Chapter 25

1.1K 128 2
                                    

ကျုပ်က ပါရမီရှင်
I am a prodigy
Author Rugao Under The Bridge
ဘာသာပြန် Han Shin

Chapter 25 သရုပ်ဆောင်ရန် မွေးဖွားလာခြင်း

“သူ တကယ် သိုင်းပညာ သင်ခဲ့ဖူးတာလား”
အစ်မလင်းက သူ၏ ကိုယ်နေဟန်ထားကို ကြည့်ပြီး မေးလိုက်သည်။ ရှောင်ဖေးဖေး ခေါင်းခါ၍ ရဲ့လင်းချန်ကို မမှိတ်မသုန် ကြည့်နေမိသည်။
ကွင်းပြင်ထဲတွင် ရဲ့လင်းချန်က မျက်လုံးကို မှိတ်လိုက်သည်။ သူ့လက်သီး နှစ်ဖက်လုံးအား မှန်ကန်သော အနေအထားသို့ ပြင်လိုက်ပြီး ခြေထောက်များကို အမည်မသိ ခြေကွက်တစ်ချို့ ပုံဖော်လိုက်သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လက်သီးတစ်ချက် ထိုးသွင်းလေသည်။
လက်သီးချက်တိုင်း၌ သူ၏ ခန္ဓာကိုယ်က လိုက်ပါ ပြောင်းလဲနေ၏။ ခြေတစ်လှမ်း၌ လက်သီးတစ်ချက်။ တောင်များမပြို၊ မြစ်များ မပျက်စီးဘဲ ရိုးရှင်းလှသော်လည်း ပြီးပြည့်စုံသော လိုက်ဖက်ညီမှု ရှိလေသည်။
သေချာကြည့်မည်ဆိုလျင် ယဲ့ဖန် ခြေလှမ်းလှမ်းလိုက်သည့် အကွာအဝေးတိုင်းက တစ်ထပ်တည်း တိကျ လှသည်ကို သတိထားမိနိုင်၏။ သူ၏ လက်သီးချက်တိုင်းကိုလည်း ထပ်တူကျသော အားမျိုးသာ ထုတ်သုံး ထားသည်။ ခြေလှမ်းတိုင်း၊ လက်သီးချက်တိုင်းနှင့် လက်သီး ပစ်သွင်းသည့်အချိန်တိုင်း အသက်ရှူပုံတို့က လိုက်ဖက်ညီ ပေသည်။
တဖြည်းဖြည်းနှင့် ရိုးစင်းသော လက်သီးကွက်များက စတင် ပြောင်းလဲလာသည်။ ရဲ့လင်းချန်၏ ခန္ဓာကိုယ်က အသက်ဝင်လာပြီး ထုတ်ဖော်လိုက်သော သိုင်းကွက်တိုင်း၌ လှပသော သိုင်းကွက်များ ပါဝင်သည်ဟူသော ခံစားချက်မျိုး ပေးစွမ်းလာ၏။
သို့သော် ထိုသို့ လှပသော လှုပ်ရှားမှုက တဖြည်းဖြည်း ပိုပြင်းထန်လာသည်။  သူ၏ ခန္ဓာကိုယ် ကြွက်သားများ ကြွတက်လာပြီး လူတိုင်းအား မျက်ခုံးလှုပ်သွားစေသည်။ သူသည် သားကောင် ချောင်းနေသော ကျားတစ်ကောင် ကဲ့သို့သော အရှိန်အဝါများ‌ ပေးစွမ်းနေ၏။
“လှလိုက်တာ”
အစ်မလင်းက ရဲ့လင်းချန်ကို လိုက်ကြည့်ပြီး ချီးမွမ်းလိုက်မိသည်။ ရဲ့လင်းချန်၏ လက်သီးချက်တိုင်းက ချိတ်ဆက်နေပြီး တစ်ချက်ကလေးမှ လွဲချော်သွားခြင်း မရှိပေ။ ဖြစ်စဉ်တစ်ခုလုံးက သဘာဝကျ၍ လွယ်ကူလွန်း လှသည်။
