Chapter 34

1.1K 117 0
                                    

Chapter 34 ငါ သူနဲ့ အိပ်ပြီးပြီ

ပီကင်းတက္ကသိုလ်သည် ဤနေရာနှင့် သိပ်မဝေးတော့သဖြင့် ရဲ့လင်းချန် ကျန်ခရီးကို လမ်းလျှောက်၍ သွားလိုက်သည်။ သူ့အနောက်၌ မိန်းမပျိုလေးသည် တစ်ဒင်္ဂမျှ တွေဝေနေပြီးမှ သူ့နောက် ပြေးလိုက်လာသည်။
“ဟေ့ ကျွန်မ ရှင့်ရည်ရွယ်ချက်ကို အထင်မှားခဲ့တဲ့အတွက် တောင်းပန်ပါတယ်”
ရဲ့လင်းချန်က သူမကို မသိချင်ယောင်ဆောင်နေသည်။
“ဟဲ့ နင့်အပြုအမူက ဘာကြီးလဲ၊ ငါ တောင်းပန်ပြီးပြီလေ၊ ပြီးတော့ သူတို့က လူကုန်ကူးသမားတွေပါလို့ နင်မှ ငါ့ကို မပြောတာ”
ရဲ့လင်းချန်ထံမှ အေးတိအေးစက် ပြန်ဆက်ဆံခံရသဖြင့် မိန်းမပျိုလေးသည် ရဲ့လင်းချန်၏ လမ်းကို ပေါ်တင် ပိတ်ရပ်လိုက်သည်။
“ငါ နင့်ကို ပြောနေတယ်လေ၊ နင် ငါ ပြောတာကို မကြားဘူးလား”
ထိုအခါတွင်မှ ရဲ့လင်းချန်က အရှေ့မှ မိန်းမပျိုလေးကို ကြည့်လေသည်။ သူမ၌ ကြည်လင်သော မျက်ဝန်းတစ်စုံ၊ ဖြူဖွေးသော သွားတန်း၊ ဖြူစွတ်သော အသားအရေနှင့် လှပသော မျက်နှာလေး ရှိသည်။ သူမအသွင်အပြင်က ရှောင်ဖေးဖေးနှင့်ပင် ယှဉ်နိုင်၏။ သူမ၏ မာနကြီးသော အကျင့်စရိုက်ကိုပါ ထည့်ပေါင်းလိုက်လျင် အခြား သူများအား သူမအပေါ် ဖိနှိပ်ချင်စိတ် ပေါက်လာစေသည်။
“ငါသာ မင်းကို နောက်တစ်ခွန်း ပြောမိရင် ငါ မင်းကို လိုက်နေပါတယ်လို့  မင်း အထင်မှားမှာ စိုးရတယ်”
ရဲ့လင်းချန်က အေးအေးလူလူ ပြောလိုက်သော်လည်း ထိုမိန်းမပျိုလေးအတွက် ကသိကအောက် ဖြစ်သွား လေသည်။
“ပြီးတော့ ငါ အရင်က မင်းကို ငါ့နာမည် ပြောခဲ့ပြီးပြီ၊ ငါက ဟဲ့ မဟုတ်ဘူး”
သူသည် မည်သို့သော ခံစားချက်ကိုမှမပြဘဲ မိန်းမပျိုလေး၏ ဘေးမှပတ်၍ ဆက်လျှောက်သွားသည်။ ပီကင်း တက္ကသိုလ်အား လှမ်းမြင်နေရလေပြီ။ မိန်းမပျိုလေးက နှုတ်ခမ်းစူ၍ ရဲ့လင်းချန် အနောက်မှ လိုက်လာပြီး သူ့ကျောကို ရံဖန်ရံခါ ခိုးကြည့်သည်။
ပီကင်းတက္ကသိုလ်သည် တရုတ်နိုင်ငံ၏ နံပါတ်တစ် ပညာရေးတက္ကသိုလ် ဖြစ်သည်။ ပင်မဝင်ပေါက်အား ရှေးနန်းတော်ပုံစံ ဟင်္သပဒါး တံခါးဝ ပြုလုပ်ထားပြီး အရှေ့ဘက်မှ အနောက်ဘက်အထိ တည်ဆောက်ထားသည်။ တံခါးအမြင့်မှာ ရှစ်မီတာထက် ပိုမမြင့်ပေ။ ရိုးစင်းသော ဗိသုကာပုံစံက လေးနက်ခြင်းနှင့် ကြော့ရှင်းမှုကို ဖော်ပြနေပြီး ပြင်းပြသော အမျိုးသားရေးစိတ်ဓာတ်ကို ထုတ်ဖော်နေ၏။ တံခါး၏ တစ်ဖက်တစ်ချက်၌ ကျောက်ခြင်္သေ့ရုပ်တု နှစ်ခုက ဝင့်ကြွားစွာ ရှိနေ၏။
