Chapter 48

975 118 0
                                    

Chapter 48 တစ်ယောက်ချင်း ပြိုင်ပွဲ

စင်မြင့်ထက်၌ ရဲ့လင်းချန်နှင့် စွန်းချောင်တို့ မျက်နှာချင်းဆိုင် ရပ်နေကြပြီး နှစ်ယောက်ကြား၌ အကွာအဝေးက ငါးမီတာပင် မရှိချေ။
စွန်းချောင်၏ မျက်လုံးတွင် စိတ်လှုပ်ရှားမှုနှင့် သွေးဆာမှုတို့ဖြင့် ပြည့်နှက်နေ၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးနောက် ပခုံးကို တွန့်ကာ အကြောအချဉ်များ ဖြေလျော့နေသည်။
လူတိုင်း၏ အမြင်တွင် သူသည် ကျားတစ်ကောင်သဖွယ် ဖြစ်နေပြီး ကြောက်စရာ ကောင်းသော အရှိန်အဝါတစ်ခု ထုတ်လွှင့်နေသည်။ တစ်ဖက်တွင်မူ ရဲ့လင်းချန်က သာမန်ပင်။ သူသည် နေရာ၌ နုံအသော ကျောင်းသားသဖွယ် ရပ်နေသည်။
“တိုက်ခိုက်တာက အန္တရာယ်များတယ်၊ မင်း ဘယ်ခြေလက်ကိုမဆို ဆုံးရှုံးခဲ့ရရင် ငါ့ကို အပြစ်မတင်နဲ့”
စွန်းချောင်က နှုတ်ခမ်းကိုတွန့်၍ မခိုးမခန့် ပြုံးလေသည်။ ရဲ့လင်းချန်ကမူ စင်ပေါ်၌ ရှိနေသူက သူမဟုတ်သကဲ့သို့ တည်ငြိမ် အေးဆေးသော မျက်နှာထားနှင့် ကြည့်နေသည်။
“ကျုပ် ခင်ဗျားကို အခွင့်အရေး ထပ်ပေးမယ်၊ တစ်ခန်းလုံးကို တောင်းပန်ပြီး နည်းပြနေရာက နုတ်ထွက်ပါ၊ ဒီအခွင့်အရေးကို ခင်ဗျား လက်လွှတ်ရင် တောင်းပန်ဖို့‌ နောက်ကျသွားလိမ့်မယ်”
ရဲ့လင်းချန်၏ ရိုးရှင်းသော စကားက ကွင်းပြင်တစ်ခုလုံးသို့ ပျံ့လွင့်လာပြီး လူအုပ်ကြီးအား ပို၍ ငြိမ်ကျ သွားစေသည်။ ထို့နောက်တွင်မူ လူအုပ်ထဲမှ လှောင်ရယ်သံများ ထွက်ပေါ်လာ၏။ လူတိုင်းက ရဲ့လင်းချန်ကို အရူးသဖွယ် ကြည့်နေကြသည်။
“ချီးပဲ ငါ ကြားလိုက်တာ မှန်လား၊ ငါ့နားတော့ ပြဿနာ ရှိနေပြီထင်တယ်”
“သူ နည်းပြကို စိန်ခေါ်ရဲတာ မဆန်းပါဘူး၊ သူက အရူး ဖြစ်နေတာကိုး၊ သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတာပဲ”
“သူ့ကို ကြွားဝါတဲ့အဆင့်မှာ အမှတ်ပြည့် ပေးရမယ်နဲ့ တူတယ်”
ဟဲယွမ်သည်လည်း ခွက်ထိုးခွက်လန် ရယ်မောကာ ဗိုက်ကိုနှိပ်နေပြီး ဟန်ချက်ကို မထိန်းနိုင်ပေ။ သူ တအံ့တဩ ပြောလိုက်သည်။
