Chapter 12

1.2K 139 0
                                    

ကျုပ်က ပါရမီရှင်
I am a prodigy
Author Rugao Under The Bridge
ဘာသာပြန် Han Shin

Chapter 12 ရှောင်ဖေးဖေး
*ဘာ*
လူတိုင်း ကျောရိုးတစ်လျောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ သူတို့သည် မနှိုင်းယှဉ်ဝံ့လောက်အောင် ကြောက်စရာကောင်းသော ဖြစ်နိုင်ချေတစ်ခုကို မစဉ်းစားဘဲ မနေနိုင် ဖြစ်သွားလေသည်။ သူတို့သည် အထွေထွေ မန်နေဂျာဝမ်နှင့် ခပ်ခွာခွာဖြစ်အောင် နောက်ဆုတ်လိုက်ကြသည်။
“ဘာ … မင်း ဘာပြောချင်တာလဲ”
အထွေထွေ မန်နေဂျာဝမ်သည်လည်း သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ မျက်နှာ ဖြူရော်နေ၏။
“ခင်ဗျား အခုထိ မသိသေးဘူးလား”
ရဲ့လင်းချန်က ဂရုမစိုက်သလို ပြောလိုက်သည်။
“ခင်ဗျား အခုတလော ချမ်းစိမ့်လာသလို မခံစားရဘူးလား၊ ခင်ဗျား လွယ်လွယ်ကူကူ ဖျားနာလာပြီးတော့ ခင်ဗျားရဲ့ ကိုယ်ခံအားလည်း တော်တော်လေး ကျဆင်းမလာဘူးလား”
“မဟုတ်ဘူး၊ မဖြစ်နိုင်လောက်ဘူးမလား”
အထွေထွေ မန်နေဂျာဝမ်၏ အဆီပိတ်နေသော မျက်နှာထက်တွင် ချွေးစေးများဖြင့် ရွှဲနစ်လာသည်။ မကြာခင်မှာပင် သူသည် နောက်သို့ ဆတ်ခနဲလှည့်ကာ လက်မြှောက်၍ ဆွဲဆောင်မှုရှိသော အမျိုးသမီး၏ မျက်နှာကို ဖြန်းခနဲ ရိုက်ချ လိုက်သည်။
“ငါ့ကိုပြောစမ်း သူ ပြောတာ အမှန်တွေပဲလား”
“ဟားဟားဟား … ဟီးဟီးဟီး …”
ထိုအမျိုးသမီးက အူတက်မတတ် ရယ်မောလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“ဝမ်ဝမ့်လုံ၊ ဒါ နင့်အတွက် စီရင်ချက်ကျတဲ့နေ့ပဲ၊ ငါ ဒီလိုပုံ ဖြစ်လာဖို့ ပလတ်စတစ် ဆာဂျရီတွေ အများကြီး လုပ်ထားခဲ့ရတာ၊ ဒါမှ နင့်လို အယုတ်တမာကောင်ကို ပြန်လက်စားချေနိုင်မှာလေ”
*ဟာ*
ပြောင်းလဲသွားသော အဖြစ်အပျက်ကြောင့် လူတိုင်း မှင်တက်သွားကြသည်။
“လွန်ခဲ့တဲ့ နှစ်တွေတုန်းက နင် ငါ့ကို စွန့်ပစ်သွားပြီးတဲ့နောက်ပိုင်း ငါ့ကိုယ်ငါ တမင် ရောဂါရအောင် လုပ်ခဲ့တယ်၊ ပြီးတော့ ငါ့မျက်နှာ အသစ်ဖြစ်သွားအောင် ပလတ်စတစ် ဆာဂျရီတွေ အများကြီး လုပ်ခဲ့တယ်၊ ဒါမှ နင့်ကို မြှူဆွယ်လို့ ရမှာလေ၊ ဟားဟားဟား … ဟိုအရင်တုန်းကလိုပဲ နင် ပြန်ဖြစ်သွားတယ်လေ၊ ငါ လက်လေးတစ်ချက် လှုပ်လိုက်တာနဲ့ နင် ငါ့ကို တမ်းတမ်းစွဲ ဖြစ်သွားတာပဲ”
