Chapter 29

1K 119 4
                                    

ကျုပ်က ပါရမီရှင်
I am a prodigy
Author Rugao Under The Bridge
ဘာသာပြန် Han Shin

Chapter 29 ဝံပုလွေနှင့် ရင်ဆိုင်ရခြင်း

ရှန်နုန်ကျား သစ်တောခရိုင်သည် ကျင်းပေ စီရင်စု၏ မြောက်ဘက်ပိုင်း၌ တည်ရှိပြီး ကိုးဆယ်ရာခိုင်နှုန်းကျော်က သစ်တောများဖြင့် ဖုံးအုပ်နေသည်။ သစ်ပင်များက တောအုပ်၏ ရှစ်ဆယ်ရာခိုင်နှုန်းကျော် နေရာယူထားပြီး တရုတ်နိုင်ငံတစ်ခုလုံးရဲ့ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်သော သမိုင်းမတိုင်မီ တောအုပ်တစ်ခု ဖြစ်လေသည်။
တစ်ခါက ရှန်နုန်ကျားထဲ၌ ဆံပင်များ ဖုံးအုပ်နေသည့် လူရိုင်းတစ်ယောက်၏ ပုံကို လူတစ်ယောက် ရိုက်ကူးမိခဲ့ဖူးပြီး လူအများ ပြောဆိုဆွေးနွေးစရာ ဖြစ်သွားခဲ့သည်။
မြင်ရခဲသည့် သတ္တဝါများသည် ဤတောအုပ်အတွင်း၌ မရှားပါးချေ။ ၎င်း၏ ကျော်ကြားသော နာမည် ဂုဏ်သတင်းကြောင့် ရှန်နုန်ကျားသည် ခရီးသွားများစွာကို ဆွဲဆောင်နိုင်ပြီး သားငါးကျေးငှက် ခိုးဖမ်းသူများ၏ ကောင်းကင်ဘုံ ဖြစ်လာခဲ့သည်။
သဘာဝတရား ပျက်စီးမှုကို ကာကွယ်ရန်အတွက် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီး ဝင်ရောက်နိုင်သည့် လူဦးရေအပေါ် ဖိအား ကျရောက်သွားလေသည်။
“မြန်မြန်ကြည့် ဟိုမှာ … မျောက်လေး”
တောအုပ်ထဲသို့ ဝင်လာသည်နှင့် ရှောင်ဖေးဖေးသည် အပြင်သို့ ယခုမှ ရောက်ဖူးသည့် ကလေးသဖွယ် အရာအားလုံးကို တအံ့တဩ ကြည့်နေသည်။
သူမ၏ အပြုံးက တစ်ခါမှ ပျောက်ကွယ်သွားခြင်း မရှိသလို စိမ်းလန်းစိုပြည်သော တောအုပ်တွင်း၌ သူမသည် တောအုပ်ထဲမှ နတ်သူငယ်လေးနှင့် တူနေလေသည်။
“သတိထား အဲ့ဒါ မျောက်ဝံ”
ရဲ့လင်းချန်က သူမနောက်မှ လိုက်လာပြီး သူမကို ပြောပြလိုက်သည်။
“ဒီမျောက်မျိုးစိတ်က အရမ်း ဆိုးတယ်၊ ပြီးတော့ သူတို့က လူတွေနဲ့ မရင်းနှီးဘူး၊ သူတို့က ပစ္စည်းတွေ ခိုးရတာကို သဘောကျရုံတင်မကဘဲ မိန်းမလှလေးတွေရဲ့ စကပ်ကို ဆွဲလှန်ရတာကိုပါ သဘောကျတာ”
“နင်က အဲ့မျောက်ကို နှာဘူးမျောက် ဖြစ်အောင် လုပ်နေသလိုပဲ”
ရှောင်ဖေးဖေး ရယ်လေသည်။
“အစ်မ အဲ့လို ပြောလို့ရပါတယ်”