“ဒီကောင်က အစွမ်းအစတော့ ရှိသားပဲ၊ သူက နှုတ်ရေးမှာတော့ ဆရာပဲ၊ သူ လူတစ်ယောက်ကို အရယ်လွန်ပြီး သေအောင် လုပ်နိုင်တယ်ဟ၊ ကြောက်ဖို့ကောင်းလိုက်တာ”
ခပ်လှမ်းလှမ်းမှ လီမူရွှယ် ခေါင်းခါနေမိသည်။ သူမမျက်လုံး၌ ရှုပ်ထွေးသော ခံစားချက်များ ပေါ်လွင်နေသည်။
*ဒီလူက ဘတ်စ်ကားပေါ်မှာ အတော်လေး အံ့ဩစရာ ကောင်းခဲ့တာ၊ သူ့အပြုအမူအရ အမိန့်ကို ဦးညွှတ်တတ်ဖို့ မဖြစ်နိုင်ဘူး၊ သူ့ပြိုင်ဘက်က နည်းပြတစ်ယောက် ဖြစ်နေတာ ဆိုးတာပဲ*
*လူတစ်ယောက်က အခြေအနေကို လိုက်ပြီး လိုက်လျောညီထွေ နေတတ်ဖို့ လိုတယ်လေ၊ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို နင်းပြီး အသားစီးရအောင် လုပ်ရမှာ … အခုတော့ ဒါက ပြဿနာ ရှာရုံသက်သက်ပဲ ဖြစ်နေပြီ*
“အစ်မမူရွှယ် ရှင် အဲ့အသုံးမကျတဲ့လူအတွက် စိုးရိမ်နေတာလား”
ဟွမ်ရှောင်မန် စိုးရိမ်တကြီး ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတဲ့ ပထမဆုံးအနမ်းကြောင့် နင် ကြွေသွားလို့ မဖြစ်ဘူးနော်၊ ခွေးကိုက်ခံရတယ်လို့ပဲ သဘော ထားလိုက်၊ လုံးဝ မကြွေဆင်းသွားနဲ့”
“မဟုတ်ဘူး၊ ငါ မစိုးရိမ်ပါဘူး၊ မဟုတ်တာတွေ မပြောနဲ့”
လီမူရွှယ် ရှက်သွေးဖြာသွားပြီး ငြိမ်ကျသွားလေသည်။ လူအုပ်ထဲမှ ရဲ့လင်းချန်၏ အတန်းဖော်များ သွေးပျက်ကာ မျက်နှာ ပြာနှမ်းနေ၏။
တစ်ဖက်လူမှာ သိုင်းပညာရှင် ဖြစ်သည်။ သူသည် သာမန်လူအား လုံးထွေးသတ်ပုတ်ရုံဖြင့် အမှောက်သိပ်နိုင်၏။
*ဘာလို့‌ ရှောင်ရဲ့က အမြော်အမြင်မရှိတဲ့ စကားမျိုး ပြောရတာလဲ*
“ဘာဖြစ်တာလဲ၊ ရုတ်တရက်ကြီး မင်းတို့ အမူအရာက ကြည့်ရဆိုးသွားပါလား”
ဟဲယွမ်က ရှောင်ကမ်းနှင့် အခြားသူများကိုကြည့်၍ ကျိတ်ရယ်လေသည်။
“ခင်ဗျားရဲ့ သောက်ပါးစပ်ကို ပိတ်ထားလို့ ရမလား”
အာလူးလေး အော်ငေါက်လိုက်သည်။
ဘာလို့ မင်း ဒေါပွနေတာလဲ”
ဟဲယွမ် ရယ်လေသည်။
“ငါသာ မင်းဆိုရင် ဝှီးချဲတစ်လုံးလောက် သွားယူလိုက်ပြီ၊ အဲ့ဒါမှ မင်း နောက်ကျရင် အဲ့အရူးကို ခေါ်ထုတ်သွားလို့ ရမှာလေ၊ ဟုတ်သားပဲ မင်းတို့ သူ့ကို ဆေးရုံခေါ်သွားပြီး သူ့ဦးနှောက်ကို စစ်ဆေးသင့်တယ်”
စွန်းချောင် ရယ်ရလွန်း၍ မျက်ရည်ပါ ထွက်နေသည်။ သူသည် ရဲ့လင်းချန်အား လက်ညှိုးထိုး၍ အသက်ပြင်းပြင်း ရှူလိုက်သည်။
