Chapter 45

1K 110 3
                                    

Chpater 45 မင်းတို့ကို မကူညီနိုင်ဘူး

ရဲ့လင်းချန်သည်လည်း မျက်နှာ သုန်မှုန်သွားသည်။ လင်းအောင်မှနေ၍ တရုတ် သိုင်းပညာရှင်တစ်ယောက်၏ အရှိန်အဝါကို သူ မြင်ခဲ့သဖြင့် သိုင်းပညာရှင်များအပေါ် သူ လေးစားစိတ် တိုးလာခဲ့သည်။ မမျှော်လင့်ဘဲ စစ်သည်တော်ဌာန၌လည်း အမှိုက်ကောင်များ ရှိနေ၏။
ဤနည်းပြသည်လည်း သိုင်းပညာရှင်ပင်။ ပထမ၌ ရဲ့လင်းချန်သည် ထိုသူကို ရန်မလိုချင်ခဲ့ပါ၊ သို့သော် ယခု သူ လင်းအောင်ကို ဤပြဿနာအား ဖြေရှင်းခိုင်းသင့်သလားဟု ချီတုံချတုံ ဖြစ်နေသည်။
“ကျူးချန်တုံ တော်တော် အဖြစ်ဆိုးနေပြီ၊ သူ ငါးပတ်ပဲ ပတ်ရသေးတယ်၊ လဲတော့မယ်”
ရှုရင်ယု သက်ပြင်းချလိုက်သည်။ ကွင်းပြင်၌ လူတိုင်း အနားယူနေကြသည်။ သို့သော် ကျူးချန်တုံ တစ်ယောက်တည်း ခပ်ဖြည်းဖြည်း ပြေးနေရပြီး ချွေးတလုံးလုံးဖြစ်ကာ မျက်လုံးပင် မပွင့်နိုင်တော့ချေ။ သူ အမောဖောက်ကာ အချိန်မရွေး သတိလစ်တော့မည့်ပုံပင်။
ရဲ့လင်းချန်က ရေပုလင်းကို ယူ၍ မတ်တပ်ထရပ်ကာ ကျူးချန်တုံထံ လျှောက်သွားလိုက်သည်။
“ရေသောက်လိုက်ဦး၊ မင်း မလုပ်နိုင်တော့ရင် ပတ်ပြေးတာကို ရပ်လိုက်တော့လေ”
ရဲ့လင်းချန် သူ့ကို ပြောလိုက်သည်။
“ကျေးဇူးပဲ”
ကျူးချန်တုံက ကျေးဇူးတင်စကား ပြောလိုက်ပြီး ရေပုလင်းတစ်ဝက်လောက်ကို တစ်ကျိုက်တည်း မော့သောက် လေသည်။
“အဲ့ခွေးမသား နည်းပြ၊ ငါ သူ့ကို ကျောင်းသားသမဂ္ဂဆီသွားပြီး တိုင်ပစ်မယ်”
“ကျောင်းသားသမဂ္ဂက ဒီလိုကိစ္စမျိုးကို အရေးယူနိုင်လို့လား”
ရဲ့လင်းချန် အံ့ဩသွားသည်။ ကျူးချန်တုံက ရေတစ်ငုံ ထပ်သောက်လိုက်သည်။
“တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂက နည်းနည်းတော့ လွှမ်းမိုးမှုရှိတယ်၊ ဒါက ကျောင်းသားတွေကို ကျောင်းအာဏာပိုင်တွေဆီ အကြံပေးချက်တွေ ပေးနိုင်ဖို့ ဆက်သွယ်ပေးတဲ့ အဖွဲ့အစည်းအဖြစ် အဓိက ရှိနေတာလေ၊ အနည်းဆုံးတော့ ငါတို့ တောင်းဆိုချက်က များရင် နည်းပြပြောင်းပေးဖို့က ဘာပြဿနာမှ မရှိလောက်ပါဘူး”
“ကောင်းပြီလေ၊ နေ့လယ်ကျရင် အတူတူသွားကြတာပေါ့”
