Chapter 53

1K 111 1
                                    

Chapter 53 ပြင်းထန်သော လေ့ကျင့်ရေး

ရဲ့လင်းချန်တစ်ယောက် မိမိ လင်းအောင်၏ လှည့်စားခြင်း ခံလိုက်ရပြီဖြစ်ကြောင်း နားလည်လိုက်သည်။ သာမန် သိုင်းပညာ လေ့ကျင့်ရေးနှင့် ယှဉ်လျင် ဤသည်က လုံးဝ ငရဲခန်းပင်။
နောက်တစ်နေ့ ကောင်းကင်၌ နေပင်မထွက်သေးချိန်တွင် စူးရှသော ဝီစီသံကြောင့် ရဲ့လင်းချန် နိုးလာသည်။ နာရီကို လှမ်းကြည့်လိုက်သောအခါ မနက်လေးနာရီ ဖြစ်နေ၏။
ပုံမှန်အားဖြင့် သူသည် မနက်လေ့ကျင့်ခန်းအတွက် မနက် ငါးနာရီ ထလေ့ရှိသော်လည်း ဤမျှ စောလိမ့်မည်ဟု ထင်မထားမိပေ။ မျက်နှာသစ်၍ အဝတ်အစား မြန်မြန်လဲပြီးနောက် ရဲ့လင်းချန်က စုရပ်သို့ ပြေးသွားလိုက်သည်။
“ဒီနေ့ အားလုံးကို လူသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်”
ဖန့်ဟုန်က ရဲ့လင်းချန်က အဖွဲ့ရှေ့၌ ရပ်စေသည်။
“ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်”
“ကျွန်တော့်နာမည် ရဲ့လင်းချန်ပါ၊ နောင်လည်း အကြံဉာဏ်လေး ပေးကြပါဦး”
ရဲ့လင်းချန် ရိုးရိုးရှင်းရှင်း‌ ပြောလိုက်သည်။ ဤလေ့ကျင့်ရေး အဖွဲ့တွင် လူဆယ့်ငါးယောက်သာ ရှိပြီး ရဲ့လင်းချန်ပါ ပေါင်းလိုက်မှ ဆယ့်ခြောက်ယောက် ဖြစ်သွားလေသည်။
အခြားသူများက ရဲ့လင်းချန်ကို စူးစမ်းသလို ကြည့်လာကြသည်။ ကလေးမျက်နှာ၊ ဖြူဖွေးနူးညံ့သော အသားအရေ ရှိသဖြင့် သူ့ပုံ့စံက သိုင်းပညာရှင်နှင့် မတူပေ။ သူတို့ သူ့ကို အထင်မသေးဘဲ မနေနိုင်တော့ချေ။
*သူ အဆက်အသွယ်တစ်ချို့နဲ့ ဝင်လာတာ ဖြစ်နေမလား*
ဖန့်ဟုန်က ရဲ့လင်းချန်အား သဲအိတ်လေးအိတ် ပေးလိုက်သည်။
“ဒါတွေက လက်ကောက်ဝတ်နဲ့ ခြေချင်းဝတ်မှာ ချည်ထားရမယ့် အလေးတွေ၊ ဒါတွေ ချည်ပြီး အဖွဲ့ထဲ ပြန်သွားနေ”
ထိုသဲအိတ်လေးအိတ်က လေးပုံမပေါ်ဘဲ ပါးလျှပြီး အထဲ၌ သတ္တုပြားတစ်ပြားစီသာ ထည့်ထားပုံရသည်။ သို့သော် ဖန့်ဟုန်လက်ထဲမှ ရဲ့လင်းချန် လှမ်းယူလိုက်ချိန်တွင် အလေးချိန်ကြောင့် သူ့ပခုံး ညွတ်ကျသွားသည်။ သူ အချိန်မီ ဟန်ချက်ထိန်းလိုက်၍ တော်သေးသည်။ သို့မဟုတ်ပါက အရှက်ကွဲသွားလောက်သည်။
