Chapter 105

865 80 0
                                    

Chapter 105 သွေးရူးသွေးတန်း ခေါ်ဆိုခြင်း

အတွင်းအားသုံးနိုင်သော သိုင်းပညာရှင် ဖြစ်လာရန်အလို့ငှာ လူတစ်ယောက်သည် တင်းကျပ်သော သတ်မှတ်ချက်တို့နှင့် ပြည့်မီမှ ရပေမည်။ ထို့အပြင် အတွင်းအားသုံး သိုင်းပညာရှင်က မည်မျှ သန်မာနေပါစေ သူသည် တိုက်ရည်ခိုက်ရည် မသိမသာ ပိုသန်မာသော လူသားတစ်ဦးသာလျင် ဖြစ်ပေလိမ့်မည်။ သေနတ် ကိုင်ထားသော ရန်သူများကို သူတို့ မယှဉ်နိုင်သေးပါ။
ထို့ကြောင့်ပင် သိုင်းပညာရှင်များသည် သူတို့၏ သိုင်းပညာ လေ့ကျင့်ရေးကို အာရုံစိုက်ရုံသာမက သေနတ်ပစ်ခြင်း၊ ရုပ်ဖျက်ခြင်းနှင့် အခြားစွမ်းရည်များကိုပါ လေ့လာသင်ယူကြခြင်း ဖြစ်သည်။ အတွင်းအားကို မည်သို့ အသုံးပြုရမလဲ ဆိုသည်ကို အောင်မြင်စွာ သင်ယူနိုင်သူက ပို၍ နည်းပါးလေ၏။
တရုတ်နိုင်ငံတွင် ဖြစ်စေ၊ ဂျပန်နိုင်ငံတွင်ဖြစ်စေ အတွင်းအားသုံး သိုင်းပညာရှင်များက အလွန် ရှားပါးကြသည်။ သူတို့အား နိုင်ငံရတနာအဖြစ်ပင် သတ်မှတ်ကြလေသည်။
ဥပမာပြောရမည်ဆိုလျင် သာမန် သိုင်းပညာရှင်က နှစ်မီတာ ခုန်လွှားနိုင်ပါက အတွင်းအားသုံး သိုင်းပညာရှင်သည် အတွင်းအား၏ အကူအညီဖြင့် ငါးမီတာ အမြင့်ကိုပင် အခက်အခဲမရှိ ဖြတ်ကျော်နိုင်သည်။
ပြောင်းလဲမှုက သေးငယ်သော်လည်း ထင်သလောက် မရိုးရှင်းပါ။ အလွန် ခက်ခဲမှုမြင့်မားသော မစ်ရှင်များအား အတွင်းအားသုံး သိုင်းပညာရှင်များသာ လုပ်ဆောင်နိုင်သည်ဟု ဆိုလိုနေ၏။
ထို့အပြင် သူတို့ လေ့ကျင့်သော သိုင်းပညာပေါ် မူတည်၍ တစ်ယောက်ချင်းစီ၏ အတွင်းအားက မတူညီပါ။ အချို့က ခြေထောက်ကို အလေးထား၍ လေ့ကျင့်ကြသည်။ ထို့ကြောင့် သူတို့၏ အတွင်းအားက ခြေထောက်တွင် ထုတ်ဖော် အသုံးပြုနိုင်ကြသည်။ အချို့သည် လက်ချောင်းများကို အလေးထား၍ ကျင့်ကြံကြသောအခါ အတွင်းအားက လက်ချောင်းများတွင်းမှ ထွက်ပေါ်လေသည်။ အရဟာ လက်သီးကို လေ့ကျင့်သော ရဲ့လင်းချန်မှာမူ အတွင်းအားက လက်မောင်းတစ်ခုလုံးမှ ထွက်ပေါ်လေ၏။
ဤသည်က တစ်ယောက်ချင်းစီကို သူမတူသော စွမ်းရည်များ ရှိစေသည်။
"လေ့ကျင့်တဲ့ပုံပေါ် မူတည်ပြီး အတွင်းအား ထွက်ပေါ်တဲ့နေရာက မတူတဲ့အပြင် အတွင်းအားရဲ့ ပုံသဏ္ဌာန်ကလည်း မတူဘူး၊ ကမ္ဘာမြေရဲ့ ဂိတ်တံခါးခေါင်းဆောင်က အဆိပ်ပညာကို သိနားလည်တဲ့ သူမို့လို့ သူ့အတွင်းအားထဲမှာ အဆိပ်ပါအောင် လုပ်ထားခဲ့တာ၊ ငါ့ရောဂါက သူ့အတွင်းအားကြောင့် ဖြစ်ရတာပဲ၊ အဲ့ဒါကြောင့် အတွင်းအားသုံးတဲ့ သိုင်းပညာရှင်နဲ့ ရင်ဆိုင်ရရင် မင်း သေသေချာချာ သတိထားရမယ်"