ရဲ့လင်းချန် ပျော်ရွှင်စွာ ပြောလိုက်သည်။ သို့သော် ထိုအချိန်၌ စွန်းချောင်က ခွေးရူးတစ်ကောင်လို ပြေးလာ၏။
“မြေယိုး မင်းကို ဘယ်သူက ရပ်ခိုင်းလဲ”
သူ ကျူးချန်တုံကို ပြေးကန်ရန် ပြင်သော်လည်း ရုတ်တရက် ရဲ့လင်းချန်၏ ဝင်တားခြင်း ခံလိုက်ရသည်။ ရဲ့လင်းချန်က ယဉ်ကျေးသော လေသံဖြင့် ပြောလိုက်သည်။
“ဆရာ ကျူးချန်တုံ ငါးပတ် ပတ်ပြေးပြီးပါပြီ၊ သူ မခံနိုင်တော့ဘူး၊ သူ ဆက်ပြေးနေရင် စိုးရိမ်ရတဲ့ အခြေအနေမျိုး ရောက်သွားနိုင်ပါတယ်”
“စောက်ကောင် မင်းက ဘာလဲ၊ လာနှောင့်ယှက်ရဲသလား၊ ငါ မင်းကို ပြောထားပြီးပြီ၊ ငါ့ရှေ့မှာ ဟန်ထုတ်တဲ့လူတွေကို ငါ အထင်သေးတယ်လို့”
သူသည် ဘာမှသတိမပေးဘဲ ရဲ့လင်းချန်ကို ရိုက်နှက်ရန် လက်ကိုမြှောက်လိုက်သည်။ ရဲ့လင်းချန်၏ မျက်လုံးတွင် အလင်း တစ်ချက် ဖြတ်ပြေးသွားပြီးနောက် စွန်းချောင်၏ လက်ကို လက်တစ်ဖက်ဖြင့် ဟန့်တား၍ ခနဲ့လိုက်သည်။
“နည်းပြစွန်း သိုင်းလေ့ကျင့်ရေး စည်းကမ်းတွေထဲမှာ နည်းပြတွေက ကျောင်းသားတွေကို မတရားသဖြင့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုရလို့ ရေးသားထားပါတယ်”
“ယီးပဲ၊ မင်း နာမည်ဘာဲလဲ၊ ငါ မင်းရဲ့ သိုင်းလေ့ကျင့်ရေးအမှတ်အတွက် တစ်မှတ်မှ မပေးဘဲ မထားဘူးလို့ မထင်နဲ့”
စွန်းချောင် အော်ငေါက်လာသည်။ ကျူးချန်တုံက ရဲ့လင်းချန်ကို ရေပုလင်း ပြန်ပေးလိုက်သည်။
“ထားလိုက်တော့ ငါ ဆက်ပြေးမယ်”
“ဖြောင်း”
စွန်းချောင်က ရေပုလင်းကို ဖြတ်ရိုက်ထုတ်လေသည်။
“သူ့ကို ရေပေးလိုက်ဖို့ မင်းကို ဘယ်သူက ခွင့်ပြုထားလဲ၊ မင်းက တကယ်ကို သူများကိစ္စထဲ စပ်စပ်စပ်စပ် ဝင်ပါတာပဲ၊ ကောင်းပြီလေ မင်းလည်း ဆယ်ပတ်ပြေး”
ရဲ့လင်းချန်၏ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ သူ့အား တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ကျုပ် ဆယ့်ငါးပတ် ပြေးမယ်၊ သူ့ကို နားခိုင်းလိုက်”
“ရတယ် ငါ လှုပ်နိုင်သေးတယ်”
ကျူးချန်တုံ ချက်ချင်း ခေါင်းခါ၍ ငြင်းဆန်လေသည်။ ရဲ့လင်းချန်က စွန်းချောင်ကို စူးစိုက်ကြည့်နေ၏။
“ဟားဟား မင်းက သူရဲကောင်းလုပ်ချင်တယ်ပေါ့လေ၊ သူ နားလို့ရတယ်၊ ဒါပေမဲ့ မင်းက မနားဘဲ အခါနှစ်ဆယ် ပတ်ပြေး၊ အခုသွားလေ ချက်ချင်းသွား”