ဆွဲဆောင်မှုရှိသော အမျိုးသမီးက ခွက်ထိုးခွက်လန် ရယ်၍ ဆောင့်ကြီးအောင့်ကြီး ဆက်ပြောသည်။
“ဒါက ဟိုးအရင်တုန်းက ငါ့ကို နင် စွန့်ပစ်ခဲ့တဲ့အတွက် နင့်အဆုံးသတ်ပဲ”
“ခွေးမ”
အထွေထွေ မန်နေဂျာဝမ်၏ မျက်နှာက မည်းလိုက်နီလိုက်နှင့် ဝက်အသည်းနှင့် တူနေသည်။ သို့သော် သူ ထပ်အချိန်မဆွဲဝံ့ဘဲ အလျင်အမြန် ပြေးထွက်သွားသည်။
“ဒီရောဂါက ကုလို့မရဘူး၊ နင် ကြာကြာ နေရမှာ မဟုတ်ဘူး၊ ဟားဟားဟား…”
ဆွဲဆောင်မှုရှိသော အမျိုးသမီးက ဟားတိုက် ရယ်မောနေဆဲပင်။
“ခွေးမ၊ နင်က မြေယိုးခွေးမ”
အထွေထွေ မန်နေဂျာဝမ်၏အသံက တုန်ယင်နေသည်။ သူသည် ထွက်ပြေးသွားရင်း ကျယ်လောင်စွာ ထော်လော် ကန့်လန့် ဆဲဆိုသွားသည်.
တွေ့ဆုံပွဲမှ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။ အစောပိုင်းက အထွေထွေ မန်နေဂျာဝမ်နှင့် လက်ဆွဲ နှုတ်ဆက်ခဲ့သူတိုင်း ကြောက်လန့်ကာ အေးစိမ့်လာလေသည်။ သူတို့သည် သန့်စင်ခန်းထဲသို့ ပြေးသွားကြပြီး ရောဂါ ကင်းစင်လေမလားဟူသော မျှော်လင့်ချက်ဖြင့် လက်ကို အသည်းအသန် ဆေးကြောကြသည်။
“ရဲ့လင်းချန် နင်က အံ့ဩစရာ ကောင်းလိုက်တာ၊ နင် ဆေးပညာကိုတောင် လေ့လာသင်ယူထားတာပဲ”
ကျန်းယွင်ရှီက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်လာ၏။ ယနေ့ အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားသဖြင့် သူမ အိပ်မက် မက်နေသည်ဟု ခံစားမိနေသည်။ အထူးသဖြင့် သူမနှင့် တစ်ရွာတည်း ကြီးလာသော ဤလူငယ်လေးပင်။ သူမ သူ့စိတ်ကို မသိတော့ဘဲ ထူးဆန်းသော လူတစ်ယောက်ဟု ခံစားမိလာ၏။
“လင်းချန် ငါ့ကိုလည်း တစ်ချက် ကြည့်ပေးပါဦး …”
ထိုစဉ် ခုန်ဝေ့က ငိုကြွေးလုမတတ်ပုံစံဖြင့် အနားသို့ စိုးရိမ်တကြီး လာရပ်လေသည်။ သူမ သူ့ကို တောင်းပန် လာသည်။
“ငါရော ရောဂါရနေပြီလားလို့ ကြည့်ပေးပါဦ၊ ပြီးတော့ ငါရော ကုလို့ရပါ့မလားဟင်”
“အဲ့အမျိုးသမီး ပေါ်လာကတည်းက ခင်ဗျား အထွေထွေ မန်နေဂျာဝမ်နဲ့ ချစ်တင်းမနှောတော့ဘူး မဟုတ်လား”
ရဲ့လင်းချန်က အပြုံးနှင့် ပြောလိုက်သည်။
“ဟင့်အင်း မနေတော့ဘူး”
ခုန်ဝေ့ ခေါင်းခါပြလိုက်သည်။
“ခင်ဗျား ဒုက္ခမရောက်ပါဘူး၊ ဒါပေမဲ့ အခုကစပြီး ခင်ဗျားကျန်းမာရေးကို အာရုံစိုက်သင့်တယ်”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။ ခုန်ဝေ့ စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူမ ဆက်ပြော လေသည်။
