Chapter 50

992 110 1
                                    

Chapter 50 ကျုပ် ကန့်ကွက်တယ်

“ဒါ မတရားဘူး၊ ရှောင်ရဲ့နဲ့ စွန်းချောင်တို့က မျှတတဲ့ ပြိုင်ပွဲကို ပြိုင်ခဲ့တယ်ဆိုတာကို ဒီကလူတိုင်း သက်သေခံ နိုင်တယ်၊ ခင်ဗျားက ဘာပေါ်အခြေခံပြီး ဒီစွပ်စွဲချက်တွေကို ပြောနေတာလဲ”
ရှန်းက သည်းမခံနိုင်တော့သဖြင့် ပြန်မေးလိုက်သည်။
“ဟုတ်တယ် မင်းမှာ အရှက်မရှိဘူးလား၊ မြေယိုး”
“ဟဲယွမ် ခွေးမသား၊ မင်းလို ဆန်ကုန်မြေလေးက ဘယ်လိုလုပ် ကျောင်းသား သမဂ္ဂရဲ့ ဥက္ကဋ္ဌ ဖြစ်နေတာလဲ ရယ်စရာ ကောင်းလိုက်တာ”
ကျောင်းသားများက မတရားမှုအား ဒေါသတကြီး‌ အော်ဟစ်ကြသည်။ သူတို့သည် လူငယ်များ ဖြစ်သောကြောင့် တက်ကြွကာ ကြောက်ရွံ့မှုကို မသိကြချေ။
သို့သော် စွန်းဝေနှင့် ဟဲယွမ်တို့သည် အောက်ဘက်မှ အသံများကို မကြားသယောင် ပြုကာ မဖြုံသော အမူအရာနှင့် လူပျက်များအား ကြည့်သကဲ့သို့ ကြည့်နေသည်။
“အဲ့အပြင် စွန်းချောင်ရဲ့ အတန်းကို ငါ ကိုင်မယ်”
စွန်းဝေက ထီမထင်သော ဟန်ပန်ဖြင့် နှုတ်ခမ်းကို တွန့်ကွေးရုံမျှ ပြုံးလိုက်သည်။ သူ၏ မျက်လုံးတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လွင်နေပြီး အတန်းခြောက်မှ ကျောင်းသားများအား ကျောချမ်းဖွယ် အငွေ့အသက်များ ပို့လွှတ်နေသည်။
ထိုအခိုက်တွင် ကျိုးဟွေသည် သည်းမခံနိုင်တော့ဘဲ ရှေ့သို့ ထွက်လာသည်။
“အလယ်အလတ်အဆင့် စစ်သည်တော်စွန်း၊ ရဲ့လင်းချန်နဲ့ စွန်းချောင်တို့က မျှတတဲ့ ယှဉ်ပြိုင်မှုကို လုပ်ခဲ့တာပါ”
စွန်းဝေ၏ အပြုံး ပျောက်ကွယ်သွားပြီး ကျိုးဝေအား စိုက်ကြည့်လာသည်။
“မင်း စင်ပေါ်တက်လာပြီး ပြောစမ်း”
ကျိုးဝေ အံကြိတ်လိုက်ပြီးနောက် စင်မြင့်ပေါ်သို့ လျှောက်လာသည်။ အားလုံး၏ အကြည့်က သူ့အပေါ် ကျရောက်နေ၏။
“အလယ်အလတ်အဆင့် စစ်သည်တော်စွန်း၊ သူတို့က မျှတတဲ့ …”
သူ့စကား တစ်ဝက်အရောက်တွင် စွန်းဝေ၏ ခန္ဓာကိုယ်က လေပေါ် မြောက်တက်သွားပြီး ကျိုးဟွေ၏ ဦးခေါင်းကို ပိတ်ကန်လေသည်။
ကျိုးဟွေ လက်ဖြင့် ခုခံရန် ပြင်လိုက်သည်။ သို့သော်ငြားလည်း သူ၏ တစ်ကိုယ်လုံးက မထင်မှတ်ထားသော ခွန်အားကြောင့် လွင့်ထွက်သွားရသည်။ သူ၏ ခန္ဓာကိုယ်က စင်မြင့်ပေါ်မှနေ၍ ဆယ်မီတာကျော်အထိ လွင့်သွားသည်။
