Chapter 36

1K 110 0
                                    

Chapter 36 ဂုဏ်ပြုညစာစားပွဲ

ထိန်းချုပ်မရသည့် အခန်းဖော်သုံးယောက်ကို စိတ်တည်ငြိမ်အောင် ပြုလုပ်ပြီးသားမှ ရဲ့လင်းချန် စိတ်အေးရ တော့သည်။
ယခု သူ ကျောင်းအပ်ပြီးပြီ ဖြစ်သဖြင့် သူ့မိသားစုအား သူ ဘေးကင်းကြောင်း သတင်းပို့ရပေဦးမည်။ ရဲ့လင်းချန် တစ်ကိုယ်တည်း တီးတိုးပြောဆိုနေပြီးနောက် အိမ်သို့ ယွမ်တစ်သိန်း လွှဲလိုက်သည်။ သူ လွှဲတာ များသွားပြီး မိဘများ ကြောက်လန့်သွားမလားဟု စိုးရိမ်နေမိသည်။
ကလင် ကလင် ကလင်
“ဟဲလို အမေ”
“လင်းချန် သား ဒီပိုက်ဆံတွေကို ဘယ်က ရလာတာလဲ”
ရှုကျန်းက အသံတိုးတိုးဖြင့် စိုးရိမ်တကြီး မေးလေသည်။
“အမေ ကျွန်တော့်ဘာသာ ကျွန်တော် ရှာထားတာပါ၊ အဲ့ဒါကြောင့် မစိုးရိမ်ပါနဲ့၊ ဒီပိုက်ဆံက အမေနဲ့ အဖေအတွက်ပါ၊ အမေတို့ အရမ်း ပင်ပန်းနေခဲ့တာဆိုတော့ ကိုယ့်အတွက်ကိုယ် အဝတ်အစားအသစ်လေး ဝယ်လေ”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
“အရူးလေး အမေက ဒီလောက် အသက်ကြီးနေပြီကို၊ ဘာလို့ အဝတ်အစားအသစ် ဝယ်ဖို့ လိုမှာလဲ၊ ဟန်ထုတ်သလို ဖြစ်မနေဘူးလား”
ရှုကျိုးက ရယ်၍ ဆူပူလေသည်။ သူမ အလွန် ပျော်ရွှင်နေ၏။
“ပိုက်ဆံအတွက်နဲ့ ရူးမိုက်တဲ့အရာတွေ ဘာတစ်ခုမှ လျှောက်မလုပ်နဲ့၊  အမေနဲ့ အဖေက မင်းဆီကနေ ဘာမှ ကြီးကြီးမားမား မမျှော်လင့်ဘူး၊ မင်းတစ်ဘဝလုံး ကျန်းကျန်းမာမာနဲ့ ဘေးကင်းကင်း နေရရင်ကို အမေတို့ ကျေနပ်တယ် သိလား”
“အမေ ကိုယ့်သားကိုယ် မယုံဘူးလားဗျာ၊ ကျွန်တော် အခု ပိုက်ဆံရှာနိုင်ပြီလေ၊ အမေတို့ ရဲရဲကြီးသာ သုံးပစ်လိုက်ပါ၊ ကျွန်တော့်ဘာသာ သုံးဖို့အတွက် ရှိပါသေးတယ်”
“အရူးလေးကတော့လေ၊ အပြင်တွေ လျှောက်သွားပြီး မလိုတာတွေ မသုံးပစ်နဲ့၊ ရှိသမျှ အကုန်သုံးရင် မင်းဘဝ ခက်ခဲလာလိမ့်မယ်”
ရှုကျန်းက အမြဲတမ်း လုပ်နေကြကဲ့သို့ သူ့ကို ဆုံးမသွန်သင်နေပြီးမှ ဆက်ပြောလေသည်။
