Chapter 37

1.1K 123 0
                                    

Chapter 37 ကြွားလုံးထုတ်ရန် မလို

မျက်နှာစိမ်း ဖြစ်နေသည့်အပြင် သူ၏ ရိုးရှင်း၍ တန်ဖိုးနည်း အဝတ်အစားကြောင့် ရဲ့လင်းချန်သည် ခန်းမထဲရှိ လူတစ်ချို့ထံမှ မသိမသာ မျက်မှောင်ကြုတ်၍ ကြည့်ခြင်း ခံရလေသည်။ ချက်ချင်းဆိုသလိုပင် တီးတိုး စကားသံများကို ကြားလာရသည်။
“သူက ဘယ်သူလဲ၊ သူက ရှောင်ဖေးဖေးရဲ့ အလှမ်းဝေးတဲ့ အမျိုးလား”
“ဒီလူ ဝတ်ထားတာ စုတ်ပြတ်နေတာပဲ၊ ရုပ်ဖြတ်ထားတဲ့ အကောင်ကြီးကြီး တစ်ကောင်တော့ မဟုတ်လောက် ပါဘူးနော်”
“ဒါရိုက်တာလီနဲ့ ရှောင်ဖေးဖေးရဲ့ပုံစံက သူနဲ့ တော်တော် ရင်းနှီးတယ်၊ သူ ဘယ်ကလာတာလဲ မသိဘူး”
ရဲ့လင်းချန်၏ နာမည်က တစ်ခါမှ မပြန့်ဖူးသလို သူ ရုပ်ရှင်ထဲ ပါသည့်အကြိမ်တိုင်း၌ မျက်နှာဖုံး တပ်ထားရသည်။ ထို့ကြောင့် လူတော်တော်များများက သူ့ကို သတိမထားမိကြချေ။
သိချင်စိတ် များနေသည့် လူများက ချက်ချင်း ဟမ်တန်း၌ လူသိများသော ဝူဖုန်းကို သွားမေးကြသည်။
“မင်းတို့ ခန့်မှန်းနေစရာ မလိုတော့ဘူး၊ အဲ့ကောင်က အရှုံးသမားပဲ”
ဝူဖန်းက အေးစက်စွာ ရယ်မောလေသည်။
“ဘာ ဖြစ်နိုင်ပါ့မလား”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ”
ဝူဖုန်း၏ အသံက အလွန် ခက်ထန်လာ၏။
“သူက ငါ ကန်မထုတ်ခင် ငါ့ရိုက်ကူးရေးသမားတွေထဲက ဝန်ထမ်း ဖြစ်ဖူးတယ်၊ သူ ဘာနည်းလမ်းတွေသုံးပြီး ရှောင်ဖေးဖေးကို စွဲသွားအောင် လုပ်လိုက်လဲတော့ မသိဘူး”
“နားလည်ပြီ”
“ချီးပဲကွာ သူ့လို ဆင်းရဲသား အရှုံးသမားက အဓိက စားပွဲမှာ ထိုင်နေတယ်၊ ဒါ ရယ်ချင်စရာ ကောင်းမနေဘူးလား”
“မင်း ပြောတာ မှန်တယ်၊ သူ အဲ့မှာ ထိုင်ဖို့ မထိုက်တန်ဘူး”
ဝူဖုန်း၏ မျက်လုံးများက စူးလက်နေပြီး ထရပ်ကာ ရဲ့လင်းချန်ထံသို့ လျှောက်သွားလေသည်။
“ခွေးကောင် ဒါ မင်းထိုင်ရမယ့်နေရာ မဟုတ်ဘူး ထွက်သွားစမ်း”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း စိုက်ကြည့်လာသည်။ ရှောင်ဖေးဖေး မျက်နှာ မည်းမှောင်သွားပြီး အေးစက်စွာ ပြန်ပြောလိုက်သ်ည။
“ဝူဖုန်း နင် ဘာလုပ်တာလဲ၊ သူက ငါ့ရဲ့ အရေးပါတဲ့ဧည့်သည်”
“အရေးပါတဲ့ ဧည့်သည် ဟုတ်လား၊ သူက ဘာမို့လို့လဲ၊ ဘယ်လိုတွေ အရေးပါသွားတာလဲ၊ သူက ငါ့အိမ်က ခွေးဖြစ်ဖို့တောင် မထိုက်တန်တာ”
ဝူဖုန်းက မောက်မာစွာဖြင့် ရဲ့လင်းချန်ကို ပုတ်ခတ် ပြောဆိုလေသည်။
“ဝူဖုန်း ဒီမှာ ပြဿနာ လာရှာမနေနဲ့၊ ထွက်သွားတော့”
ရှောင်ဖေးဖေးက ဒေါသတကြီး ပြန်ပြောလေသည်။
