Chapter 33

1.1K 135 2
                                    

ကျုပ်က ပါရမီရှင်
Chapter 33 ဘောင်းဘီထဲ၌ ကျင်ငယ်ရည်ထွက်ကျခြင်း

“နင်တော့ ကံဆိုးပြီပဲ၊ နင်ကများ အရာရှိတစ်ယောက်ကို တိုက်ခိုက်ရဲတယ်ပေါ့လေ”
ရှုနန်သည် အကြောက်အလန့် ကင်းကင်းနှင့် ရဲ့လင်းချန်အား အေးစက်စက် အကြည့်များဖြင့် ဆက်ကြည့် လေသည်။ ရဲ့လင်းချန် ခေါင်းခါပြလိုက်သည်။
“ခင်ဗျား ဒါကို ကိုင်တွယ်တဲ့ပုံက အရမ်း စိတ်ပျက်စရာ ကောင်းနေရုံသက်သက်ပဲ”
“ရှောင်ရှု ဘာဖြစ်တာလဲ”
အနည်းငယ် ဝဖိုင့်ဖိုင့်ရှိသော လူလတ်ပိုင်းအရွယ် ရဲအရာရှိတစ်ယောက် ဘက်စ်ကားပေါ် တက်လာ၏။ ရဲ့လင်းချန် ရဲမေကို ပြန်လွှတ်ပေးလိုက်လေသည်။
“ဝမ်တွေ ရာဇဝတ်သားက အရာရှိကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်တယ်”
ရဲမေက သူ့အနားသို့ လျှောက်သွားသည်။ ဝမ်တွေက ရဲ့လင်းချန်ကို အရင် ကြည့်လိုက်သည်။ ထို့နောက် တည်ငြိမ် လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
“တစ်ယောက်ယောက် ကျုပ်ကို အဖြစ်အပျက်တစ်ခုလုံးကို ရှင်းပြနိုင်မလား”
သူသည် လူအုပ်ထဲမှာ မျိုးစုံသော အချက်အလက်များ ရပြီးနောက် အဖြစ်အပျက် တစ်ခုလုံးကို လျင်မြန်စွာ ဆက်စပ်မိသွားသည်။
“ဝမ်တွေ ဒီကောင် ရိုက်စားလုပ်ပြီး တစ်ယောက်ယောက်ကို နာကျင်အောင် လုပ်ချင်နေတာ ထင်ရှားနေပြီလေ၊ ပြီးတော့ သူက အရာရှိတစ်ယောက်ကိုတောင် တိုက်ခိုက်ရဲသေးတယ်၊ သူ ပြင်းထန်တဲ့ ပြစ်ဒဏ် ခံစားဖို့ လိုနေပြီ”
ရှုနန်က ရဲ့လင်းချန်ကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်နေသည်။
“ငါတို့ မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမယ်လို့ ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ၊ အမှုအခင်းမှာ ငါတို့ရဲ့  ဘက်လိုက်တဲ့ ခံစားချက်တွေ ဝင်ရောက်လာခွင့် ပေးလို့မရဘူး၊ မဟုတ်ရင် ငါတို့ ယုတ္တိမရှိတဲ့ ဆုံးဖြတ်ချက်တွေ အလွယ်တကူ ချမိလိမ့်မယ်”
ဝမ်တွေက ခေါင်းခါလိုက်ပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားထံ လျှောက်သွားသည်။
“ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ မှတ်ပုံတင်ကိုလည်း ပြပါ”
ရဲမေ နှုတ်ခမ်းဆူသွားသည်။ ခံရသူများကို မှတ်ပုံတင် ပြခိုင်းခြင်းက မလိုအပ်သော လုပ်ငန်းစဉ် ဖြစ်သည်။ သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အဘွားအိုသည် အချိန်အတိုင်းအတာ တစ်ခုအထိ အီးရောအီးရော လုပ်နေပြီး သူတို့၏ မှတ်ပုံတင်ကို မပြနိုင်ချေ။
“ကားပေါ်တက်ဖို့အတွက် ခင်ဗျားတို့ မှတ်ပုံတင်ကို လိုတယ်လေ၊ ခင်ဗျားတို့ အဲ့ဒါကို ယူလာဖို့ မေ့နေတာကတော့ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား”