“မင်းရဲ့ ပညာသင်ဆု ယွမ်ငါးသောင်းလည်း ရလာပြီ၊ အမေ အဲ့ပိုက်ဆံကို မင်း လက်ထပ်ဖို့အတွက် စုထားပေးမယ်”
“အမေ အဲ့လိုလုပ်ဖို့က စောလွန်းသေးတယ်လေ”
ရဲ့လင်းချန် ရယ်ရမလား ငိုရမလား မသိတော့ချေ။
“ကျန်းအိမ်က ကလေးမလေးက မဆိုးဘူးလို့ အမေ ထင်တာပဲ၊ မင်း အိမ်ကထွက်သွားပြီးကတည်းက သူ ခဏခဏ လာပြီး အိမ်မှုဝေယျာဝစ္စတွေ လာကူပေးနေတာ၊ သူ့ပုံစံလေးကလည်း တော်တော် ချစ်ဖို့ကောင်းတယ်”
ရှုကျန်းက သားဖြစ်သူ ရဲ့လင်းချန်အတွက် အောင်သွယ်တော်အဖြစ်ပင် လုပ်နေလေပြီ။
“ဒီမှာ မိန်းမကောင်းလေးတွေ ရှိနေတာကို သူတို့တွေ အခြားသူလက်ထဲ ပါသွားမှာကို မင်း မစိုးရိမ်ဘူးလား”
“မင်း အလုပ်လုပ်ပြီး ပိုက်ဆံမရှာထားရင် ကျန်းအိမ်က သူ့အမေက မင်းသမီးကို မင်းနဲ့ လက်ထပ်ခိုင်းမလား”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ အမေရယ်၊ အမေ ပျော်ရင် ပြီးတာပါပဲ”
ရဲ့လင်းချန် စိတ်ညစ်ညစ်နှင့် ပြောလိုက်သည်။
“မင်း သေချာ စာကြိုးစားနော်၊ အိမ်က အမေတို့ကို လွမ်းမနေနဲ့၊ မင်းအဖေနဲ့ ငါ နေကောင်းတယ်”
ဖုန်းချလိုက်ပြီးနောက် ရဲ့လင်းချန်သည် ဖုန်းပြောသည့် ကြာချိန်ကို ကြည့်လိုက်သည်။ ကြာချိန်မှာ ခုနစ်ဆယ့် ခြောက်မိနစ်တိတိ ဖြစ်နေ၏။
ဖုန်းပြောသည့် အချိန်အတွင်း၌ အများဆုံး စကားပြောသူမှာ ရှုကျန်းသာ ဖြစ်ပြီး ရဲ့လင်းချန်က နားထောင်သူ ဖြစ်သည်။ ပြောစရာ ဘာမှမရှိတော့သည့် အခါမှသာ ရှုကျန်းက အင်တင်တင်နှင့် ဖုန်းချသွားသည်။
ရဲ့လင်းချန်သည် ဖုန်းကိုကိုင်ထားရင်း ရုတ်တရက် မူလတန်းတုန်းက သင်ခဲ့ရသည့် ကဗျာတစ်ပုဒ်ကို သတိရ သွားလေသည်။
“မေတ္တာအပြည့်နဲ့ မိခင်ရဲ့ လက်ထဲက အဝတ်ချုပ်အပ်ဟာ လေလွင့်တေလေလေး ခရီးဆန့်နိုင်ဖို့ လေဒဏ်မိုးဒဏ်ခံ အဝတ်တွေ ချုပ်တယ်... တေလေလေးဟာ မထွက်ခွာခင် အဲဒီအဝတ်တွေကို ချပ်ရပ်အောင် ဝတ်တယ်... ခဏနဲ့ ပြန်မလာနိုင်တဲ့အတွက် သူ ဝမ်းနည်းပက်လက် ငိုကြွေးတယ်... လေလွင့်နှလုံးသားရှိသူအတွက်တော့ မိဘကျေးဇူး ဆိုတာ ဆပ်နိုင်ခဲတဲ့ အရာပါပဲ...”