“ရှောင်ဖေးဖေး မင်းက သခင်လေးလု သဘောကျတဲ့ မိန်းမဆိုတာ မမေ့ထားနဲ့၊ သူ့လို ပိုင်းလုံးကို မင်းအနားမှာ ထားရင် မင်း သိတောင်မသိဘဲ သေသွားလိမ့်မယ်”
ဝူဖုန်းက အေးတိအေးစက် ရယ်၍ ရှောင်ဖေးဖေးအား သရော်သလို ကြည့်လေသည်။
“မင်း နာမည်ကြီးတာ ကြာလာတော့ အကြိုက် ပြောင်းသွားတာလား၊ မင်း ဘယ်လိုလုပ် ဒီချေးလိုကောင်ကို ရှာလာတာလဲ”
သူ့စကားက လှုပ်လှုပ်ရွရွ ဖြစ်သွားစေပြီး လူတိုင်းက ရှောင်ဖေးဖေးအား မယုံသလို ကြည့်လာကြသည်။ ဝူဖုန်း ပြဿနာ အကြီးအကျယ် ရှာလေပြီ။
“ပါးစပ်ပိတ်ထား”
ရှောင်ဖေးဖေး ဒေါသကြောင့် မျက်နှာ တွန့်ရှုံ့သွားသည်။
“လုဟောင်က လုဟောင်၊ ငါက ငါပဲ၊ ငါတို့ ဘာမှပတ်သက်မှု မရှိဘူး၊ ရဲ့လင်းချန်နဲ့ ငါက သူငယ်ချင်းသက်သက်ပဲ”
“ဟားဟား သခင်လေးလုရှေ့မှာ မင်း ဒီလိုစကားမျိုး ပြောရဲလား”
ဝူဖုန်းက ထီမထင်ဟန် ပြုံးလိုက်ပြီး ရဲ့လင်းချန်အား အေးစက်စက် ကြည့်လိုက်သ်ည။
“ခွေးကောင် မင်းမှာ ပိုက်ဆံရော၊ အဆက်အသွယ်ရော၊ အာဏာပါ မရှိဘူးလေ၊ မင်းက အမှိုက်ထက်တောင် ဆိုးသေးတယ်၊ ဒါတောင် မင်းက ငါ့နယ်မြေထဲမှာ ပေါ်လာရဲသေးတယ်ပေါ့၊ ထွက်သွားစမ်း”
လူတိုင်း၏ အကြည့်အောက်၌ ရဲ့လင်းချန်က အေးအေးလူလူ ထိုင်နေပြီး စကားတစ်ခွန်းသာ ပြောလိုက်သည်။
“ထွက်သွား”
တစ်ခဏအတွင်း လေထုအခြေအနေက အေးစက်လာသည်။
“ယီးပဲ ဒီအရှုံးသမားတော့ ရူးနေပြီ၊ သူ့ကိုယ်သူ ဘာထင်နေတာလဲ”
“ဒီပိုင်းလုံးကောင်က ရှောင်ဖေးဖေးကို ကပ်နိုင်ဖို့အတွက် ဘာမဆို လုပ်မယ်ထင်တယ်”
“ရှောင်ဖေးဖေးက သူ့ကို ဘယ်လို မြင်တာပါလိမ့်၊ ဒါက တကယ့်ကို အလှလေးနဲ့ သားရဲလိုပဲ”

“မင်း ကိုယ့်ပြဿနာ ကိုယ်ရှာတာပဲ”
ဝူဖုန်း၏ အမူအရာက အလွန် ရက်စက်ကြမ်းကြုတ်နေပြီး စားပွဲပေါ်မှ ဝိုင်ပုလင်းကိုကိုင်၍ ရဲ့လင်းချန်၏ ခေါင်းကို ရိုက်ခွဲလေသည်။
ရဲ့လင်းချန် ကြောက်လိမ့်မည်ဟု သူ ထင်နေသည်။ အတော်ဆုံး တိုက်ခိုက်ရေးသမားပင် ခေါင်းအား အထိအခိုက် မခံချင်ကြပါ။
အရာအားလုံးက သူ စီစဉ်ထားသည့်အတိုင်း ဖြစ်နေသဖြင့် သူ့စိတ်ထဲတွင် လုံးဝ ကြောက်စိတ် မရှိပေ။ ရဲ့လင်းချန် ခေါင်းကွဲတော့မည်ဟု သူ မြင်ယောင်ကာ အားရ ကျေနပ်နေသည်။ သို့သော် သူ မြန်သည်ထက် ရဲ့လင်းချန်က ပိုမြန်ပေသည်။
ဝူဖုန်း ပုလင်းကို ကောက်ကိုင်သည့်အချိန်မှာပင် ရဲ့လင်းချန်၏ လက်သီးက မြောက်တက်လာ၏။ သူ့လက်သီးသည် အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသဖြင့် ရိုးရှင်းသော လက်သီးချက် ဖြစ်သော်လည်း လူတိုင်း ဖျတ်ခနဲသာ မြင်လိုက်ရသည်။