အခြားသူများ၏ လှုပ်ရှားမှုကို သူမ မြင်ဖူးပါသည်။ သို့သော် တစ်ခုမှ ရဲ့လင်းချန်နှင့် မတူပေ။ ရဲ့လင်းချန်က သဘာဝကျ၍ ရိုးစင်းသော်လည်း အားမာန်ပါလှသည်။
လက်သီးနှင့် ခြေလှမ်း၊ ခြေလှမ်းနှင့် ချီဓာတ်၊ ချီဓာတ်နှင့် စိတ်၊ အရာအားလုံး ပေါင်းစပ်နေ၏။ နေရောင်အောက်၌ ရဲ့လင်းချန်၏ လှုပ်ရှားမှုတိုင်းက သဟဇာတဖြစ်ပြီး သဘာဝနှင့် တစ်ခုတည်း ဖြစ်လာသည်ဟု ထင်မှတ်ရသည်။
ရှောင်ဖေးဖေး၏ မျက်ဝန်းများက အံ့ဩမှုနှင့်အတူ တလက်လက် တောက်လာပြီး နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်မိသည်။ လီထိုက်မှာမူ မျက်လုံး အပြူးသားနှင့် သူ့ရှေ့မှ အံ့ဩစရာကောင်းသော အရည်အချင်းကို ကြည့်နေမိသည်။
သူသည်လည်း ဤနယ်ပယ်၌ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည်။ တစ်ချက်ကြည့်ရုံနှင့် ရဲ့လင်းချန်၏ လက်သီးကွက်က သူမတူမှန်း ပြောနိုင်၏။
သူ၏ လက်သီးကွက်က အထင်ကြီးစရာကောင်းပြီး လက်သီးဖြင့် ထိုးလိုက်တိုင်း ထွက်ပေါ်လာသည့် လေတိုးသံကလည်း သဘာဝကျကာ အားလုံး ဆက်စပ်မှု ရှိသည်။ သူ၏ သိုင်းကွက်က ဆယ်စုနှစ်နှင့်ချီ၍ လေ့ကျင့်ခဲ့သော လူအိုကြီးများနှင့် ယှဉ်နိုင်ပေသည်။
ရဲ့လင်းချန်သာ သူ၏ သိုင်းကွက်ကို ဗွီဒီယိုရိုက်၍ အွန်လိုင်းပေါ်တင်ပါက ထပ်မံ၍ အကြီးအကျယ် နာမည်ကြီး ဦးမည်ဟု သူ ခံစားမိနေသည်။
*သိုင်းလောကက ထူးချွန်သူ*
*ဒါ သိုင်းပါရဂူတစ်ယောက် လူမြင်ကွင်းမှာ ရှိနေတဲ့ပုံစံပဲ*
တဖြည်းဖြည်းနှင့် ရဲ့လင်းချန်အား လေစီးကြောင်းတစ်ခု ဝန်းရံလာသည်။ ညင်သာသော လေညင်းနှင့်အတူ သူ၏ ချီဓာတ်များ ပျံ့လွင့်လာသည်။ သူ၏ လက်သီးစွမ်းအင်သည် မြစ်ထဲ၌ ရေတက်နေသကဲ့သို့ ဖြစ်နေရာမှာ ပင်လယ်လှိုင်းသဖွယ် အားကြီးလာ၏။
လေကိုလွင့်ပြယ်သွားစေနိုင်သည့် လက်သီးတစ်ချက်က ယခု လေကို ထိုးခွင်းလာနိုင်သည်။ ပြင်းထန်လှသော ခွန်အားအောက်၌ သူ လက်သီးနှင့်ထိုးလိုက်သည့် နေရာတိုင်းတွင် ဝှီးခနဲ လေခွင်းသံများ ထွက်ပေါ်လာသည်။
ထိုလက်သီးဖြင့်သာ တစ်ယောက်ယောက်ကို ထိုးလိုက်ပါက အကျိုးဆက်က မတွေးဝံ့စရာပင်။ လေထုပင် အနိုင်ကျင့်ခံရသည်ကို တိုင်တန်းသည့်အသံမျိုး ဖြစ်လာလေသည်။
*ဒီလိုလက်သီးချက်မျိုးကို ဘယ်သူက တောင့်ခံနိုင်မှာလဲ*
