Chapter 64

1.1K 140 6
                                    

Chapter 64 စုန့်ချမ်၊ ပိုက်ဆံပေးတယ်လို့ အဓိပ္ပာယ်နဲ့လား

ကိုးလ်၏ ချန်နယ်နှင့် ရဲ့လင်းချန်၏ ချန်နယ် ပေါင်းလိုက်လျင် တိုက်ရိုက်ကြည့်ရှုသူ တစ်သိန်းကျော် ရှိသော်လည်း စကားပြောခန်းက ထူးဆန်းစွာ တိတ်ဆိတ်နေ၏။ ကြည့်ရှုသူ အချို့ဆိုလျင် ယခုအထိ အသက်အောင့်ထားမိဆဲပင်။
အခြေအနေက သူတို့သာ စကားတစ်ခွန်း ပြောလိုက်လျင် သရဲများက သူတို့ထံ ပြေးလာလိမ့်မည်ဟု ထင်မှတ်မှားရသည်။
ဇာတ်လမ်းကို သရုပ်ဖော်သော အရေးအသားက တိကျပေါ်လွင်သလို ရဲ့လင်းချန်၏ အသံနေအသံထားပါ ပေါင်းလိုက်သောအခါ ကြည့်ရှုသူ၏ စိတ်အား လျင်မြန်စွာ လွှမ်းမိုးသါားလေသည်။
ရဲ့လင်းချန်၏ ချန်နယ်သို့ ပြောင်းဝင်လိုက်ပြီးကတည်းက ပြန်ထွက်မည့်အတွေးက ကိုးလ်၏ စိတ်ထဲသို့ တစ်ချက်ကလေးမှ ဝင်မလာခဲ့ချေ။ သူမချန်နယ်အတွင်း၌ ရှိနေသူများတွင်လည်း အငြင်းစကားများ ပြောဆိုသူ တစ်ယောက်မှ မရှိဘဲ အားလုံး ဆက်လက်၍ နားထောင်ချင်နေကြသည်။
တစ်ချိန်တည်းမှာပင် ဟူယွီ ထုတ်လွှင့်ရေး ဌာနချုပ်၌ လူတစ်စုသည် စားပွဲတွင်ထိုင်၍ ရဲ့လင်းချန်၏ ထုတ်လွှင့်ခြင်းမှ ကြည့်ရှုသူ အရေအတွက်ကို ကြည့်ပြီး အားလုံး အလန့်တကြား ဖြစ်နေသည်။
“ဒုန်း”
တစ်ခဏကြာသော် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အခန်းထဲ ပြေးဝင်လာပြီး ဟောဟဲလိုက်နေ၏။ သူသည် ဟူယွီ ထုတ်လွှင့်ရေး၏ ဒုဥက္ကဋ္ဌ ဖြစ်သူ စုန့်ချမ်ပင်။
တိုက်ရိုက် ထုတ်လွှင့်ရေးသည် အမြဲတစေ ကြီးကြပ်မှုနှင့် လေ့လာမှုတို့ လိုအပ်ပြီး ၎င်းတာဝန်တို့က သူ့လက်အောက်၌ ရှိလေသည်။
အခန်းထဲဝင်လာပြီးနောက် သူသည် ဝန်ထမ်းများအား အော်ငေါက်လေသည်။
“မင်းတို့ ဘာလုပ်နေတာလဲ၊ ဒီတိုက်ရိုက်ထုတ်လွှင့်ခြင်း ချန်နယ် ၁၂*** က ဘာဖြစ်နေလို့လဲ”
“ဒါရိုက်တာစုန့် ကျွန်တော်တို့ လက်ရှိ ဒီထုတ်လွှင့်မှုရဲ့ ကိန်းဂဏန်းတွေကို အာရုံစိုက်နေတာပါ”
တစ်ယောက်က ပြန်ဖြေလာသည်။
“အရေအတွက်က တိုးလာပင်မယ့် ဘယ်သူမှ မှတ်ချက် မပေးကြသလို ဆုတွေလည်း မပို့ကြပါဘူး၊ အားလုံးနီးပါးက ဒီအတိုင်း ငြိမ်နေတာပါ”
စုန့်ချမ်က လှောင်ရယ်လိုက်သည်။
