Chapter 115

729 71 1
                                    

စာစဉ် 8 Chapter 115 ဒီကိုလာခဲ့စမ်း

သာမန်လူများ အကြောက်ဆုံးအရာတစ်ခု ရှိသည်။ ၎င်းမှာ ထင်ရာစိုင်းတတ်သည့် လူရမ်းကားများပင်။ မကြာသေးခင်ကမှ ထောင်က ထွက်လာသည့် အဖော်မဲ့ ဝံပုလွေကို မည်သူက ရန်စရဲမည်နည်း။

"ဟွန့် နင့်သေခြင်းက ဆိုးရွားလိမ့်မယ်လို့ ငါ အာမခံတယ်"

မန်နေဂျာဟွမ်၏ အသံက စူးရဲကျယ်လောင်နေပြီး လူအများအား နားအူသွားစေသည်။ သူမမျက်နှာက မိစ္ဆာတစ်ကောင်၏ မျက်နှာသဖွယ် ကြည့်ရဆိုး၍ ကြောက်စရာ ကောင်းလှသည်။

ရဲ့လင်းချန်က သူမကို အေးအေးလူလူ တစ်ချက်ကြည့်လိုက်သည်။

"ယွင်ရှီ အဲ့အရူးမကို ဒီအတိုင်းထားလိုက်၊ မင်းရဲ့ စာရွက်စာတမ်းကိုသာ ဆက်လုပ်လိုက်ပါ"

ကျန်းယွင်ရှီက စိုးရိမ်တုန်လှုပ်စွာ ခေါင်းညိတ်လိုက်ပြီး ရဲ့လင်းချန်အတွက် စာရွက်စာတမ်းများကို ဆက်၍ ပြင်ဆင်လိုက်သည်။

"မိန်းကလေး မင်း စာချုပ်အကြမ်းအတွက် ကူညီပေးနိုင်မလား"

ရဲ့လင်းချန်က ကောင်တာအနောက်၌ ထိုင်နေသည့် ငေးငိုင်နေသော စာရင်းကိုင်ကို မေးလိုက်သည်။ ထို့နောက် သူမက စာချုပ်၌ လိုအပ်သော အရာများကို ဖြည့်စွက်၍ ကဒ်ဖြင့်ရှင်းကာ စာချုပ်၌ လက်မှတ်ထိုးလိုက်လေသည်။

"အိုးအိမ်စီမံခန့်ခွဲမှု အစိုးရဌာနဆီကို ဒီစာချုပ်နဲ့ ရှင့်ရဲ့ မှတ်ပုံတင်ကိုယူပြီး ရှင့်ရဲ့ အိမ်အတွက် ဥပဒေ ခွင့်ပြုစာကို လျှောက်လိုက်ရင် ရပါပြီ"

စာရင်းကိုင်မလေးက တရိုတသေဖြင့် စာရွက်စာတမ်းများအား ရဲ့လင်းချန်ထံ ပြန်ပေးလိုက်သည်။

"ဝူး"

အပြင်ဘက်မှ ကားအင်ဂျင်သံကို ကြားလိုက်ရသလို ကားနှစ်စီးက အရောင်းပြခန်း၏ အပြင်ဘက်၌ ထိုးရပ် လာ၏။

အရှေ့မှဦးဆောင်လာသော ကားမှာ အနက်ရောင် Land Rover ဖြစ်ပြီး အနောက်မှ လိုက်ပါလာသောကားမှာ အဖြူရောင် SUV ကား ဖြစ်လေသည်။

Land Rover ထဲမှာ ဘယ်ဘက်မျက်လုံးကို ဖုံးအုပ်ထားသည့် ယောက်ျားတစ်ယောက် ဆင်းလာသည်။ ထိုသူသည် အရပ် တစ်ရာရှစ်ဆယ့်ငါး စင်တီမီတာ မြင့်ပြီး ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်ရှိကာ မေးရိုးကားသည်။ မျက်လုံးတစ်ဖက် အုပ်ထားသည့် ပုံစံကိုပါ ပေါင်းလိုက်သောအခါ ဖိနှိပ်နိုင်သော အရှိန်အဝါကို ပေးစွမ်းနေ၏။ သူ့၌ မျက်လုံးတစ်လုံးသာ ကောင်းမွန်တော့ပြီး ရက်စက်သွေးဆာတတ်သော စိတ်ရှိသောကြောင့် သူ့အား အဖော်မဲ့ ဝံပုလွေဟု ခေါ်ဆိုကြခြင်း ဖြစ်ပေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now