Chapter 49

988 112 1
                                    

Chapter 49 မင်း သေပြီသာမှတ်

“ဘာမှမဖြစ်ပါဘူး၊ ဒါ ဘာမှ စိတ်လှုပ်ရှားစရာ မလိုတဲ့ကိစ္စကို”
ရဲ့လင်းချန် ရယ်လိုက်သည်။
“ရှောင်ရဲ့ မင်း အရင်က ကွန်ဖူးဆရာနဲ့ လေ့ကျင့်ဖူးတာလား၊ ရုပ်ရှင်တွေထဲက သိုင်းသမားတွေလိုလေ”
ရှောင်ကမ်းက စိတ်လှုပ်ရှားစွာ မေးလာသည်။
“ဒါ လက်သီးကွက် အချို့လေးပါပဲ၊ ရုပ်ရှင်ထဲကလို သိပ်မကြီးကျယ်ပါဘူး”
ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။
“မင်း ငါ့ကို သင်ပေးနိုင်မလား”
ယောက်ျားလေးများအားလုံး မျက်လုံး အရောင်တောင်လာပြီး သူတို့ကိုယ်သူတို့ ပျံသန်း၍ နံရံပေါ် ပြေးနေပုံများကို မြင်ယောင်နေကြသည်။
“မင်းတို့အားလုံး နေ့တိုင်း မနက်ငါးနာရီ ထနိုင်လား”
ရဲ့လင်းချန် ရယ်၍ မေးလိုက်သည်။ လူတိုင်း ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။ စွန်းချောင်အား စစ်သည်တော် ဌာနသို့ ပြန်ပို့လိုက်ရသည်။ အတန်းခြောက်၌ နည်းပြ မရှိတော့ချေ။ သို့သော် သူတို့ သိုင်းလေ့ကျင့်ရေးကို ရပ်ထား၍ မရပါ။ ထို့ကြောင့် ရဲ့လင်းချန်အား နှစ်ကြိမ်တိုင်တိုင် သတိပေးဖူးသော နည်းပြက သူတို့၏ ယာယီ နည်းပြ ဖြစ်လာလေသည်။
ထိုနည်းပြ၏ နာမည်မှာ ကျိုးဟွေ ဖြစ်သည်။ သူသည် အလွန် သမာသမတ်ကျ၍ အတော်လေး ဩဇာရှိသည်။ သူတို့ကို သူ ကောင်းကောင်းလေ့ကျင့်ပေးပြီး ကျောင်းသားများနှင့် ဆက်ဆံရေး ကောင်းမည့်ပုံပင်။ သူသည် သူတို့၏ အမှားများကို ထောက်ပြနိုင်ရုံသာမက ကျောင်းသားများအား အမှားကို ပြင်ချင်စိတ်ဝင်အောင် အားပေး နိုင်သည်။
“အခြားအတန်းက နည်းပြတွေကို ကြည့်ပါဦး၊ ငါတို့အတန်းက တကယ် ကံဆိုးတာပဲ”
အာလူးလေးက ညည်းတွားလေသည်။ ညနေ သုံးနာရီခွဲတွင်မှ အတန်းပြီးသွားသည်။ ကျိုးဟွေက ရင်းနှီးစွာဖြင့် ရဲ့လင်းချန်အနား လာထိုင်ပြီး လက်မထောင်ပြလေသည်။
“မိတ်ဆွေလေး မင်း ကောင်းကောင်း လျှို့ဝှက်ထားနိုင်တာပဲ၊ မင်းက ဒီလို တော်တဲ့ တိုက်ခိုက်ရေးသမား ဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး၊ အံ့ဩဖို့ကောင်းတယ်ကွ”
“ကျွန်တော် အရင်က နည်းနည်းပါးပါး လေ့ကျင့်ဖူးလို့ပါ”
ရဲ့လင်းချန် ပြုံး၍ ပြန်ဖြေလိုက်သည်။