ကျောင်းပတ်ဝန်းကျင်အတွင်း၌ ကျောင်းသားများ ဝင်လိုက်ထွက်လိုက် ရှိနေပြီး စကား တပြောပြောနှင့် သွားလာနေကြသည်။
လူငယ် အမျိုးသားများနှင့် အမျိုးသမီးများအားလုံး လှပချောမောကြသည်။
“ဝူး”
လီဗာကိုဖိနင်းလိုက်သည့် ကားသံ ထွက်ပေါ်လာသည်။ အနီရောင် Audi R8 ပြိုင်ကားက ပျံသန်းနေသော မီးလုံးသဖွယ် ရောက်ရှိလာပြီး ရဲ့လင်းချန်ရှေ့၌ ရပ်လာသဖြင့် သူ့လမ်း ပိတ်သွားလေသည်။
ဆံပင်အား ဘဲမြီးပုံစံ ဖီးသင်ထားပြီး ကောင်းမွန်စွာ ချုပ်လုပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ကာ ပြောင်လက် နေသော သားရေဖိနပ်တစ်ရံကို စီးထားသည့် အမျိုးသားတစ်ဦးက ကားပေါ်မှ ဆင်းလာသည်။ သူ့လက်ထဲ၌ အနီရောင် နှင်းဆီ ပန်းစည်ကြီးတစ်ခု ရှိသည်။
“ကြည့်စမ်း အဲ့ဒါ ဟဲယွမ်ပဲ”
“ဝိုး … ချောလိုက်တာ”
“သူ ပန်းကိုင်ထားတယ်၊ သူ ချစ်ရေးဆိုတော့မှာလား၊ သိပ်ကို ကြည်နူးစရာ ကောင်းတာပဲ …”
“အကယ်၍ သခင်လေးဟဲသာ ငါ့ကို ဒီလို ချစ်ရေးဆိုလို့ကတော့ ငါ အပျော်လွန်ပြီး သတိလစ်လောက်တယ်ဟယ်”

သူတို့၏ ဘေးပတ်လည်မှ သဘောကျသော ပရိသတ်များ၏ အော်ဟစ်သံများကို ကြားနေရသဖြင့် ရဲ့လင်းချန် ထိုလူကို သေချာကြည့်လိုက်သည်။
ချောမောသော အသွင်အပြင်အား ငယ်ရွယ်မှု၊ ချမ်းသာမှုနှင့် စူးရှသော ဖက်ရှင်အမြင်တို့နှင့် ပေါင်းစပ်ထားပြီး မျက်နှာပေါ်၌ ရွှင်ပြုံးသော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။ ဤလူက ပျိုတိုင်းကြိုက်သော နှင်းဆီခိုင် ဖြစ်နေသည်မှာ အံ့ဩစရာ မရှိပေ။
ဟဲယွမ်က ရဲ့လင်းချန်ကို အရေးမစိုက်ဘဲ ကျော်သွားလေသည်။ သူသည် မိန်းမပျိုလေးထံသို့ ချဉ်းကပ်သွားသည်။
“မူရွှယ် မင်း ဒီကိုလာမှာကို ဘာလို့ ငါ့ကို မပြောတာလဲ၊ ငါ မင်းကို လိုက်ပို့လို့ ရတာပဲကို”
လီမူရွှယ်က မကျေနပ်သလို နှာမှုတ်၍ အေးစက်စွာ ပြန်ပြောလိုက်သ်ည။
“ရှင့်စေတနာကိုတော့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့က အဲ့လောက်ထိ ရင်းမှမရင်းနှီးတာ”
ဟဲယွမ်သည် လီမူရွှယ်၏ အကျင့်စရိုက်နှင့် အသားကျထားပြီးသား ဖြစ်သည်။ သူသည် အပြုံးကိုဆက်ထိန်း၍ လက်ထဲမှ နှင်းဆီပန်းစည်းကို ကမ်းပေးလိုက်သည်။