လက်သီးချက်မှ ဖြစ်ပေါ်လာသော စွမ်းအင်က ပျံ့နှံ့လာတော့မည့်အချိန်တွင် ရဲ့လင်းချန်က လက်ကို အတိအကျ ထိန်းချုပ်လိုက်သည်။ ပြင်းထန်လှသော စွမ်းအင်သည် သူ့ထိန်းချုပ်မှုအောက်၌ သူ့စိတ်အတိုင်း နောက်သို့ ပြန်လှည့် သွားသည်။ ချီစွမ်းအင်များက နောက်ပြန်ဆုတ်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားကာ အပြင်၌ ဘာမှမကျန် ခဲ့တော့ပေ။
လေညင်းသည်လည်း ဘာမှမဖြစ်ခဲ့သကဲ့သို့ ပုံမှန်အတိုင်း ပြန်တိုက်ခတ်လာသည်။ အရာအားလုံး ငြိမ်သက်နေ၏။
“ဖြောင်း ဖြောင်း ဖြောင်း”
မည်သူက စတီးလိုက်မှန်း မသိဘဲ လက်ခုပ်တီးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ လူတိုင်း၏ မျက်နှာတွင် အံ့ဩနေဟန်များ ဖုံးဖိမရအောင် ပေါ်လွင်နေသည်။
“ကျွန်တော့်ရဲ့ မကျွမ်းကျင်မှုကို ခွင့်လွှတ်ပေးပါ”
ရဲ့လင်းချန်က လက်သီးနှစ်ဖက်ကိုဆုပ်၍ လူအုပ်ကြီးအား နှိမ့်ချစွာ ပြောလိုက်သည်။
“ဆိုးတော့မဆိုးပါဘူး၊ ဒါက တကယ့် အစစ်လိုပဲ”
အစ်မလင်းက ရဲ့လင်းချန်ကို နှုတ်ခမ်းစူ၍ ချီးကျူးလိုက်သည်။
“ဟားဟားဟား ညီလေးရဲ့က သူ့အစွမ်းအစစ်ကို ဖုံးထားတာပဲ၊ ကျုပ်တော့ လေးစားသွားပြီ”
လီထိုက်က စိတ်ထဲရှိသည့်အတိုင်း ရယ်မော၍ ရဲ့လင်းချန်နည်းတူ ပြန်နှုတ်ဆက်လိုက်သည်။ သူ့အပြုအမူက ယခင်ထက် ပိုမိုမိတ်ဆွေဆန်လာ၏။ ယခင် သူ၏ အပြုအမူက ရှောင်ဖေးဖေး မျက်နှာကြောင့်ဟု ဆိုနိုင်သော်လည်း ယခု သူ ရဲ့လင်းချန်ကို ထပ်၍ အထင်မသေးရဲတော့ပေ။
*ဒီလူငယ်လေးက သာမန်လူ မဟုတ်ဘူးပဲ*
“ဒါရိုက်တာလီ ဒါ အဆင်ပြေမယ်လို့ ခင်ဗျား ထင်လား”
ရဲ့လင်းချန် ပြန်မေးလိုက်လေသည်။
“ဒါပေါ့၊ ကျိန်းသေပေါက် အဆင်ပြေတယ်”
လီထိုက် ခေါင်းညိတ်လိုက်သည်။
“ညီလေးရဲ့ရဲ့ လှုပ်ရှားမှုက တကယ့် သိုင်းပညာပဲ၊ ဒါကိုသာ ရုပ်သံမှာ ထည့်လိုက်ရင် အဲ့စိတ်ကူးယဉ် အကွက်တွေ ယှဉ်နိုင်မှာ မဟုတ်ဘူး”
“ဒါဆို တော်သေးတာပေါ့”
ရဲ့လင်းချန် ပြုံးလိုက်သည်။ ပြဿနာ စရှာမိသူက သူ ဖြစ်သဖြင့် သူ ကူညီနိုင်သလောက် အစွမ်းကုန် ကူညီရ ပေမည်။
“ခင်ဗျားတို့ လူငယ်တစ်ချို့ ရှာဖို့ပဲ လိုတာ၊ သိုင်းကွက်ပုံစံကို ကျွန်တော် တာဝန်ယူပေးမယ်၊ ဒါဆို အားလုံး အဆင်ပြေပြီ”
လီထိုက် တစ်ခဏမျှ တွေဝေနေသေးသည်။ ထို့နောက် ရုတ်တရက် လှုံ့ဆော်မှုတစ်ခုနှင့်အတူ ရဲ့လင်းချန်ကို ပြန်ကြည့်လိုက်သည်။
“ညီလေးရဲ့၊ မင်းမှာ ဒီလို သိုင်းကွက်ကောင်းတွေရှိတာ၊ မင်း ဝူရှဇာတ်လမ်းတွဲ မရိုက်ရင် နှမြောစရာကြီးကွာ”