“လင်းချန် နင်က တကယ် အစွမ်းအစရှိတဲ့ ယောက်ျားပဲ၊ နင့်အကူအညီကြောင့်သာ မဟုတ်ရင် ငါ ဒုက္ခ အကြီးအကျယ် ရောက်တော့မှာ”
ရဲ့လင်းချန် ပြုံးသာ ပြုံးလိုက်ပြီး ဘာမှမပြောချေ။ ကျန်းယွင်ရှီသည် သူမ၏ ဝမ်းကွဲအစ်မအား မသိမသာ ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
သူမ၏ ဝမ်းကွဲအစ်မက သေးနုပ်သော အနုပညာရှင်လေး ဖြစ်သော်လည်း ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်ထားသည်ဟု သူမ အမြဲ ယူဆထားခဲ့သည်။ သို့သော် သူမ၏ ဝမ်းကွဲအစ်မ ဤသို့ ရွံရှာဖွယ်ကောင်းသော နည်းလမ်းဖြင့် ဤသို့ နေနိုင်ခြင်း ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားမိပါ။ ထို့အပြင် သူမ၏ ဝမ်းကွဲအစ်မက သူမကို ဝံပုလွေဆီ တွန်းပို့လုနီးပါး လုပ်ခဲ့သည်။
လူ့အဖွဲ့အစည်း၌ ဤသို့သော အမှောင်ခြမ်း ရှိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပါ။ သူမ၏ ဝမ်းကွဲအစ်မက သူမကို သစ္စာဖောက်လိမ့်မည်ဟု သာ၍ပင် ထင်မထားမိပေ။
သူမသာ ရဲ့လင်းချန်ကို ဤတွေ့ဆုံပွဲဆီ အဖော်လိုက်ပေးရန် မတောင်းဆိုခဲ့မိပါက သူမ၏ အဆုံးသတ်က တကယ်ကို မတွေးဝံ့စရာပင်။
“ဟီးဟီး ယွင်ရှီ၊ ဒီတစ်ခါတော့ ဒီအစ်မရဲ့ အမှားပါ၊ တကယ် တမင်လုပ်တာ မဟုတ်ပါဘူး”
ခုန်ဝေ့က ကိုးရို့ကားရား ပြုံးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ညဉ့်နက်လာပြီပဲ၊ ငါ နင်တို့နှစ်ယောက်ကို လိုက်ပို့ပေးပါရစေ”
ဤနေရာ၌ သူတို့ ကြာကြာမနေချင်တော့သဖြင့် တံခါးဘက်သို့ သုံးယောက်သား လျှောက်သွားလိုက်သည်။ အမျိုးသမီးလေး တစ်ယောက်က ခန်းမတံခါးဝမှ ထွက်သွားသော ရဲ့လင်းချန်အား လှမ်းကြည့်နေသည်။ သူမက ရုတ်တရက်ကြီး စကားစလာ၏။
“အစ်မလင်း ညီမကို ကူညီတဲ့အနေနဲ့ သူ့ဆီသွားပြီး သူ့ဖုန်းနံပါတ်ကို တောင်းလာပေးပါလား”
သူမအသံသည် အလွန် နားဝင်ချိုလှသည်။ သူမအသံကို ကြားလိုက်ရသည်နှင့် နွေဦး လေညင်းလေး တိုက်ခတ်သွားသလို ခံစားရပေသည်။
“မမလေး ဒါက …”
အစ်မလင်းက အနည်းငယ် တုံ့ဆိုင်းနေ၏။
“ကျွန်မ သူ့ဆီကနေ အကူအညီ တောင်းမှဖြစ်မယ်၊ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါ”
အမျိုးသမီးလေး၏ ချွဲနွဲ့သောအသံမျိုးကို ထပ်ကြားလိုက်ရသည်။
“အေးပါ”