စွန်းချောင် အော်ထုတ်လိုက်သည်။
“ငါ့မျက်စိရှေ့က ထွက်သွားစမ်း”
ရဲ့လင်းချန်က ကျူးချန်တုံ၏ ပခုံးကိုပုတ်ကာ ကွင်းကို ပတ်ပြေးလေတော့သည်။ ဤပြဿနာက အတော်လေး လူအာရုံစိုက်စရာ ဖြစ်သွားသည်။ လူအုပ်ကြီးက ရဲ့လင်းချန်၏ ကျောပြင်အား သနား၍ လေးစားသော အကြည့်ဖြင့် ကြည့်လာကြသည်။
အခါ နှစ်ဆယ်၊ စုစုပေါင်း ရှစ်ကီလိုမီတာ အကွာအဝေး ရှိသည်။ ကားနှင့်မောင်းလျင်ပင် ဆယ့်ငါးမိနစ် ကြာလေသည်။
“မင်းတို့ ဘာကြည့်နေတာလဲ၊ ပြန်လေ့ကျင့်ကြ”
စွန်းချောင်က အတန်းကို ပြန်အနိုင်ကျင့်လေတော့သည်။
“အခု မိန်းကလေးတွေနဲ့ ယောက်ျားလေးကို ခွဲလိုက်၊ ယောက်ျားလေးတွေက သတိနဲ့ရပ်တာကို လေ့ကျင့်နေ၊ ငါ မိန်းကလေးတွေကို ချီတက်ပုံ လေ့ကျင့်ပေးမယ်”
“ဆရာ ယောကျ်ားလေးနဲ့ မိန်းကလေးတွေ အတူတူ လေ့ကျင့်လို့ရတာပဲ၊ ဘာလို့ ကျွန်တော်တို့က လူခွဲရမှာလဲ”
ရှောင်ကမ်း မနေနိုင်တော့သဖြင့် ထုတ်ပြောလိုက်သည်။
“ဘယ်သူက နည်းပြလဲ၊ ခွင့်ပြုချက်မရှိဘဲ စကားပြောတယ်၊ မင်းကို သုံးမှတ်နုတ်မယ်”
စွန်းချောင် ခနဲ့လိုက်သည်။ အမှတ်အကြောင်း ပြောလာသောအခါ လူတိုင်း ငြိမ်ကျသွားပြီး မိန်းကလေးများ မတတ်သာဘဲ စွန်းချောင်နောက်မှနေ၍ ကွင်းပြင်ထောင့်တစ်နေရာသို့ လိုက်သွားရသည်။
“ယီးပဲ ငါ့တစ်သက်လုံး တစ်ခါမှ အနိုင်ကျင့်မခံရဖူးဘူး”
ရှုရင်ယု ဒေါပွနေသည်။ သူတို့အားလုံး ထောင့်နေရာသို့ လှမ်းကြည့်နေကြသည်။ လူမမြင်သော နေရာသို့ ရောက်သောအခါ စွန်းချောင်၏ မိန်းကလေးများအပေါ် မတော်မတရား ပြုမူမှုက ပိုဆိုးလာပြီး ညစ်ကျယ်ကျယ် ရယ်သံများ တစ်ခါတရံ ထွက်ပေါ်လာ၏။ ယောက်ျားလေးများက သူ ဘာပြောနေသလဲ မကြားရချေ။
“ဒါပြီးရင် ငါ ကျောင်းသားသမဂ္ဂဆီသွားပြီး ဒီနည်းပြကို တိုင်မယ်၊ ဘယ်သူ လိုက်ဦးမလဲ”
ကျူးချန်တုံ မေးလိုက်သည်။
“ငါ မင်းနဲ့လိုက်မယ်”
“ငါရောပဲ”
“ငါတို့အတူတူသွားရင် ကျောင်းက သတိထားမိသွားအောင် လုပ်နိုင်လောက်တယ်”
ရဲ့လင်းချန် တစ်ယောက်တည်း ကွင်းကိုပတ်ပြေးနေ၏။ အခါနှစ်ဆယ် ပတ်ပြေးခြင်းက သာမန်လူ တစ်ယောက် အတွက် မဖြစ်နိုင်သော်လည်း ရဲ့လင်းချန်အတွက် သွေးပူရုံပင် မရှိသောကြောင့် စကားထဲ ထည့်ပြောစရာပင် မလိုချေ။
