Chapter 51

1K 115 2
                                    

Chapter 51 ကြီးမားသော ရိုက်ချက်

“မင်းရဲ့ မောက်မာမှုနဲ့ မဆင်မခြင် ပြုမူမှုကို လူတိုင်း ခံရမယ်၊ မင်းက တန်ရာတန်ကြေးကို ပေးဆပ်ရမယ့်အပြင် မင်းအတန်းဖော်တွေကိုပါ ဆွဲချသွားမှာ”
စွန်းဝေက ဖိနှိပ်သော အရှိန်အဝါနှင့် အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါ သူတို့ကို ကောင်းကောင်းပြီး လေ့ကျင့်ပေးပြီးတော့ မမေ့နိုင်တဲ့ အတွေ့အကြုံတွေ ပေးမယ်”
“ခင်ဗျားက စောက်ရေးမပါတာတွေ ပြောရတာကို သဘောကျတာပဲ”
ရဲ့လင်းချန်က စွန်းဝေကို စူးစိုက်ကြည့်၍ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“မင်းက သေဖို့ စိတ်မရှည်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
စွန်းဝေ သရော်လိုက်သည်။
*အခုချိန်ထိ မင်းက အသာစီးရနိုင်မယ်လို့ ထင်နေတာလား*
သူ စိတ်ထဲမှ ကျိတ်၍ ပြောလိုက်သည်။ စကားအဆုံး၌ သူသည် လေထဲသို့ ခုန်လွှားလိုက်ပြီး တစ်ပတ်လှည့်ကာ ရဲ့လင်းချန်၏ မေးရိုးကို ပစ်မှတ်ထား၍ ကန်လာသည်။
လေကိုခွင်းလာသည့် ထိုကန်ချက်ကြောင့် လေတိုးသံကိုပင် ကြားနေရသည်။ လူအုပ်ကြီးသည် အရိပ်တစ်ခုကိုသာ ဖြတ်ခနဲ မြင်လိုက်ရပြီး နားအူမတတ် အသံများ ထွက်လာသည်ကိုသာ ကြားလိုက်ရသည်။ လျင်မြန်လွန်းပြီး သန်မာလွန်းသည်။
သာမန်လူသာဆိုလျင် သွားများအကုန် ကျိုးသွားလောက်ပြီး ဦးနှောက် ထိခိုက်သွားလျင်ပင် ကံကောင်းလှသော ရလဒ်ဟု တွေးရလောက်သည်။
ရဲ့လင်းချန်ကလည်း ချက်ချင်း လှုပ်ရှားလာသည်။ သူ၏ လှုပ်ရှားမှုက စွန်းဝေနှင့် အတူတူပင် ခြေထောက်တစ်ဖက်ကို မြှောက်၍ ပြန်ကန်လိုက်သည်။
“ဘုန်း”
ခြေထောက်နှစ်ဖက်လုံး ကန်မိသွားပြီးနောက် ကြောက်စရာကောင်းသော အရိုးကျိုးသံ ထွက်ပေါ်လာသဖြင့် လူအများ ကြက်သီးတဖြန်းဖြန်း ထလာကြသည်။
စွန်းဝေ အော်ဟစ်လာပြီး ခြေထောက်ကို ကွေး၍ ကြမ်းပြင်ပေါ် ဒူးထောက်လျက်သား ပြုတ်ကျလာသည်။ သူ ရင်တုန်နေသည်။ သူ၏ ဘယ်ခြေထောက် အရိုးများ ကျိုးသွားပြီး ခြေထောက်တစ်ဖက်လုံး သုံးစားမရနိုင်တော့ချေ။
ကွင်းပြင်တစ်ခုလုံး တိတ်ကျသွားသည်။
“ဒါ … ဒါက …”