ထိုအခိုက်တွင် ကောင်းကင်ယံသည် မှောင်မိုက်နေပြီး ညလေညင်း၌ အေးစိမ့်စိမ့် ဖြစ်နေ၏။ ရဲ့လင်းချန် ကားထဲဝင်တော့မည့်အချိန်၌ တစ်ယောက်ယောက်က သူ့အား လှမ်းခေါ်နေသံကို ကြားလိုက်ရသည်။
သူ့ကျောနောက်မှ ကိုလူချောလေး ဟူသော စကားကို ကြားလိုက်ရသဖြင့် လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။ ယူနီဖောင်း ဝတ်ထားသော အမျိုးသမီးတစ်ယောက်က သူ့ထံ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ အဝတ်အစားမှ ကျွမ်းကျင်ထက်မြင်၍ အတွေ့အကြုံရင့်သော ခံစားချက်မျိုး ရနေသည်။ သူမသည် အသက် သုံးဆယ် ဝန်းကျင်ရှိသော်လည်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်တတ်သည်။ သူမ၌ ဖြူဝင်းသော အသားအရည်နှင့် လှပသော မျက်နှာလေးနှင့်အတူ အရပ်ရှည်ရှည်နှင့် သွယ်လျသော ခန္ဓာကိုယ် ရှိလေသည်။
သူမက တစ်မူထူးခြားသော မိန်းမလှလေးပင်။ ရဲ့လင်းချန်သည် ရုတ်တရက် ခေါင်းထဲဝင်လာသော အတွေးအား ရှင်းလင်းရန် ခေါင်းခါလိုက်သည်။ ထိုအတွေးက ပါရမီရှင်စနစ်၏ ဘေးထွက်ဆိုးကျိုးဟု သူ ခံစားလိုက်ရသည်။
“ကိုလူချောလေး၊ မင်းရဲ့ Wechat နဲ့ ဖုန်းနံပါတ်ကို ငါ့ကို ပေးလို့ရမလား”
ထိုအမျိုးသမီးက ရဲ့လင်းချန်ကို ပြုံး၍ မေးလာသည်။
*ဟမ်*
ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။
*ခင်ဗျား နည်းနည်းလေး အရှက်မရှိ ဗြောင်ကျနေတယ်လို့ မထင်ဘူးလား၊ အနည်းဆုံးတော့ ခင်ဗျား ဘယ်ရောက် နေသလဲ ဆိုတာ အာရုံစိုက်ပါဦးလား*
ကျန်းယွင်ရှီ အမူအရာ ပြောင်းလဲသွားသည်ကို ရဲ့လင်းချန် ခံစားမိသည်။ ယခု သူမအပေါ် အမျိုးအမည်မသိသော ရန်လိုစိတ် ဖြစ်လာရသည်။
ထိုအမျိုးသမီးက ရဲ့လင်းချန်၏ တုံ့ဆိုင်းနေမှုကို သတိထားမိပြီး ရိုးရိုးသားသား ဆက်ပြောလေသည်။
“ငါ နင့်ဆီကနေ အကူအညီတစ်ခုလောက် တောင်းစရာရှိလို့ပါ ငါ့ကို နင့်နံပါတ် ပေးလို့ရမလား၊ ငါ နင့်ကို တောင်းဆို တာပါ”
ရဲ့လင်းချန်က ထိုအမျိုးသမီးကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူက ဘောပင်နှင့် စာရွက်ကို ယူ၍ သူ့ဖုန်းနံပါတ်ကို စာရွက်ပေါ်၌ ရေးပေးလိုက်သည်။
ရဲ့လင်းချန် ကားပေါ်တက်လိုက်သည်။ ကျန်းယွင်ရှီ၏ အမူအရာက မုန်တိုင်းတိုက်ခတ်နေသော ကောင်းကင်ကဲ့သို့ မည်းမှောင်နေ၏။ သူမ ကားထိုင်ခုံ၌ စူအောင့်၍ ထိုင်နေလေသည်။