ရဲ့လင်းချန်၏ စကားကို သက်သေပြသည့်အလားပင်၊ တစ်ခဏအကြာ၌ သစ်ပင်ပေါ်၌ ရှိနေသော ထိုမျောက်က ရုတ်တရက် နိုးကြားသလို ဖြစ်လာပြီး သစ်ပင်များကို ခုန်ကူးလာ၏။ ထိုသို့ခုန်ကူးပြီးနောက် ရှောင်ဖေးဖေးပေါ် ဖက်တက်ရန် ကြိုးစားလာသည်။
ရှောင်ဖေးဖေး ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ဆွေ့ဆွေ့ခုန်လေတော့သည်။
“ထွက်သွားစမ်း”
ရဲ့လင်းချန်သည် ကြိုပြင်ဆင်ထားပြီး ရှေ့တိုးကာ ထိုမျောက်အား အဝေးသို့ ကန်ထုတ်လိုက်သည်။ မျောက်ဝံက မကျေမနပ် အော်ဟစ်၍ သစ်ပင်ပေါ်တက်ကာ ပြန်ထွက်သွားသည်။
“ကျွန်တော်တို့ အခု သွားသင့်ပြီ၊ မျောက်တွေက အဖွဲ့လိုက် နေတာ၊ ပြီးတော့ သူတို့က အငြှိုးကြီးတယ်၊ အဲ့ကောင် ပြန်လာလို့ တစ်အုပ်လုံး ခေါ်လာရင် ကျွန်တော်တို့ ဒုက္ခရောက်လိမ့်မယ်”
ရဲ့လင်းချန် ပြောလိုက်သည်။ ရိုက်ကူးရေးအဖွဲ့သည် အချိန်ဖြုန်းမနေရဲဘဲ အလျင်အမြန် ထွက်ခွာကြသည်။ သူတို့ ခရီးထွက်လာသည်နှင့် မြင်ရခဲသော ဒေသရင်း အပင်များနှင့် တိရစ္ဆာန်များကို အများအပြား တွေ့လာရသည်။ ရဲ့လင်းချန်က တစ်ခုချင်းစီကို နာမည်တပ် ပြောနိုင်ပြီး သူတို့၏ ရင်းမြစ်ဗီဇနှင့် တစ်စတစ်စ ပြောင်းလဲ တိုးတက်မှုကိုပါ ပြောနိုင်၏။ ဤသည်က လူတိုင်းကို ထိတ်လန့်သွားစေသည်။
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်လေသည်။
“ဝိုး … နင် ဒါတွေအားလုံးကို ဘယ်လိုလုပ် သိနေတာလဲ”
“ညီလေးရဲ့က ပေကျင်း တက္ကသိုလ်က လက်ခံလိုက်တဲ့ ကျောင်းသားဆိုတော့ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ မင်း တော်တော်လေး သိတာပါလား”
ဒါရိုက်တာလီက အားကျစိတ်ဖြင့် ပြောလိုက်သည်။ ရဲ့လင်းချန် ပြုံး၍သာ နေနေလိုက်သည်။ ပါရမီရှင် စနစ်နှင့်ဆိုလျင် သူ ဘယ်စာအုပ်ကိုမဆို ကောက်ကိုင်လိုက်သည်နှင့် အရာအားလုံးကို သင်ယူနိုင်၏။ သူသည် ဉာဏ်ကြီးရှင်များထက်ပင် ပို၍ ပါရမီကောင်းပြီး ဤအချက်အလက်အားလုံးက သူ့အတွက် ဘာမှမဟုတ်ပေ။
ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။
“ဒါရိုက်တာလီ ကျွန်တော်တို့ သွားတာ နည်းနည်း များသွားပြီထင်တယ်၊ တကယ်လို့ ကျွန်တော်တို့ ဆက်သွားနေရင် အလွယ်တကူ လမ်းပျောက်သွားလိမ့်မယ်၊ ပြီးတော့ ဒီလိုတောထဲမှာ တောရိုင်းတိရစ္ဆာန်တွေလည်း ရှိနေနိုင်တယ်”