ဝမ်တွေ၏ မျက်လုံးများက မသိမသာ ကျဉ်းမြောင်းလာ၏။ နောက်ဆုံး၌ နှစ်ယောက်လုံး မှတ်ပုံတင်ကို ထုတ်ပြ လာသည်။ ဝမ်တွေ့က သူတို့ မှတ်ပုံတင်ကို လျင်မြန်စွာ ကြည့်လိုက်ပြီးနောက် မျက်လုံးများ အေးစက်သွားသည်။
“ဒီမှတ်ပုံတင်တွေက အတုတွေ၊ မင်းတို့က ဘယ်သူလဲ”
ရုတ်တရက် ပြောင်းလဲမှုကြောင့် လူတိုင်း သတိလက်လွတ် ဖြစ်သွားပြီး ထိတ်လန့်မှုကြောင့် ဘာမှမပြော နိုင်တော့ချေ။
ထိုအခိုက်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံး၌ သတ်ဖြတ်လိုသော အရိပ်အယောင် ဖြတ်ပြေး သွားသည်။ သူသည် ကြိုပြင်ဆင်လာသည့် ခေါက်ဓားကို ထုတ်လိုက်ပြီး သူနှင့်အနီးဆုံး၌ ရှိနေသည့် ဝတ်ကောင်း စားကောင်းနှင့် လူငယ်လေး၏ လည်ပင်းကို ဓားဖြင့် ထောက်လိုက်သည်။
“ဘယ်သူမှ မလှုပ်နဲ့၊ ငါနဲ့ ဝေးဝေးမှာနေ”
ထိုလူငယ်၏ မျက်နှာ ဖြူရော်သွားပြီး သတိလက်လွတ်နီးပါး ဖြစ်သွားလေသည်။ သူ တောင်းပန်လိုက်မိသည်။
“အစ်ကိုကြီး ခင်ဗျားက လူကောင်းပါ၊ ဒါ ကျုပ်နဲ့ ဘာမှမဆိုင်ဘူးလေ၊ ခုနက ကျုပ် ခင်ဗျားဘက်မှာ ရှိနေ ခဲ့တာလေ၊ ကျုပ်ကို ချမ်းသာပေးပါဗျာ”
“စောက်ပါးစပ်ပိတ်ထား၊ နောက်တစ်ခွန်း ထပ်ထွက်လို့ကတော့ ငါ မင်းကို သတ်ပစ်မယ်”
လူလတ်ပိုင်းအရွယ် အမျိုးသားက အော်ငေါက်၍ ဓားကို လူငယ်၏ လည်ပင်း၌ ခြစ်ချလိုက်သောကြောင့် ခြစ်ရာတစ်ခု ဖြစ်လာလေသည်။
“မပြောတော့ဘူး၊ ကျုပ် ထပ်မပြောတော့ပါဘူး၊ ကျေးဇူးပြုပြီး ကျုပ်ကို မသတ်ပါနဲ့”
လူငယ်သည် မိုးရွာသကဲ့သို့ မျက်ရည်များ ဒလဟော စီးကျကာ တစ်ကိုယ်လုံး တုန်ယင်လာ၏။
*ဒါ ... ဒါက*
ပထမ၌ ဘက်စ်ကားပေါ်မှ ခရီးသည်များအားလုံးသည် ရဲ့လင်းချန်အား အလျင်စလို ဝေဖန်ခဲ့သည်။ သို့သော် လက်ရှိအချိန်၌ သူတို့ ပြောစရာ စကားများ ပျောက်ဆုံးနေကြသည်။ သူတို့အားလုံးသည် ကိုယ်ကိုကျုံ့၍ သူတို့၏ ခုံအောက်၌ ပုန်းနေချင်ရုံမှလွဲ၍ ဘာမှမလိုချင်တော့ပေ။
“ဝမ်တွေ ဒါ ...”
ရဲမေ မျက်လုံးပြူးသွားပြီး ဘာလုပ်ရမလဲမသိတော့ချေ။
“နောက်မှပြော အခုတော့ နောက်ဆုတ် ...”
ဝမ်တွေက ပြာနှမ်းနေသော မျက်နှာနှင့် ပြန်ပြောလိုက်သည်။
“မင်းတို့အားလုံး နောက်ဆုတ်၊ ငါတို့ကို ကားပေါ်က ဆင်းခွင့်ပေး၊ မဟုတ်ရင် င့ါလမ်းကို ပိတ်တဲ့လူတိုင်းကို သတ်ပစ်မယ်”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် လူငယ်ကို ချုပ်၍ သူ့ပြေးပေါက်ကို ဖြည်းဖြည်းချင်း ရှာနေ၏။ ထိုသို့ လုပ်နေသည့် တစ်လျောက်လုံး၌ လူငယ်၏ ခြေထောက်များ တုန်နေကာ ဘောင်းဘီထဲမှ ရေစီးကြောင်းတစ်ခု စီးလာသည်။ သူ ဘောင်းဘီထဲ၌ ကျင်ငယ်ရည် ထွက်ကျလာခြင်းပင်။
“အစ် ... အစ်ကိုကြီး၊ ဒါ တကယ်ကို ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျုပ် မသေချင်ဘူး ...”