“မင်း ဘာသောက်ချီးတွေ ပြောနေတာလဲ၊ ငါ့ကို အခွင့်အရေး ပေးမယ်ဟုတ်လား”
ထိုသို့ပြောပြီးသည်နှင့် သူသည် ရဲ့လင်းချန်ထံသို့ ဆာလောင်နေသော ကျားသဖွယ် ပြေးဝင်သွားပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
လျှပ်စီးကဲ့သို့ လျင်မြန်၍ ပျော့ပျောင်းသော လက်သီးချက်က ရဲ့လင်းချန်၏ ရင်ဘတ်ထံသို့ တိုးဝင်လာသည်။ လက်ရှိတွင် သူသည် အစောပိုင်းက ရဲ့လင်းချန်၏ ကိုင်ပေါက်ခြင်းကြောင့် သတိရှိနေသည်။ သူ၏ လက်သီးအား အောက်သို့ နှိမ့်ထားပြီး ခန္ဓာကိုယ်အား ဟန်ချက်ညီအောင် ထိန်းထားသည်။
သို့သော် ရဲ့လင်းချန်က လက်တစ်ဖက်ကိုမြှောက်၍ လက်သီးကို ဖမ်းလိုက်သည်။ သူ၏ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းက နည်းနည်းလေးမျှ မရွေ့ပေ။
စွန်းချောင် စိတ်လေးသွားပြီး ရဲ့လင်းချန်အား တအံ့တဩ ကြည့်လိုက်သည်။ ထို့နောက် သူသည် နောက်လက် တစ်ဖက်ဖြင့် ရဲ့လင်းချန်အား ထပ်ထိုးလိုက်သည်။
သူ့အကွက်က ကလေးကစားသလောက်ပင် ရှိသည်။ ရဲ့လင်းချန်က သူ့လက်သီးကို နောက်လက်တစ်ဖက်ဖြင့် ဖမ်းလိုက်လေသည်။
စွန်းချောင် လက်ကို ပြန်ဆွဲထုတ်ရန် ကြိုးစားသော်လည်း သူ့လက်သီးအား နှိုင်းယှဉ်မရသော အင်အားတစ်ခုက လှုပ်မရအောင် ချုပ်နှောင်ထားသည်ဟု ခံစားမိလိုက်သည်။
ထို့နောက် သူသည် ခြေထောက်တစ်ဖက်ကို မြှောက်၍ ကန်ရန် ကြိုးစားသည်။ ရဲ့လင်းချန်ကလည်း ခြေထောက် မြှောက်၍ စွန်းချောင် ခြေထောက်ကို ဖိထားလေသည်။
“မင်း”
စွန်းချောင် ရဲ့လင်းချန်ကို မယုံနိုင်သလို ကြည့်လိုက်မိသည်။ သူ့မျက်လုံးတွင်း၌ ကြောက်စိတ် ပေါ်လာ၏။ လျင်မြန်မှု၊ ခွန်အားနှင့် နည်းစနစ်ပိုင်းတွင် သူ ရဲ့လင်းချန်ကို မယှဉ်နိုင်ပါ။
“ငါ အ …”
“ဂျွတ်”
သူ အရှုံးပေးချင်သော်လည်း သူ့စကားမဆုံးခင်မှာပင် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ရဲ့လင်းချန်ကြောင့် သူ့လက်မောင်း နှစ်ဖက်လုံး ကျိုးသွားပြီး အရိုးများ ကြေမွသွားသည်။ ထို့နောက် ရဲ့လင်းချန်က လက်တစ်ဖက်ကို မြှောက်လိုက်သည်။
“ဖြောင်း”
