟူ၍ မရှိပေ။
“မဟာဆရာသခင်ရဲ့က တကယ့်ကို ဒုတိယ သမားတော် ဟွားထောင်ပါပဲ၊ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဒီလို အရည်အချင်း ရှိနေတာ အံ့ဩစရာပဲ၊ တကယ့်ကို အံ့ဩစရာပဲ”
လင်းမိသားစုဝင်များနှင့် ဘေးပတ်လည်မှ လူများအားလုံး အမူအရာ ပြောင်းလဲသွားပြီး တလေးတစား ပြောလာကြသည်။
“ဒါ ကျုပ်ရဲ့ လုပ်ငန်းကတ်ပါ၊ အကယ်၍ မဟာဆရာသခင်ရဲ့ တစ်ခုခု လိုမယ်ဆိုရင် ပြောပါ၊ ကျုပ် မြို့တော်မှာ ဩဇာ နည်းနည်း ရှိပါတယ်”
“ကျုပ် ကြွားလုံးထုတ်ရတာ မကြိုက်ဘူး၊ အဲ့ဒါကြောင့် ဒီကလူတိုင်း ကျုပ်နဲ့ ပတ်သတ်တဲ့ ဘယ်အရာကိုမှ ထုတ်မပြောဖို့ မျှော်လင့်ပါတယ်”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့ မဟာဆရာသခင်ရဲ့”
“ကျုပ် ငါးရက်နေရင် ပြန်လာခဲ့မယ်၊ နှုတ်ဆက်ပါတယ်”
ပြောလို့ပြီးသည်နှင့် ရဲ့လင်းချန် နောက်လှည့်၍ ထွက်သွားလေသည်။
“မဟာဆရာသခင်ရဲ့ နေပါဦး”
လင်းမိသားစု၏ တံခါးဝသို့ သူ ရောက်သွားချိန်တွင် မဟာဆရာသခင်ကျန်းက သူ့ကို အမီလိုက်လာ၏။ သူ အသက်ကြီးနေသော်လည်း ခြေလှမ်းများက မြန်ဆန်နေသေးသည်။ သူသည် ရဲ့လင်းချန်အား လှိုက်လှိုက်လှဲလှဲ ဖြစ်သော မျက်လုံးများနှင့် ကြည့်လာသည်။
“မဟာဆရာသခင်ရဲ့ ခုနက ကျုပ် ရိုင်းပျမိပါတယ်၊ ခင်ဗျား ဒါကို စိတ်ထဲမထားဖို့ မျှော်လင့်မိပါတယ်”
မဟာဆရာသခင်ကျန်းက နောင်တရသော မျက်နှာနှင့် ပြောလိုက်သည်။
“ဘာကိုမှ စိတ်ထဲ မထားပါဘူး”
ရဲ့လင်းချန် တကယ်ကို စိတ်ထဲမထားပေ။
“မဟာဆရာသခင်ရဲ့ ခင်ဗျား ခုနက သုံးသွားတဲ့ ပညာက တရုတ် တိုင်းရင်းဆေးပညာက အပ်စိုက်ကုထုံး မဟုတ်လား”
“အမှန်ပါပဲ”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါကို သေမင်းနတ်ဘုရားရဲ့ အပ်ရှစ်ချောင်းလို့ ခေါ်တယ်”
သေမင်းနတ်ဘုရား၏ အပ်ရှစ်ချောင်း ဆိုသည်မှာ သေမင်းထံမှာ အသက်တစ်ချောင်းကို ပြန်ခိုးယူသော နည်းလမ်း ဖြစ်ပေသည်။
“တရုတ်တိုင်းရင်း ဆေးပညာက ဒီအဆင့်လောက်ထိ ရောက်နိုင်လိမ့်မယ်လို့ ကျုပ် တစ်ခါမှ ထင်မထားမိဘူး၊ ကျုပ် ပြည်ပကို ထွက်ပြီး အခြားဆေးပညာတွေကို သင်ယူနေတာက ရယ်စရာကောင်းသလို ဖြစ်နေပြီ၊ ပြီးတော့ အမြင့်ဆုံး ဆေးပညာ ဗဟုသုတက ကိုယ့်ကိုယ်ပိုင်နယ်မြေထဲမှာ ရှိနေတာကို မမြင်ခဲ့ဘူး၊ ဝမ်းနည်းစရာ ကောင်းလိုက်တာ၊ စိတ်တိုစရာပဲ”
မဟာဆရာသခင်ကျန်းက သက်ပြင်းချ၍ ပြောလေသည်။
“တရုတ်လူမျိုးရဲ့ ယဉ်ကျေးမှုက နှစ်ငါးထောင်ကျော် တည်ရှိခဲ့တဲ့ သမိုင်းကြောင်းပါ၊ ပြီးတော့ ကျုပ်တို့ရဲ့ ဆေးပညာက အခုထိ ခေတ်မီပါသေးတယ်၊ နှစ်ရာချီလောက်ပဲ ရှိသေးတဲ့ အခြားနိုင်ငံရဲ့ ပညာက ဒါကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