လူငယ်လေးသည် ဒူးထောက်၍ သူ့အား အနူးအညွတ် တောင်းပန်ချင်နေသည်။
“ဓားစာခံကို လွှတ်လိုက်ပါ၊ ငါ မင်းရဲ့ လုံခြုံ‌ရေးကို အာမခံတယ်၊ မဟုတ်လို့ကတော့ မင်း ဘယ်နေရာသွားသွား ပြေးလွတ်မှာ မဟုတ်ဘူး”
ဝမ်တွေက အကြံပေးလိုက်သည်။
“ငါ ပြေးလို့မရရင် ငါနဲ့အတူ အနည်းဆုံး တစ်‌ယောက်တော့ အပါခေါ်သွားမှာ၊ ငါ့အတွက် ဘာမှအရှုံးမရှိဘူး”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးတွင် လူသတ်ချင်စိတ်များဖြင့် ပြည့်နေသည်။ သူသည် အနီးအနားမှ ရဲကားကို ကြည့်ပြီး ပြောလာသည်။
“င့ါကို ရဲကားသော့ပေး၊ င့ါကို သွားခွင့်ပေး”
“အရာရှိကြီး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပါဦး”
လူငယ်၏ ဘောင်းဘီ စိုရွှဲနေပြီး ချဉ်စုတ်စုတ်အနံ့ ထွက်နေ၏။ လိပ်ခဲတည်းလည်း အခြေအနေ၌ ရဲ့လင်းချန်က ဖြည်းဖြည်းချင်း လျှောက်လာပြီး ပြောလိုက်သည်။
“ခင်ဗျား မုန်းသင့်တဲ့လူက ကျုပ်ပဲ၊ သူ့အစား ကျုပ်ကိုပဲ ခင်ဗျား ဓားစာခံ လုပ်လိုက်ပါလား”
အားလုံး၏ အကြည့်များက ရဲ့လင်းချန်ပေါ် ကျရောက်လာသည်။ ထိုအကြည့်များ၌ အလွန် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လွင်နေသည်။
မိန်းမပျိုလေးသည် သူမနှုတ်ခမ်းကို ပြန်ကိုက်၍ရဲ့လင်းချန်၏ ကျောကို ငေးကြည့်နေမိသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက ရဲ့လင်းချန်ကို ကြည့်လာသည်။ သူ့မျက်လုံးထဲ၌ အရိုးထဲအထိ မကျေမချမ်း ဖြစ်နေသော ခံစားချက် ဖြတ်ပြေးသွားလေသည်။ သူ အံကြိတ်၍ ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ၊ မင်း ဒီလာခဲ့၊ မဟုတ်တရုတ် လှည့်ကွက်တွေ သုံးဖို့ မကြိုးစားနဲ့”
ရဲ့လင်းချန် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် မီတာဝက်မျှသာ ကွာဝေးတော့သည့်အချိန်တွင် သူ၏ လူသတ်ချင်စိတ်က ပေါက်ကွဲထွက်လာ၏။ သူ့လက်ထဲမှ ဓားဖြင့် ရဲ့လင်းချန်၏ လည်ပင်းကို တန်းထိုးလာသည်။
“ခွေးမသား ငရဲကို သွားလိုက်တော့”
“သတိထား”
ရဲမေနှင့် မိန်းမပျိုလေးတို့ ပြိုင်တူ သတိပေးလိုက်မိသည်။ ရဲ့လင်းချန်၏ အမူအရာက ပြောင်းလဲခြင်း မရှိချေ။ သူသည် ခုန်လွှားလိုက်ပြီး တစ်ပတ်လည် ကန်ချက်ကို ထုတ်ဖော်လိုက်သည်။ ထိုကန်ချက်က လူလတ်ပိုင်းအရွယ် အမျိုးသား၏ ဦးခေါင်းသို့ အရှိန်ဖြင့် ကျရောက်သွားလေသည်။