သိုင်းပညာအစစ်ကို သိုင်းဇာတ်လမ်းတွဲ၌ ထည့်ရိုက်ခြင်းသည် တကယ် ကြည့်ရတန်သော အရာတစ်ခုပင်။
“ဟုတ်တယ် လင်းချန်”
ရှောင်ဖေးဖေးက တောက်ပသော မျက်ဝန်းများဖြင့် ရဲ့လင်းချန်ကို ကြည့်နေသည်။ ရဲ့လင်းချန်က ခေါင်းခါ၍ အားတုံ့အားနာ ရယ်လိုက်သည်။
“ဒါရိုက်တာလီ၊ အစ်မဖေး‌ဖေး ကျွန်တော် တကယ် ရုပ်ရှင်ရိုက်ရတာကို မကြိုက်ဘူး”
“နင်က အပိုဇာတ်ကောင်နေရာကိုတောင် စိတ်ပါလက်ပါ ဝင်သရုပ်ဆောင်တာတောင် အခု အစ်မဖေးဖေးရဲ့ စကားကို နားမထောင်ချင်ဘူးပေါ့လေ”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ဒေါသထွက်ချင်ယောင်ဆောင်၍ စိုက်ကြည့်လေသည်။
“အဲ့လိုမဟုတ်ပါဘူး၊ ဒါက …”
ရဲ့လင်းချန် ဆုံးဖြတ်ချက် ချရခက်ဟန် ပေါ်လာသည်။
“ဟားဟားဟား … ညီလေးရဲ့ ဘာကို စိုးရိမ်နေလဲ ငါ သိပြီ”
လီထိုက်က ရယ်၍ ဝင်ပြောလေသည်။
“ဒဏ္ဍာရီလာ အမျိုးသမီး သူရဲကောင်းဇာတ်လမ်းထဲမှာ အစကနေ အဆုံးအထိ မျက်နှာဖုံး တပ်ထားရတဲ့ ဇာတ်ကောင် တစ်ခု ရှိတယ်၊ မင်းမျက်နှာ ပေါ်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူး”
“ဒါရိုက်တာ အဲ့ဒါ ဇာတ်လမ်းထဲက ဗီလိန်အကြီးစားလေ”
တစ်စုံတစ်ယောက်က ဘေးမှနေ၍ သူ့ကို သတိပေးလာ၏။ ဇာတ်ညွှန်းရေးဆရာသာမက ကင်မရာသမားကပါ ရဲ့လင်းချန်ကို စိတ်မချသလို ကြည့်လာကြသည်။
မျက်နှာအုပ်ထားလျင် လူတစ်ယောက်၏ သရုပ်ဆောင်စွမ်းရည်ကို စမ်းစစ်ရန် ခက်လှသည်။ ထို့အပြင် ပရိသတ်ကို မည်သို့ ဆွဲဆောင်ပါမည်နည်း။
“ငါတို့ မစမ်းကြည့်ဘဲ မသိနိုင်ဘူးလေ”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို အပြည့်အဝ ထောက်ခံလေ၏။ သူမက ရဲ့လင်းချန်လက်မောင်းကို ဆွဲချိတ်ကာ ပြောလိုက်သည်။
“အဲ့ဇာတ်ကောင်က ငါနဲ့ တွဲရိုက်ရတဲ့ ဇာတ်ကွက် များများပါတယ်၊ လင်းချန် ဒါကို ငါ့တောင်းဆိုမှုလို့ စဉ်းစားပြီး စမ်းကြည့်ပေးလို့ မရဘူးလားဟင်”
လီထိုက်နှင့် အခြားသူများအားလုံး ချွေးပြန်သွားသည်။ ရှောင်ဖေးဖေးက တစ်စုံတစ်ယောက်ကို ချွဲနွဲ့တတ် လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“ဒါက … ပြီးရောလေ”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော့် အချက်အလက်တွေကိုတော့ မဖော်ပါနဲ့”