သူ လိမ်ပြောနေခြင်း မဟုတ်ပါ။ သူတို့အဖွဲ့၌ မိန်းကလေး တော်တော်များများ ပါပြီး စွန့်စားရမည်များက များလှသည်။
“ညီလေးရဲ့ မစိုးရိမ်နဲ့၊ ဒီကနေ မဝေးတဲ့နေရာမှာ တောတွင်း ဟင်းလင်းပြင်နေရာတစ်ခုကို ငါ့လူတွေ တွေ့ထားတယ်၊ သူတို့ အဲ့နေရာကို လေ့လာနေလောက်ပြီ၊ အန္တရာယ် ကင်းမှာပါ”
ဒါရိုက်တာလီက အပြုံးနှင့် ပြောလိုက်သည်။ ရဲ့လင်းချန် ခေါင်းညိတ်လိုက်လေသည်။ ဒါရိုက်တာလီက ပြင်ဆင်စရာ များကို အရင်လက်ဦးအောင် လုပ်ထားပြီးပုံ ရသည်။
သူတို့ နောက်ထပ် တစ်ကီလိုမီတာမျှ ခြေကျင် ခရီးကြမ်း နှင်ပြီးမှ ရပ်နားကြသည်။ အခြားဧရိယာများထက် ယှဉ်လျင် ဤဧရိယာမှ သစ်ပင်များက ကျဲပါးပြီး မြေအနေအထားကလည်း ပြန့်ပြူးသည်။ စခန်းချဖို့အတွက် ကောင်းမွန်သော နေရာတစ်ခုပင်။
“ငါတို့ ဒီမှာ နောက်သုံးရက်အထိ နေကြမှာ”
ရှောင်ဖေးဖေးက ပြောရင်း ပတ်ဝန်းကျင်ကို လေ့လာလေသည်။
“ဟုတ်တယ်၊ ငါတို့ ညဘက် ဇာတ်ဝင်ခန်းတွေလည်း ရိုက်ဖို့ လိုတယ်၊ အနီးအနားမှာ ဘာဟိုတယ်မှ မရှိဘူး၊ အဲ့တော့ ငါတို့ မတတ်သာတော့ လူတိုင်းကို ဒုက္ခများအောင် လုပ်ရတော့မှာပဲ”
ဒါရိုက်တာလီက ပြောလာသည်။ ထို့နောက် သူ ဆက်ပြောလာ၏။
“မှောင်လာပြီပဲ၊ ပြီးတော့ အားလုံး ခြေကျင် ခရီးထွက်လာရတာဆိုတော့ ပင်ပန်းနေလောက်ပြီ၊ ငါတို့ ဒီနေ့ ဘယ်အခန်းမှ မရိုက်တော့ဘူး၊ အားလုံး အားလပ်ချိန်မှာ ပျော်ပျော်ပါးပါး နေကြပါ၊ ဒါပေမဲ့ အရမ်း ဝေးဝေးလံလံ မသွားပါနဲ့”
ရဲ့လင်းချန် ဘေးဘီကို ဝေ့ကြည့်ပြီးနောက် တောအုပ်ထဲမှ အလျင်းသင့်ရာ နေရာသို့ လျှောက်သွားလိုက်သည်။ စခန်းချထားသည့် နေရာမှ အကွာအဝေးကို တိုင်းတာပြီးနောက် စခန်းနှင့် တစ်ဒဿမငါး ကီလိုမီတာ အကွာ၌ ကြိုးထားလိုက်ပြီး ကြိုးနှင့်အတူ ခေါင်းလောင်းတစ်လုံးကိုပါ ချိတ်ဆွဲလိုက်သည်။
စခန်းကို ဗဟိုပြု၍ လမ်းတစ်ဝက်မျှစာ ရှိသော တစ်ဒဿမငါး ကီလိုမီတာဝန်းကျင်တွေ ကြိုးများ စချည်နှောင် လေသည်။ သူ ခေါင်းလောင်းကို ခပ်များများ သယ်မလာသဖြင့် ခေါင်းလောင်း တစ်ခုနှင့်တစ်ခု အကွာအဝေးက သုံးမီတာမျှသာ ရှိသည်။