“ဒုန်း”
သတိပင် မထားလိုက်ရဘဲ လူလတ်ပိုင်းအရွယ် အမျိုးသား ချက်ချင်း သတိလစ်သွား၏။ ရဲ့လင်းချန်က ဘာမှမဖြစ်သလို ပခုံးတွန့်လိုက်သည်။
“င့ါညီ ကောင်းလိုက်တဲ့ လှုပ်ရှားမှုပဲကွ”
ဝမ်တွေက ချီးမွမ်း၍ သူ့နားသို့ ချက်ချင်း လျှောက်လာသည်။ ကြောက်လန့်ဖွယ် အတွေ့အကြုံကြောင့် ဘောင်းဘီထဲ သေးပေါက်ချသည့် ဝတ်ကောင်းစားကောင်းနှင့် လူငယ်လေးကို ကြည့်ပြီး သူ မသိမသာ မျက်မှောင်ကြုတ် သွားသည်။
“ရှောင်ရှု ဖုန်းဆက်လိုက်၊ ထိတ်လန့်သွားတဲ့ ခံရသူ ရှိတယ်လို့ ပြောလိုက်၊ တစ်ယောက်ယောက်ကို သူ့ကို လာခေါ်ခိုင်းလိုက်”
“ပြီးတော့ ဒီလူနှစ်ယောက်ကို ဓာတ်ပုံရိုက်ပြီး ဌာနချုပ်ကို ပို့လိုက်၊ သူတို့ရဲ့ နောက်ခံကို စုံစမ်းဖို့ ပြောလိုက်ပါ”
“ကောင်းပါပြီ”
ရှုနန် ခေါင်းညိတ်လိုက်ပြီးနောက် ရဲ့လင်းချန်ကို တစ်ချက် ကြည့်လိုက်သည်။
“ဝမ်တွေ ဘာတွေ ဖြစ်သွားတာလဲ”
“ငါ့ညီ မင်းက သူတို့ကို ဖမ်းခဲ့တဲ့လူပဲ၊ မင်း ရှင်းပါပြလား”
ဝမ်တွေက ရဲ့လင်းချန်ကို ပြုံးပြလေသည်။
“ရှောင်ရှုက ရဲတက္ကသိုလ်ကနေ ဘွဲ့ရပြီးကာစမို့ အခုထိ အလုပ်သင်ပဲ ရှိပါသေးတယ်၊ သူ အတွေ့အကြုံ လိုနေသေးတော့ မင်း စိတ်ထဲမထားဖို့ ငါ မျှော်လင့်ပါတယ်”
ရှုနန် မျက်နှာနီမြန်းသွားပြီး ရဲ့လင်းချန်ကို ရှက်ကိုးရှက်ကန်း ကြည့်ကာ ဘေး၌ ငြိမ်၍ နေနေမိသည်။
“ရပါတယ်”
ရဲ့လင်းချန် ခေါင်းညိတ်ပြီးနောက် ရှင်းပြလိုက်သည်။
“ပုံမှန်ဆို မိဘတွေက သူတို့ကလေးကို သိပ်ဂရုစိုက်တာလေ၊ ကလေး ငိုလာရင် သူတို့ စိုးရိမ်လာကြတယ်”
“ဒါပေမဲ့ ဒီကလေးက အသံ ပြာသွားတဲ့အထိ မိနစ်သုံးဆယ်လုံးလုံး ငိုနေတာတောင် ဒီလူတွေက မစိုးရိမ်ဘူး၊ ဒါက အရမ်း သံသယ ဝင်စရာကောင်းတယ်”
သူ့စကားလုံးများက ခရီးသည်များကို ရှက်ရွံ့သွားစေသည်။ အထူးသဖြင့် မိန်းမပျိုလေးပင်။ သူမက ရဲ့လင်းချန်ဘေး၌ ထိုင်ခဲ့သော်လည်း ဘာကိုမှ မစဉ်းစားမိချေ။
“အဲ့ဒါကြောင့် ကျုပ် သူတို့ တုံ့ပြန်မှုကို စမ်းသပ်ဖို့ တမင် ဝုန်းဒိုင်းကြဲပြလိုက်တာ”
“သူတို့က နို့ဘူးပါ ယူမလာဘူးလို့ ဘယ်သူက ထင်မထားမှာလဲ၊ ပိုဆိုးတာက သူတို့က ကလေး အငိုတိတ်မယ်လို့ မျှော်လင့်ပြီး ကလေးပါးစပ်ထဲကို ဘီစကစ်တွေ ခိုးပြီး ထိုးထည့်နေသေးတယ်”
ရှုနန်၏ အမူအရာ ပြောင်းလဲသွားပြီး ကလေး၏ ပါးစပ်ကို ကြည့်လိုက်သည်။ ဘီစကစ် အစအနများကို တွေ့လိုက်ရသဖြင့် သူမ ကျိန်ဆဲလိုက်မိသည်။