စွန်းချောင်သည် ပါးရိုက်ခံရခြင်းကြောင့် လွင့်ထွက်သွားပြီး လေထဲ၌ တစ်ပတ်လည်ပြီးမှ ပြန်ပြုတ်ကျလာ၏။
“ဒီရိုက်ချက်က ကျုပ်တို့အခန်းက မိန်းကလေးတွေအတွက်”
ရဲ့လင်းချန်က အေးအေးလူလူ ပြောလိုက်သည်။ ထို့နောက် သူသည် ခြေထောက်ကို မြှောက်၍ စွန်းချောင်၏ ဗိုက်ကို ကန်လေသည်။
“အွတ်”
စွန်းချောင်၏ ခန္ဓာကိုယ်က စင်မြင့်၌ လျှောတိုက်လွင့်သွားပြီး အောက်သို့ ပြုတ်ကျသွားသည်။
“ဒီကန်ချက်က ကျုပ်တို့အခန်းထဲက ယောက်ျားလေးတွေအတွက်”
ရဲ့လင်းချန်သည် စင်မြင့်အစွန်းသို့ လျှောက်လာပြီး စွန်းချောင်အား အထင်သေးစွာ ငုံ့ကြည့်လေသည်။
“ဝေါ့”
စွန်းချောင် သွေးအန်လာပြီး မျက်နှာပြာနှမ်းနေကာ မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်လာ၏။ သူ မြေကြီးပေါ် လဲနေသည်။ ပြင်းထန်သော ဝေဒနာက သူ ပြန်ထရ ခက်နေသည်။ သူ့လက်မောင်းနှစ်ဖက်လုံး ကျိုးသွားပြီး မျက်နှာ ရောင်ကိုင်းကာ ဗိုက်တွင်လည်း စူးရှသော ဝေဒနာနှင့် ပြည့်နေလေသည်။
သူ ရှုံးသွားပြီ။ သူ ဆိုးဆိုးရွားရွား ရှုံးသွားလေပြီ။ အစမှအဆုံးတိုင် ရဲ့လင်းချန်က သားကောင်ကို ကစားနေသော ကြောင်တစ်ကောင်လိုပင်။ သူသည် စွန်းချောင်၏ တိုက်ကွက်ကို အသာလေး ချေဖျက်ကာ အမှောက်သိပ်နိုင်၏။
လတ်တလော အခြေအနေကို ပြန်တွေးပြီးနောက် သူ ခုခံချင်စိတ်ပင် မရှိတော့ချေ။
*သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ*
ရဲ့လင်းချန်က တစ်ဖက်လှည့်ကာ စင်မြင့်ထက်မှ ပြန်ဆင်းလာသည်။ သူ စွန်းချောင်ကို အခွင့်အရေး ပေးခဲ့ သော်လည်း စွန်းချောင်က တန်ဖိုးမထားခဲ့ပေ။ ထို့ကြောင့် သူ အရေးမပါသော စကားများ ဆက်ပြောရန် မလိုအပ် တော့ပါ။
ထိုအခိုက်တွင် ကွင်းပြင်တစ်ခုလုံး သုသာန်အလား တိတ်ဆိတ်သွားသည်။ လူအုပ်ကြီးသည် မျက်လုံးပြူးကာ အသက်ရှူရန်ပင် မေ့နေ၏။ သူတို့အားလုံး နေရာမှာတင် ကြက်သေ သေနေမိသည်။ ကွင်းပြင်မှ ကျောင်းသားများ၊ ဆရာများနှင့် နည်းပြများပါမကျန် အံ့အားသင့်နေကြသည်။
တစ်ယောက်ချင်း တိုက်ပွဲက အလွန် လျင်မြန်စွာ ပြီးဆုံးသွားသည်။ ရလဒ်ကလည်း သူတို့ ထင်ထားသည်ထက် ကျော်လွန်နေ၏။ အိပ်မက်တစ်ခုဟုပင် ထင်မှတ်ရလေသည်။