“ဟားဟားဟား မင်းက နှိမ့်ချနေတာပဲ၊ မင်းအရည်အချင်းနဲ့ဆို စစ်သည်တော်ဌာနမှာတောင် သူမတူဘူးလို့ သတ်မှတ်လို့ ရတယ်၊ ငါ့အထင် မင်း အထက်တန်းအဆင့်က လူတွေနဲ့တောင် ယှဉ်လို့ရလောက်တယ်”
ကျိုးဟွေ ရယ်လေသည်။ တစ်ခဏမျှ ငြိမ်နေပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အဲ့တောင် မင်း ကျောင်းကို ဘာတောင်းဆိုသွားမှာလဲ”
“ကျွန်တော် အခြားနည်းပြလိုချင်တယ်”
“ဒါပဲလား”
ကျိုးဟွေက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်လေသည်။
“ဒီတောင်းဆိုမှုက ဘယ်လောက် အဖိုးတန်လဲ မင်း မသိဘူး၊ မင်း မာစတာဘွဲ့၊ PhD ဘွဲ့ ဒါမှမဟုတ် အလုပ်အကိုင် အခွင့်အလမ်းတောင် တောင်းလို့ရတယ်ကွ၊ တက္ကသိုလ်က မင်းကို သေချာပေါက် ဖြည့်ဆည်းပေးမှာ”
ရဲ့လင်းချန် ပြုံးလိုက်သည်။
“ကျွန်တော် လိုချင်တဲ့ တောင်းဆိုမှုနဲ့တင် လုံလောက်ပါပြီ”
“တော်တယ် ရိုးသားတဲ့လူပဲ”
ရုတ်တရက် ကျယ်လောင်သော ကားအင်ဂျင်သံ ထွက်ပေါ်လာသဖြင့် လူတိုင်း မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် BMW X5 က လူအုပ်ထံသို့ မောင်းဝင်လာ၏။ ၎င်းသည် သားရဲတစ်ကောင်ကဲ့သို့ ကျောင်းဝန်းထဲ၌ မဆင်မခြင် မောင်းနှင်နေသဖြင့် ကျောင်းသားတိုင်း လမ်းဖယ်ပေးနေရသည်။
“ချီးပဲ ဒါ စွန်းဝေရဲ့ကားပဲ”
ကျိုးဟွေ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး စိတ်မသက်မသာ ဖြစ်ဟန်များနှင့် ပြည့်နှက်လာသည်။
“စွန်းဝေ”
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ ကျိုးဟွေ၏ မျက်နှာက မည်းမှောင်နေဆဲပင်။
“စွန်းဝေက စွန်းချောင်ရဲ့ အစ်ကို၊ သူက ငါတို့အဖွဲ့ထဲက မဟုတ်ဘူး၊ သူ ဒီနေ့ ပြန်ရောက်လာလိမ့်မယ်လို့ ထင်မထားမိဘူး”
ကားသည် ကွင်းပြင်အစပ်နား၌ ရပ်သွားပြီး တံခါးပွင့်လာကာ လူလေးယောက် ဆင်းလာသည်။ သူတို့သည် ထမ်းစင်တစ်ခုကို သယ်လာပြီး ထမ်းစင်ပေါ်၌ လှဲနေသည့်သူမှာ စွန်းချောင်မှလွဲ၍ အခြားမရှိနိုင်တော့ပါ။
ကားပေါ်မှ ဆင်းလာပြီးသည်နှင့် စွန်းချောင်က ရဲ့လင်းချန် ရှိရာဘက်သို့ မကျေမချမ်း လှည့်ကြည့်လာသည်။