ရဲ့လင်းချန်သည် ငယ်စဉ်အခါက ကဗျာ၏ အဓိပ္ပာယ်ကို လုံးဝ နားမလည်ပါ၊ သို့သော် ယခုအခါ၌ သူသည် ကဗျာထဲက လူဖြစ်လာသည်ဟု ခံစားမိလာသည်။
မကြာခင်မှာပင် လသာဆောင်မှ ဝံပုလွေပေါက်လေး နှစ်ကောင်က သူ့အခန်းဖော်များ၏ အာရုံစိုက်စရာ ဖြစ်လာ၏။
“အာ … ရှောင်ရဲ့၊ မင်း Huskies မွေးထားတာလား၊ တော်တော် ချစ်ဖို့ကောင်းတာပဲကွ”
ရဲ့လင်းချန်က ဝံပုလွေပေါက်လေးများအတွက် နို့ဘူးပြင်နေချိန်တင် အာလူးလေးက တအံ့တဩ ကြည့်ကာ ပြောလေသည်။ ရှန်းနှင့် ရှောင်ကမ်းတို့က ဘေးမှ ရပ်ကာ ကြည့်နေကြသည်။
“ဒီလောက် ငယ်သေးတဲ့ Huskies တွေကို မင်း ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲ”
အာလူးလေးက မေးလာသည်။
“သူတို့က လက်ဆောင်ရထားတာ”
ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။ သူတို့၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး ဤအကောင်ပေါက် လေးများက ဝံပုလွေအစစ်များဖြစ်ကြောင်း သူတို့ကို သူ မပြောရက်တော့ချေ။
ဝံပုလွေပေါက်လေး နှစ်ကောင်သည် သူစိမ်းများ ရှိနေသည်ကို ခံစားမိပြီး ချက်ချင်း သွားစေ့၍ ခပ်တိုးတိုး မာန်ဖီလေသည်။
“အီး … ဒီ Huskiesတွေက ကြမ်းလိုက်တာ၊ တော်တော် ချစ်ဖို့ကောင်းတယ်”
ရှန်းက ဒူးထောက်၍ သူတို့ကို ချီးမွမ်းလေသည်။
“ရှောင်ရဲ့ မင်းတော့ ပွတာပဲ၊ ဒီ Huskies နှစ်ကောင်ရဲ့ ပုံစံက ဝံပုလွေနဲ့ တော်တော် တူတာပဲ၊ သူတို့ မျိုးဆက်က တော်တော် သန့်တဲ့ပုံပဲ”
“သူတို့က တော်တော် ချစ်ဖို့ကောင်းတယ်ကွ၊ မင်း သူတို့ကိုသာ အပြင်ခေါ်သွားရင် တကယ့်ကို မဒီလေးတွေ အကြိုက် ဖြစ်မှာကွ၊ မင်းနားမှာ ကောင်မလေးတွေ ဝဲနေမှာ”
ရှောင်ကမ်းက ပြောလိုက်သည်။
“ချီးပဲ မင်း ပျိုတိုင်းကြိုက် ဖြစ်လာတော့မှာ”
အာလူးလေးနှင့် ရှန်းတို့၏ မျက်လုံးများက ချက်ချင်း အရောင်တောက်လေသည်။
“ရှောင်ရဲ့ ငါတို့ အချင်းချင်း လိုအပ်ရင် ကူညီမယ်လို့ သဘောမတူခဲ့ကြဘူးလား”
ရဲ့လင်းချန် မအီမသာပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
*ဝံပုလွေကို ဗန်းပြပြီး ကောင်မလေးတွေကို ကြောင်ဖို့လုပ်ချင်နေတာလား၊ ဒါ သူတို့ကိုယ်သူတို့ နှာဘူးပါလို့ ပြောနေသလို မဖြစ်ဘူးလား*
“ဪ ဟုတ်သားပဲ၊ ရှောင်ရဲ့ ဒါ ငါတို့ အတန်းဖော်တွေရဲ့ နာမည်စာရင်း ကြည့်ကြည့်လိုက်ဦး”
ရှန်းက ဖောင်တစ်ခုကို ရဲ့လင်းချန်ထံ လှမ်းပေးလိုက်လေသည်။ အတန်းငယ် သုံးတန်းကိုပေါင်း၍ တစ်တန်းအဖြစ် လုပ်ထားခြင်း ဖြစ်သည်။
ပီကင်းတက္ကသိုလ်၏ ကျောင်းသားနှင့် ကျောင်းသူ အရေအတွက်ကပင် စုံဂဏန်း ကျနေ၏။ ရဲ့လင်းချန်၏ အတန်း၌ စုစုပေါင်း သုံးဆယ့်ကိုးယောက်ရှိပြီး ယောက်ျားလေး အယောက်နှစ်ဆယ်နှင့် မိန်းကလေး ဆယ့်ကိုးယောက် ဖြစ်သည်။