“ဝေါ့”
ကျိုးဟွေ သွေးတစ်လုပ် အန်လာ၏။ သူ့မျက်နှာ ဖြူရော်နေကာ ကာလိုက်သည့်လက်လည်း ကျိုးသွားရသည်။ ထိုကန်ချက်က မထင်မှတ်ထားလောက်အောင် ကြောက်စရာကောင်းနေသည်။
“ဂလု”
ကွင်းပြင်၌ လူအများ၏ တံတွေးမျိုချသံများကို ကြားနေရသည်။ သူတို့ နှုတ်ခမ်းခြောက်လာပြီး အသက်ရှူသံ မြန်လာသည်ကို ခံစားမိနေ၏။
*နည်းပြတစ်ယောက်တောင် လွင့်ထွက်သွားတယ်ဆိုတော့ အဲ့ကန်ချက်က ဘယ်လောက် သန်မာနေတာလဲ*
သူတို့သာ ကိုယ်တိုင် မမြင်လိုက်ပါက ဤသို့သော ပညာရှင်မျိုး လောက၌ ရှိနေလိမ့်မည်ဟု ထင်မိမည် မဟုတ်ပါ။
“သိုင်းပညာရှင်တစ်ယောက်အနေနဲ့ မင်းက မင်းအထက်အရာရှိရဲ့ ဆုံးဖြတ်ချက်ကို သံသယဝင်ပြီး မဟုတ်တမ်းတရားတွေ ပြောတယ်ပေါ့၊ ဒီကိစ္စ ထပ်ဖြစ်လာရင် မင်းကို စစ်သည်တော် ဥပဒေအတိုင်း အပြစ်ပေးမယ်”
စွန်းဝေက ဘာမှမဖြစ်သကဲ့သို့ အေးအေးလူလူ ပြောလိုက်သည်။
“ငါ့ဆုံးဖြတ်ချက်ကို ဘယ်သူ ကန့်ကွက်ချင်သေးလဲ”
နည်းပြများ ကြောက်လန့်သွားပြီး ကျောင်းသားများဆိုလျင် သာ၍ပင် ဆိုးသေးသည်။
“ကျုပ် ကန့်ကွက်တယ်”
စွန်းဝေက အခြေအနေကို ထိန်းချုပ်ပြီး ရဲ့လင်းချန်၏ ပြစ်ဒဏ်ကို ကြေငြာတော့မည့်အချိန်၌ အသံတစ်သံ ထွက်ပေါ်လာ၏။ လူတိုင်းက ထိုခေါင်းမာသော လူငယ်လေးအား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်လိုက်သည်။
“ရှောင်ရဲ့ ထားလိုက်တော့၊ ဒီလူက ငါတို့ ယှဉ်လို့ရတဲ့လူ မဟုတ်ဘူး”
အာလူးလေးက သူ့ကိုကျိတ်၍ သတိပေးလေသည်။
“စွန်းချောင်က နည်းပြဆိုတဲ့ ရာထူးအားကိုးနဲ့ ကျောင်းသူလေးတွေကို အရှက်ရအောင် လုပ်တယ်၊ ဘာလို့ အဲ့ဒါကို ဖုံးထားရတာလဲ”
ရဲ့လင်းချန်က ဆက်၍ မေးခွန်းထုတ်လိုက်သည်။ စွန်းဝေ မျက်မျောင်ကြုတ်သွားပြီးနောက် ထရယ်လိုက်သည်။ ထို့နောက် ရဲ့လင်းချန်ကို လျစ်လျူရှု၍ ဟဲယွမ်ကို ပြောလိုက်သည်။
“သူ့ကို ဘေးမဲ့ထားပြီး အဲ့မျိုးမစစ်ကောင်ရဲ့ အပြစ်တွေကို တစ်ခုပြီး တစ်ခု ကြေငြာလိုက်”
ဟဲယွမ်က ရဲ့လင်းချန်အား မျောက်တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်ကာ သရော်လေသည်။