ရဲ့လင်းချန်သည် နေ့စဉ် မနက်လေ့ကျင့်ခန်းအဖြစ် ဆယ်ကီလိုမီတာ ပြေးလေ့ရှိသည့်အပြင် အရဟာ လက်သီးနှင့် ရှစ်ဆ ပြင်းထန်လက်သီးကို လေ့ကျင့်သည်။
ဤအခါနှစ်ဆယ် ပတ်ပြေးခြင်းက ရဲ့လင်းချန်အတွက် တာတိုပြေးပွဲမျှသာ ရှိသည်။ ထိုနည်းအားဖြင့် မနက်ပိုင်း လေ့ကျင့်ရေး သင်ခန်းစာလည်း ပြီးဆုံးသွားလေသည်။
“ရှောင်ရဲ့ ဘယ်လိုနေလဲ၊ ရေသောက်လိုက်ဦး”
ရှောင်ကမ်းက ရဲ့လင်းချန်ထံသို့ အခြားသူများနှင့်အတူ ပြေးလာသည်။ ရဲ့လင်းချန်က ရေပုလင်းကို ယူလိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ ငါ တော်တော် လေ့ကျင့်ခန်း လုပ်တတ်တော့ ငါ့ခံနိုင်ရည်က မြင့်တယ်၊ မာရသွန်တောင် ဝင်ပြိုင်လို့ ရတယ်”
“အံ့ဩစရာပဲ၊ ဒါ အခါနှစ်ဆယ်နော်၊ မင်းက အရမ်း အံ့ဩစရာကောင်းတယ်၊ မင်းက စစ်တပ်ထဲက လူတွေထက်တောင် ပိုသန်မာသလိုပဲ”
အခြားသူများလည်း မျက်လုံးပြူးသွားသည်။ ဤသည်မှာ အတော်လေး သဘာဝလွန်သော အဖြစ်ပင်။ စွန်းချောင်ကလည်း ရဲ့လင်းချန်ကို ကြည့်နေ၏။ သူ အခါနှစ်ဆယ်ကို ပြီးအောင် ပတ်ပြေးနိုင်သည်ကိုကြည့်ပြီး သူ့ မျက်နှာ မည်းမှောင်သွားကာ ရဲ့လင်းချန်အား ရန်လိုသော အကြည့်များ ပစ်လွှတ်လာသည်။
“အင်း မင်းတို့ လေ့ကျင့်တာ‌ရော ဘယ်လိုလဲ”
ရဲ့လင်းချန် ပြန်မေးလိုက်သည်။
“တွေးရုံနဲ့တောင် ဒေါသထွက်တယ်ကွာ”
အာလူးလေးက ဒေါသတကြီး ကိုယ့်ဆံပင်ကိုယ် ဆွဲလာသည်။
“အဲ့နည်းပြက ယောက်ျားလေးနဲ့ မိန်းကလေးကို လူခွဲတယ်လေ၊ ပြီးတော့ မိန်းကလေးတွေကို အဲ့ထောင့်နား ခေါ်သွားပြီး အနိုင်ကျင့်တယ်၊ မိန်းကလေးတစ်ဘောက်ဆို လေ့ကျင့်ချိန်အတွင်း မျက်ရည်တွေနဲ့ ပြေးလာတာ၊ စွန်းချောင်က အဲ့တာတောင် မရပ်ဘူး၊ သူ့အမှတ်ကို နုတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်သေးတယ်”
ရှန်းကလည်း ဒေါသတကြီး ပြောလာသည်။
“ရှောင်ကမ်းက သူ့ကို တစ်ခါပဲ ပြန်ပြောမိတာ၊ သူ့အမှတ်ကိုလည်း နုတ်ပစ်တယ်၊ ဒါ ဘာသဘောကြီးလဲ၊ သူက သိုင်းပညာရှင်လား လူယုတ်မာလား”
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။