ရဲ့လင်းချန် ပြန်ပြောလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
“တရုတ် တိုင်းရင်းဆေးပညာက တဖြည်းဖြည်း ကျဆင်းပြီး ဘေးရောက်လာတကာ ရှက်စရာပဲ၊ အထင်သေးတောင် ခံလိုက်ရသေးတယ်”
တရုတ် တိုင်းရင်းဆေးပညာ၏ သက်ရောက်မှုက နှေးကွေးပြီး သင်ယူရာတွင်လည်း ခက်ခဲမှု ရှိသည်။ ဤသည်က တရုတ် တိုင်းရင်းဆေးပညာအား လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်း၌ တဖြည်းဖြည်း လက်ခံမှု လျော့နည်း လာစေသည်။
အထူးသဖြင့် လူလိမ်တော်တော်များများက တရုတ်တိုင်းရင်းဆေးပညာအား အခြားသူများကို လိမ်ညာရန် အသုံးပြု လာကြသည်။ ဤသည်က တရုတ်တိုင်းရင်းဆေးပညာအား လူလိမ်များနှင့် တစ်တန်းတည်း သတ်မှတ်မိသွားသည်။ ဤသည်မှာ အကြီးမားဆုံးသော စော်ကားမှုကြီးပင်။
“အခု တရုတ်တိုင်းရင်းဆေးပညာရဲ့ အခြေအနေအတွက် ငါ့မျိုးဆက်လူတွေရဲ့ တာဝန်မကင်းဘူးဆိုတာကို ငါ မငြင်းပါဘူး”
မဟာဆရာသခင်ကျန်းက ဝမ်းနည်းသော အမူအရာဖြင့် ပြောလေသည်။ သူ စိတ်ကူးဉာဏ်ကောင်း၍ စွဲလမ်းစိတ် ကြီးသော အချိန်များကို သူ ပြန်တွေးမိသွားသည်။ သူသည်လည်း တရုတ် တိုင်းရင်းဆေးပညာကို သင်ယူ၍ နောက်မျိုးဆက်ထံ လက်ဆင့်ကမ်းပေးချင်ခဲ့သည်။ သို့သော် ခက်ခဲသော လူ့ဘဝက သူ့အား အနောက်တိုင်း ဆေးပညာအား သင်ယူအောင်သာ တွန်းအားပေးခဲ့လေသည်။
“မဟာဆရာသခင်ရဲ့ မင်း မြို့တော်ဆေးရုံကြီးရဲ့ ဆေးရုံအုပ်နေရာကို ဆက်ခံချင်စိတ် ရှိလား၊ မင်း အချိန်ရမယ်ဆိုရင် နောက်မျိုးဆက်လူငယ်တွေကို တရုတ် တိုင်းရင်းဆေးပညာကို သင်ကြားပေးပါ၊ ပြီးတော့ ငါ့မျိုးဆက်က လူတွေကိုလည်း ဆေးပညာ ဗဟုသုတ ကျယ်ပြန့်လာအောင် လုပ်ပေးပါ”
မဟာဆရာသခင်ကျန်းက ရဲ့လင်းချန်ကို မျှော်လင့်တကြီး ကြည့်နေသည်။ ရဲ့လင်းချန် အသာ မျက်မှောင်ကြုတ် မိသွားသည်။ သူသည် လက်ရှိ၌ ကျောင်းသားတစ်ယောက်သာ ဖြစ်သေးပြီး ထိုအတွက် အချိန်အများကြီး ပေးနိုင်ချေလည်း မရှိပေ။ ထို့ကြောင့် သူ ယဉ်ကျေးစွာ ငြင်းဆန်လိုက်သည်။
“လက်ရှိတော့ ကျုပ် အဲ့လိုလုပ်ဖို့ စိတ်ကူး မရှိသေးပါဘူး”
“ကျုပ် အရမ်း အလျင်စလို လုပ်မိသွားတာပဲ”
မဟာဆရာသခင်ကျန်းက ပြောပြီး စိတ်ညစ်သွားသလို သက်ပြင်းချလိုက်သည်။
“ဒါ ကျုပ်ရဲ့ လုပ်ငန်းကတ်ပါ၊ မဟာဆရာသခင်ရဲ့ ကျုပ်ဆေးရုံကို အချိန်မရွေး လာလေ့လာပြီး သင်ပြပေး နိုင်ပါတယ်”
“မဟာဆရာသခင်ကျန်း ခင်ဗျား ဗဟုသုတ ဗလှယ်ရေး အစီအစဉ်တွေအတွက် နိုင်ငံက ထွက်သွားဦးမှာလား”
ရဲ့လင်းချန် မေးလိုက်သည်။
“မသွားဘူး”