“ရဲ့လင်းချန်က သိုင်းလေ့ကျင့်ရေးအချိန်အတွင်း နည်းပြကို မနာခံဘူး၊ နံပါတ်တစ် ပြစ်ချက်”
“အဲ့အပြစ်က လုပ်ကြံထားတာ၊ ကျုပ် ကန့်ကွက်တယ်”
ရဲ့လင်းချန်က ဆက်ပြောသည်။
“စွန်းချောင်က ကျောင်းသားတွေကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်ပြီး သူတို့ကို ဒဏ်ရာရအောင် လုပ်တယ်၊ မင်းတို့ ဘာလို့ ဂရုမစိုက်တာလဲ”
“ရဲ့လင်းချန် မင်းအပြုအမူက မနှစ်မြို့စရာပဲ၊ ဒီစင်မြင့်က မင်းဆန္ဒရှိသလို လုပ်လို့ရတဲ့ နေရာလား၊ ငါ ပြောနေတဲ့ ပြစ်ဒဏ်က တက္ကသိုလ်တစ်ခုလုံးက စွဲချက်တင်ထားတဲ့ဟာပဲ၊ မင်းတို့ ကျောင်းသားမျိုး ငါတို့တက္ကသိုလ်မှာ ရှိနေတာက ပီကင်းတက္ကသိုလ်ရဲ့ နာမည်ကို ဖျက်နေတာပဲ”
ဟဲယွမ်က အချက်ကျကျ အပြစ်တင်၍ ဆက်ပြောသည်။
“ရဲ့လင်းချန်က သိုင်းလေ့ကျင့်ချိန်အတွင်း နည်းပြကို ကလန်ကဆန်လုပ်တယ် ပြီးတော့ မသမာတဲ့နည်းကို သုံးပြီး နည်းပြကို စွပ်စွဲပြီးတော့ ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်တယ်၊ နံပါတ်နှစ် ပြစ်ချက်”
“ကျုပ် ကန့်ကွက်တယ်”
ရဲ့လင်းချန်က ခေါင်းမော့၍ ခပ်ကျယ်ကျယ် ပြောလိုက်သည်။
“စွန်းချောင်နဲ့ ကျုပ်က မျှတတဲ့ ပြိုင်ပွဲကို ပြိုင်ခဲ့တာ၊ တက္ကသိုလ်တစ်ခုလုံး ဒါကို သက်သေခံနိုင်တယ်”
*ရဲ့လင်းချန် ဪ ရဲ့လင်းချန် မင်းခေါင်းက တစ်ခုခုတော့ တစ်ခုခုပဲ၊ အခု အခြေအနေကို မင်း မမြင်ပါလား*
ဟဲယွမ် ကျိတ်၍ သရော်လိုက်ပြီးနောက် ရဲ့လင်းချန်ကို ဥပေက္ခာပြုကာ ဆက်ပြောလေသည်။
“ကျောင်းချိန်အတွင်း ရဲ့လင်းချန်က လူအုပ်ကို ဦးဆောင်ပြီး ကျောင်းသား သမဂ္ဂကို ပြဿနာရှာပြီး ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌကို ခနဲ့တယ်၊ နံပါတ်သုံး ပြစ်ချက်”
“ကျုပ် ကန့်ကွယ်တယ်”
စင်မြင့်အောက်ရှိ ရဲ့လင်းချန်၏ ပုံရိပ်က သေးငယ်ပုံ ပေါ်ကာ အောက်ကျို့ခံနေပုံ ပေါ်သည်။ စွန်းချောင်က ရဲ့လင်းချန်ကို ကြည့်နေပြီး သူ့မျက်လုံးတွင် စိတ်လှုပ်ရှားဟန် ပေါ်နေ၏။ သူ့မျက်နှာတစ်ခုလုံး ကြည့်ရဆိုးပုံ ပေါ်နေပြီးနောက် ခွက်ထိုးခွက်လန် ရယ်လိုက်သည်။
