Chapter 136

725 74 0
                                    

စာစဉ် 10 Chapter 136 ထပ်ခါထပ်ခါ အမှတ်ရခြင်း

ထိုမေးခွန်းကို လူအုပ်ထဲမှ လူများအားလုံး တွေးမိနေကြသည်။ သူတို့အားလုံး အချင်းချင်း ပြန်ကြည့်ပြီး ထိုနာမည်ပိုင်ရှင်ကို သိချင်စိတ်ဖြင့် လိုက်ရှာလေတော့သည်။

ရဲ့လင်းချန် မထင်မှတ်ဘဲ အံ့ဩသွားရသည်။ သူ နှာခေါင်းကို ပွတ်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

"ရှောင်ရဲ့ မထွက်နဲ့၊ အဲ့ကျောက်ရီထျန်းက အရမ်း တော်လွန်းတယ်"

"ဟုတ်တယ် မင်း ဘာမှမကြားသလို နေလိုက်၊ တကယ်ဆို မင်းက ငါတို့ တက္ကသိုလ်ရဲ့ ဘက်စကတ်ဘော အသင်းထဲ ပါနေတာမှ မဟုတ်တာ"

"ရှောင်ရဲ့ အခုချိန်က မင်း ကြမ်းပြရမယ့်အချိန် မဟုတ်ဘူး၊ မင်း မယှဉ်နိုင်ရင် ရှက်စရာကြီး ဖြစ်နေလိမ့်မယ်"

သုံးယောက်သား သူ့ကို စိုးရိမ်တကြီး အကြံပေးလာသည်။

"ဘာမှမဖြစ်ပါဘူး"

ရဲ့လင်းချန် အေးအေးလူလူ ပြုံးပြလိုက်သည်။ သူ့၌ သူရဲဘောကြောင်တတ်သည့် အကျင့်မျိုး မရှိပါ။ ကျောက်ရီထျန်းကို တည့်တည့်စိုက်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ငါပဲ"

ထိုသို့သောအချိန်တွင် အားလုံး၏ အကြည့်က ရဲ့လင်းချန်ထံ စုပုံကျရောက်လာ၏။

"သူလား၊ သူက ဘက်စကတ်ဘောမှာ တော်တဲ့ပုံလည်း မပေါက်ပါဘူး"

"သူက အရပ်မရှည်ဘူး၊ တစ်ရာ့ရှစ်ဆယ် စင်တီမီတာ စွန်းစွန်းလောက်ပဲ ရှိတယ်၊ အရပ်မှာ အားသာနေတာမျိုးလည်း မရှိဘူး"

"ပီကင်းတက္ကသိုလ်က လူတွေက အရှုံးကို လက်မခံနိုင်လို့ ဟန်လုပ်နေတာလား၊ ဒါ သူတို့ တက္ကသိုလ်ရဲ့ အကောင်းဆုံး ကမ်းလှမ်းမှုလား"

ဟွာချင်တက္ကသိုလ် လူအုပ်တွင်း၌ စာအုပ်ဖတ်နေသော ရှုဝမ်ချင် ရုတ်တရက် ခေါင်းမော့လာသည်။ ရဲ့လင်းချန်ကို တွေ့သောအခါ သူမ မျက်မှောင်ကြုတ်သွားပြီး တအံ့တဩ ရေရွတ်လိုက်သည်။

"သူလား"

ကျောင်းအုပ်ရှန့်နှင့် ကျောင်းအုပ်ရှုတို့ကလည်း အသံလာရာဘက်လှည့်၍ ရဲ့လင်းချန်အား စမ်းစစ်သော အကြည့်တို့ဖြင့် ကြည့်လာသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Onde histórias criam vida. Descubra agora