Chapter 156

662 56 0
                                    

စာစဉ် 11 Chapter 156 ရဲ့လင်းချန်၏ အလုပ်ဟောင်း

အစ်ကိုနဂါးသည် သူ၏ ကမ္ဘာ့ရန်က သူ့အရှေ့တည့်တည့်၌ ပေါ်လာလိမ့်မည်ဟု တစ်ခါမှ ထင်မထားမိပါ။ ထို့အပြင် သူသည် သူ့ရန်သူ၏ ဖမ်းခြင်းပင် ခံလိုက်ရသည်။

သူ၏ စိတ်အခြေအနေက တစ်စတစ်စနှင့် ပြိုလဲပျက်စီးနေပြီး မျက်လုံးများ နီရဲကာ ပူနွေးသော မျက်ရည်များက ပါးပေါ် စီးကျလာသည်။

ရဲကားထဲသို့ တွန်းပို့ခံလိုက်ရသောအခါ သူ ထပ်၍ သည်းမခံနိုင်တော့ဘဲ ဖြဲအော်တော့သည်။ သူ့အသံထဲမှ ဝမ်းနည်းစိတ်က ကောင်းကင်ဘုံကပင် ကရုဏာသက်သွားစေလောက်သည်။

"ဒီတစ်ခါတော့ ငါ နင့်ကို တကယ် ကျေးဇူးတင်တယ်၊ နင့်ကြောင့်သာ မဟုတ်ရင် ငါတို့ မလိုက်နိုင်တဲ့ တစ်နေရာရာကို သူ ထွက်ပြေးသွားလောက်ပြီ၊ အဲ့လိုဆိုရင် ငါတို့ သူတို့ ရန်မူတာကို ခံရတဲ့သူတွေကို ဘယ်လို ရှင်းပြရမလဲ သိတော့မှာ မဟုတ်ဘူး"

ရှုနန်က ရဲ့လင်းချန်ကို အလေးပြုလျက် ရှင်းပြလိုက်သည်။

"ရပါတယ်၊ ဒါက တိုက်ဆိုင်သွားရုံလေးပါ"

ရဲ့လင်းချန် ပြုံးနေသည်။ ဤသို့သော အဖွဲ့အစည်းမျိုးကို သူ လုံးဝ နှစ်မြို့ခြင်း မရှိပါ။ သူကိုယ်တိုင် ဖမ်းဆီး လိုက်နိုင်သဖြင့် လူ့အဖွဲ့အစည်းအတွက် သူ ကောင်းကျိုး ပြုလုပ်ခဲ့သည်ဟု သတ်မှတ်နိုင်ပေ၏။

"အရင်တစ်ခေါက်တုန်းက ကိစ္စအတွက် ငါ တောင်းပန်ပါတယ်၊ ငါ အရမ်း ခေါင်းပူသွားခဲ့တယ်"

ရှုနန်က ရဲ့လင်းချန်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လေသည်။

သူမ ရဲ့လင်းချန်အပေါ် အမြင်သွားခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သော တစ်ခေါက်က ရဲ့လင်းချန်၏ ထက်မြက်သော အကဲခတ်ခြင်းနှင့် စွမ်းရည်တို့က ရှုနန်၏စိတ်ထဲတွင် အထင်ကြီးစိတ် ဖြစ်ပေါ်လာစေခဲ့သည်။ ယခုအခေါက်တွင်လည်း သူမ အတော်လေး ထိတ်လန့်မိသည်။

သူမသည် အစ်ကိုနဂါးကို ဖမ်းဆီးရမည့် စစ်ဆင်ရေး၌ ပါဝင်သူ ဖြစ်သည်။ ထို့ကြောင့် စစ်ဆင်ရေး၌ ရှိလာမည့် အခက်အခဲများကို သူမ နားလည်သည်။ ဤစစ်ဆင်ရေးကြောင့် သူမတို့ လုပ်ဖော်ကိုင်ဖက်အချို့ကိုပင် ဆုံးရှုံးခဲ့ရသည်။ ရဲ့လင်းချန်က အစ်ကိုနဂါးကို ဤမျှ လွယ်ကူစွာ ဖမ်းဆီးနိုင်လိမ့်မည်ဟု သူမ ထင်မထားမိပါ။ ဤသည်က အိပ်မက်တစ်ခုလိုပင်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now