ယခင်က သူတို့အားလုံး ရဲ့လင်းချန်ကို စိုးရိမ်ခဲ့ကြသည်။ နည်းပြက ရှုံးသွားလိမ့်မည်ဟု မည်သူက ထင်ထား မည်နည်း။
ပထမနှစ် ကျောင်းသားက နည်းပြကို အနိုင်ယူခြင်း။ ဤသည်မှာ ပီကင်းတက္ကသိုလ်၏ သမိုင်း၌ မဆိုထားနှင့် တစ်နိုင်ငံလုံး၌ မရှိနိုင်သော မှတ်တမ်းသစ်ပင်။
“ဒါ … ဒါ ဘယ်လိုဖြစ်ရတာလဲ”
ဟဲယွမ် စင်အောက်၌ ငြိမ်၍ ရပ်နေမိသည်။ သူ အချိန်အတော်ကြာမှ သတိဝင်လာ၏။ သူ၏ ခြေလက်များ ထုံကျင် အေးစက်ကာ ရင်တုန်သလို ခံစားလိုက်ရသည်။
ရဲ့လင်းချန်က ဤမျှ အစွမ်းအစရှိသော တိုက်ခိုက်ရေးသမား ဖြစ်နေသည်။ ရဲ့လင်းချန်မှ သူ အထိုးခံရလျင် တစ်ခါတည်း ကြွသွားလိမ့်မည်ဟု ဟဲယွမ် ခံစားမိနေ၏။
ပတ်ဝန်းကျင်မှ ကျောင်းသားများအားလုံး ထိတ်လန့်ရာမှ တဖြည်းဖြည်း သတိဝင်လာကြသည်။ လူတိုင်း ရဲ့လင်းချန်ကို မျက်လုံးပြူးကြည့်ကာ အံ့ဩ၊ ကြောက်ရွံ့၍ တွေဝေသလို ခံစားနေရသည်။
“နိုင် … နိုင်သွားတာလား”
“လခွမ်း ဘာတွေဖြစ်သွားတာလဲ၊ ငါ ဝေးလွန်းလို့ မမြင်လိုက်ရဘူး၊ တစ်ယောက်ယောက် ငါ့ကို ရှင်းပြလို့ ရလား”
“ဒီနှစ် ကျောင်းသားသစ်က ရက်စက်တဲ့လူပဲ၊ နောက်ဆို ငါတို့ ဂျူနီယာ ညီမလေးတွေကို ဘယ်လို ပိုးပန်းရမလဲ ဆိုတာကို စဉ်းစားရတော့မယ်”
လူအုပ်ထဲ၌ စိတ်အလှုပ်ရှားဆုံး လူများမှာ အတန်းခြောက်မှ လူများ ဖြစ်လေသည်။
“ရှောင်ရဲ့ မိုက်တယ်ဟေ့၊ အံ့ဩစရာပဲ”
“ရှောင်ရဲ့ မင်း အတိုက်အခိုက် ကျွမ်းတယ်လို့ ဘာလို့ ငါတို့ကို မပြောတာလဲ၊ မင်း ငါတို့ကို တစ်ချိန်လုံး ဘာမှမဟုတ်ဘဲ စိုးရိမ်ရအောင် လုပ်တယ်ကွာ”
“ဟုတ်တယ် ငါ ငိုမိတော့မလို့ကွ သိလား၊ မင်း ငါ့ခံစားချက်တွေကို လှည့်စားတယ်”
ထိုအခိုက်တွင် ရဲ့လင်းချန်က သူတို့ထံ လျှောက်လာနေပြီး သူတို့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် ဝင်းပကာ နီမြန်းနေ၏။ ဤသို့သော အခြေအနေအတွက် သူတို့ ပြောစရာ စကားမဲ့နေပြီးနောက် မရည်ရွယ်ဘဲ အားလုံး ထအော်လိုက်မိသည်။
“ယီးပဲဟေ့”
လက်ရှိတွင် ရဲ့လင်းချန်မှ ရောင်ခြည်များ ဖြာထွက်နေသည်ဟုပင် သူတို့ ခံစားမိနေ၏။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now