“ငါတို့ ဒါကို ကြည့်ဖို့လိုလို့လား၊ မသမာတဲ့နည်းနဲ့ အရေအတွက် ဝယ်ထားလို့ဆိုတာ သိသာနေတာပဲ၊ သူ့ကို ချက်ချင်း ပိတ်ပင်လိုက်”
တိုက်ဆိုင်စွာပင် ဝန်တမ်းတစ်ယောက်က ထုတ်လွှင့်မှုကို ဖွင့်လိုက်မိသည်။ ဖန်သားပြင်ပေါ်မှ အမှောင်ထုက လူတိုင်းကို မျက်မှောင်ကြုတ်သွားစေသည်။ တစ်ယောက်က ထုတ်လွှင့်မှုကို ပိတ်ပင်တော့မည့်အချိန်၌ ရဲ့လင်းချန်၏ အသံကို ကြားလိုက်ရသည်။
စုန့်ချမ် အပါအဝင် လူတိုင်း သတိလက်လွှတ် ဖြစ်သွားကြသည်။
“နေဦး”
စုန့်ချမ်က သူတို့ကို ချက်ချင်း အော်၍ တားမြစ်လိုက်သည်။ တည်ငြိမ်မှန်ကန်သော အသံက ထူးဆန်းစွာ ဆွဲဆောင်မှု ရှိနေသကဲ့သို့ လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။ ထုတ်လွှင့်မှုထဲ သုံးစက္ကန့်မျှ နေမိသည်နှင့် ဘယ်သူမှ ပြန်မထွက်နိုင်တော့ချေ။
ဟူယွီမှ ဝန်ထမ်းတစ်ဖွဲ့လုံး ငြိမ်ကျသွားသည်။ ထိုမှောင်မည်းနေသော အမှောင်ထုထဲမှ ခပ်ဝါးဝါး ပုံရိပ်က တစ်မူထူးခြားသော ညှို့ဓာတ်ရှိပြီး မတူညီသော ဂူသင်္ချိုင်းဖောက်‌သော လောကထဲ၌ ရှိနေသည်ဟု ထင်မှတ်ရသည်။
“အားလုံးပဲ ထုတ်လွှင့်ခြင်းကို ဒီနေ့ ဒီမှာပဲ အဆုံးသတ်လိုက်ပါမယ်၊ နောက်တစ်ကြိမ် ထုတ်လွှင့်မယ့်အချိန်က ည ခုနစ်နာရီနဲ့ ကိုးနာရီကြား ဖြစ်ပါမယ်၊ မနက်ဖြန် အသင့်ပြင်ထားဖို့ အမှာပါးချင်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ရဲ့လင်းချန်၏ စကားအဆုံး၌ လူတိုင်းသည် အိပ်မက်မှ နိုးလာသကဲ့သို့ သတိဝင်လာကြသည်။
[ထုတ်လွှင့်သူရေ ခင်ဗျား အခုမှ ပုံပြင်ကို စပြောတာလေ၊ အဆုံးသတ်လိုက်ပြီလား]
[ဟေ့လူ ခင်ဗျား ဦးနှောက်မှ ကောင်းသေးရဲ့လား၊ ထုတ်လွှင့်သူ ပြောပြနေတာ နှစ်နာရီ ရှိနေပြီ]
[ဒီပုံပြင်က မိုက်တယ်ဗျာ၊ ထပ်ပြောပါဦး၊ ငါ မင်းကို လှေဆုတစ်ခု ချတယ်]
[မင်းက လူချမ်းသာပေါ့လေ ဟုတ်လား၊ ဒီလိုဆိုမှတော့ ငါလည်း သူ့ကို လှေနှစ်ခု ပေးတယ်ကွာ၊ အောက်က လူထဲမှာ ဘယ်သူ တန်းစီပေးဦးမလဲ]
[ပိုစိတ်ဝင်စားစရာကောင်းလာဖို့ပဲ မျှော်လင့်ပါတယ်၊ ငါ မင်းကို လှေသုံးခု ပေးတယ် ထုတ်လွှင့်သူရေ]
[ငါလည်း အလိုက်သင့် လုပ်ရတာပေါ့၊ လေးခုပေးတယ်ကွာ]

ဆူညံနေသော ထုတ်လွှင့်မှုက တစ်ဖန်ပြန်၍ ငြိမ်သွားပြန်သည်။ ယခုတစ်ချိန်တွင် ထိတ်လန့်မှုကြောင့် ဖြစ်လေသည်။