သူတို့ ဆရာ၏ မျိုးရိုးမှာ ဟုန်ဖြစ်ပြီး အပြည့်အစုံမှာ ဟုန်လျန့် ဖြစ်သည်။ အလွန် မှတ်မိရလွယ်သော နာမည်ပင်။ ထိုဆရာအပြင် သူတို့၌ အခြေခံ သိုင်းနည်းပြလည်း ရှိပြီး စွန်းချောင်းဟု ခေါ်လေသည်။
စစ်မှုထမ်းခြင်းသည် နိုင်ငံကို ကာကွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ထို့ကြောင့် တက္ကသိုလ်မှ လူသစ်များသည် လဝက်မျှ သိုင်းလေ့ကျင့်ရေး ဆင်းရန် လိုအပ်ပေသည်။
မကြာသေးသော နှစ်များအတွင်း၌ တရုတ်သိုင်းပညာသည် အလွန် ရေပန်းစားလာပြီး ကျောင်းတော်တော် များများက စစ်သည်တော်ဌာနနှင့် ပူးပေါင်းလာပြီး စစ်ရေးလေ့ကျင့်ခြင်းမှ သိုင်းပညာ လေ့ကျင့်ရေးသို့ ပြောင်းလဲ လာခဲ့သည်။ လေ့ကျင့်ရေးအား စစ်တပ်မှ တပ်သားများနှင့် မသင်ပြခိုင်းတော့ဘဲ သိုင်းပညာရှင်များကို ဖိတ်ခေါ်၍ သင်ကြားစေသည်။
သိုင်းပညာရှင်များသည် စစ်သားများလောက် မတင်းကြပ်ဘဲ ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်မည့် ပညာကို သင်ပြပေးကြသည်။ ထို့အပြင် ကျောင်းသားများအားလုံး သိုင်းပညာ လေ့ကျင့်ရသည်ကို နှစ်ခြိုက်ပြီး အတန်းထဲမှာပင် ထိုအကြောင်းကို စိတ်လှုပ်ရှားစွာ ပြောကြလေသည်။
“ရှောင်ယဲ့ နောက်နှစ်ရက်နေရင် သိုင်းလေ့ကျင့်ရေး စတော့မယ်ကွ”
ရှောင်ကမ်းက စိုးရိမ်သော လေသံဖြင့် ပြောလာသည်။
“ပီကင်းတက္ကသိုလ်က လေ့ကျင့်ရေးက အကြမ်းဆုံးပဲလို့ ငါ ကြားထားတယ်၊ ပြီးတော့ နည်းပြအားလုံးလည်း စစ်သည်တော်ဌာနရဲ့ အတော်ဆုံးတွေတဲ့”
အာလူးလေးက မကြာခင် ရောက်လာတော့မည့် သိုင်းလေ့ကျင့်ရေး၏ ခက်ခဲကြမ်းတမ်းမှုကို မြင်ယောင် လာဟန်နှင့် အသာ သက်ပြင်းချလေသည်။ ရဲ့လင်းချန် ပြုံးရုံသာ ပြုံးနေလိုက်သည်။ သူ့အတွက် သိုင်းလေ့ကျင့်ရေးက ပြဿနာ မဟုတ်ပေ။
ထိုညတွင် အခန်းဖော် လေးယောက်လုံး တက္ကသိုလ်နားမှ စားသောက်ဆိုင်လေး၌ ညစာသွားကြသည်။ သူတို့ ကြုံရာ ခေါင်းစဉ်များကို ပြောဆိုကြလေသည်။ ဂိမ်းကစားခြင်းမှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှ တက္ကသိုလ် လျှောက်ပုံ၊ ထို့နောက် သူတို့ ဇာတိမှ ဒေသိယစကားများအထိပါ ပြောဆိုကြလေသည်။ သူတို့သည် စားလိုက်၊ သောက်လိုက်နှင့် ပျော်ရွှင်စွာ စကားပြောခဲ့ကြသည်။
နောက်တစ်နေ့ မနက်ပိုင်း၌ ရဲ့လင်းချန်ထံသို့ ရှောင်ဖေးဖေး ဖုန်းဆက်လာ၏။ ဒဏ္ဍာရီလာ အမျိုးသမီး သူရဲကောင်း ဇာတ်လမ်းတွဲအား ယနေ့ည ပွဲဦးထွက် တင်ဆက်မည် ဖြစ်ပြီး သရုပ်ဆောင်များက သူတို့၏ ဂုဏ်ပြုညစာစားပွဲ အတွက် ပြင်ဆင်ကြသည်။ သူတို့က ရဲ့လင်းချန်ကို အထူးတလည် ဖိတ်ခေါ်နေ၏။
“လင်းချန် နင် လာပြီး ငါ့ကို အဖော်လုပ်ပေးနိုင်မလား၊ ဒီည … လုဟောင်လည်း လာမယ်လို့ ငါ ကြားထားလို့”
ရှောင်ဖေးဖေး၏ အသံ၌ ကူရာမဲ့၍ သက်တောင့်သက်သာ မရှိသော ခံစားချက်များ ပါဝင်နေသည်။