ရဲ့လင်းချန်ကမူ အနားယူရ၍ ဝမ်းသာနေ၏။ သူသည် ကားနောက်ခန်း၌ မျက်လုံးမှိတ်၍ အနားယူနေလိုက်သည်။ တကယ်တမ်းတွင် သူလည်း အခြေအနေ မကောင်းချေ။
အရဟာ လက်သီးသည် ကျော်ကြားသော သိုင်းကွက်တစ်ခု ဖြစ်ရန် ထိုက်တန်ပေသည်။ ယနေ့ ယင်းသိုင်းကွက်၏ ထူးကဲမှုအား ရဲ့လင်းချန် ကောင်းကောင်းကြီး ပြသနိုင်ခဲ့သည်။ သို့သော် ယနေ့ ရဲ့လင်းချန်တစ်ယောက် ပြိုင်ဘက်များကို အနိုင်ယူနိုင်ခြင်းမှာ သူ၏ ကံကော်င်းမှုကြောင့်လည်း ဖြစ်သည်။
အရဟာ လက်သီးသည် သိုင်းပညာတစ်ခု ဖြစ်သော်လည်း ရဲ့လင်းချန် တစ်ခါမှ မလေ့ကျင့်ဖူးပါ။ ဥပမာ ပြောရလျင် သက်တော်စောင့် နှစ်ယောက်သည် တောင်လုံးသဖွယ် ကြီးမားသည်။ ရဲ့လင်းချန်က လှုပ်ရှားမှုကို သတိထားနေ သော်လည်း သူ၏ ကိုယ်ခံစွမ်းရည်က သာမန်လူတစ်ယောက်မျှသာ ရှိလေသည်။
သူသည် သိုင်းကွက်များအပေါ် မှီခိုပြီး ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခဲ့၍သာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သက်တော်စောင့် နှစ်ယောက်သာ သတိလက်လွတ် ဖြစ်မနေဘဲ ရဲ့လင်းချန်အား ကြမ်းတမ်းစွာ တိုက်ခိုက်လာပါက သူ သေချာပေါက် ရှုံးသွားနိုင်၏။
သူ၏ လက်သီးများသည် နာကျင်မှုကြောင့် တုန်ယင်နေပြီး အချိန်တိုတိုအတွင်း အားမထုတ်နိုင် ဖြစ်နေစေသည်။ သာမန်လူတစ်ယောက်က နွားတစ်ကောင်၏ ကိုယ်အား လက်သီးဖြင့် ထိုးလိုက်မိသလိုပင်။
နောက်ပိုင်း အရဟာ လက်သီးကို လေ့ကျင့်ရန် သူ အချိန်များများ ဖြုန်းရန် လိုအပ်သည့်ပုံပင်။ သို့မှသာ သူ၏ ကိုယ်ခံအား တိုးတက်လာပေမည်။
“ရဲ့လင်းချန်”
သူ ကားပေါ်မှမဆင်းခင်တွင် ကျန်းယွင်ရှီက ထပ်ညည်းမခံနိုင်တော့သဖြင့် ရဲ့လင်းချန်အား စူးစိုက်ကြည့်၍ စကား စပြောလိုက်သည်။
“နင်က အကြောင်းအရာ တော်တော်များများကို သိတာပဲ၊ နင်သာ သေချာ လေ့လာချင်စိတ် ရှိမယ်ဆိုရင် နင့်အမှတ်က မဆိုးလောက်ဘူးလို့ ငါ ယုံကြည်တယ်၊ နင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာလည်း အမှတ် ကောင်းကောင်း ရလိမ့်မယ်လို့ ငါ ယုံတယ်”
ကျန်းယွင်ရှီက ထိုသို့ပြောပြီး တစ်ခဏမျှ ငြိမ်ကျသွားသည်။ ရဲ့လင်းချန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူ ပြုံး၍ ပြန်ပြောလိုက်လေသည်။
“မင်းရောပဲ၊ မင်းရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ကြိုးစားဦးနော်၊ အဲ့အခါကျမှ ငါ့နောက်မှ ကျန်မနေခဲ့နဲ့”
...
