Chapter 140

710 75 5
                                    

စာစဉ် 10 Chapter 140 ရေဘေးမီးဘေးက ရက်စက်တယ်

ချက်ချင်းဆိုသလိုပင် လူအုပ်ထဲမှ အုတ်အော်သောင်းနင်း ဖြစ်သံများ ထွက်ပေါ်လာ၏။ အော်သံများနှင့် ငိုကြွေးသံများကို ပတ်ဝန်းကျင်အနှံ့ ကြားနေရသည်။

အဆောက်အဦး၌ စုစုပေါင်း နှစ်ဆယ့်လေးထပ် ရှိပြီး တစ်ထပ်ချင်းစီတွင် နေထိုင်သူများ ရှိလေသည်။ မီးက အနည်းငယ်သာ စွဲနေသေးသဖြင့် အားလုံး ပြေးချိန်ရလိုက်သည်က တော်သေးသည်။ သို့သော်ငြားလည်း ကြုံတွေ့ရသည့် လူတိုင်းအတွက် ကြောက်စရာကောင်းလှသည့် မြင်ကွင်းပင်တည်း။

မြစိမ်းကန် အိမ်ရာသည် ဟမ်တန်း စတူဒီယိုနှင့် တစ်ကီလိုမီတာမျှသာ ကွာဝေးသည်။ ရဲ့လင်းချန် ထိုနေရာသို့ လျင်မြန်စွာ ရောက်ရှိသွား၏။

ထိုအချိန်တွင် အပြင်ဘက်၌ လူအုပ်ကြီးနှင့် ပြည့်နှက်နေကာ မီးတောက်များကို လက်ညှိုးထိုး၍ ပြောဆိုနေကြသည်။ အဆောက်အဦးထဲမှ လူများ အသီးအသီး ထွက်ပြေးလာကြပြီး အသက်ရှင်လျက် ထွက်လာနိုင်သဖြင့် ဝမ်းသာနေကြသည်။ အချို့ဆိုလျင် သူတို့ ချစ်ရသူများကို ဖက်တွယ်လျက် ငိုကြွေးနေကာ ကြောက်စိတ်တို့နှင့် ပြည့်နှက်နေလေသည်။

"ကျေးဇူးပြုပြီး အားလုံး ဘေးဖယ်ပေးကြပါ၊ တစ်နေရာတည်းမှာပဲ စုမနေပါနဲ့၊ မီးသတ်ကားကို ဖြတ်ခွင့်ပေးပါ၊ အခု စက္ကန့်တိုင်းက အရေးကြီးပါတယ်"

လူတော်တော်များများက လူအုပ်ကြီးကို ဖျောင်းဖျနေသည်။

'ပြီးတော့ အားလုံး ဒီမှာနေတဲ့လူတွေကို ကြိုးစားပြီး ဆက်သွယ်ပေးကြပါလား၊ အဲ့ဒါမှ မပြေးနိုင်တဲ့သူတွေကို ရှာတွေ့ပြီး သူတို့နေရာကို ခန့်မှန်းလို့ရမှာ၊ သူတို့ ဘေးကင်းလုံခြုံဖို့ သူတို့ကို ကျွန်တော်တို့ ဆက်သွယ်မှ ဖြစ်မယ်"

ဤသို့သော အခြေအနေမျိုး၌ အားလုံးက စည်းလုံးကြသည်။ အနီးအနားမှ လူတော်တော်များများက ရေပုံးများဖြင့် ပြေးလာလေသည်။ သို့သော် မြင့်မားသော မီးညွန့်ကြောင့် သူတို့ များများစားစား မစွမ်းဆောင် နိုင်ချေ။

ရဲ့လင်းချန်သည်လည်း လူအုပ်ထဲ၌ ရှိနေသည်။ မီးလောင်နေသော နေရာသို့ သူလည်း လှမ်းကြည့်နေ၏။ အခန်းထဲမှ ထွက်လာသော မီးညွန့်များသည် နဂါးတစ်ကောင် အသက်ရှူထုတ်လိုက်ပုံနှင့်ပင် တူနေပြီး မြင်နေရသူတိုင်းအား ကြောက်လန့်သွားစေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now