“စိတ်အေးအေးထားပါ အစ်မဖေးဖေး ကျွန်တော် ဒီည လာပါ့မယ်”
ရဲ့လင်းချန် ဖုန်းချလိုက်ပြီးနောက် သူ့မျက်လုံးများ မသိမသာ ဝင်းလက်သွားသည်။ လုဟောင်အတွက် အလုပ်လုပ်သော နိုင်ငံခြားသား နှစ်ယောက်နဲ့ ရန်ပွဲကို သူ မှတ်မိနေပါသေးသည်။
ရှောင်ဖေးဖေးအား ရွံစရာကောင်းသော လုဟောင်က ပွေ့ဖက်နေမည့် မြင်ကွင်းမျိုးအား သူ ထိုင်မကြည့်နေနိုင်ပါ။ သို့သော် ယနေ့ညသည် အဘိုးလင်းအား ဒုတိယအကြိမ် ဆေးကုပေးရန်အတွက် လင်းမိသားစုနှင့် တွေ့ဆုံရန် ချိန်းဆိုထားသည့် နေ့ဖြစ်နေ၏။
သူ ရှောင်ဖေးဖေးနှင့်အတူ ပွဲတက်ပေးမှ ဖြစ်ပေမည်။ သူ အချိန်မီ မပြန်နိုင်ပါက လင်းမိသားစုအား ရက်ရွေ့ပေးရန် တောင်းဆိုရမည်ပင်။
ကျင်းချန် ဟိုတယ်သည် ပေကျင်းမြို့၏ တန်ဖိုးအကြီးဆုံး ဟိုတယ်များထဲမှ တစ်ခု ဖြစ်သည်။ ထိုဟိုတယ်၌ သာမန် ဟင်းလျာပင် လူတစ်ယောက်စာ ယွမ်နှစ်ထောင် ကုန်ပြီး ပွဲများအတွက် စဦးဈေးမှာ ယွမ်ငါးထောင် ဖြစ်လေသည်။
ဟိုတယ်၏ ပင်မဝင်ပေါက်ရှေ့၌ အဖိုးတန်ကားများကို ရပ်ထားသည်။ မာစီဒီး၊ BMW နှင့် Porsches ကားများ ရပ်စရာ နေရာပင် မရှိပေ။
ရပ်နားထားသည့် ကားများ၏ တံဆိပ်များမှာ Lamborghini, Rolls Royce, Aston Martin များ ဖြစ်သည်။ ဈေးကြီးနှုန်းက လိုက်၍ပင် မမီနိုင်ပါ။
*ရူကောင်းမြို့က မြို့တော်ကြီးနဲ့ ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး*
ရဲ့လင်းချိန် စိတ်ထဲ၌ တွေးလိုက်မိသည်။ ရှောင်ဖေးဖေး သူ့ကို မေးလ်နှင့် ပို့လိုက်သည့် ဖိတ်စာကို ထုတ်ပြလိုက် သောအခါ တံခါးဝမှ အစောင့်က ရဲ့လင်းချန်အား တလေးတစား ဖိတ်ကြားလေသည်။
ရဲ့လင်းချန်သည် ယခင်က ဟိုင်လင် စီရင်စုမှ လူချမ်းသာများ၏ စုဝေးပွဲကို တက်ဖူးသော်လည်း ယခုတစ်ခေါက်နှင့် ယှဉ်လျင် ထိုပွဲက သေးငယ်လှသည်။
ယနေ့ညပွဲအား သရုပ်ဆောင်အားလုံး တက်ရုံသာမက ထုတ်လုပ်ရေးဝန်ထမ်းများနှင့် အကူဝန်ထမ်းများပါ တက်ရောက်လေသည်။ နာမည်ကြီး ဒါရိုက်တာအချို့နှင့် ထုတ်လုပ်သူများလည်း ဧည့်သည်တော်အဖြစ် တက်ရောက်ကြသည်။
ထို့အပြင် ဧည့်သည်များက မိတ်ဆွေများနှင့် မိသားစုကိုပါ ခေါ်လာနိုင်၏။ ကြီးမားသော ခန်းမထဲ၌ စားပွဲဝိုင်း နှစ်ဆယ်ကို ပြင်ဆင်ထားသည်။ စားပွဲတစ်လုံးချင်းစီ၏ တန်ကြေးကပင် အနည်းဆုံး ယွမ်ငါးသောင်း ရှိပေသည်။
“လင်းချန် နင် ရောက်လာပြီပဲ”
ရဲ့လင်းချန်ကိုမြင်သော် ရှောင်ဖေးဖေးက စိတ်အေးသွားသလို သက်ပြင်းချလိုက်ပြီး ရဲ့လင်းချန်ကို လက်လှမ်းပြ လေသည်။
ရဲ့လင်းချန် လက်ပြန်ပြလိုက်ပြီးနောက် ဒါရိုက်တာလီနှင့် ဝန်ထမ်းများကို နှုတ်ဆက်လိုက်သည်။ ထို့နောက် ရှောင်ဖေးဖေး ဘေးကခုံ၌ သူ ဝင်ထိုင်လိုက်လေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now