“ငါ အရင်က သိုင်းပညာရှင်တွေနဲ့ ဆုံဖူးပါတယ်၊ စည်းကမ်းက သူတို့အတွက် အရေးအကြီးဆုံးပဲ၊ ဒါ သိုးမည်း တစ်ကောင်ပါကွာ၊ သူ့အပြုအမူကြောင့်နဲ့ သိုင်းပညာရှင်အားလုံးကို ဝါးလုံးနဲ့မယမ်းပါနဲ့၊ သူ့ကို ဒီနေ့လယ် ကျောင်းသား သမဂ္ဂမှာ သွားတိုင်ရအောင်”
ကျောင်းသား သမဂ္ဂရုံးခန်းက ကျောင်းသားများ၏ အဆောင်နှင့် အလွန် နီးကပ်စွာ တည်ရှိသည်။ နေ့လယ်တွင် ရဲ့လင်းချန်၏ အတန်းထဲမှ ကျောင်းသားအားလုံး စုဝေးပြီး ကျောင်းသားသမဂ္ဂသို့ ဦးတည်သွားကြသည်။
များပြားသော လူအုပ်ကြီးက အတော်လေး ရုတ်ရုတ်ရုတ်ရုတ် ဖြစ်သွားစေသည်။ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် များလည်း နှောင့်နှေးမနေရဲချေ။ ဤမျှ များပြားသော ကျောင်းသားများ စုဝေးလာခြင်းက အတိတ်၌ အလွန် ဖြစ်ခဲသည့် ကိစ္စရပ်ပင်။
“ကျေးဇူးပြုပြီး ခဏလေး စောင့်ပါဦး၊ ကျုပ်တို့ ဥက္ကဋ္ဌ ခဏနေရင် ရောက်လာမှာပါ”
စီနီယာတစ်ယောက်က လူအုပ်ကြီးကို ကြိုဆိုလေသည်။ သူတို့အပြင် သမဂ္ဂရုံးခန်း၌ အခြားကျောင်းသားများလည်း ရှိနေသည်။ အများစုက ဒုတိယနှစ်နှင့် တတိယနှစ်မှ ကျောင်းသားများ ဖြစ်ကြသည်။
“စီနီယာ ကျုပ်တို့ နည်းပြက စွန်းချောင်၊ သူက လူရေခြုံထားတဲ့ ဝံပုလွေ၊ သူ ကျွန်တော်တို့အတန်းက မိန်းကလေးတွေကို မတော်မတရား လုပ်တယ်၊ ပြီးတော့ မသင့်တော်တဲ့ အပြစ်ပေးတာတွေလည်း လုပ်တယ်၊ ကျောင်းသား သမဂ္ဂက ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်သင့်တယ်”
“ဟုတ်တယ် စီနီယာတို့ ဒီကိစ္စကို ကျောင်းအာဏာပိုင်တွေဆီ တိုင်တန်းပေးလို့ မရဘူးလား၊ အဲ့လူက နှာဘူး၊ စီနီယာတို့ စစ်သည်တော်ဌာနကို တိုင်နိုင်ရင် ပိုကောင်းတယ်”
“စီနီယာ သူက အရင်တုန်းက မကောင်းတဲ့ မှတ်တမ်းတောင် ရှိသေးတယ်၊ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကို နည်းပြ လဲပေးဖို့ လုပ်ပေးပါ”
ကျောင်းသားများက ဒေါသတကြီး စောဒက တက်ကြသည်။
“မင်းတို့ ဘာလို့ ဒီရောက်နေလဲ ငါ သိတယ်၊ သိုင်းလေ့ကျင့်ရေးအချိန်အတွင်း နည်းပြနဲ့ ကျောင်းသားကြားမှာ အလွယ်တကူ နားလည်မှု လွဲတတ်ကြတယ်၊ နည်းပြလုပ်ရပ်က လွန်နေရင် ငါတို့ မင်းတို့ဆန္ဒကို ကူညီပေးမယ်”