ခေါင်းလောင်းကြားမှ အကွာအဝေးက ကြီးမားသော်လည်း ဘာမှမရှိသည်ထက်စာလျင် တော်ပါသေးသည်။ ခေါင်းလောင်း ထောင်ချောက်များ ပြင်ဆင်ထားပြီးနောက် တဖြည်းဖြည်း မှောင်လာသည်။ တောအုပ်ထဲတွင် ညတာက တိတ်ဆိတ်၍ မှောင်မည်းလှသည်။
“ရဲ့လင်းချန် နင် ဘာလုပ်နေတာလဲ”
ရှောင်ဖေးဖေးက သူ့ကို လိုက်ကြည့်နေပြီးနောက် သိချင်စိတ်ဖြင့် အနားသို့ လျှောက်လာ၏။
“တကယ်လို့ တောရိုင်းတိရစ္ဆာန်တွေများ ရှိနေရင် ဒီခေါင်းလောင်းတွေက ကြိုတင်ပြီး သတိပေးနိုင်မှာလေ၊ အဲ့ဒါမှာ ပြင်ဆင်စရာတွေ ကောင်းကောင်း ပြင်ထားလို့ ရမှာ”
ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။
တစ်ဒဿမငါး ကီလိုမီတာသည် သင့်တော်သော အကွာအဝေး ဖြစ်သည်။ အကယ်၍ လေတိုက်သဖြင့် ခေါင်းလောင်း မြည်လျင်တောင်မှ အခြားသူများ ကြားနိုင်မည် မဟုတ်ပါ။ အားနှင့် ကြိုးကို ဖြတ်လာလျင် ခေါင်းလောင်းသံက လူတိုင်း၏ နားသို့ ရိုက်ခတ်လာပေလိမ့်မည်။
“ဒီ အရမ်း အတွေးလွန်နေတာ နေမှာပါ”
ရှောင်ဖေးဖေးက ပြောပြီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလေသည်။ ရဲ့လင်းချန်က အရှိအတိုင်း ပြန်ဖြေ လိုက်သည်။
“ကျွန်တော် အပြင်မှာ စခန်းချ ခရီးထွက်တာနဲ့ ပတ်သက်ပြီး အချက်အလက်တစ်ချို့ ဖတ်ခဲ့တယ်၊ နည်းနည်းပဲ သိတယ် ဆိုရင်တောင်မှ သတိထားလို့ မနစ်နာဘူးလေ”
“တစ်ယောက်ယောက် သိတာများလေ သတိထားလေပဲလို့ ငါ ကြားဖူးတယ်၊ ကြည့်ရတာ မင်းလည်း အဲ့လို ဖြစ်နေတယ်ထင်တယ် ညီလေးရဲ့”
ထိုစကားသံက အဖွဲ့ထဲမှ ကင်မရာသမားတစ်ယောက်ထံမှ ထွက်လာခြင်း ဖြစ်သည်။ ထိုသူ၏ နာမည်မှာ ကျောက်ဟန် ဖြစ်ပြီး အလွန် သဘောကောင်းသော နောက်လိုက် တစ်ယောက် ဖြစ်လေသည်။
ရဲ့လင်းချန် ပြုံးလိုက်ပြီးနောက် ရှောင်ဖေးဖေး၏ ခန္ဓာကိုယ်က တွန့်လိမ်သွားသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ် သွားသည်။
“အစ်မဖေးဖေး စောင့်ပါဦး”
သူသည် လက်တစ်ဆုပ်စာ မြက်ပင်များကို လျင်မြန်စွာ နုတ်၍ ရှောင်ဖေးဖေးကို ပေးလိုက်သည်။
“ဒီမြက်ပင်ကို ခြင်နိုင်ဆေးပင်လို့ ခေါ်တယ်၊ အိပ်တဲ့အချိန် ဘေးပတ်လည်မှာ ထားထားရင် ပိုးကောင်တွေနဲ့ ခြင်တွေက အစ်မကို လာကိုက်မှာ မဟုတ်ဘူး”
“ကျေးဇူးပဲ”