“ဟားဟားဟား မျိုးမစစ်‌လေး မင်း စောင့်ကြည့်နေ၊ ဒါ အစပဲ ရှိသေးတယ်၊ ငါ မင်းကို နောင်တရအောင် လုပ်မယ်၊ ငါ မင်းကို သေချာပေါက် နောင်တရအောင် လုပ်ပစ်မယ်”
စွန်းဝေက ရဲ့လင်းချန်ကို အထင်သေးစွာ ကြည့်နေပြီး လူတစ်ယောက်၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ် နိုင်သည့်ပုံမျိုး ပြနေ၏။
“မင်း ကန့်ကွက်တယ် ဟုတ်လား … အဲ့တော့ ဘာဖြစ်လဲ”
သူ့စကားလုံးက ပေါ့ပါးလှပြီး ပုရွက်ဆိတ်တစ်ကောင်ကို သတ်သည်ဟု တွေးနေပုံရသည်။ ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ စွန်းဝေ၏ ဖိအားအောက်၌ သူတို့ ခေါင်းငုံ့ထားရပြီး ပြန်ပြောနိုင်စွမ်း မရှိချေ။
“ကျုပ် ခင်ဗျားကို စိန်ခေါ်ချင်တယ်”
ရဲ့လင်းချန်က မျက်မှောင်ကြုတ်ကာ စွန်းဝေကို ပေါ်တင် စိုက်ကြည့်၍ ပြောလိုက်သည်။
*နောက်တစ်ခါ စိန်ခေါ်ပြန်ပြီလား*
လူတိုင်း ခေါင်းမော့လာပြီး ရဲ့လင်းချန်အား တအံ့တဩ ကြည့်လာ၏။
*သူ ရူးနေပြီ*
*ဒီကောင် ဒေါသထွက်ပြီး ရူးသွားတာပဲ ဖြစ်ရမယ်*
“ရှောင်ရဲ့ သူ မင်းကို သတ်လိမ့်မယ်ကွ”
ရှောင်ကမ်း၏ မျက်နှာ ဖြူရော်ကာ ကြောက်လန့်၍ တုန်ယင်နေလေသည်။ ကျိုးဟွေ အကန်ခံရပြီး လွင့်ထွက်သွားသည့် မြင်ကွင်းက သူတို့စိတ်ထဲ၌ လတ်လတ်ဆက်ဆက် ထင်ကျန်နေဆဲပင်။ နည်းပြတောင်မှ ထိုသို့ ကံကြမ္မာနှင့် ရင်ဆိုင်ရသည်။ ရဲ့လင်းချန်ဆိုလျင် ထို့ထက်ပို မကောင်းနိုင်ပါ။ စွန်းဝေက သူ့ကို တကယ် သတ်ပစ်လောက်သည်။
“မင်း ငါ့ကို စိန်ခေါ်တာလား”
စွန်းဝေက သရော်သလို ကြည့်လေသည်။
“ကောင်းပြီလေ၊ ငါ … မင်း စိန်ခေါ်တာကို လက်ခံတယ်”
“အစ်ကို ကျုပ်အတွက် လက်စားချေပေးပါ၊ သူ့ခြေလက်တွေကို ချိုးပစ်လိုက်”
စွန်းချောင်က သွေးကဲ့သို့ နီရဲသော မျက်လုံးများဖြင့် အော်ဟစ်လေသည်။
“ဟားဟားဟား ခွေးကောင် မင်းက ငါ့အစ်ကိုကို စိန်ခေါ်ရဲတယ်လား၊ သေတွင်းတူးနေတာပဲကွ”
“စင်ပေါ် တက်လာခဲ့”
စွန်းဝေက ရဲ့လင်းချန်ကို ငုံ့ကြည့်နေသည်။
“ငါတို့ ချက်ချင်း စလို့ရတယ်၊ မြန်မြန် ပွဲသိမ်းလိုက်တာပေါ့”
ရဲ့လင်းချန် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် စင်ပေါ်သို့ လျှောက်လာသည်။
“ခွေးကောင် ငါ မင်းအပြစ်တွေကို ဘာလို့ တစ်ခုပြီးတစ်ခု ဖတ်ခိုင်းလဲ သိလား”