ယခင်က လူတိုင်းသည် ဇာတ်လမ်းထဲ အာရုံရောက်နေသဖြင့် ဆုချခြင်အား မေ့သွားခဲ့သည်။ ယခုအခါတွင်မှ ဆူညံလာခြင်း ဖြစ်လေသည်။
ဖန်သားပြင်တစ်လျှောက် တက်လာသော အတောမသတ်နိုင်သည့် ဆုကြေးများကို မြင်ပြီး ကြည့်ရှုသူများ ပါးစပ်အဟောင်းသား ဖြစ်ကာ မျက်လုံးတွင် မနာလိုမှုများ ပြည့်နှက်လာသည်။
၎င်းသည် ပိုက်ဆံ၊ တကယ့် ပိုက်ဆံအစစ် ဖြစ်လေသည်။
လှေဆုတစ်ခုကို ဟူယွီဒင်္ဂါး တစ်သောင်းရှစ်ထောင်တန်ပြီး ယွမ်တစ်ထောင့်ရှစ်ရာနှင့် ညီမျှသည်။ အချိန်တိုအတွင်း ရဲ့လင်းချန်၏ စုစုပေါင်း ဆုကြေးမှာ ယွမ်သုံးသောင်းကျော်သွားသည်။
သူသည် ဆုကြေးရရှိသည့် ထိပ်တန်း အယောက်နှစ်ဆယ် စာရင်းထဲသို့ ချက်ချင်း ဝင်သွားပြီး ဆုကြေး မြန်မြန်ရရှိသူ စာရင်းတွင် နံပါတ်နှစ် ချိတ်သွားသည်။ နံပါတ်တစ်မှာမူ … ကိုးလ် ဖြစ်လေသည်။
ကိုးလ် အလွန် နေရခက်သလို ခံစားသွားရပြီး မျက်နှာနီမြန်းကာ ကြည့်ရှုသူများကို ရှင်းပြရန် ကြိုးစားလေသည်။
“ကိုယ့်လူတို့ ရှင်တို့ ဆုချတာကို ရပ်လိုက်သင့်ပြီ၊ ဒါက ဝိုင်နတ်ဘုရားရဲ့ ဇာတ်လမ်းပါ၊ ကျွန်မက သူ့ချန်နယ်ထဲ ဝင်ထားရုံပဲ ရှိတာပါ၊ ဆုပေးချင်တာဆိုရင် ဝိုင်နတ်ဘုရားရဲ့ ချန်နယ်ဆီ သွားကြပါ …”
“ရပ်လိုက်ပါ၊ ကျွန်မ ဘာမှလုပ်ပေးထားတာ မရှိပါဘူး၊ ကျေးဇူးပြုပြီး ရပ်ပေးပါ …”
“ဒါ … ဒါရိုက်တာစုန့် ကျွန်တော်တို့ ဒီချန်နယ်ကို ပိတ်ရဦးမလား”
ဝန်ထမ်းတစ်ယောက်က မေးလာ၏။
“မင်းညီမကိုပဲ သွားပိတ်၊ ဒီချန်နယ်ကို ပိတ်တဲ့ ဘယ်သူမဆို ငါနဲ့တွေ့မယ်”
စုန့်ချန် သူ့ခုံမှ ထခုန်လုနီးပါး ဖြစ်သွားလေသည်။
“မြန်မြန်လုပ်၊ ဒီချန်နယ်ရဲ့ ထုတ်လွှင့်သူကို ဆက်သွယ်ကြ၊ ထားလိုက်တော့ ငါကိုယ်တိုင်ပဲ သူ့ကို ဆက်သွယ် လိုက်မယ်”
ရဲ့လင်းချန်သည် ချန်နယ်ထဲမှ ထွက်လိုက်သည်နှင့် ကိုးလ်ထဲမှ စာတိုဝင်လာ၏။
[ဝိုင်နတ်ဘုရား ငါ တောင်းပန်ပါတယ်၊ ငါ့ထုတ်လွှင့်မှုက နင့်ချန်နယ်ထဲ ဝင်ကြည့်နေတာလေ၊ ကြည့်ရှုသူ တော်တော်များများက နင့်ကြောင့် ဆုတွေပေးကြတာ၊ ငါ ထုတ်ပြီးရင် နင့်ဆီ လွှဲလိုက်ပါ့မယ်]
[ရပါတယ်၊ ငါ ကျော်ကြားလာအောင် ကူညီပေးတဲ့အတွက် မင်းကို ငါ ကျေးဇူးတင်ရဦးမှာကို]
ရဲ့လင်းချန် ပြုံး၍ စာပြန်ပို့လိုက်သည်။