ရှောင်ဖေးဖေးက အံ့ဩဝမ်းသာစွာ ပြောလိုက်သည်။ နောက်တစ်နေ့၌ ရိုက်ကူးရေးကို အဆင်ပြေ ချောမွေ့စွာ ရိုက်ကူး လေသည်။
တောအုပ်ထဲတွင် ရဲ့လင်းချန်သည် ပုံမှန်အတိုင်း စတန့်အစားထိုးခြင်းလည်း မလုပ်သလို ထိန်းကြိုးများလည်း ဝတ်မထားပေ။ သူသည် ပုံမှန်အတိုင်း ဝတ်ရုံနှင့် မျက်နှာဖုံးကိုသာ ဝတ်ဆင်ထားပြီး သစ်ပင် တစ်ပင်မှ တစ်ပင်သို့ ခုန်လွှားနေသည်။ လှုပ်ရှားမှုတိုင်းက တိကျလှသည်။ မျှော်လင့်ထားသည်ထက်ပင် ပို၍ ကောင်းမွန်နေ၏။
တတိယနေ့၌ ရဲ့လင်းချန်နှင့်‌ ရှောင်ဖေးဖေးတို့ အတူတူ ရိုက်ကူးရသည်။ ထိုအပိုင်းက ဇာတ်သိမ်းပိုင်းနှင့် အလွန် နီးကပ်နေသော အပိုင်း ဖြစ်သည်။
ရှောင်ဖေးဖေးရဲ့ အဖြူရောင်ဝတ်စုံက လေထဲ၌ တလွင့်လွင့် ဖြစ်နေပြီး ပန်းချီကားထဲမှ ပုံရိပ်လိုပင်။ ရဲ့လင်းချန်က သူမနှင့် မျက်နှာချင်းဆိုင်၌ ရပ်နေပြီး မျက်နှာဖုံးအောက်မှနေ၍ ပဟေဠိဆန်သော အရှိန်အဝါမျိုး ထုတ်ဖော် နေသည်။
ထိုအခိုက်တွင် ရှောင်ဖေးဖေးသည် မျက်နှာဖုံးနောက်မှ လူကို သိသွားသည့်အခန်း ဖြစ်သည်။
“ရှင် ဖြစ်နေလိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး၊ ဘာလို့ ရှင် ဖြစ်နေရတာလဲ”
“ဒီလောကထဲမှာ အကြောင်းပြချက်မရှိဘဲ ဖြစ်ပျက်တဲ့ ကိစ္စတွေ အများကြီး ရှိတယ်”
ရဲ့လင်းချန်က ဝမ်းနည်း၍ ကူကယ်ရာမဲ့ဟန်အပြည့်နှင့် ပြောလိုက်သည်။
ရှင် … ပြန်ပါတော့”
ရှောင်ဖေးဖေးက နှုတ်ခမ်းကိုက်၍ ရဲ့လင်းချန်အား ခါးသီးစွာ ကြည့်နေသည်။
“ငါ ဘာအမှားမှ မလုပ်ခဲ့ဘူး၊ ငါက ဘယ်ကို ပြန်သွားသင့်တာလဲ”
ရဲ့လင်းချန် အလွယ်တကူ ပြောလိုက်ပြီးနောက် ညင်သာစွာ ဆက်ပြောလေသည်။
“မင်း သွားသင့်တယ်၊ ငါ မင်းကို မသတ်ဘူး”
“ဒါပေမဲ့ ကျွန်မ … ရှင့်ကို သတ်မှဖြစ်မယ်”
ရှောင်ဖေးဖေး ဓားကို ဆွဲထုတ်လိုက်သည်။
“ကဒ်”
“ဒီအခန်းက နစ်မြောစရာပဲ”
ဒါရိုက်တာလီက သူ့ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသကဲ့သို့ သက်ပြင်းချလိုက်မိသည်။ ဤအခန်းက ကြည့်ရတာ လွယ်ကူသော်လည်း ဇာတ်ကောင်နှစ်ခုကြား၌ အမုန်းနှင့် ချစ်ခြင်းတရားတို့ ရောပြွမ်းနေသော ဆက်ဆံ ရေးကို ဖော်ပြနေသည်။ မူလက ရိုက်ကူးရ ခက်လိမ့်မည်ဟု ထင်ထားသော်လည်း ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေး တို့က တစ်ကြိမ်တည်းနှင့် ပီပြင်စွာ သရုပ်ဆောင်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