သူ ပါပါရာဇီ၏ နောက်ယောင်ခံလိုက်ခြင်းမျိုး မလိုလားပါ။ ထို့နောက် အားလုံး အဆင်ပြေသွားလေသည်။ ရဲ့လင်းချန် အနက်ရောင် အပေါ်ဝတ်ရုံရှည်ကို ဝတ်လိုက်ပြီး အနက်ရောင် သံမျက်နှာဖုံး တပ်လိုက်သည်။ သူ၏ ကိုယ်နေဟန်ထားက ချောမောခံ့ညားမှုမျိုး ပေးစွမ်းနေ၏။
သူ၏ သိုင်းပညာလေ့ကျင်မှု အကျိုးကျေးဇူးကြောင့် သူ့အား တစ်မူထူးခြားသော အရှိန်အဝါမျိုး ထွက်ပေါ်စေပြီး ဤမျိုးဆက်၏ ဟန်ရေးပြသူများထက် ပိုမို၍ ဆွဲဆောင်မှု ရှိစေသည်။
“မဆိုးဘူး”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ခေါင်းစခြေဆုံးကြည့်၍ မှတ်ချက်ပေးလိုက်သည်။ ရဲ့လင်းချန်၏ ဇာတ်ကောင်သည် ဇာတ်လမ်းတွဲ၏ အဓိက ဗီလိန် ဖြစ်လေသည်။ ကြိုးကိုင်ခြယ်လှယ်တတ်၍ သူမတူအောင် သန်မာသော်လည်း ဇာတ်လိုက် အမျိုးသမီးကို ချစ်မိသွားသူ ဖြစ်သည်။ ဇာတ်လိုက် အမျိုးသမီးအဖြစ် သရုပ်ဆောင်ရမည့်သူက ရှောင်ဖေးဖေးပင်။
ဗီလိန်တစ်ယောက်က ဇာတ်လိုက်ကို ချစ်မိခြင်း။ အဖြေက အစကတည်းက ထွက်ပေါ်နေလေပြီ။ ရဲ့လင်းချန်က အမှောင်ထဲမှနေ၍ ရှောင်ဖေးဖေးကို ဆက်တိုက် ကူညီနေပြီး သူမအသက်ကို အကြိမ်ပေါင်းများစွာ ကယ်ခဲ့သည်။ နောက်ဆုံး၌ ရှောင်ဖေးဖေးအတွက် သူ့ကိုယ်သူ စတေးခဲ့လေသည်။
ဇာတ်ကြောင်းက အနည်းငယ် အပေါစားဆန်သော်လည်း သိုင်းပညာ အကြောင်းအရာများ ပါဝင်နေသဖြင့် သေချာပေါက် လူကြိုက်များနိုင်၏။
“လင်းချန် ခဏနေရင် နင့်အလှည့်နော်၊ မစိုးရိမ်နဲ့”
ထိုသို့ပြောပြီး ရှောင်ဖေးဖေးက စင်ပေါ်သို့ ဦးဆောင်၍ ခေါ်သွားသည်။ ဤဇာတ်ကွက်သည် ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးတို့ အချင်းချင်း စတွေ့သည့် နေရာ ဖြစ်ပေသည်။
ရှောင်ဖေးဖေး ခြေချော်၍ ချောက်ကမ်းပါးမှ ပြုတ်ကျခဲ့သည်။ ချောက်ကမ်းပါးအောက်၌ ရှိနေသော ရဲ့လင်းချန်က မြင်ပြီး သူမကိုကယ်ရန် အပေါ်သို့ ခုန်တက်လာသည်။
ချောက်ကမ်းပါးဟု ဆိုသော်ငြားလည်း ငါးမီတာတောင် မမြင့်သည့် အနည်းငယ် ညစ်ထေးနေသော တောင်ပူစာ တစ်ခုသာ ဖြစ်လေသည်။ နောက်ပိုင်းမှ ၎င်းကို ပြန်ပြင်ဆင်မှာ ဖြစ်သည်။
“ညီလေးရဲ့ မင်း ဆိုင်းကြိုး မလိုတာ သေချာရဲ့လား”
လီထိုက် စိုးရိမ်တကြီး မေးလိုက်သည်။
“မလိုပါဘူး”
ရဲ့လင်းချန် ခေါင်းခါပြလိုက်သည်။
“ငါးမီတာက မြင့်တယ်လို့ ပြောလို့မရဘူး၊ ကျွန်တော် အဆင်ပြေပါတယ်”
“ကောင်းပြီလေ”
“ရယ်ဒီ ….”