သူ့ချန်နယ်သည် ကြည့်ရှုသူ ရှစ်ထောင်မျှသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက ရေပန်းစားမှု အမှတ်နှစ်သောင်း ရအောင် လုပ်ဆောင်ပေးနိုင်ကြောင်း စနစ်က ပြလာသည်။ ဤတွင် ကိုးလ်က အရေးပါသော နေရာမှ ပါဝင်ခဲ့ကြောင်း သိသာနေ၏။
သူ၏ ရေပန်းစားမှုကို ဘယ်လိုတွက်ချက်သလဲ ဆိုသည်ကို ရဲ့လင်းချန် မတွေးတတ်ပါ၊ ကိန်းဂဏန်းအရဆိုလျင် ကိုးလ်၏ ချန်နယ်တွင် ကြည့်ရှုသူ တစ်သိန်း ရှိသည်။ အဘယ်ကြောင့် သူ့ရေပန်းစားမှုက နှစ်သောင်းသာ ရှိရသနည်း။ ကျန်ရှစ်သောင်းက မကျေနပ်သော ကြည့်ရှုသူများလေလော။ ဧကန္တ မရေတွက်ခင် ကြည့်ရှုသူများက အမာခံ ပရိသတ်အဆင့်သို့ ရောက်နေရန် လိုအပ်နေသလား။
[ယွမ်ခြောက်သောင်းကျော်လောက် ရတယ်ဆိုပင်မယ့် ပလက်ဖေင်းက ဖြတ်တာကိုပါ ထည့်ထွက်လိုက်ရင် ယွမ် သုံးသောင်းခြောက်ထောင်လောက် ကျန်လောက်တယ်၊ ငါ နင့်ဆီ လွှဲပေးမယ်]
ကိုးလ်က ပြန်ပြောလာသည်။
[ရပါတယ် ငါ ငွေမလိုပါဘူး]
ရဲ့လင်းချန်က သူဌေးဂိုက် ဖမ်းလိုက်သည်။
[နင် ဒီပိုက်ဆံ လွှဲပေးရင် ငါ့ကို အထင်သေးတာလို့ ငါ သတ်မှတ်မှာနော်၊ ငါ စိတ်ဆိုးမှာ]
အဘိုးလင်းကို သူ ကုသပေးခြင်းနှင့် ရုပ်သံရိုက်ကူးရေးကို ပေါင်းလိုက်လျင် သူ့တွင် အသားတင် ယွမ် ၂၁,၄၀၀,၀၀၀ ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်သူ သူဌေးဟု သတ်မှတ်နိုင်ပေသည်။ သူ ထိုပိုက်ဆံကို တကယ် မလိုအပ်ပါ။
[ဒါက …ပြီးရောလေ၊ နင် ပိုက်ဆံလိုလာခဲ့ရင် ငါ့ကိုပြောပါ]
အတန်ကြာအောင် တုံ့ဆိုင်းနေပြီးမှ ကိုးလ်က ပြန်ပြောလာသည်။ တစ်ခဏကြာသော် ကိုလ်းက နောက်ထပ် စာတို ပို့လာ၏။
[ဝိုင်နတ်ဘုရား နင့်ပုံပြောတာက ဒီလောက် စိတ်ဝင်စားစရာ ကောင်းမယ်လို့ ငါ ထင်မထားမိဘူး၊ ငါ တကယ် မျောသွားတာ၊ ဂုဏ်ယူပါတယ် နင် ရွှေတွင်းတူးမိပြီပဲ]
[ကံကောင်းသွားရုံလေးပါ]
ထိုအခိုက်တွင် ရဲ့လင်းချန်၏ ထုတ်လွှင့်ခြင်းချန်နယ်မှ တင်ခနဲ မြည်သံ ထွက်လာပြီး စာတစ်စောင် ဝင်လာကြောင်း ပြလာ၏။ ကိုးလ်ကို ခပ်မြန်မြန် နှုတ်ဆက်လိုက်ပြီးနောက် ရဲ့လင်းချန် စာတိုကို ဖွင့်ဖတ်လိုက်သည်။
[ဟဲလို ငါက ဟွီယွီ ထုတ်လွှင့်ရေးရဲ့ ဒုဥက္ကဋ္ဌပါ၊ မင်း ထုတ်လွှင့်တဲ့ အကြောင်းအရာကို ငါတို့ စိတ်ဝင်စားတယ်၊ မင်း ဖုန်းပြောဖို့ အချိန်ရမလား]