စီနီယာက စကားပြောခြင်းကို ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ နည်းပြက စစ်သည်တော်ဌာနက ဖြစ်နေတယ်၊ ငါတို့ ကျောင်းသား သမဂ္ဂ မပြောနဲ့၊ ကျောင်းကတောင်မှ သူတို့အပေါ် အခွင့်အာဏာမရှိဘူး၊  ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ နည်းပြပြောင်းချင်တာကို ငါတို့ အတတ်နိုင်ဆုံး ကူညီပေးဖို့ ကြိုးစားပေးပါ့မယ်”
“စီနီယာရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”
လူအုပ်ကြီး စိတ်အေးကာ သက်ပြင်းချလိုက်ကြသည်။ နည်းပြ လဲနိုင်သရွေ့ ဤကိစ္စကို မသိချင်ယောင် ဆောင်ထား၍ ဖြစ်နိုင်ပေသည်။
သူတို့ စောင့်နေချိန်တွင် တံခါးအပြင်မှ ခြေသံများ ထွက်လာပြီး တစ်ယောက်ယောက် ပြောလိုက်သော စကားကို ကြားလိုက်ရသည်။
“ဥက္ကဋ္ဌ ရောက်လာပြီ”
တစ်ခဏကြာသော် အရပ်ရှည်ရှည်နှင့် ချောမောသော ယောက်ျားလေးတစ်ယောက် ဝင်လာသည်။ သူ့အသွင် အပြင်က သာမန် ကျောင်းသားများထက် ပို၍ ရင့်ကျက်ပုံပေါ်ကာ မောက်မာတတ်သော အရိပ်အယောင်များ ရှိသည်။
အထဲသို့ ဝင်လာပြီးနောက် သူ လူအုပ်ကို တစ်ချက် ကြည့်လိုက်သည်။ ရဲ့လင်းချန်ကို မြင်သော်အခါ သူ အံ့ဩဟန် ပြသွားပြီးနောက် စဉ်းလဲစွာ ပြုံးလိုက်သည်။
သူ ဘယ်သူလဲဆိုတာကို မှတ်မိသွားသော ရဲ့လင်းချန်သည်လည်း အံ့ဩကာ မျက်မှောင်ကြုတ်စ ပြုလာသည်။
“ဒါ ငါတို့ ကျောင်းသား သမဂ္ဂရဲ့ ဥက္ကဋ္ဌ ဟဲယွမ်”
စီနီယာက ချက်ချင်း မိတ်ဆက်ပေးပြီးနောက် အခြေအနေအား ဟဲယွမ်ကို ရှင်းပြလေသည်။
“ဥက္ကဋ္ဌဟဲ ဒီနည်းပြက စစ်သည်တော်ဌာနရဲ့ အမှိုက်ကောင်ပဲ၊ ခင်ဗျား ကျွန်တော်တို့ကို ကူညီရမယ်ဗျ”
ရှောင်ကမ်းက ချက်ချင်း ပြောလိုက်သည်။
“ဟုတ်တယ် ကျုပ်တို့ နည်းနည်းလောက် ဒဏ်ရာရတာက ကိစ္စမရှိဘူး ဒါပေမဲ့ မိန်းကလေးတွေက အသားယူ ခံရတာဗျ”
အာလူးလေးကလည်း ထပ်ပြောလေသည်။ ကျန်လူများကလည်း ဟဲယွမ်ကို အားကိုးတကြီး ကြည့်ကာ သူ့အဖြေကို စိုးရိမ်တကြီး စောင့်မျှော်နေကြသည်။
သို့သော် ဟဲယွမ်၏ အမူအရာက မယုံနိုင်လောက်အောင် တည်ငြိမ်နေ၏။ သူက ပူပင်ကြောင့်ကြမဲ့သော အမူအရာဖြင့် လက်ခါပြလေသည်။
“ကျောင်းသား သမဂ္ဂက မင်းတို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး မကူညီနိုင်ဘူး”

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now