“ငါ ပန်းဆိုင်နားက ဖြတ်သွားရင် ဒီပန်းစည်လေးက မင်းနဲ့ လိုက်မယ်လို့ တွေးလိုက်မိတာလေ၊ မင်း သဘောကျမယ်လို့ ငါ မျှော်လင့်ပါတယ်”
သူသည် စကားလုံး ရွေးချယ်ရာ၌ တော်လေသည်။ သူမအား ပေါ်ပေါ်ထင်ထင် လက်ဆောင်ပေးခြင်း မပြုဘဲ မိန်းကလေး အများစု ငြင်းရခက်မည့်ပုံစံဖြင့်သာ ပြောနေသည်။
သို့သော် လီမူရွှယ်က နှင်းဆီပန်းကို လက်မခံဘဲ ရှေ့သို့လှမ်းသွားပြီး ရဲ့လင်းချန်ဘေးနားသို့ လျှောက်သွားသည်။ သူမသည် ရဲ့လင်းချန်၏ တံတောင်ဆစ်၌ လက်ချိတ်၍ ချစ်ကျွမ်းဝင်ချင်ယောင် ဆောင်လိုက်သည်။
“သခင်လေးဟဲ ကျွန်မ စိတ်မကောင်းပါဘူး၊ ကျွန်မသာ ဒီပန်းစည်းကို လက်ခံလိုက်ရင် ကျွန်မကောင်လေး စိတ်ဆိုး သွားလောက်တယ်”
ထိုအခိုက်တွင် ဘေးပတ်လည်မှ လူများအားလုံး ထိတ်လန့်ကာ မျက်လုံးပြူးသွားကြသည်။ လူအုပ်ကြီး၏ အကြည့်က ရဲ့လင်းချန်ပေါ် ကျရောက်လာ၏။
ရိုးရှင်းသော အဝတ်အစား၊ ရည်မွန်သော စရိုက်နှင့် အနည်းငယ် ဆွဲဆောင်မှုရှိသော ပုံစံရှိသော်လည်း သူသည် သာမန်မျှသာ ရှိနေဆဲပင်။
*ဒီကောင်က လီမူရွှယ်ရဲ့ ရည်းစားလား*
*ဒီမိန်းမကတော့ ငါ့ကို ဒိုင်းလို လာအသုံးချနေတာပဲ*
ဘတ်စ်ကားပေါ်မှကတည်းက ဤအမျိုးသမီးသည် တစ်လောကလုံးမှ ယောက်ျားသားများအားလုံး သူမကို ပိုးပန်းနေသကဲ့သို့ မာန်တက်ကာ အခြားသူများအား သူမနှင့် မတူသလို မတန်သလို ပြုမူတတ်ကြောင်း ရဲ့လင်းချန် သတိထားခဲ့မိသည်။
သူမစိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ထင်မှတ်နေကာ သူမက ဒိုင်းအဖြစ် အသုံးချသည့်အတွက် ရဲ့လင်းချန် ဂုဏ်ယူသင့်သည်ဟုပင် တွေးနေလေသည်။
ရဲ့လင်းချန်ကို အသုံးချပြီးနောက် သူမက ဘာကိုမှ အရေးမစိုက်ဘဲ ဆက်သွားပေလိမ့်မည်။ သို့သော် ရဲ့လင်းချန်က ယောကျားသားများ၏ အမုန်းကို ရရှိခြင်းနှင့် အဆုံးသတ်သွားပေမည်။ အထူးသဖြင့် ဟဲယွမ်၏ ရန်ငြိုးပင်။ သူ့မျက်နှာက မည်းမှောင်ကာ တင်းမာနေပြီး ရဲ့လင်းချန်ကို မကျေမနပ် ကြည့်နေ၏။
Helen of Troy ရုပ်ရှင်ဇာတ်လမ်းလိုပင် လှပခြင်းက ပြဿနာ အများစု၏ အရင်းအမြစ် ဖြစ်လေသည်။ သူသည် ကျောင်းပင် မတက်ရသေးဘဲ ဤအမျိုးသမီး၏ ပေါက်ပေါက်ရှာရှာ စိတ်ကူးကြောင့် အတော်လေး စိတ်အနှောင့် အယှက် ဖြစ်ရပေတော့မည်။
“မင်းရည်းစားလား”