ရဲ့လင်းချန် အိမ်သို့ပြန်ရောက်သောအခါ သူ့ဖုန်းမြည်လာသည်။ သူ ဖုန်းထုတ်ကြည့်လိုက်သောအခါ တစ်ယောက်ယောက်က သူ့အား Wechat မှ သူငယ်ချင်းဖြစ်ခွင့် တောင်းဆိုထားသည်ကို တွေ့လိုက်ရသည်။ ထိုလူ၏ ဓာတ်ပုံနေရာ၌ ချစ်စရာကောင်းသော ပန်းရောင် ကာတွန်းယုန်ပုံလေး တင်ထားသည်။
[ဟဲလို ရှင် ရှိလား]
တောင်းဆိုမှုကို လက်ခံလိုက်သည်နှင့် တစ်ဖက်လူက သူ့အား အလွန် တွေ့ဖူးမြင်ဖူးသော နှုတ်ဆက်ပုံမျိုးနှင့် နှုတ်ဆက်လာ၏။ ရဲ့လင်းချန်က တင်စီးသောပုံစံဖြင့် ပြန်ဖြေလိုက်သည်။
[အင်း ရှိတယ်]
[မှော်ဆရာဝန်လေး၊ ရှင် ကျီးပေါင်းရောဂါကို ဘယ်လိုကုရမလဲ သိလား]
တစ်ဖက်လူက ပြုံးနေသော အီမိုဂျီလေးပါ ပို့၍ မေးလာသည်။
*လတ်စသက်တော့ တစ်ဖက်လူက ငါ့ဆီကနေ ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြံဉာဏ် လိုချင်နေတာပဲ*
ရဲ့လင်းချန် ဝမ်းသာသွားသည်။ တစ်ဖက်လူက ယနေ့ သူ ပြသခဲ့သော ဆေးပညာစွမ်းရည်ကို တွေ့ခဲ့လိမ့်မည်ဟု သူ ယူဆမိသည်။

ရှောင်ဖေးဖေး အိပ်ရာပေါ် လှဲနေသည်။ သူမသည် ပန်းရောင် ညအိပ်ဂါဝန်ကို ဝတ်ထားသဖြင့် သူမပုံစံက အလွန် ချစ်စဖွယ် ကောင်းနေ၏။ သူမသည် တစ်စုံတစ်ရာကို စောင့်နေသကဲ့သို့ ဖုန်းမျက်နှာပြင်အား စိုးရိမ်တကြီး ကြည့်နေသည်။
ပွဲဦးထွက်ရန်အတွက် သူမ ကကွက်များနှင့် သီချင်းဆိုခြင်းအား အပတ်တကုပ် ဆက်တိုက် လေ့ကျင့်ခဲ့သည်။ ညဉ့်နက်သည်အထိ အလုပ်လုပ်ခြင်းနှင့် မိုးလင်းမှ အိပ်ခြင်း စသည့် အလုပ် အလေ့အထများနှင့် အသားကျသည်က သူမအတွက် ပုံမှန်ပင်။ သူမဆန္ဒအတိုင်း နာမည်ကြီး အနုပညာရှင် ဖြစ်ရန် လုပ်ဆောင်နိုင်ခဲ့သော်လည်း သူမ နာတာရှည် ရောဂါ စွဲကပ်သည့် ဒဏ်ကို ခံစားရခဲ့သည်။ သူမ ဤရက်ပိုင်းအတွင်း အလွယ်တကူ လေးလံထိုင်းမှိုင်း၍ အားမရှိသလို ဖြစ်နေသည်။ ထို့အပြင် သူမလည်ပင်းက နာကျင်ကိုက်ခဲနေပြီး မကြာခဏ မအီမသာ ခံစားရသည်။ ထို့ကြောင့် သူမအသံသည် ချောင်းခြောက်ဆိုးခြင်းကြောင့် ပြာတာတာ ဖြစ်လာလေသည်။ ဤသည်က သူမကဲ့သို့ နာမည်ကြီး အနုပညာရှင်အတွင် အတော်လေး ပြင်းထန်သော အခြေအနေဟု သတ်မှတ်နိုင်သည်။
သူမအခြေအနေက ဆိုးရွားလာသဖြင့် နာမည်ကြီး ဆေးရုံတစ်ချို့၌ သွားပြခဲ့သော်လည်း ကုသခြင်း၏ အကျိုးသက်ရောက်မှုက မဖြစ်စလောက်လေးသာ ရှိသည်။ ဆရာဝန်များစွာက သူမအခြေအနေအား အရှင်းပျောက်အောင် မကုနိုင်ဘဲ သူမ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲခြင်းနှင့် များများအနားယူမှသာ သက်သာနိုင်မည်ဟု မှတ်ချက်ပေးကြသည်။