အရင် လှုပ်ရှားလာသော ဝူဖုန်းသည် သူ့ထံသို့ အားပါသော လေတိုးသံ တိုက်ခတ်လာသည်ကိုသာ ခံစားမိပြီး အသက် မရှူနိုင်အောင် ဖြစ်သွားရသည်။ ထို့နောက်တွင်မူ လက်သီးက ဝူဖုန်း၏ ပါးနှင့် မိတ်ဆက်သွားလေသည်။
ပင့်လက်သီးပင်။
လက်သီးနှင့် အထိုးခံလိုက်ရသောအခါ ဝူဖုန်း၏ ဦးခေါင်း အပေါ်သို့ ဆတ်ခနဲ မြောက်တက်သွားပြီး မျက်လုံးပြူးတက်ကာ တစ်ကိုယ်လုံး ဒုံးပျံသဖွယ် မြောက်တက်သွားသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး သွားတစ်ချို့ပင် ကျွတ်ထွက်လာ၏။
“ဘုန်း”
သူ့ခန္ဓာကိုယ် ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ပြန်ပြုတ်ကျလာသောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ တဖြည်းဖြည်းနှင့် အားလုံးက ရဲ့လင်းချန်ကို မျက်လုံးအပြူးသား ကြည့်လာကြသည်။
*လက်သီးတစ်ချက်တည်းနဲ့ အရပ် တစ်ဒသမ ကိုးမီတာ မြင့်တဲ့ ကြံ့ခိုင်တဲ့ ယောက်ျားသား တစ်ယောက်ကို လွင့်ထွက်သွားအောင် လုပ်နိုင်တာလား၊ ဒီလက်သီးရဲ့ ခွန်အားက ထိတ်လန့်စရာပဲ*
“အား … ငါ့သွား၊ ခွေးကောင် မင်း သေပြီသာမှတ်၊ ငါ မင်းဘဝကို အရှင်လတ်လတ် ငရဲခံရသလို လုပ်ပစ်မယ်”
ဝူဖုန်း၏ ပါးစပ်တွင် သွေးများ ပြည့်နေပြီး ပုံပျက်ပန်းပျက် ဖြစ်နေသည်။ သွားတစ်ချို့လည်း ကျွတ်ထွက်သွားသဖြင့် စကားသံက မပီသတော့ချေ။
“ဒေါက် ဒေါက် ဒေါက်”
တစ်ချိန်တည်းမှာပင် အပြင်ဘက်မှ ခြေသံများ ကြားလာရသည်။ ဝတ်ကောင်းစားကောင်း တတ်စားထားသည့် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်က သူတို့ထံသို့‌ လျှောက်လာသည်။
သူ၏ ခြေလှမ်းတိုင်း၌ မာန်ပါနေပြီး သူ မရောက်ခင်မှာပင် ခြေသံများကြောင့် အားလုံးက နောက်လှည့်ကြည့် လာကြသည်။
ထိုလူငယ်သည် အရပ်ရှည်ကာ ဖြောင့်မတ်၍ မျက်နှာက အလွန် မချောမောသော်လည်း သူမတူသော  ဟန်များ ရှိနေသည်။
ထိုလူငယ်၏ အနောက်၌ အရှေ့တောင်အာရှသား တစ်ယောက်နှင့် ဥရောပသား တစ်ယောက်တို့ လိုက်ပါလာသည်။ သူတို့မျက်နှာက ခြိမ်းခြောက်နိုင်စွမ်း ရှိပြီး လူတစ်ယောက်အား အန္တရာယ်ပေးလိုသော ခံစားချက်များ ပေးစွမ်းပြီး သူတို့က ရန်လိုကြောင်း လူတိုင်း ပြောနိုင်ပေသည်။
“ဒီမှာ ဘာဖြစ်နေတာလဲ”
ထိုလူငယ် မျက်မှောင်ကြုတ်သွားပြီး သူ့ထံမှ ဩဇာအာဏာ ရှိဟန် အငွေ့အသက်တစ်ခု ပျံ့လွင့်လာသည်။ ဘုရင်တစ်ပါး ရောက်လာပြီး မျိုးရိုးနိမ့်များကို စစ်ဆေးနေသည်ဟု ထင်မှတ်ရသည်။