လူတိုင်း အထစ်ထစ် အငေါ့ငေါ့ ပြောသော်လည်း ဘာပြောရမှန်း မသိပေ။ စွန်းချောင် မျက်လုံးပြူးကာ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
*ငါ့အစ်ကို ဒူးထောက်သွားတာလား*
*မဖြစ်နိုင်ဘူး၊ လက်မခံနိုင်ဘူးကွ*
လွန်ခဲ့‌သော စက္ကန့်ပိုင်းကမှ သူသည် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်၌ ရှိနေသကဲ့သို့ ယုံကြည်ချက်များ ပြည့်နှက်နေခဲ့သည်။ ယခုအခါတွင်မူ သူသည် မတ်တပ်ပင် မရပ်နိုင်ဘဲ ဒူးထောက်နေရသည်။
လုံးလုံးလျားလျား ကွာခြားနေသော အဖြစ်ကြောင့် လူတိုင်း ထိတ်လန့်၍ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ အတွေးထဲ ဗလာ ဖြစ်နေကြသည်။
“မဟုတ်ဘူး မဟုတ်ဘူး လုံးဝ မဖြစ်နိုင်ဘူး”
စွန်းချောင် ကျယ်လောင်စွာ ထအော်လေသည်။ သူ့စိတ်ထဲတွင် သူ့အစ်ကိုသည် နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ ဘာတွေပဲ ဖြစ်လာပါစေ သူ့အစ်ကိုက အလွယ်တကူ ဖြေရှင်းနိုင်ပေလိမ့်မည်။ တိုက်ခိုက်ရာတွင်လည်း ရှုံးနိမ့်မည် မဟုတ်ပါ။
စွန်းချောင်၏ မျက်လုံးများ နီရဲနေရာ တစ်ကိုယ်လုံး အရူးနှင့်တူလာသည်။ လက်ရှိတွင် သူ၏ အတွေးအမြင်များ ပျက်စီး၍ ယုံကြည်ချက်များ ကျိုးပဲ့နေလေသည်။
ဤအဖြစ်က သူ့အား နှလုံးခုန်ရပ်ကာ နှလုံးပေါက်ကွဲလုနီးပါး ဖြစ်သွားစေသည်။
*ဘယ်လိုလုပ် နတ်ဘုရားလို ငါ့အစ်ကိုက ရှုံးရတာလဲ၊ အားလုံးထဲကမှ တက္ကသိုလ်ကျောင်းသား တစ်ယောက် ဆီကနေ တစ်ချက်တည်းနဲ့ ရှုံးရမှာလဲ*
ဟဲယွမ်သည် စင်ပေါ်မှ လူမသိသူမသိ ဆင်းသွားပြီးလေပြီ။ သူ့မျက်နှာ ပြာနှမ်းနေပြီး ရဲ့လင်းချန်အား ကြောက်စိတ်အပြည့်ဖြင့် ကြည့်နေသည်။
*ဒီကျောင်းသားက ဘာကြီးလဲ၊ လူရေခြုံထားတဲ့ မကောင်းဆိုးဝါးပဲ*
စွန်းဝေသည် ရဲ့လင်းချန်အား အကြည့်မလွှဲစတမ်း ကြည့်နေပြီး မျက်လုံးများက နီရဲနေကာ လူသတ်ချင်စိတ်က ဖုံးမရနိုင်အောင် ပေါ်လွင်နေလေသည်။
သူ ခက်ထန်သော လေသံဖြင့် ပြန်ပြောလာ၏။
“ခွေးမသား မင်း ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်တာပဲ၊ မင်း အသေဆိုးနဲ့ သေရမယ်ကွ”
“မကောင်းဆိုးဝါးလိုလူတွေက သူတို့ရဲ့ မကောင်းမှုအတွက် သေရမယ်ကွ”