“အက်ရှင်”
ထိုအသံနှင့်အတူ ရှောင်ဖေးဖေး ခလုတ်တိုက်ကာ ကျောက်ကမ်းပါးမှ ပြုတ်ကျသွားသည်။ ကောင်းကင်ဘက် မျက်နှာမူထားပြီး လေတိုးဝှေ့ တိုက်ခတ်နေသဖြင့် သူမဝတ်ရုံက တဖျပ်ဖျပ် လွင့်နေ၏။
တကယ်တမ်း ရိုက်ကူးရာတွင် ရှောင်ဖေးဖေးက သိုင်းကြိုးဖြင့် ဖြည်းဖြည်းချင်း နိမ့်ဆင်းနေခြင်း ဖြစ်သည်။ ထိုအခိုက်တွင် မျက်နှာဖုံးနှင့် ရဲ့လင်းချန် ပေါ်လာ၏။
သူသည် ချောက်ကမ်းပါးအောက်၌ ရပ်နေပြီး ဘေးနားမှ လျှပ်စစ်ပန်ကာကြီးများ ဖွင့်ထားသဖြင့် သူ့အပေါ် ဝတ်ရုံက လေယူရာ ယိမ်းနေသည်။
ထို့နောက် သူ အားကုန်သုံး၍ ချောက်နံရံကိုနင်းကာ အပေါ်သို့ ပြေးတက်လေသည်။ တောင်ပူစာသည် ဒေါင်လိုက်သဏ္ဌာန် ရှိသည်။ သာမန်လူများ တက်ရန် အခက်အခဲ ရှိလှသည်။
သို့ရာတွင် ရဲ့လင်းချန်က နံရံကို ပြန့်ပြူးသော မြေကြီးသဖွယ် သဘောထားနေသည်။ ထို့နောက် သူသည် ဘေးဘက်ကို အားကုန်ကန်၍ အပေါ်သို့ ခုန်တက်လိုက်သည်။
သူ လက်နှစ်ဖက်လုံးဖြင့် ရှောင်ဖေးဖေးကို ဖမ်းထိန်းလိုက်လေသည်။ နှစ်ဦးသား ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် သံယောဇဉ်တွယ်ငြိသွားသည့် မျက်ဝန်းတို့က အနီးကပ် ရိုက်ကူးပြီးနောက် ဖြည်းဖြည်းချင်း အောက်ပြန်ကျလာသည်။
“လခွမ်း ဒါ နံရံကို ပြေးတက်တာကွ”
ကင်မရာသမားများ အံ့ဩကာ ကြက်သေ သေနေကြသည်။ ရဲ့လင်းချန်၏ လှုပ်ရှားမှုသည် အထူး ပြူလုပ်ချက်ဖြင့် ပြန်လည် တည်းဖြတ် ရိုက်ကူးရနိုင်သည့် အရာမျိုး မဟုတ်ပေ။ ဤစတန့်က သူ၏ ကြိုးစားအားထုတ်မှု သက်သက်ပင်။ ဤဇာတ်ကွက်က ဇာတ်လမ်းတွဲ၏ အဓိက စိတ်ဝင်စားစရာ အကောင်းဆုံးအခန်း ဖြစ်လာနိုင်၏။
“ဖေးဖေး ဖေးဖေး ….’