မဟာဆရာသခင်ကျန်းက ရယ်မောကာ ပြန်ပြောလေသည်။
“ကျုပ် အရေးမပါတဲ့အရာတွေကို ဆက်ပြီး မလေ့လာတော့ဘူး”
ထိုနေ့တွင် ရဲ့လင်းချန်သည် ရိုက်ကွင်းသို့ မသွားတော့ဘဲ တစ်နေကုန် အနားယူလိုက်တော့သည်။ မွန်းလွဲချိန်တွင် လင်းမိသားစုက သူ့အကောင့်ထဲသို့ ယွမ်သန်းနှစ်ဆယ် လွှဲပေးလာ၏။ သူတို့ နည်းနည်းလေးမှ နောက်မကျရဲပေ။
သူ့အကောင့်ထဲမှ သုညများကို ရေတွက်ကြည့်ရင်း ရဲ့လင်းချန် ထူးဆန်းသလို ခံစားမိနေသည်။ သူ အမုန်းဆုံး ဖြစ်ခဲ့ဖူးသော လူချမ်းသာတစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူ့ကိုယ်သူ တစ်ခါမှ ထင်မထားမိပါ။
နောက်တစ်နေ့တွင် သူ ရိုက်ကွင်းသို့ ပြန်သွားလိုက်သည်။
“ကျွန်တော်တို့ တောအုပ်ထဲ သွားရမှာလား”
ရဲ့လင်းချန်က ရှောင်ဖေးဖေးကို သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
“အင်း ငါတို့ တောအုပ်ထဲ သွားမှာ၊ အတိအကျ ပြောရရင် ငါတို့ ရှန်နုန်ကျား သစ်တောခရိုင်ကို သွားရမှာ”
ရှောင်ဖေးဖေး စိတ်လှုပ်ရှားပုံ ပေါ်နေသည်။
“အဲ့နေရာက ကမ္ဘာ့ သမိုင်းမတိုင်မီ တောအုပ်တွေထဲက တစ်ခုလို့ ငါ ကြားဖူးတယ်၊ ငါ အဲ့ကို တစ်ခါမှ မရောက် ဖူးဘူး၊ ဒါ ငါ့အတွက် အလုပ်လုပ်ရင်း အားလပ်ရက်ရသလိုပဲ”
“ကျွန်တော်တို့ ဘာလို့ အဲ့ကို သွားတာလဲ”
ရဲ့လင်းချန် ပြန်မေးလိုက်သည်။
“ငါတို့က ဝူရှ ဇာတ်လမ်းတွဲ ရိုက်နေတာလေ၊ အဲ့တော့ ဇာတ်ဝင်ခန်းတွေက အမြဲတမ်း တောထဲမှာ အခြေခံ ထားတာ၊ သမိုင်းမတိုင်မီ တောအုပ်က ဇာတ်ဝင်ခန်းအတွက် အသင့်တော်ဆုံး ဖြစ်တဲ့ပုံပဲ၊ ဒါနဲ့ နင်လည်း ကျောင်းတက်ရတော့မှာ မဟုတ်လား၊ ငါတို့ နင့်အချိန်တွေကို များများ ယူထားပြီး နင် ကျောင်းမတက်ရခင် နင့်အပိုင်းတွေ အကုန် ရိုက်ထားမှ ဖြစ်မယ်”
ရဲ့လင်းချန် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ အလကား ရလာသော အားလပ်ရက်ကို သူ ဆန့်ကျင်မည် မဟုတ်ပါ။
သူ့မိသားစုသည် မချမ်းသာသလို သူ့၌ မြို့တော်ကနေ အားလပ်ရက် ထွက်နိုင်မည့် အခွင့်အရေးကလည်း အလွန် နည်းပါးသည်။ သူလည်း ရှန်နုန်ကျားကို စိတ်ဝင်စားပါသည်။ မည်သို့ပင် ဆိုစေကာမူ သဘာဝနှင့် ထိတွေ့ရသည့်အတွက် ကောင်းမွန်သည် မဟုတ်ပါလော။
“နင်လည်း မငြင်းဘူးဆိုတော့ ငါတို့ ဒီနေ့ သွားကြမယ်”
“အဲ့သလောက်တောင် မြန်တာလား”
“ဒါပေါ့ ငါတို့ အဲ့မှာ သုံးရက်နေမှာ၊ နင့်ပစ္စည်းတွေ မြန်မြန် ထုပ်ပိုးပြီး အသင့်ပြင်တော့”
ရှောင်ဖေးဖေးက စိတ်လှုပ်ရှားသလို ပြောနေသည်။ တက်ကြွနေသော မိန်းမပျိုလေးသည် ခရီးထွက်ရရန် မစောင့်နိုင်တော့ချေ။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now