နောက်ဆုံးတွင် ကားပေါ်မှ သိုင်းသမားဝတ်စုံ ဝတ်ထားသည့် လူတစ်ယောက် ဆင်းလာ၏။ သူသည် အသက် သုံးဆယ်ဝန်းကျင် ရှိပုံပေါ်ကာ စွန်းချောင်နှင့် ရုပ်အတော်ဆင်ကာ ချွန်သောနှာခေါင်းနှင့် ရက်စက်သော မျက်လုံးများ ရှိသည်။
သူတို့ ရောက်လာပြီးနောက် မမြင်ရသော စွမ်းအင်တစ်ခုက ကွင်းပြင်အနှံ့သို့ ပျံ့နှံ့လာပြီး လူတိုင်းအား နေရခက်သော ဖိအားတစ်မျိုးကို ပေးစွမ်းလေသည်။
“ဒေါက် ဒေါက် ဒေါက်”
သူတို့သည် ရှေ့သို့ ခြေလှမ်းကျဲကျဲနှင့် လျှောက်သွားပြီး စင်မြင့်ဘက်သို့ ချဉ်းကပ်သွားသည်။ စွန်းဝေက ရှေ့မှ ဦးဆောင်နေပြီး လက်နှစ်ဖက်အား နောက်ပစ်၍ လူအုပ်ကြီးအား အထင်သေးသလို ကြည့်လာသည်။
ဘာစကားမှမပြောတာတောင်မှ သူ့ထံမှ ထွက်လာသည့် အရှိန်အဝါက လူအများက မွန်းကြပ်စေသည်။ ထိုအရှိန်အဝါ၌ လူသတ်ချင်စိတ်များ ပါဝင်နေသည်။ ဤလူသည် ယခင်က စစ်ပွဲသို့ သွားရောက်ဖူးသည့်ပုံပင်။
မကြာခင်မှာပင် ဟဲယွမ်က ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များကို ဦးဆောင်၍ ခပ်သုတ်သုတ် ရောက်လာ၏။ သူတို့၏ နဖူး၌ ချွေးစေးများဖြင့် ပြည့်နေပြီး စိတ်လှုပ်ရှားစိုးရိမ်နေပုံ ပေါ်သည်။
ရဲ့လင်းချန် အနားမှ ဖြတ်သွားသောအခါ ဟဲယွမ်က မခိုးမခန့် ပြုံးလိုက်သည်။
“ခွေးမသား မင်း သေပြီသာမှတ်”
ကျိုးဟွေက စင်မြင့်ထက်၌ ရပ်နေသော စွန်းဝေကို စိုက်ကြည့်ပြီးနောက် တုန်လှုပ်သွားသည်။ သူ့မျက်နှာတွင် မယုံနိုင်ဟန်များ ပေါ်လာ၏။
“ဒါ … ဒါ အစိမ်းရောင် ကြယ်နှစ်ပွင့် မဟုတ်လား”
“ဘာဖြစ်လို့လဲ”
ထိုစကားထဲမှ မကောင်းသော ခံစားချက်ကို ရဲ့လင်းချန် ရနေသည်။
“စွန်းဝေရဲ့ ပခုံးကို ကြည့်လိုက်၊ အပေါ်က တံဆိပ်က သူ့သိုင်းသမားအဆင့်ကို ကိုယ်စားပြုတာ”
ကျိုးဟွေ ပင့်သက်ရှိုက်လိုက်သည်။
“သူက အနိမ့်တန်း စစ်သည်တော်အဆင့်ကို ကိုယ်စားပြုတဲ့ အစိမ်းရောင်ကြယ် တစ်ပွင့်ပဲ ရှိတာ၊ အခု အစိမ်းရောင်ကြယ် နှစ်ပွင့်ဆိုတော့ အလယ်အလတ် စစ်သည်တော်အဆင့်ကို ရာထူးတိုးသွားတဲ့သဘောပဲ”
အစိမ်းရောင်ကြယ်သည် စစ်သည်တော်အဆင့်ကို ကိုယ်စားပြုပြီး လိမ္မော်ရောင်ကြယ်က စစ်သားကို ကိုယ်စား ပြုကာ အနီရောင်ကြယ်ကာ ဗိုလ်ချုပ်အဆင့်ကို ကိုယ်စားပြုသည်။
သူ့အနားမှ ကျောင်းသားများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ အလယ်အလတ် စစ်သည်တော်အဆင့်သည် လူအများစု၏ ဘဝပန်းတိုင် ဖြစ်သည်။