“သခင်လေးလု၊ သခင်လေးလု နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ”
ဝူဖုန်းက ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူ့ထံ ခွေးတစ်ကောင်သဖွယ် တွားသွားလေသည်။ ထို့နောက် ရဲ့လင်းချန်ကို လက်ညှိုးထိုးကာ တိုင်တန်းလေတော့သည်။
“သခင်လေးလု၊ ခင်ဗျား ကျုပ်အတွက် တရားမျှတမှု ရှာပေးရမယ်၊ အဲ့ပိုင်းလုံးက ရှောင်ဖေးဖေးနဲ့ ဘယ်လို ပတ်သက်မှု ရှိလဲတော့ မသိဘူး၊ ကျုပ် သူ့ကို ကန်ထုတ်ချင်တာကို ကျုပ်ကို ရိုက်ထုတ်ပစ်တယ်”
“မြတ်စွာဘုရား၊ ဒါ သခင်လေးလုပဲ၊ ဒီနေ့ သူ ပေါ်လာမယ်လို့ ငါ ထင်မထားမိဘူး”
“ငါ သိနေသင့်တာ၊ သခင်လေးလုက ရှောင်ဖေးဖေးကို သူ့အပိုင်လို့ မြင်နေတာ၊ ဒီနေ့ ဘယ်လိုလုပ် ပေါ်မလာဘဲ နေမလဲ”
“ဒီနေ့ မြို့တော်ကြီးက လူချမ်းသာ မျိုးဆက်တွေထဲကတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“သူက တကယ်ကို လူချမ်းသာမိသားစုရဲ့ ဆက်ခံသူပဲ၊ ငါတို့လိုလူမျိုးက ဒီလို အထက်တန်းလွှာအတွက် ခွေးလိုဖြစ်နေမှာ”
“သွားပြီ၊ အဲ့ကောင်နဲ့ ရှောင်ဖေးဖေးရဲ့ ပတ်သက်မှုကြောင့် သခင်လေးလုက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး”
လူတိုင်း အသက်မရွေး၊ ကျားမ မရွေး သခင်လေးလုကို အားကျသလို ကြည့်နေကြသည်။ သူတို့အားလုံး သခင်လေးလုကဲ့သို့ ပိုသန်မာချင်ကြပြီး နည်းနည်းလောက် ပြောလိုက်ရုံနှင့် သာမန်လူအား ခြေဖဝါးအောက် ပြားပြားဝပ် စေချင်ကြသည်။
ရှောင်ဖေးဖေး တုန်ယင်သွားပြီး လက်ဝါး၌ ချွေးစေးပြန်ကာ ရဲ့လင်းချန်၏ လုံခြုံရေးကို စိုးရိမ်လာ၏။
“ဖေးဖေး မင်းက ငါ့ကို တော်တော် စိတ်ပျက်စေတာပဲ၊ အနည်းဆုံးတော့ မင်းက ငါနဲ့ညီမယ့် အချစ်ပြိုင်ဘက်ကို ရှာထားမယ်လို့ ငါ ထင်နေတာ၊ သူက ငါ လှည့်ကြည့်ဖို့တောင် မတန်ဘူး”
လုဟောင်သည် ညကောင်းကင်ယံမှ တောက်ပသော ကြယ်တာရာသဖွယ် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထိုစကားသံ၌ မွေးကတည်းက အခြားသူအပေါ် အထက်စီးဖြင့် ဆက်ဆံတတ်သည့် မာန်ပါနေ၏။
လူတိုင်း ဤသည်ကို ဖြစ်ရိုးဖြစ်စဉ်ဟုသာ ယူဆထားပြီး မည်သူမှ လုဟောင် ကြွားလုံးထုတ်နေသည် မတွေးကြချေ။
*ဒါ ဟန်ဆောင်နေတာမှ မဟုတ်တာ၊ ကြည့်ကောင်းတယ်*
*သခင်လေးလုရဲ့ နေရာမျိုးကို ရောက်ရင် ကြွားလုံး ထုတ်နေစရာတောင် မလိုဘူး၊ စကားလေးတစ်ခွန်းကတောင် လူအများကို ဖိအားပေးနိုင်ပြီး မော်ကြည့်အောင် လုပ်နိုင်တယ်*

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now