“ဒီလူ့အမှိုက်တွေကတော့”
“ဘယ်လိုလုပ် နို့စို့ကလေးက ဘီစကစ် စားနိုင်မှာလဲ၊ ဒီကလေးက သိသိသာသာကြီးကို သူတို့ ကလေး မဟုတ်ဘူး”
ရဲ့လင်းချန်က သူ့မှန်းဆချက်ကို ဆက်ပြောပြနေသည်။
“ကျွန်တော် ဆက်ပြီး ဒေါကန်ပြနေပြီးတော့ တစ်‌ယောက်ယောက်က ရဲလို့ ပြောလိုက်တိုင်း သူတို့ သိသိသာသာ ပျာယာခတ်သွားတယ်၊ အဲ့ဒါကို ကြည့်ပြီး သူတို့က လူကုန်ကူးသမားတွေ ဖြစ်နိုင်တယ်လို့ ကျွန်တော် မှန်းမိလိုက်တာ”
“ကလင် ကလင် ကလင်”
ဝမ်တွေ၏ ဖုန်းက အံကိုက် မြည်လာ၏။
“ဟဲလို ငါပါ ... ဟမ် ... ဟုတ်ပြီ ငါ နားလည်ပြီ”
ဝမ်တွေ ဖုန်းချလိုက်သည်။
“ဒီလူနှစ်ယောက်က လူကုန်ကူးသမားတွေလို့ အတည်ပြုပြီးသွားပြီ၊ သူတို့က ပေကျင်းရဲ့ အနီးဝန်းကျင်မှာ ဆိုးဆိုးရွားရွား လုပ်ရှားနေတဲ့ လူကုန်ကူးတဲ့အဖွဲ့ကပဲ၊ သူတို့ကို ရဲတွေ အလိုရှိနေတာ ငါးနှစ် ရှိပြီ၊ သူတို့ ပြန်ပေးဆွဲနေတာ ကလေးတစ်ရာကျော်လောက် ရှိသွားပြီ”
“အခု ဖမ်းလိုက်နိုင်တဲ့ နှစ်ယောက်နဲ့ဆို ငါတို့ သူတို့ကို ခြေရာခံပြီးတော့ အဖွဲ့အစည်း တစ်ခုလုံးကို ဖျက်ဆီးနိုင် လောက်တယ်’”
ထိုစကားများက လူတိုင်းကို နှလုံးခုန်နှုန်း မြန်လာစေပြီး ရဲ့လင်းချန်အပေါ် သူတို့၏အမြင်များ ပြောင်းလဲ သွားသည်။
ရှုနန်က ရဲ့လင်းချန်ကို စိုက်ကြည့်လိုက်မိသည်။ ရဲတက္ကသိုလ်၌ မှုခင်းဖြေရှင်းနည်းနှင့် ပတ်သက်၍ သူမ သင်ယူခဲ့ ရသော်လည်း သူမ အရာအားလုံးကို သူ့ကဲ့သို့ မမြင်နိုင်သေးကြောင့် ရှင်းရှင်းလင်းလင်း နားလည်သွားရသည်။
သူမ ရဲ့လင်းချန်ကို တန်း၍ ဖမ်းဆီးရန် ကြိုးစားခဲ့သည်ကို ပြန်တွေးမိပြီး သူမ ရှက်ရွံ့ကာ မျက်နှာပူလာလေသည်။ ဝမ်တွေက လက်မြောက်၍ ရဲ့လင်းချန်ကို အလေးပြုကာ ထုတ်ဖော် ပြောပြလိုက်သည်။
“င့ါညီ ခံရသူတွေရဲ့ မိသားစုဝင်တွေ အားလုံးကိုယ်စား ငါ မင်းကို ကျေးဇူးတင်ပါတယ်”
“ဒါ တိုက်ဆိုင်သွားတာပါ၊ ဝမ်တွေ အရမ်း ယဉ်ကျေးလွန်းနေပါပြီ”
အနား၌ ရာဇဝတ်သားများ ရှိနေသဖြင့် ဝမ်တွေ အချိန်မဆိုင်းရဲတော့ပေ။ တစ်ခဏမျှ အပြန်အလှန် ပြောဆိုပြီးနောက် သူ ရာဇဝတ်သားများကို ကားပေါ်တင်၍ ထွက်သွားလေတော့သည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Unde poveștirile trăiesc. Descoperă acum