“နိုင်ငံတစ်နိုင်ငံကို ဥပဒေနဲ့ အုပ်ချုပ်ပြီးတော့ မိသားစုတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းတာ၊ ပြီးတော့ စစ်သည်တော်ဌာနက ငါတို့တက္ကသိုလ်နဲ့ ဒီသိုင်းလေ့ကျင့်ရေးအတွက် ပူးပေါင်းထားတာလေ၊ ရှောင်ရဲ့က မျှတတဲ့ တိုက်ပွဲကို တိုက်တာ၊ သူတို့ စိတ်ကြိုက် မလုပ်နိုင်လောက်ပါဘူး”
ရှောင်ကမ်းက စိုးရိမ်သော လေသံဖြင့် ပြောလိုက်သည်။ စစ်သည်တော်ဌာနသည် ကြားခံ လေ့ကျင့်ရေး အဖွဲ့အစည်းမျှသာ ဖြစ်သည်။
ကျိုးဟွေကမူ ခေါင်းခါလေသည်။ သူသည် ကျောင်းသားများလောက် အကောင်းမြင်စိတ် မရှိပါ။ စစ်သည်တော်ဌာနသည် အလွန် ဩဇာညောင်းလှသည်။ ထို့အပြင် စွန်းဝေက ဝံပုလွေပြာ အထူးလေ့ကျင့်ရေး၌ ပါဝင်ရန် ကျင်းလင်သို့ သွားသည်ဟူသည့် ကောလာဟလလည်း ရှိသည်။
အလယ်အလတ် စစ်သည်တော်အဆင့်နှင့် ပြန်ရောက်လာသောသူ့ကြောင့် ထိုသတင်းက ဖြစ်နိုင်ချေ များသွားလေပြီ။
ဝံပုလွေပြာသည် စစ်သည်တော်ဌာန၏ ထိပ်တန်း အထူးလေ့ကျင့်ရေးအဖွဲ့ ဖြစ်သည်။ ဝံပုလွေပြာဟု အမည်ပေးရခြင်းမှာ ထိုလေ့ကျင့်ရေးစခန်း၌ ပါဝင်သူများအားလုံးက ဝံပုလွေကို လက်ချည်းဗလာဖြင့် တိုက်နိုင် သောကြောင့် ဖြစ်သည်။
စွန်းဝေ၏ အတိုက်အခိုက်စွမ်းရည်က စွန်းချောင်နှင့် ယှဉ်လိုက်လျင် မိုးနှင့်မြေလိုပင်။ ဤသည်ကို တွေးမိရုံနှင့်တင် ကျိုးဟွေ ခြေလက်များ အေးစက်လာ၏။
ရဲ့လင်းချန်သည် ကျောင်းသားတစ်ယောက်သာ ဖြစ်သေးသည်။ ဤမျှ သန်မာသော သိုင်းသမားကို သူ မည်သို့ တိုက်ခိုက်နိုင်ပါမည်နည်း။
ဟဲယွမ်က ကိုယ်ကိုရို့၍ စွန်းဝေအနားသို့ လျှောက်သွားသည်။ သူ့မျက်နှာတွင် မျက်နှာချိုသွေးသော အပြုံး ရှိနေသည်။
“ရဲ့လင်းချန်က ဘယ်သူလဲ”
စွန်းဝေဘက်က စကားစလာ၏။ သူ့အသံက မကျယ်သော်လည်း ဩဇာညောင်းဟန်များ ပါဝင်နေသည်။ အတန်းခြောက်မှ ကျောင်းသားများအားလုံး မသိစိတ်အရ တစ်ကိုယ်လုံး တောင့်တင်းကာ စိုးရိမ်တကြီး လက်သီးဆုပ်လိုက်မိသည်။
ရဲ့လင်းချန်က တည်တည်ငြိမ်ငြိမ်ဖြင့် စွန်းဝေကို မော့ကြည့်၍ တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။
“ကျွန်တော်ပါ”