စွန်းဝေက ကြွက်ကို ကစားနေသော ကြောင်သဖွယ် အချိန်ဆွဲ၍ အေးဆေးစွာ မေးလိုက်သည်။
“ငါ မင်းကို ရန်စချင်လို့ပဲ၊ ဒါမှ မင်း ငါ့ကို ဒေါသထွက်ပြီး စိန်ခေါ်မှာလေ”
စွန်းဝေက ရဲ့လင်းချန်ကို စိုက်ကြည့်နေသည်။
“ဒါမှ ငါ မင်းကို တရားဝင် သမနိုင်မှာ”
“မင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူး၊ မင်း သိုင်းပညာလေး နည်းနည်းတက်တာနဲ့ ဟုတ်လှပြီ ထင်နေလား၊ မင်းက သူရဲကောင်းအဖြစ် နေရတာ သဘောကျပြီး အလှောင်မခံချင်ဘူးပေါ့လေ၊ မင်းက သွေးနားထင်ကြီးလွန်းတော့ ဒီလောကမှာ မင်း ရန်မစသင့်တဲ့ လူတွေ အများကြီး ရှိတယ်ဆိုတာကို မသိဘူးပဲ၊ ငါက အဲ့လူတွေထဲ တစ်ယောက်ပဲ”
ရဲ့လင်းချန် မျက်လုံးကို မှေးစင်းထားသည်။
“အဲ့တော့ ဘာဖြစ်လဲ”
“ဟားဟားဟား ဘယ်အချိန် နောက်ဆုတ်ရမလဲ မသိတဲ့ လူငယ်ပဲ၊ ငါ မင်းခြေလက်တွေကို ရိုက်ချိုးပြီး ဒုက္ခိတဖြစ်အောင် လုပ်မယ့်အချိန်ကို စောင့်နေလိုက်၊ အဲ့အခါကျမှ မင်း နားလည်သွားလိမ့်မယ်”
စွန်းဝေက ကျယ်လောင်စွာ ရယ်မော၍ သားကောင်ကို အမဲလိုက်နေသော သိမ်းငှက်သဖွယ် ရဲ့လင်းချန်ကို ကြည့်နေ၏။
“အစ်ကို သူနဲ့ စကားပြောပြီး အချိန်ဖြုန်းနေတာကို ရပ်လိုက်ပါတော့၊ ကျွန်တော် မစောင့်နိုင်တော့ဘူး၊ သူ့ကို ကျွန်တော့်ဆီမှာ ဒူးထောက်ပြီး တောင်းပန်ရအောင် လုပ်လိုက်ပါ၊ သူ ကျုပ်ရှေ့မှာ ဝပ်တွားနေတာကို မြင်ချင်တယ်”
စွန်းချောင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လေသည်။ သူ့အသံ၌ ဆိုးယုတ်မှုများ ပါဝင်နေသဖြင့် လူတိုင်း ကျောချမ်း သွားကြသည်။
ဟဲယွမ်သည် ဘေး၌ရပ်ကာ ရဲ့လင်းချန် ဘယ်လို သမခံရမလဲ ကြည့်နေ၏။
*မင်း ချတတ်တော့ ဘာဖြစ်လဲ၊ မင်းက သန်မာတဲ့ ငအတစ်ကောင်ပဲ၊ ကြွားဝါတာက ညဘက် ကောင်းကင်ယံမှာ မီးရှူးမီးပန်း ဖောက်သလို မင်းကို ခဏတာလောက် ပျော်စေနိုင်တယ်မလား၊ မင်းလိုလူမျိုးက နောက်ကျန်ရစ် ခဲ့မယ့်ကံ ပါလာတာ၊ မင်းက အရည်အချင်းရှိတဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ မင်းရဲ့ မောက်မာမှုကြောင့် တစ်ကွက်၊ နှစ်ကွက်အတွင်း သေမှာပဲ”

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now