အစ်မလင်းက နူးညံ့စွာ ခေါ်လိုက်သည်။ ထိုအခါတွင်မှ ရှောင်ဖေးဖေး သတိဝင်လာပြီး ရဲ့လင်းချန်၏ ပွေ့ဖက်မှု အတွင်း၌ ရှက်သွေးဖြာလာသည်။
“နင် ဈာန်ဝင်သွားတာလား”
အစ်မလင်းက ရှောင်ဖေးဖေးကို မသင်္ကာစွာ မေးလိုက်သည်။ ပြုတ်ကျစဉ်အတွင်း၌ ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးတို့ အချင်းချင်း ချစ်မိသွားသည့် အကြည့်မျိုးဖြင့် ကြည့်ရသည်။ ထိုအခိုက်တွင် ရှောင်ဖေးဖေး တစ်ယောက် အံ့ဩစရာ ကောင်းလောက်အောင် သတိလွတ်သွားသည်။ ရှောင်ဖေးဖေး ရဲ့လင်းချန်ကို မော့မကြည့်ရဲပေ။
“မဟုတ်ပါဘူး ကျွန်မ အံ့ဩသွားရုံလေးပါ၊ လင်းချန်ရဲ့ သရုပ်ဆောင် စွမ်းရည်က ကောင်းလွန်းနေလို့”
အစောပိုင်း သူတို့ အချင်းချင်း စိုက်ကြည့်နေရချိန်တွင် ရဲ့လင်းချန်က မြင်မြင်ချင်း ချစ်မိသွားဟန်မျိုး သရုပ်ဖော်နိုင်၏။ ချစ်စိတ်ပြင်းပြဟန်၊ ဝိရောဓိ ဖြစ်ဟန်၊ ကြောက်လန့်ဟန်၊ နူးညံ့ဟန် စသည့် အရာအားလုံးကို အကြည့် တစ်ချက်တည်းနဲ့  ပုံဖော်နိုင်ခဲ့သည်။ ထိုအကြည့်က ရှောင်ဖေးဖေးကို ဆွဲခေါ်လုနီးပါး ဖြစ်ခဲ့ရသည်။
“စောစောက အခန်းကို ပြပါဦး”
လီထိုက် စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။ လူတိုင်း ရုပ်ရှင်ဖန်သားပြင်ကို ကြည့်နေ၏။ ဇာတ်ကွက်က တည်းဖြတ်ခြင်း မလုပ်ရသေးပေ။ သို့သော် သူတို့ တစ်ခါကြည့်မိသည်နှင့် အံ့ဩသွားရသည်။
“ညီလေးရဲ့ မင်း အရင်က သရုပ်ဆောင်သင်တန်း တက်ဖူးလား”
လီထိုက် ရဲ့လင်းချန်ကို မေးလိုက်သည်။ ရှောင်ဖေးဖေးနှင့် အခြားသူများကလည်း သူ့ကို ကြည့်လာကြသည်။ သူ၏ သရုပ်ဆောင်စွမ်းရည်က မယုံနိုင်စရာကောင်းလောက်အောင် ထူးချွန်နေသည်။
သူ ထုတ်ဖော်လိုက်သော အရှိန်အဝါ၊ သူ၏ အသေးစိတ်ကျသော လှုပ်ရှားဟန်၊ သူ၏ အကြည့် စသည့် အရာအားလုံးက ကွက်တိပင်။
ပုံမှန်အားဖြင့် အေအဆင့် စူပါစတား ဖြစ်သော ရှောင်ဖေးဖေးနှင့် မျက်နှာဖုံးထားသော ရဲ့လင်းချန်တို့ကို ရိုက်ကူးရာတွင် ကင်မရာက သူမကိုသာ အာရုံထားသင့်သည်။ သို့သော် ဖန်သားပြင်ကို ကြည့်လိုက်သောအခါ အားလုံး၏ အကြည့်များက ရဲ့လင်းချန်ထံသို့သာ လမ်းကြောင်းပြောင်းသွားလေသည်။
ထိုအခိုက်တွင် ရဲ့လင်းချန်သည် ဇာတ်လမ်းတွဲထဲမှာ ဗီလိန် ဖြစ်နေ၏။ ရက်စက်၍ မောက်မာသော်လည်း နူးညံ့၍ ချစ်ခင်တတ်သည်။ ထိုအရာများမှာ ဆန့်ကျင်ဘက်ဖြစ်သော အရည်အသွေးများ ဖြစ်လေသည်။ အကောင်းဆုံး သရုပ်ဆောင်အဆင့် ရောက်နေသူ မဟုတ်ပါက သာမန်လူတစ်ယောက်က ထိုအရည်အသွေးများကို အောင်မြင်စွာ ထုတ်ဖော် ပြသနိုင်မည် မဟုတ်ပေ။