စွန်းဝေ၏ အကြည့်များက ရဲ့လင်းချန်‌ပေါ် လျင်မြန်စွာ ကျရောက်လာပြီးနောက် သူ့ပုံစံက သားကောင်ကို ချောင်းမြောင်း၍ အချိန်မရွေး ခုန်အုပ်ရန် အသင့်ဖြစ်နေသည့် ကျားတစ်ကောင်နှင့် သဏ္ဌာန်တူလာသည်။
“စွန်းချောင်က မင်းနည်းပြ၊ ဒါပေမဲ့ မင်းက သူ့ကို ရိုက်နှက်ပြီး ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်ခဲ့တယ်”
စွန်းဝေက အေးစက်စွာ ပြောလိုက်ပြီးနောက် ဟဲယွမ်ကို ကြည့်လိုက်သည်။
“ဟဲယွမ် ကျောင်းသား သမဂ္ဂက ဒီကိစ္စကို ဘယ်လို ဖြေရှင်းမှာလဲ”
ဟဲယွမ် ချက်ချင်း ပြန်ဖြေလေသည်။
“ဒီလို စည်းကမ်းမရှိတဲ့ ကျောင်းသားက ရိုင်းရိုင်းပျပျ လုပ်ခဲ့တာပါ၊ ကျွန်တော် တက္ကသိုလ်ရဲ့ အာဏာပိုင်တွေဆီ ဒီကိစ္စကို တိုင်ကြားပြီး သူ့ကို ကျောင်းထုတ်ဖို့ အဆိုပြုပါ့မယ်၊ ပြီးတော့ ဒီလူက သိုင်းပညာရှင်ကို စော်ကားခဲ့တာမို့ သူ့ကိုယ်ရေးရာဇဝင်မှာ ပြစ်မှုမှတ်တမ်းကျန်အောင် လုပ်ပါမယ်”
ရဲ့လင်းချန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
*ကျောင်းသားကို ကျောင်းထုတ်ပြီး ပြစ်မှုမှတ်တမ်းထည့်မယ်*
*တော်တော် ရက်စက်တဲ့နည်းလမ်းပဲ*
မည်သည့် သာမန်လူမဆို ဤသို့အလုပ်ခံရပါက အလုပ်ရှာရာ၌ ဒုက္ခရောက်ရုံသာမက သူ ဘယ်သွားသွား အပြစ်တင်ခံရပြီး လေယာဉ်နှင့် ရထားစီးခြင်းပင် ကန့်သတ်ခံရပေမည်။
သတ်မှတ်နယ်မြေအတွင်းမှ တစ်ချက်ကလေးပင် ကျော်သွား၍ မရနိုင်ပါ။ ဤသည်က ရဲ့လင်းချန်၏ အနာဂတ်ကို ဖျက်ဆီး၍ သူ့ဘဝကို သုံးစားမရအောင် လုပ်ခြင်းဟု ဆိုနိုင်ပေ၏။
“ပြီးတော့ …”
သို့သော် ဤမျှနှင့် မရပ်သေးဘဲ ဟဲယွမ်က ရဲ့လင်းချန်ကို ယုတ်မာသော အပြုံးဖြင့် တစ်ချက် ကြည့်လိုက်သည်။
“ရဲ့လင်းချန်က နည်းပြစွန်းချောင်ကို တောင်းပန်ရပါမယ်၊ ဒူးထောက်ပြီး တောင်းပန်ရမှာပါ၊ အဲ့ဒါအပြင် နည်းပြ စွန်းချောင်ရဲ့ ဆေးကုသစရိတ်ကို ရဲ့လင်းချန် အကုန် ပေးရပါမယ်”
“ဒါ … ဒါက …”
အတန်းခြောက်မှ ကျောင်းသားများသာကမ ကွင်းထဲမှ လူများအားလုံး ကြက်သေ သေသွားကြသည်။ သူတို့ အချင်းချင်း ပြန်ကြည့်မိလေသည်။
*မျှတတဲ့ တစ်ယောက်ချင်း ပြိုင်ပွဲကို စခဲ့တာကနေ ဘယ်လိုလုပ် ဒီလို ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာရတာလဲ*

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now