“ဒါက …”
ရဲ့လင်းချန် သဲအိတ်များကို မယုံနိုင်သလို ကြည့်လိုက်မိသည်။
“ဒီသဲအိတ်တွေထဲမှာ သိပ်သည်းမှုများတဲ့ သတ္တုကို ထည့်ထားတာ၊ သေးတယ်လို့ ထင်ရပင်မယ့် အရမ်းလေးတယ်၊ အနီရောင်အိတ်တွေက ခြေချင်းဝတ်အတွက်၊ တစ်အိတ်စီက ဆယ့်ငါး ကီလိုဂရမ် လေးတယ်၊ အစိမ်းရောင်အိတ်တွေက လက်ကောက်ဝတ်အတွက် တစ်အိတ်ကို တစ်ဆယ် ကီလိုဂရမ် လေးတယ်၊ လေ့ကျင့်ချိန်အတွင်း ဒါတွေက မင်းကိုယ်ကနေ ပြုတ်ကျသွားလို့မရဘူး၊ မင်း အိပ်နေချိန်မှာတောင် ဒါတွေကို မချွတ်ရဘူး”
လင်းအောင်က ဘေးမှနေ၍ ရှင်းပြလိုက်သည်။ သဲအိတ်လေးအိတ်သည် ငါးဆယ် ကီလိုဂရမ် လေးလံသည်။ သာမန်လူတစ်ယောက်သာ သယ်လိုက်ပါက လှုပ်ရန် မဆိုထားနှင့် ရပ်ပင် ရပ်နိုင်မည် မဟုတ်ပါ။
ရဲ့လင်းချန် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သဲအိတ်များကို လက်ကောက်ဝတ်နှင့် ခြေချင်းဝတ်၌ ချည်လိုက်သည်။ လက်မှ လေးလံမှုကို သူ ချက်ချင်း ခံစားလိုက်မိပြီး ပခုံးအိကျလာပြီး ခါးကိုင်းလုနီးပါး ဖြစ်သွားရသည်။
သူ ခြေထောက်မြှောက်ကြည့်သောအခါ သတ္တုများဖြင့် လုပ်ထားသလို ခံစားလိုက်ရသည်။ ပုံမှန်အားဖြင့် သူ့ခြေထောက်က သွက်လက်၍ လျင်မြန်သော်လည်း ယခု သာမန်လူကိုပင် မယှဉ်နိုင်ဟု ခံစားမိနေသည်။
*ရက်စက်တယ်၊ ရက်စက်လွန်းတယ်*
ရဲ့လင်းချိန် စိတ်ထဲမှ ညည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်လှုပ်ရှားမှုက တိုးမြင့်လာသည်။ အစက သူ၏ သိုင်းပညာက အမြင့်သို့ ရောက်နေပြီဟု သူ ထင်ခဲ့သည်။ သို့သော် ယနေ့ ဤလေ့ကျင့်ရေးမှတစ်ဆင့် နောက်ထပ် အမြင့်နေရာကို မရောက်သေးကြောင်း သိလိုက်ရသည်။
သူ အလေးများဖြင့် သိုင်းပညာ လေ့ကျင့်ပါက သူ၏ လျင်မြန်မှုနှင့် ခွန်အားက တိုးပွားလာပေလိမ့်မည်။
*ငါ ဘာလို့ အရင်က ဒါကို မတွေးမိတာလဲ*
ရဲ့လင်းချန်သည် အလေးများနှင့် နေသားတကျ ဖြစ်အောင် အချိန်ခဏ ယူပြီးနောက် အဖွဲ့ထံသို့ မလဲအောင် ခက်ခက်ခဲခဲ လျှောက်သွားလိုက်သည်။
“ပထမဆုံးအကြိမ်မှာကတည်းက လမ်းလျှောက်နိုင်တယ်ဆိုတော့ တော်သားပဲ”
ဖန့်ဟုန်က ပြောင်ပြောင်တင်းတင်းပြော၍ အဖွဲ့ကို ပြန်ကြည့်လိုက်သည်။