ယခုတစ်ခေါက် သူမ ဟိုင်လင် ဒေသမှ တွေ့ဆုံပွဲသို့ ဖိတ်ကြားခံထားရသည်။ သူမ အာရုံအပြောင်းအလဲ ဖြစ်အောင် ဤနေရာ၌ တစ်ခဏမျှ အနားယူရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် သူမ ရဲ့လင်းချန်ကို သတိထားမိသွားသည်။ ဤကောင်လေးက သာမန်လူ မဟုတ်ဟု သူမ ခံစားမိနေ၏။ သူမ၏ မျှော်လင့်ချက်မဲ့နေသော အခြေအနေကြောင့် သူမ ရှာတွေ့သည့် မည်သည့်ဆရာဝန်နှင့်မဆို ကုသချင်နေတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ရဲ့လင်းချန်က သူမကို ကူညီနိုင်စွမ်း ရှိသည်ဟု ရုတ်တရက်ကြီး ခံစားမိနေလေသည်။
ရှောင်ဖေးဖေး စိတ်လှုပ်ရှားနေသော်လည်း ရဲ့လင်းချန်က ပုံမှန်ဟန်ပန်ဖြင့် ပြန်ဖြေလိုက်သည်။
[အင်း]
ပြန်ဖြေသော စာလေးက တစ်ခွန်းတည်း ဖြစ်သော်လည်း ရှောင်ဖေးဖေး၏ ရင်ထဲ၌ မုန်တိုင်းကြီးတစ်ခု တိုက်ခတ် သွားအောင် လုပ်ဆောင်နိုင်လေသည်။ စိတ်လှုပ်ရှားမှုကြောင့် သူမမျက်နှာလေး နီမြန်းနေ၏။ ဤရောဂါ မည်မျှ ကြောက်စရာကောင်းသည်ကို ကျီးပေါင်းရောဂါ၏ နှိပ်စက်ခြင်းကို မခံစားဖူးသူများ နားလည်နိုင်မည် မဟုတ်ပါ။
သူမ တုန်ယင်နေသော လက်လေးဖြင့် စာရိုက်ပို့လိုက်သည်။
[တကယ်ပြောတာလား]
[တကယ် ပြောနေတာ]
“အစ်မလင်း အစ်မလင်း”
ရှောင်ဖေးဖေး ချက်ချင်း အော်ခေါ်လေသည်။
“သူ ဒါကို တကယ် ကုနိုင်တယ်တဲ့”
အစ်မလင်းက ခြေလှမ်းကျဲကျဲဖြင့် ခပ်သွက်သွက် လျှောက်လာပြီး ရှောင်ဖေးဖေးအား မတတ်သာဟန်ဖြင့် ကြည့်လေသည်။
“ဖေးဖေး ကျီးပေါင်းရောဂါက အလွယ်တကူ ကုလို့ရတာ မဟုတ်ဘူး၊ လွယ်လွယ်လေး ကုလို့ရတယ်လို့ ပြောတဲ့ ဆရာဝန် ဆယ်ယောက်မှာ ကိုးယောက်က လူလိမ်တွေပဲ”
ရှောင်ဖေးဖေး၏ မျှော်လင့်ချက်ကို သူမ မဖျက်ဆီးချင်သော်လည်း အစ်မလင်းသည် သူမ အလိမ်မခံရစေရန် ဆက်၍ အကြံပေးလေသည်။
“မဟုတ်ဘူး သူ တကယ် ကုနိုင်တယ်လို့ ညီမ ထင်တယ်”
ရှောင်ဖေးဖေးက ဆုံးဖြတ်ချက် ချထားဟန်ဖြင့် ပြန်ပြောလိုက်သည်။
“သူ ဒီည ဘာလုပ်ခဲ့လဲဆိုတာကို အစ်မလည်း မြင်တာပဲလေ၊ သူ့ဆီမှာ သာမန်လူတွေမှာ မရှိတဲ့ တစ်ခုခု ရှိနေတယ်လို့ ညီမ ခံစားမိတယ်”
အစ်မလင်းက ခေါင်းခါ၍ မချိတင်ကဲ ပြုံးလိုက်သည်။
“ညီမ တအား မျှော်လင့်ချက် ထားသင့်တယ်လို့ အစ်မ မထင်ဘူး၊ မျော်လင့်ချက် ကြီးမားလေ စိတ်ပျက်မှုကလည်း ကြီးမားလေပဲ”

ရဲ့လင်းချန် အချိန်အတော်ကြာ စောင့်နေသော်လည်း ဖုန်းထဲမှ ပြန်စာမလာပေ။
*အဲ့လူက ငါ့ကို လူလိမ်လို့ ထင်သွားပြီထင်တယ်*