ရဲ့လင်းချန်က ခံစားချက်ကင်းမဲ့မြဲ ကင်းမဲ့နေသည်။
“ဒီကန်ချက်က နည်းပြကျိုးအတွက်”
“ဘုန်း”
သူသည် ခြေထောက်ကိုမြှောက်၍ စွန်းဝေအား ဘေးဘက်မှ ပိတ်ကန်လိုက်သည်။ ရဲ့လင်းချန်ရှေ့၌ ဒူးတစ်ဖက် ထောက်လျက်သား ဖြစ်နေသော စွန်းဝေ၏ လက်မောင်းထံသို့ ထိုကန်ချက် ကျရောက်လာသည်။
ထိုအခါ စွန်းဝေသည် ကျိုးဟွေကို ကန်ထုတ်လိုက်စဉ်ကအတိုင်း လွင့်ထွက်သွားသည်။ သို့သော် လေထဲ မြောက်သွားစဉ်တွင် ကျိုးဝေ၏ မျက်နှာက အေးစက်နေပြီး ဓားသွားသဖွယ် စူးရှသော အကြည့်များဖြင့် ရဲ့လင်းချန်အား ကြည့်နေသည်။
ရုတ်တရက် လက်တစ်ဖက်က သူ့ကျောနောက်သို့ ရောက်သွားကာ သေနတ်တစ်လက်ကို ထုတ်လိုက်သည်။ သေနတ်၏ မည်းနက်နေသော ပြောင်းဝက ရဲ့လင်းချန်အား ကြက်သီးထသွားစေသည်။ သူ တုံ့ဆိုင်းခြင်းမရှိဘဲ ဘေးသို့ ကိုယ်ကိုကိုင်းကာ တိမ်းရှောင်လိုက်သည်။
“ဒိုင်း”
ကြည်လင်ပြတ်သား၍ ကျယ်လောင်သော အသံက လူတိုင်းကို နားအူသွားစေ၏။ စင်မြင့်ပေါ်၌ အပေါက် တစ်ပေါက် ဖြစ်ပေါ်လာသည်။
မကြာခင်မှာပင် ကွင်းပြင်၌ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ စွန်းဝေက ပစ်ချက် လွဲသွားသဖြင့် သူ့ပစ်မှတ်ကို ဆက်တိုက် လိုက်ရှာလေသည်။
ထိုအချိန်တွင် အရိပ်တစ်ခုက စင်မြင့်၏ တိုင်ကိုအားယူကန်တက်၍ သူ့အား တိုက်ခိုက်လာသည်။ သေနတ်နှင့် ရင်ဆိုင်ရလျင် သူ မပြေးသင့်ကြောင့် ရဲ့လင်းချန် နားလည်ပါသည်။ ပြေးမည့်အစား နီးကပ်သော အကွာအဝေးကို ယူထားရမည်။ သို့မှသာ သူ့၌ အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိမည် ဖြစ်သည်။
လူတစ်ယောက် မည်မျှ မြန်မြန် ပြေးနိုင်ပါစေ ကျည်ဆံကိုကျော်နိုင်ပါမည်လော။ သူသည် လေထဲသို့ ခုန်တက်သွားပြီးသည်နျင့် စွန်းဝေ၏ သေနတ်ကိုင်ထားသော လက်ကို ဖမ်းချုပ်လိုက်ပြီး ခြေထောက်တစ်ဖက်ဖြင့် စွန်းဝေ၏ ဗိုက်ကို ကန်လိုက်သည်။
“ဘုန်း”
နှစ်ယောက်လုံး ပြိုင်တူ ပြုတ်ကျလာသည်။ ရဲ့လင်းချန်က စွန်းဝေကို တစ်ချက်ကြည့်၍ သူ့ခေါင်းကို သေနတ်ဖြင့် ချိန်လိုက်သည်။
ကွင်းပြင်ထဲတွင် ဟာခနဲ ဖြစ်သွားသံနှင့် အော်သံများအပြင် ရင်တုန်ပန်းတုန် ဖြစ်နေသော အသံများ ရောနှော၍ ထွက်ပေါ်လာသည်။ အခြေအနေက အလွန် တင်းမာလာ၏။