ဟဲယွမ်က ရဲ့လင်းချန်ထံသို့ လျှောက်လာ၏။ သူသည် ခေါင်းကိုမော့ကာ အထင်သေးသော အကြည့်ဖြင့် ပြောလိုက်သည်။
“သူ့လို ဆင်းရဲသားက သူတောင်းစားနဲ့ ဘာကွာလို့လဲ၊ ငါ ဒီလိုအလိမ်မျိုးကို ယုံမယ်လို့ မင်း ထင်နေတာလား”
“သူတောင်းစားလေး မင်းအတွက် ဘာက ကောင်းလဲ သိတယ်ဆိုရင် ဒီနေရာက ထွက်သွားစမ်း၊ ငါက မင်း ဝင်နှောင့်လို့မရတဲ့ လူစားပဲ”
လီမူရွှယ် ပြန်မပြောနိုင်ခင်မှာပင် ရဲ့လင်းချန်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့၍ သူမကို နမ်းလိုက်လေသည်။
ဟဲယွမ် မှင်တက်သွားသလို လီမူရွှယ်လည်း အံ့ဩသွားသည်။ ဘေးပတ်လည်မှ လူများသည်လည်း အံ့အားသင့် သွားကြသည်။
သုံးစက္ကန့်ကြာပြီးနောက် ရဲ့လင်းချန်က နှုတ်ခမ်းကိုသပ်၍ ဟဲယွမ်ကို ပြန်ကြည့်လေသည်။
“အခု မင်း ယုံပြီလား”
“မင်း …”
ဟဲယွမ် သူ့အဆုတ် ပေါက်ကွဲထွက်လာတော့မည်ဟု ခံစားမိလာ၏။ သူ၏မျက်လုံးများ နီရဲလာပြီး ရဲ့လင်းချန်အား သေချာ စူးစိုက်ကြည့်လေသည်။
သူ လီမူရွှယ်ကို ပထမဆုံး တွေ့လိုက်သည့် အချိန်မှစ၍ ဤအမျိုးသမီးအား သူ့အပိုင်ဖြစ်အောင် လုပ်မည်ဟု သန္နိဋ္ဌာန် ချခဲ့သည်။ တစ်နှစ် ကြာပြီးနောက် သူ နည်းမျိုးစုံသုံး၍ ပိုးပန်းသော်လည်း လက်ရှိတွင် ဤနတ်မိမယ်က ဖားတစ်ကောင်၏ ဖျက်ဆီးခြင်း ခံလိုက်ရသည်ကို သူ မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။ ဤမြင်ကွင်းက သူ့ကို မွန်းကြပ်စေ၏။
“ငါ ဘာဖြစ်လို့လဲ”
ရဲ့လင်းချန် ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
“မင်း သိအောင် ပြောလိုက်ဦးမယ်၊ ငါ သူနဲ့ နမ်းရုံတင် မကဘူး၊ သူနဲ့ အိပ်ပါအိပ်ပြီးပြီ”
ထိုအခါ ဟဲယွမ်သာမက လူအုပ်ကြီးပါ အုတ်အော်သောင်းတင်း ဖြစ်သွားပြီး ချက်ချင်း မနာလိုသော အကြည့်နှင့် မုန်းတီးသော အကြည့်များ ဖြစ်ပေါ်လာသည်။
လီမူရွှယ်သည် အံ့ဩနေရာမှ သတိပြန်ဝင်လာပြီး မျက်နှာတစ်ပြင်လုံး နီစွေးကာ ရဲ့လင်းချန်ကို စူးစိုက်ကြည့် လိုက်သည်။ သူမအကြည့်က ရဲ့လင်းချန်ကို အရှင်လတ်လတ် ဝါးစားချင်နေသည့်ပုံပင်။
သို့သော် ဟန်ဆောင်ခြင်းက ဆက်လက် လုပ်ဆောင်နေရမည် ဖြစ်သဖြင့် ယခုမှ သူမ နောက်ဆုတ်၍ မရနိုင်ပါ။
“မင်း”
ဟဲယွမ်၏ မျက်နှာ ပြာနှမ်းလာပြီး ရဲ့လင်းချန်အား လက်ညှိုးထိုး၍ သရော်လေသည်။
“မင်း သတ္တိကောင်းသားပဲ၊ စောင့်နေလိုက်”