“လေ့ကျင့်ရေး စတော့”
“အဆင့်တစ် အတားအဆီး လေ့ကျင့်ရေး စတင်”
ရဲ့လင်းချန်သည် အလေးချိန်နှင့် အသားကျအောင် ကျင့်နေရသေးသဖြင့် နောက်ဆုံး၌ ယိုင်တိုင်ယိုင်တိုင် ဖြစ်နေသည်။ သူတို့ ခြံဝန်းကို ကျော်လာပြီးနောက် မျက်စိရှေ့မှ မြင်ကွင်းက အမြင်ပွင့်သွားစေသည်။ ယင်းမှာ တစ်ခြားကမ္ဘာကို ရောက်သွားသကဲ့သို့ ကြီးမားသော လေ့ကျင့်ရေးကွင်းပြင်ကို ရောက်သွားခြင်းပင်။
ထိုနေရာ၌ သေနတ်ပစ်ကွင်း၊ လက်ဝှေ့ကြိးဝိုင်း၊ အတားအဆီး လမ်းကြောင်း မြောက်များစွာ ရှိနေသည်။ အနည်းဆုံး ငါးဧကမျှ ကျယ်ဝန်းသည်ဟု ခန့်မှန်းရသည်။
အဖွဲ့က အတားအဆီးလမ်းကြောင်း၌ ရပ်သွားသည်။ ဖန့်ဟုန်နှင့် လင်းအောင်က အနီးအနား၌ ရပ်၍ လေ့လာ နေ၏။
“လင်းအောင် မင်းခေါ်လာတဲ့ ကောင်လေးက ငယ်လွန်းတယ်၊ သူ ကျောင်းသားပဲ ရှိဦးမယ်ထင်တယ်၊ သူ ငါ့လေ့ကျင့်ရေးကို ခံနိုင်ပါ့မလား”
ဖန့်ဟုန်က မေးလာသည်။ လင်းအောင်က ရဲ့လင်းချန်ကို ကြည့်လိုက်သည်။
“ထင်တာပါပဲ၊ ဒီကောင်လေးက လက်သီးတော့ ကောင်းတယ်၊ ကျွန်တော်တောင် သူ့ကို မယှဉ်နိုင်ဘူး”
ဖန့်ဟုန် ခေါင်းခါလိုက်သည်။
“အဲ့ဒါက သူ့မှာ အားကြီးတဲ့ခွန်အားနဲ့ သိုင်းကွက်ကောင်း ရှိတယ်လို့ပဲ ဆိုလိုတာ၊ အားလုံးကို မဆိုလိုဘူး”
“စစ်မှန်တဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာဖို့ဆို အတိုက်အခိုက် ကောင်းရမယ့်အပြင် သည်းခံမှု၊ ထိုးထွင်း သိမြင်နိုင်စွမ်းနဲ့ လိုက်လျောညီထွေနိုင်စွမ်း ရှိရမယ်၊ အဲ့ဒါအပြင် ဘယ်လိုအခြေအနေမျိုးမဆို ရှင်သန်နိုင်စွမ်း ရှိရမယ်လေ၊ ခြေလုံရမယ်၊ ကိုယ်ယောင်ဖျောက်တတ်ခြင်းနဲ့ လက်ဖြောင့်မှုကလည်း အရေးကြီးတဲ့ စွမ်းရည် တွေပဲ”
တစ်ခုတတ်လျင် နောက်တစ်ခု မတတ်သည်က သဘာဝပင်။ လောကတွင် တစ်ခုခုကို ကောင်းမွန်စာ တတ်မြောက်သည့် ပညာရှင်များနှင့် ပြည့်နေသော်လည်း အလုံးစုံ ကျွမ်းကျင်သူက သိပ်မရှိချေ။
“သူ လုပ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်”
လင်းအောင်က ပြုံး၍ ပြောလိုက်သည်။ ဖန့်ဟုန် မပြောတော့ဘဲ ကွင်းထဲသို့သာ ကြည့်နေသည်။ အတားအဆီး လမ်းကြောင်း လေ့ကျင့်ရေးက စတင်နေလေပြီ။