နှစ်ယောက်သားသည် အမှန်တကယ် လိုက်ဖက်မှု ရှိလှသည်။
“နောက်အခန်းက အက်ရှင်ခန်းပဲ၊ ရဲ့လင်းချန် ဒါ မင်းအပေါ် မူတည်သွားပြီ၊ မင်းရဲ့ တိုက်ခိုက်ခန်းက အဓိကပဲ၊ ငါတို့ ရိုက်ကူးပြီးရင် အထုပ်ပြင်ပြီး ပြန်လို့ရပြီ”
လီထိုက်က ပြုံး၍ ရဲ့လင်းချန်၏ ပခုံးကို ပုတ်လိုက်သည်။
“ချလွင် ချလွင် ချလွင်”
ရုတ်တရက် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ အခြားသူများ သတိမထားမိသော်လည်း ရဲ့လင်းချန်၏ မျက်နှာက ချက်ချင်း မာကြောသွားသည်။
“ဘယ်သူ ခုနက ခေါင်းလောင်းသံ ကြားလိုက်သေးလဲ”
ရဲ့လင်းချန် အလေးအနက် မေးလိုက်သည်။
“ခေါင်းလောင်းသံလား”
ဒါရိုက်တာလီ တစ်ခဏမျှ ငြိမ်သွားသည်။ သူ လုံးဝ အာရုံမစိုက်မိချေ။
“ဟင့်အင်း … ငါတော့ ကြားလိုက်တယ် မထင်ဘူး …”
“လေတိုက်တာများလား”
တစ်စုံတစ်ယောက်က ဝင်ပြောလာသည်။
“ခုနက လေက အဲ့လောက် မပြင်းဘူး၊ အဲ့လောက် အသံကျယ်ကျယ် မထွက်နိုင်ဘူး”
ရဲ့လင်းချန်၏ မျက်နှာက လေးနက်နေပြီး ရှောင်ဖေးဖေးအား သူ့အနောက်၌ ရပ်နေစေသည်။ တစ်ခဏ အတွင်း မှာပင် ကြီးမားသော ပုံသဏ္ဌာန်တစ်ခုက သူတို့အဖွဲ့ရှေ့သို့ ပေါ်လာသည်။
“အား … ဒါ … ဒါ ဝံပုလွေပဲ”
ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အကြောက်လွန်နေသော လူများသည် ခြေထောက်များ ပျော့ခွေကာ မြေကြီးပေါ် လဲကျသွားလေသည်။
“လင်း … လင်းချန် အခု ဘာလုပ်ကြမလဲ”
ရှောင်ဖေးဖေး၏ မျက်နှာက ဖြူရော်နေပြီး ဤသို့သော အဖြစ်မျိုးနှင့် ကြုံရလိမ့်မည်ဟု တစ်ခါမှ မတွေးမိပါ။ ဝံပုလွေသည် တစ်မီတာနီးနီး ရှည်လျားကာ ခြေလက်များက တုတ်ခိုင်၏။ ၎င်း၏ မျက်လုံးများက အစိမ်းရောင် တောက်နေပြီး သွားများက ချွန်ထွက်ကာ သွားရည်များ စီးကျနေသည်။
၎င်းသည် ရိုက်ကူးရေး အဖွဲ့ထံသို့ ဖြည်းဖြည်းချင်း လှမ်းလာနေ၏။ ၎င်း၏ ခြေလက်များက မြေကြီးနှင့် ထိချိန်တွင် ဘာအသံမှ မထွက်ဘဲ မိစ္ဆာတစ်ကောင်ဟု ထင်မှတ်မှားရသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now