Chapter 123

694 68 0
                                    

စာစဉ် 9 Chapter 123 ဟော်ရန်ကျားဇာတ်ကောင်အတွက် သင့်တော်သူ

"လီကျင့်လား"

ရဲ့လင်းချန် အံ့ဩသွားပြီး အဝေးမှ ထိုလူကို စိုက်ကြည့်နေမိသည်။ သူ လီကျင့်ကို သိပါသည်။ သူ၏ ကွန်ဖူးရုပ်ရှင်များကိုကြည့်၍ ကြီးပြင်းလာရသည်ဟုပင် ဆိုနိုင်ပေ၏။

ထိုအချိန်က ရဲ့လင်းချန် ဆယ်နှစ်ဝန်းကျင် အရွယ်မျှသာ ရှိပေဦးမည်။ လီကျင့်၏ ဇာတ်လမ်းတွဲဟောင်းဖြစ်သော ထိုက်ချိကို သူ ကြည့်ခဲ့သည်။ သူသည် ရေအပြည့်ဖြည့်ထားသော ဇလုံရှေ့၌ ရပ်ကာ ထိုက်ချိသင်္ကေတကို ရေထဲ၌ ရေးဆွဲ၍ တစ်နေ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရမည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။

ဆယ်နှစ်ကြာပြီးနောက် သူ သိုင်းပညာရှင် တစ်ယောက် ဖြစ်လာမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။ သို့သော် လီကျင့်သည် အချိန်ဒီရေ၏ တိုက်စားခြင်းကို အညှာအတာမဲ့စွာ မေ့လျော့ခြင်း ခံလိုက်ရသည်။

ထိုက်ချိ ဇာတ်လမ်းတွဲ၌ ပါဝင်ခဲ့စဉ်က လီကျင့်သည် ဆယ့်ရှစ်နှစ် အရွယ်မျှသာ ရှိသေးသည်ကို ရဲ့လင်းချန် မှတ်မိနေ ပါသေးသည်။ ယခုအချိန်ဆိုလျင် သူသည် နှစ်ဆယ်ကျော် သုံးဆယ်နား မရောက်လောက်သေးသည့် အရွယ်မျှသာ ရှိသည်။ ဤမျှ အခြေခံကောင်းသောသူက ဘယ်လိုလုပ် ယခုကဲ့သို့ မေ့ပျောက်ခံ အခြေအနေသို့ ကျဆင်းသွား ရသနည်း။

ထို့အပြင် လီကျင့်က သူ့သိုင်းပညာကို ရှောင်လင်းကျောင်းမှ သင်ယူခဲ့ခြင်းဖြစ်ကြောင်း ရဲ့လင်းချန် သိပါသည်။ သူသည် သိုင်းပညာ အစစ်အမှန်ကို သင်ယူခဲ့၏။

ရဲ့လင်းချန် အနားသို့ ကပ်လာသည်ကို မြင်သောအခါ လီကျင့်က လေ့ကျင့်ခြင်းကို ရပ်လိုက်သည်။ ထို့နောက် ဖော်ရွေသော အပြုံးနှင့် နှုတ်ဆက်လေသည်။

"ဟဲလို"

"ဆရာလီ ကျွန်တော်က ခင်ဗျားရဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်ပြီး ကြီးပြင်းလာတာပါ"

ရဲ့လင်းချန် ပြုံးသည်။

"ခင်ဗျားရဲ့ ထိုက်ချိနဲ့ ထိုက်ချိ ဆရာသခင် ဇာတ်လမ်းတွဲက ကျွန်တော် ငယ်ငယ်တုန်းက အကြိုက်ဆုံး ဇာတ်လမ်းတွေပဲ"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now