လမ်းကြောင်း၌ အဆင့်လေးဆင့် ရှိသည်။ ပထမဦးစွာ ဆယ့်ငါးမီတာမြင့်၍ ခြောက်ဆယ် ဒီဂရီစောင်းနေသည့် ကုန်းလျှောကို တက်ပြီးနောက် လျှပ်စီးလွှတ်ထားသော ဝိုင်ယာကြိုးအောက်၌ တွားသွားရမည်။ ဝိုင်ယာကြိုးကို တွားသွားဖြတ်ပြီးသည်နှင့် နှစ်ဆယ့်ငါးမီတာ မြင့်သော ကျောက်နံရံကို တက်ရပေမည်။ နောက်ဆုံးတွင် လျှောက်ရမည့် တိုင်လုံးပတ်တစ်ခုလည်း ရှိသေးသည်။
ထိုတိုင်သည် မီတာတစ်ရာ ရှည်လျားပြီး မြေပြင်နှင့် နှစ်ဆယ့်ငါးမီတာ ကွာဝေးသည်။ ထိုအမြင့်မှ ကျလျင် သေသွားလောက်သည်။
တိုင်အဆုံး၌ ကြိုးတစ်ချောင်းရှိပြီး ယင်းကြိုးကို ချည်၍ မြေကြီးပေါ် ဆင်းနိုင်မှ လေ့ကျင့်ရေး ပြီးဆုံးမည် ဖြစ်သည်။
သာမန်အခြေအနေဆိုလျင် ဤအတားအဆီး လမ်းကြောင်းက ကြောက်စရာကောင်းသော်လည်း ရဲ့လင်းချန် အတွက် အဟန့်အတား မဖြစ်ပါ။ သို့သော် သူ့ခြေလက်များက ဤအလေးများကြောင့် လေးလံနေ၏။
သူ့အတွက် ကြောက်စရာကောင်းနေသည်မှာ ယင်းအချက်ပင်။ သူ့အတွက် သာမန်လှုပ်ရှားမှုကပင် ပြဿနာ တက်နေပြီ ဖြစ်ပြီး ဤအတားအဆီးကို မည်သို့ ဖြတ်ကျော်ရမည်နည်း။
အခြားသူများက သူတို့၏ လေ့ကျင့်ရေးကို စနေသော်လည်း ရဲ့လင်းချန်သာလျင် ရပ်မြဲရပ်၍ ငေးကြည့်နေသည်။ ယခုအကြိမ်က သူ၏ ပထမဆုံးအကြိမ်ဖြစ်ပြီး သူ ဘာတစ်ခုမှ မသိပေ။ ပထမဆုံးနေ့၌ ဤသို့ ခက်ခဲသော လေ့ကျင့်ရေးကို သူ မည်သို့ ပြီးဆုံးအောင် လုပ်ရမည်နည်း။
ပါရမီရှင်စနစ်ကို အားကိုး၍ တစ်ခုခု သင်ယူ၍ ရလိုရငြားဖြင့် သူ လူတိုင်း၏ အခြေအနေကို သေချာ လေ့လာနေမိသည်။ သို့သော် လေ့လာမှု တစ်ခုတည်းဆိုလျင် ပါရမီရှင်စနစ်၏ အချက်အလက် ထည့်သွင်း နိုင်စွမ်းက နှေးကွေးလွန်း၏။ ထည့်သွင်းနိုင်သည့်နှုန်းက တစ်မိနစ်လျင် အနည်းငယ်မျှသာ ရှိသဖြင့် အသုံး မဝင်ချေ။
“မင်း သတ္တိမရှိရင် ဒီလေ့ကျင့်ခန်းတွေနဲ့ မသက်ဆိုင်ဘူး၊ မင်း အခုအချိန် အိမ်ပြန်လိုက်တော့”
ဖန့်ဟုန်က ရပ်မြဲရပ်နေသော ရဲ့လင်းချန်ကို မျက်မှောင်ကြုတ်ကြည့်၍ အေးစက်စွာ အော်ပြောလိုက်သည်။ ရဲ့လင်းချန် အသက်ပြင်းပြင်းရှု၍ စိတ်ငြိမ်အောင်လုပ်ကာ ကုန်းလျှောကို တက်လိုက်သည်။