*စုန့်ချမ်၊ ပိုက်ဆံပေးတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ စုန့်ချမ်လား*
*ဒီနာမည်က … တကယ်ကို မိုက်တာပဲ*
ရဲ့လင်းချန် တစ်ခဏမျှ ရေရွတ်နေပြီးမှ သူ့ဖုန်းနံပါတ်ကို ပို့လိုက်သည်။
“ကလင် ကလင်”
တစ်ခဏအတွင်း သူ့ဖုန်းမြည်လာ၏။ တစ်ဖက်လူက အလွန် စိတ်လောနေပုံရသည်။
“ဟဲလို ဒါက ဝိုင်နတ်ဘုရားရဲ့ ဖုန်းနံပါတ်လား”
“ဟုတ်ပါတယ် ဟဲလို ဒါရိုက်တာစုန့်”
“ဝိုင်နတ်ဘုရား ငါတို့ မင်းဇာတ်လမ်းကို နားထောင်လိုက်ရပါတယ်၊ အကြောင်းအရာက သိပ်ကို ဆွဲဆောင်မှု ရှိလွန်းတယ်၊ မင်း ဇာတ်လမ်းရဲ့ လာမယ့်ဇာတ်ကွက်တွေကို တွေးထားပြီးပြီလား သိလို့ရမလား၊ မင်း အကြမ်း ရေးထားပြီးပြီလား”
စုန့်ချမ် မေးလာသည်။
“ကျွန်တော် အကြမ်းမရေးရသေးပါဘူး၊ ဒါပေမဲ့ နောက်လာမယ့် ဇာတ်ကွက်တွေက ပိုစိတ်ဝင်စားစရာ ကောင်းလာမယ်လို့တော့ ကျွန်တော် အာမခံနိုင်ပါတယ်”
ဖုန်းတစ်ဖက်မှ အချိန်တစ်ခုအထိ ငြိမ်သက်သွားသည်။ စုန့်ချမ်က အံကြိတ်၍ ပြောလိုက်သည်။
“ကောင်းပြီ၊ ငါ မင်းကို ယုံလိုက်မယ်၊ ငါ အခု မင်းရဲ့ စာချုပ်ထဲက အကျိုးအမြတ်ကို ၇၀/၃၀ အဖြစ် တိုးပေးဖို့ ဆုံးဖြတ်လိုက်ပြီ၊ မင်းက ၇၀ ယူ၊ ပလက်ဖောင်းက ၃၀ ယူမယ်၊ ပြီးတော့ မင်းရဲ့ ထုတ်လွှင့်ချိန်အတွင်း ပင်မစာမျက်နှာမှာ အခမဲ့ ထောက်ခံစာ တင်ပေးမယ်၊ ဒါပေမဲ့ ငါ့ဘက်က အခြေအနေတစ်ခုတော့ ရှိတယ်”
ရဲ့လင်းချန်၏ မျက်လုံးများ ဝင်းလက်သွားသည်။ လက်ရှိတွင် သူသည် ရေပန်းစားမှုကို အလွန်အမင်း လိုအပ်နေသည်။ စုန့်ချမ်၏ ကမ်းလှမ်းမှုက သူ အလွန် လိုအပ်နေသော အကူအညီပင်။
*သူ့နာမည်အတိုင်းပဲ သူက ငါ့ကို ပိုက်ဆံပေးနေတာပဲ*
ရဲ့လင်းချန် ပြန်မေးမြန်းလိုက်သည်။
“ဘာအခြေအနေလဲ”
“မင်းက ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို ငါတို့ ပလက်ဖောင်းကနေ ထုတ်ဝေတာဆိုတော့ ငါတို့ မင်းစာချုပ်မှာ အခြေအနေတစ်ခု ထပ်ထည့်ချင်တယ်၊ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းရဲ့ မူပိုင်ခွင့်ကို ငါတို့ ငါးဆယ်/ ငါးဆယ် ပူးတွဲပိုင်ဆိုင်ခွင့် ရရမယ်”

ကျုပ်က ပါရမီရှင် (Chapter 1-200)Onde histórias criam vida. Descubra agora