သူ နောက်ပြန်လှည့်၍ ထွက်သွားလိုက်သည်။ ဤနေရာ၌ ကြာကြာဆက်နေပါက ရှက်စရာ ကောင်းလွန်းလှသည်။
“ရဲ့လင်းချန် ဒါ ဘာသဘောလဲ၊ ဘယ်သူက နင့်ကို ငါ့နာမည်ကို ညစ်နွမ်းအောင် လုပ်ခွင့် ပေးထားလဲ၊ ပြီးတော့ ငါ ဘယ်တုန်းက ငါ့ကို နမ်းလို့ရတယ်လို့ နင့်ကို ပြောဖူးလို့လဲ”
လီမူရွှယ် ပေါက်ကွဲလာပြီး ရဲ့လင်းချန်အား သေစေနိုင်သော အကြည့်ဖြင့် ကြည့်လေသည်။ ရဲ့လင်းချန်က လီမူရွှယ်ကို ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းနာမည်က တန်ဖိုးရှိပင်မယ့် ငါ့နာမည်က တန်ဖိုးမရှိဘူးလား”
“နင်က ယောက်ျားလေးလေ၊ ဘယ်လိုလုပ် ငါနဲ့ ယှဉ်လို့ရမှာလဲ”
လီမူရွှယ်က ရဲ့လင်းချန်ကို စိုက်ကြည့်လာသည်။
“ဒီနေ့ နင် အားလုံးကို ငါ နင်နဲ့ အဲ့ဒါ … အဲ့ဒါ မလုပ်ခဲ့ဘူးလို့ ကြေငြာရမယ်”
“မင်း ငါ့ကို ဒိုင်းအဖြစ် အသုံးချရင် ငါ့အတွက် ဘယ်လောက် ပြဿနာ တက်မလဲ မင်း သိလား”
ရဲ့လင်းချန်က လီမူရွှယ်ကို ပြန်စိုက်ကြည့်လိုက်သည်။
“မင်းက ငါတို့က အတွဲတွေလို့ ပြောမှတော့ ငါ သရုပ်ဆောင်တာ မှားသလား”
ထိုသို့ပြောပြီး သူ ထွက်သွားရန် ပြင်လိုက်သည်။
“နင် အဲ့နေရာမှာ ရပ်နေစမ်း”
“သွားမှာပဲ”
ရဲ့လင်းချန်က ပြန်အော်ပြော၍ လီမူရွှယ်နှင့် ဝေးရာသို့ ဆက်လျှောက်သွားသည်။ လီမူရွှယ်သည် ရဲ့လင်းချန်၏ ကျောကိ စိုက်ကြည့်နေပြီး မျက်လုံးပြူးနေသည်။ နောက်ဆုံးတွင် သူမ သူ့နောက်သို့ ပြေးမလိုက်တော့ပေ။ သူမ စိတ်ဆိုးမာန်ဆိုးဖြင့် ခြေဆောင့်၍ ကြိမ်းဝါးလိုက်သည်။
“ရဲ့လင်းချန် ငါ နင့်ကို မှတ်ထားမယ်”
ကျောင်းအပ်သော လုပ်ငန်းစဉ် အပြီးတွင် သူသည် ကျူရှင်ခများ ပေးသွင်းလိုက်ပြီး လိုအပ်သော ပစ္စည်းများနှင့် သိုင်းလေ့ကျင့်ရေး ယူနီဖောင်းကို ယူလိုက်သည်။ ထို့နောက် ရဲ့လင်းချန်သည် သူ၏အဆောင်သို့ လျှောက်သွား လေသည်။
သစ်ခွအဆောင် အခန်းနံပါတ် ၂၀၄။
“ယီးပဲ မင်း ဘာလုပ်နေတာလဲ၊ အနောက်ကနေ လေ့လာမနေနဲ့ ရှေ့တက်လေ”
“မင်းရဲ့ အစွမ်းတွေကိုသုံးလေ၊ မင်းအစွမ်းတွေကို အလှထိုင်ကြည့်မလို့လား”
“မင်းဆော့နေတဲ့ပုံကတော့ကွာ၊ မင်း လာပြောင်နေတာလား”
လေးယောက်တစ်ခန်း အဆောင်၌ သုံးယောက် ရှိနေပြီး ရဲ့လင်းချန်က နောက်ဆုံးမှ ရောက်လာသူ ဖြစ်သည်။ တစ်ယောက်က အရပ်ရှည်၍ အသားညိုပြီး နောက်တစ်ယောက်က ကြံ့ခိုင်၍ မျက်မှန်သမား ဖြစ်ကာ နောက်တစ်ယောက်က အနည်းငယ် ဝသောသူ ဖြစ်လေသည်။