ရဲ့လင်းချန်က ပူပင်ကြောင့်ကြမဲ့သော ပုံစံဖြင့် ခေါင်းခါလိုက်သည်။ တရုတ် တိုင်းရင်းဆေး ဆေးပညာသည် လူတစ်ယောက်၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာအောင် ဦးစားပေးသော ဆေးပညာ ဖြစ်သည်။ ကျီးပေါင်း ရောဂါအား သူ အမှန်တကယ် ကုသနိုင်စွမ်း ရှိသော်လည်း လူနာက သူ့အပေါ် အရင် ယုံကြည်မှုရှိရန် လိုအပ် ပေသည်။
ထိုအခိုက်တွင် သူ့ဖုန်းက တုန်ခါလာသည်။ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်မိသည်နှင့် ရဲ့လင်းချန် အသက်ရှူ မှားသလို ဖြစ်သွားလေသည်။ တစ်ဖက်လူက သူ့အား Wechat မှာ တိုက်ရိုက် ငွေလွှဲလာသဖြင့် သူ အံ့ဩ သွားရသည်။ ထို့အပြင် ငွေပမာဏက စုစုပေါင်း ယွမ်ငါးထောင် ဖြစ်နေ၏။
*လခွမ်း ဒီအမျိုးသမီးက ချမ်းသာတာပဲ*
[မှော်ဆရာဝန်လေး ဒုက္ခခံပေးလို့ ကျေးဇူးပဲနော်၊ အဲ့ဒါ စရန်ငွေ ပေးထားတာ၊ ရှင် မနက်ဖြန် ကျွန်မဆီ လာတွေ့ပေးလို့ ရမလား]
ရှောင်ဖေးဖေးက အသနားခံသော အီမိုဂျီလေးပါ ပို့လိုက်သည်။
[လာမယ့် နှစ်ရက်အတွင်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေရမှာမို့ မနက်ဖြန် လာလို့မရဘူး၊ ကျွန်တော့် စာမေးပွဲ ပြီးသွားတာနဲ့ လာပေးမယ်]
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
[ရတယ်၊ ဒါဆိုလည်း အဲ့လိုပဲ လုပ်ကြတာပေါ့၊ ကျွန်မ စိတ်အေးအောင် စရန်ငွေကို လက်ခံပေးပါ]
တစ်ဖက်လူက ထိုသို့ပြောလာသဖြင့် ရဲ့လင်းချန် လက်ခံလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ငြင်းလိုက်ပါက ရိုင်းရာကျသွားနိုင်သည်။ ဤယွမ်ငါးထောင်အား သူ့အခန်း၌ ကွန်ပျူတာဆင်ရန် သူ စဉ်းစားထားပြီးသား ဖြစ်သည်။
“အစ်မလင်း သူက တကယ် အလားအလာကောင်းတဲ့ လူငယ်လေးပဲ၊ သူက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေရတော့မှာတဲ့”
ရှောင်ဖေးဖေးက အားကျဟန်ဖြင့် ပင့်သက်ရှိုက်၍ ပြောလေသည်။ အစ်မလင်း ဘာမှမပြောနိုင်ဘဲ ခေါင်းညိတ်ပြ လိုက်သည်။ သို့သော် သူမစိတ်ထဲတွင် ခိုး၍ သက်ပြင်းချမိသည်။
*မမလေး နင် အရမ်း ရိုးလွန်းတယ်၊ အဲ့အရွယ် လူငယ်လေးက ဘယ်လိုလုပ် ဆေးပညာကို ကျွမ်းကျင်မှာလဲ၊ ယွမ်ငါးထောင်ကို သူ့ဆီ အလွယ်တကူ လွှဲပေးလိုက်ရသလား*
*ပြီးတော့ သူ့ကို ဘာလို့ အလားအလာကောင်းတဲ့ လူငယ်လို့ သတ်မှတ်လို့ရမှာလဲ၊ နင်က သူနဲ့ အသက် ဘယ်လောက်မှ မကွာတာကို*
*ထားပါတော့လေ၊ နင် ပျော်နေရင် ပြီးတာပါပဲ*

ကျုပ်က ပါရမီရှင် (Chapter 1-200)Unde poveștirile trăiesc. Descoperă acum