“ခလုတ်ကို ဆွဲလိုက်လေ”
စွန်းဝေသည် ပါးစပ်မှ သွေးထွက်နေသော်လည်း အရေးမစိုက်ဘဲ ရယ်နေသည်။ ရဲ့လင်းချန် ငြိမ်နေသည်ကိုမြင်သော် သူ့ရယ်သံက ပိုကျယ်လာသည်။
“ဟားဟားဟား မင်း ခလုတ်ကိုဆွဲရဲလား”
“ခွေးမသား မင်းတော့ သေပြီပဲ၊ မင်း သိုင်းပညာရှင်ကို တိုက်ခိုက်ရုံတင်မကဘူး သေနတ်ကိုပါ လုခဲ့တယ်၊ မင်းတော့ ပွဲသိမ်းပြီ”
စွန်းဝေက ရဲ့လင်းချန်ကို ခနဲ့လိုက်သည်။
“စစ်သည်တော်ဌာနက မင်းကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး၊ မင်းရဲ့ပြစ်ဒဏ်ကို စောင့်နေလိုက်တော့”
“ဝူး”
ထိုစဉ် ကားအင်ဂျင်သံ ထွက်ပေါ်လာပြီး ကြီးမားသော ဂျစ်ကားတစ်စီး ရောက်လာသည်။ ကားပေါ်မှ လူသုံးယောက် ဆင်းလာသည်။ နှစ်ယောက်မှ သာမန် သိုင်းပညာရှင်များသာ ဖြစ်သည်။
အလယ်၌ ရပ်နေသောသူမှာမူ ရင်ဘတ်၌ တောက်ပသော တံဆိပ် ရှိနေသည်။ ယင်းမှာ ကြယ်စိမ်းသုံးပွင့် ဖြစ်သောကြောင့် ထိုသူမှာ အထက်တန်းအဆင့် စစ်သည်တော် ဖြစ်လေသည်။
“ဟားဟားဟား အထက်တန်းအဆင့် စစ်သည်တော် ရောက်လာပြီ၊ မျိုးမစစ်ကောင် မင်း သေပြီပဲ”
စွန်းဝေသည် ရဲ့လင်းချန်အား စောင့်မျှော်နေသည့် ဆိုးရွားသော ကံကြမ္မာအား တွေးကြည့်နိုင်ပေသည်။
“စစ်သည်တော်ဌာနက မင်းကို ဖမ်းလိုက်ပြီးရင် ငါ မင်းကို‌ ကောင်းကောင်းကြီး ဂရုစိုက်မှာပါ”
စွန်းချောင်တောင်မှ ထော့နဲ့ထော့နဲ့ လျှောက်လာပြီး ရဲ့လင်းချန်၏ ပြစ်မှုများကို သွားပြောလေတော့သည်။
“ရှောင်ရဲ့ စိတ်အေးအေးထား၊ ငါတို့အသက်ကို စွန့်စားရမယ်ဆိုရင်တောင်မှ ငါတို့ မင်းရဲ့ မျက်မြင်သက်သေ လုပ်ပေးမယ်၊ ငါတို့ စစ်သည်တော်ဌာနကို ယုံတယ်၊ သူတို့နှစ်ယောက်ကသာ သိုးမည်းပဲ ဖြစ်လိမ့်မယ်”
“ဟုတ်တယ် ရှောင်ရဲ့ ငါလည်း မင်းရဲ့ မျက်မြင်သက်သေ လုပ်ပေးမယ်”
“ရှောင်ရဲ့ မင်း ချောက်ချခံရရင် ငါ တစ်ခန်းလုံး၊ တစ်ကျောင်းလုံးကိုတောင် ခေါ်ပြီး မင်းအတွက် တောင်းဆိုမယ်ကွ”
“စစ်သည်တော်ဌာနက သိုင်းပညာရှင်တွေကို လေ့ကျင့်ပေးတဲ့ အဖွဲ့အစည်းလေ၊ သူတို့အားလုံးက ဒီနှစ်ယောက်လိုပဲလို့ ငါ မထင်ဘူး”