ရဲ့လင်းချန် ဝင်သွားချိန်တွင် ဖန်သားပြင် သုံးခုလုံး မည်းနက်သွားသဖြင့် သူတို့အသင်း ရှင်းလင်းခံလိုက်ရပြီ ဖြစ်ကြောင်း ပြသနေ၏။
“ငါတို့ရဲ့ အခန်းဖော်အသစ် ရောက်လာတာပဲ၊ ကြိုဆိုပါတယ်”
သုံးယောက်လုံး ရဲ့လင်းချန် ရောက်လာခြင်းအား ရွှင်ရွှင်ပျပျ ကြိုဆိုကြသည်။ အချင်းချင်း မိတ်ဆက်စကား ပြောပြီးနောက် သူတို့ ဂိမ်းပြန်ဆော့ကြသည်။ သို့သော် ရံဖန်ရံခါ ဖြစ်လာသော ကစားနည်းများကြောင့် ရလဒ်က ကျေနပ်ဖွယ် မရှိချေ။
အရပ်ရည်ရှည်နှင့် အသားညိုသော တစ်ယောက်သည် လျန်ယွင်ကွမ်းမှ ဖြစ်ပြီး အရပ် တစ်ရာကိုးဆယ့်နှစ် စင်တီမီတာ ရှိကာ အားကစားတစ်ယောက်နှင့် တူလေသည်။ သူ့နာမည်မှာ ကုန်းဟမ် ဖြစ်ပြီး နာမည်ပြောင်မှာ ရှောင်ကမ်း ဖြစ်လေသည်။
မျက်မှန်နှင့်တစ်ယောက်မှာ ကျားယွင်ရှန်း ဖြစ်ပြီး နာမည်ပြောင်မှာ ရှန်း ဖြစ်လေသည်။ အနည်းငယ် ဝသောသူမှာ ကျန်းကျီယန် ဖြစ်ပြီး နာမည်ပြောင်က အာလူးလေး ဖြစ်သည်။
ရဲ့လင်းချန်၏ အိပ်ရာမှာ နံပါတ်သုံးဖြစ်ပြီး နံရံကပ်အိပ်စင် အပေါ်ဘက် ဖြစ်လေသည်။ သူ့အိပ်ရာကို ပြင်ဆင် ပြီးနောက် စောင်များကို ခေါကါသိမ်းကာ ရှင်းလင်းရေး အချို့ လုပ်လိုက်သည်။ ထို့နောက် ရဲ့လင်းချန်သည် ဝံပုလွေပေါက်လေး နှစ်ကောင်ကို ထုတ်ကာ လသာဆောင်၌ ချပေးလိုက်လေသည်။
တိရစ္ဆာန်များအား မည်သို့ ယဉ်ပါးအောင် လုပ်ရမလဲ လေ့လာပြီးနောက် ရဲ့လင်းချန်သည် ဝံပုလွေပေါက်လေး နှစ်ကောင်အား အလွယ်တကူ စောင့်ရှောက်နိုင်ပြီး ဝံပုလွေပေါက်လေး နှစ်ကောင် ရဲ့လင်းချန်အပေါ် အတော်လေး အားကိုးလေသည်။ သူတို့သည် ရဲ့လင်းချန်၏ ပွေ့ဖက်ခြင်း ခံယူကာ တစ်ခါမျှ လူးလိမ့်နေပြီးနောက် စိတ်ကျေနပ် သွားကြသည်။
ဝံပုလွေပေါက်လေးများကို‌ အောက်ချပြီးနောက် ရဲ့လင်းချန်သည် သုံးယောက်လုံး၏ အနောက်သို့ လျှောက်သွားကာ ကစားပွဲကို လေ့လာလေသည်။
သူတို့သည် ဒိုတာ ကစားနေခြင်း ဖြစ်ပေသည်။ ရှန်းက ဝါရင့်ကစားသမား ဖြစ်ပြီး အာလူးလေးနှင့် ရှောင်ကမ်းမှာ ဘယ်လိုကြည့်ကြည့် ယခုမှ စဆော့ဖူးသူများနှင့် တူလေသည်။ သူတို့၏ ကစားပုံက လိုက်ဖက်မှု မရှိသဖြင့် ရှန်း၏ ပြောဆိုသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now