သူ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေး၌ အားစိုက်ခဲ့၍ တော်သေးသည်။ ဤအလေးများ ပါလျင်တောင်မှ သူ့အတွက် သိပ်မပင်ပန်းချေ။ သို့သော် ကုန်းလျှောထိပ်သို့ ရောက်သောအခါ လှုပ်ရှားနိုင်စွမ်းက ပိုခက်ခဲလာ၏။ သူ ပေါင်ကြွက်သားကို အားကုန်စိုက်သုံးလိုက်ပါမှ ထိပ်သို့ရောက်အောင် တက်နိုင်သွားသည်။
သို့သော် နောက်တစ်ဆင့်က ငါးမီတာ ရှည်လျားသော တွားသွားခြင်းပင်။ ရဲ့လင်းချန် ကုန်းလျှောမှ ပြန်ဆင်း၍ အခြားသူများကို လေ့လာလိုက်သည်။ သူ လေးဘက်ထောက်၍ အကြိမ်အနည်းငယ်မျှ တွားသွားကြည့် သော်လည်း တစ်ကိုယ်လုံး နာနေသေးသည်။
လျှပ်စစ်ဝိုင်ယာကြိုးအောက်၌ တွားသွားသည်က လွယ်သည် ထင်ရသော်လည်း မြေကြီးနှင့် ရင်ဘတ်အပ် လိုက်သောအခါ အပူက ထောင်းခနဲ ပေါ်လာသည်။ မြေကြီး၏ အပူချိန်က ငါးဆယ်ဒီဂရီ စင်တီဂရိတ် ကျော်နေသည်။
ထို့အပြင် သူ ရှေ့ဆက်သွားလေ အပူချိန်က ပိုတိုးလာလေပင်။ ဝိုင်ယာကြိုးအောက်၌ တွားသွားရင်း ရဲ့လင်းချန်၏ တစ်ကိုယ်လုံး ချွေးများနှင့် ရွှဲနစ်လာသည်။ အပူချိန်ကြောင့် ကိုယ်ကိုမတ်လိုက်မိလျင် ဝိုင်ယာကြိုးနှင့်ထိကာ ဓာတ်လိုက်၍ ခေါင်းမွေးထောင်သွားရသည်။
ကျောက်နံရံနှင့် တိုင်လုံးက ရဲ့လင်းချန်အတွက် အကြီးမားဆုံး စိန်ခေါ်မှုပင်။ သူ၏ ခြေလက်များက ကျောက်သားကို မြဲမြဲကုပ်ထားရသည်။ သို့မှသာ သူ အပေါ်သို့ ရောက်နိုင်ပေမည်။ သူ့ကိုယ်က နံရံနှင့် ကပ်နေပြိး နည်းနည်းလေး လှုပ်ရန်ပင် နေ့တစ်ဝက်ပင် အချိန်ယူရမည်ဟု ခံစားမိနေသည်။ ဤလေ့ကျင့်ရေး၏ ရက်စက်မှုက သူ ယခင်ကြုံတွေ့ဖူးသမျှနှင့် ဘာမှမဆိုင်ပေ။
သူသည် ခက်ခက်ခဲခဲနှင့် ကျောက်နံရံပေါ်သို့ တက်နိုင်သွားပြီး တိုင်လုံးကို နင်းလိုက်သည်။ သူသည် ခြေလှမ်းတိုင်း၌ တုံ့ဆိုင်းနေပြီး ရှေ့သို့ သတိဖြင့် လှမ်းနေရသည်။
အခြားသူများသည် ဤလေ့ကျင့်ရေးကို အစောကတည်းက ပြီးသွားခဲ့ပြီး ရဲ့လင်းချန်အား အောက်မှ ကြည့်နေသည်။ သူတို့အားလုံး ဟားတိုက် ရယ်မောလာ၏။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now