ကျောင်းသားများက ရဲ့လင်းချန်နား စုဝေးကာ အခိုင်အမာ ပြောလာကြသည်။ အထက်တန်းအဆင့် စစ်သည်တော်သည် စွန်းချောင်၏ စကားကို နားထောင်ပြီးနောက် ဘာခံစားချက်မှ မပြဘဲ ခပ်သွက်သွက် လျှောက်လာ၏။ ရဲ့လင်းချန်ကိုမြင်သောအခါ သူ၏ အေးစက်နေသော မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာသည်။
“ညီလေးရဲ့၊ မင်းမှန်း ငါ သိနေခဲ့သင့်တာ”
လင်းအောင်က ရှေ့သို့လျှောက်လာပြီး ရဲ့လင်းချန်၏ ပခုံးကိုပုတ်ကာ ပြုံးနေသည်။
*ညီ … ညီလေးရဲ့တဲ့လား*
စွန်းချောင်နှင့် စွန်းဝေတို့နှစ်ယောက်လုံး ဗျာများလာပြီး မျက်နှာတွင် သွေးမရှိတော့ချေ။ သူတို့ အချင်းချင်း ပြန်ကြည့်မိသောအခါ တစ်ယောက်မျက်လုံး၌ ခါးသီးမှုများ ရှိနေသည်ကို တစ်ယောက်က ပြန်မြင်နေရသည်။
*ဒီခွေးမသားက စစ်သည်တော်ဌာနက လူတစ်ယောက်နဲ့ သိနေတာလား၊ အဲ့လူကလည်း အထက်တန်းအဆင့် စစ်သည်တော် ဖြစ်နေတာလား*
ရဲ့လင်းချန်ကလည်း ပြုံး၍ လက်ထဲမှ သေနတ်ကို လင်းအောင်ကို အပ်လိုက်သည်။
“အစ်ကိုလင်း”
လင်းအောင်က သေနတ်ကိုယူပြီးနောက် စွန်းချောင်နှင့် စွန်းဝေကို သုန်သုန်မှုန်မှုန်နှင့် ကြည့်လေသည်။
“ညီလေးရဲ့ ဘာဖြစ်တာလဲ”
“ဆရာ သိုင်းသမား ကျွန်တော် မျက်မြင်သက်သေ ထွက်ဆိုပေးနိုင်ပါတယ်၊ ရဲ့လင်းချန်ကို မှားယွင်းပြီး စွဲချက် မတင်ပါနဲ့”
“ဆရာ သိုင်းသမား ကျွန်မ အတန်းခြောက်က မိန်းကလေးအားလုံးကိုယ်စား ကျွန်မတို့နည်းပြကို တိုင်ချင်ပါတယ်”

သွေးဆူလွယ်သော လူငယ်လူရွယ်များ အပြည့်အဝ တက်ကြွလှုပ်ရှားလာကြသည်။ အဖြစ်အပျက်တစ်ခုလုံးကို ပြန်ပြောနေချိန်တွင် သူတို့မျက်နှာများ နီရဲနေ၏။
စွန်းဝေနှင့် စွန်းချောင်၏ အပြုအမူက သူတို့၏ ရင်ထဲ၌ စိတ်ဒဏ်ရာ ဖြစ်သွားစေခဲ့ပြီး လက်ရှိ၌ ယင်းစိတ်ဒဏ်ရာကို ဖွင့်ထုတ်နေကြသည်။
အစမှအဆုံးတိုင် လင်းအောင်က မတ်မတ်ရပ်နေ၏။ ခြစ်ခြစ်တောက် ပူနေသော နေရောင်အောက်တွင် သူ ငြိမ်၍ နားထောင်နေကာ စိုးရိမ်စိတ်များ ပြည့်နေသော ကျောင်းသားများ၏ မျက်နှာများကို ဝေ့ကြည့်လိုက်သည်။ သူ တစ်နာရီကျော်မျှ ငြိမ်၍ နားထောင်နေပြီးနောက် မျက်လုံးများ နီရဲလာ၏။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now