ရဲ့လင်းချန်၏ သရုပ်ဆောင်စွမ်းရည်ကို စိုးရိမ်ခဲ့သော လူအုပ်ကြီးသည် အံ့ဩကာ ဘာမှမပြောနိုင်တော့ချေ။
“ညီလေးရဲ့ မင်းက သရုပ်ဆောင်ဖို့ မွေးဖွားလာသလိုပဲ”
လီထိုက် ထပ်မံ၍ ချီးမွမ်းလိုက်သည်။ ရဲ့လင်းချန် ဤနယ်ပယ်ကို စိတ်မဝင်စားသောကြောင့်သာ မဟုတ်ပါက ရဲ့လင်းချန်ကို သူ့လက်အောက်သို့ မရရအောင် ဆွဲခေါ်မိမှာပင်။
“ဒီအခန်းက တစ်ခါတည်းနဲ့ ပြီးသွားပြီပဲ၊ နောက်တစ်ခန်းအတွက် အသင့်ပြင်တော့”
လီထိုက်သည် ရဲ့လင်းချန်၏ သရုပ်ဆောင်စွမ်းရည်ကို စူးစမ်းဖော်ထုတ်ရန် မစောင့်နိုင်တော့ချေ။
“အက်ရှင်”
ဤဇာတ်ဝင်ခန်းမှာ ရဲ့လင်းချန် အဝိုင်းခံနေရသည့် အခန်း ဖြစ်သည်။ သို့သော် သူသည် အထက်စီးဆန်၍ မောက်မာသော အမူအရာဖြင့် သူ့တစ်ကိုယ်တည်း တိုက်ခိုက်၍ အခြေအနေကို ထိန်းထားလေသည်။
အနက်ရောင်ဝတ်ရုံ ဝတ်ထားသော ရဲ့လင်းချန်သည် လူအုပ်အလယ်၌ ရပ်နေသည်။ သူ မျက်နှာဖုံး တပ်ထား သော်လည်း သူ့အကြည့်များက ကောင်းကင်ကို ထိုးဖောက်နိုင်သည့် အလင်းများနှင့် ပြည့်နှက်နေသည်ဟု ထင်မှတ်ရပြီး အရာအားလုံးကို အထင်သေးသလို ကြည့်နေ၏။
“ငါ့လမ်းကို တားတဲ့လူတိုင်း သေရမယ်’
ထိုသို့ကြွေးကြော်လိုက်သည်နှင့် သူ့ဘေးပတ်လည်မှ အပိုဇာတ်ကောင်များသည် ဒူးများ ပျော့ခွေလာသည်ဟု ခံစားလာရသည်။ လီထိုက်သည်လည်း ဇာတ်ဝင်ခန်း အပြင်ဘက်၌ ရပ်နေသော်ငြားလည်း အထက်စီးဆန်သော ဖိအားတစ်ခုက သူ့ထံ ပျံ့လွင့်လာသည်ဟု ခံစားမိနေသည်။
ထိုအခိုက်တွင် ရဲ့လင်းချန် လှုပ်ရှားလာသည်။ သူ့လှုပ်ရှားမှုများမှာ လေ့ကျင်မှုများ မပါဘဲ သူ စိတ်ရှိသလို လှုပ်ရှားနေခြင်း ဖြစ်သည်။ လှုပ်ရှားမှုတိုင်းက ဖိနှိပ်ချုပ်ချယ်နိုင်သော်လည်း ထူးချွန်ပြောင်မြောက်လှသည်။ လူအုပ်ထဲ၌ သူသည် လူတိုင်းထက် သာလွန်‌သော အဆင့်တစ်ခုသို့ ရောက်နေပြီး သူ၏ ကျွမ်းကျင်သော သိုင်းပညာနှင့် လောကကြီးကို သေးသိမ်သွားစေသည့် အရှိန်အဝါတို့အား သရုပ်ဆောင်နေစဉ်အတွင်း အပြည့်အဝ ထုတ်ဖော်နိုင်လေသည်။
“အံ့ဩစရာပဲ၊ ဒါ သရုပ်ဆောင်စွမ်းရည်ပဲ”
လီထိုက် စိတ်လှုပ်ရှားစွာ အမိန့်ပေးလိုက်သည်။
“ကင်မရာမန်း၊ ထောင့်အားလုံးကနေ ရိုက်ထား၊ သူ့အကြည့်၊ လှုပ်ရှားမှုနဲ့ ခြေလှမ်းတွေ၊ ဘာတစ်ခုမှ မကျန်ခဲ့စေနဲ့”

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now