အဘိုးလင်းက သတိပေးလေသည်။ ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ သိုင်းပညာရှင်များအတွင်း၌ ကွဲပြားခြားနားမှု များစွာ ရှိနေလိမ့်မည်ဟု သူ ထင်မထားမိပါ။
လွန်ခဲ့သော ဆယ်နှစ်က ကမ္ဘာမြေရဲ့ ဂိတ်တံခါး ခေါင်းဆောင်နှင့် ယှဉ်ပြိုင်ခဲ့သော အဘိုးလင်းသည်လည်း အတွင်းအားသုံး သိုင်းပညာရှင် ဖြစ်နေခဲ့သည်။
အတွင်းအား ထွက်ပေါ်ပုံနှင့် ၎င်း'အစွမ်းတို့က ကျင့်ကြံသော သိုင်းပညာပေါ် မူတည်နေ၏။ သူ၏ အရဟာ လက်သီးက အဘယ်အဆင့်သို့ ရောက်နေသလဲ သူ မသိပါ။
သူသည် အတွင်းအားသုံး သိုင်းပညာရှင်နှင့် တစ်ခါမှ ရင်မဆိုင်ဘူးသဖြင့် သူ့ကိုယ်သူ မည်သူနှင့်မှ မယှဉ်ဖူးချေ။
အတွင်းအားသုံး သိုင်းပညာရှင်၏ အချက်အလက်သည် တစ်ခါမှ အများသိအောင် ထုတ်ဖော်ခြင်း မရှိပါ။ လင်းအောင်နှင့် လင်းရှို့ရွှယ်တို့တောင်မှ ယခုမှ ရေးတေးတေး သိကြလေသည်။ သူတို့ ထိတ်လန့်နေကြသည်။ အထူးသဖြင့် လင်းအောင်ပင်။ စကားဝိုင်းလေးတစ်ခုမှ လျှို့ဝှက်ချက်များစွာကို သူ ကြားလိုက်ရသည်။ သူ့မျက်နှာက လေးနက်လာပြီး ရှေ့ဆက် လျှောက်ရမည့် နောက်ထပ် ပန်းတိုင်တစ်ခု ရှိနေပြီ ဖြစ်ကြောင်း သိလိုက်သည်။
မကြာခင်မှာပင် ရဲ့လင်းချန်က အဘိုးလင်းကို ကုသခြင်း ပြီးစီးသွားသဖြင့် သူ ပြင်ဆင်၍ ထွက်သွားရန် အသင့်ပြင်တော့သည်။
ရဲ့လင်းချန် ထွက်မသွားခင်၌ လင်းအောင်က သူ့ကို တားလာပြီး တီးတိုး ပြောလာသည်။
"ညီလေးရဲ့ မင်း အတွင်းအားကို တကယ် ထုတ်ဖော်နိုင်ပြီလား"
"ထင်ရတာပါပဲ"
ရဲ့လင်းချန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ၊ ဘယ်လို ခံစားရလဲ၊ ငါ သတိထားသင့်တဲ့ အရာမျိုးရော ရှိလား"
လင်းအောင်သည် ရဲ့လင်းချန်ကို မေးခွန်းထုတ်နေရင်းနှင့် မျက်လုံးများ အရောင်တောက်နေသည်။
"အစ်ကို့အဘိုး အခုလေးတင် ပြောလိုက်တယ် မဟုတ်ဘူးလား၊ သိုင်းပညာတစ်မျိုးကို ဆက်တိုက် လေ့ကျင့် နေသရွေ့ အတွင်းအားကို ထုတ်ဖော်နိုင်မယ့် အခွင့်အရေး ရှိလာမယ်လို့ ပြောတယ်လေ"
"ဒါပေမဲ့ အတွင်းအားဆိုတာကြီးက အရည်အချင်းနဲ့ ကံကောင်းမှုလည်း လိုတယ်လို့ အဘိုး‌ ပြောတယ်လေ၊ အဲ့ဒီ ကမ္ဘာမြေရဲ့ ဂိတ်တံခါးက အရမ်း သန်မာလွန်းတယ်၊ တရုတ်နိုင်ငံရဲ့ စစ်သည်တော်ဌာနက သူတို့ထက် အားနည်းနေလို့ မဖြစ်ဘူး"
လင်းအောင် မချင့်မရဲ ဖြစ်နေသည်။
"မင်းပဲ ငါ့ကို သင်ပေးပါလား"
"ကျွန်တော်ကလား၊ အစ်ကိုလင်းကို သင်ပေးရမယ် ဟုတ်လား"
ရဲ့လင်းချန်က လင်းအောင်ကို တအံ့တဩ ကြည့်နေပြီးမှ ခေါင်းခါလေသည်။
"ကျွန်တော့်မှာ အချိန်မရှိဘူးဗျ"
"ညီလေးရဲ့ မင်း အခုထိ စစ်သည်တော်ဌာနကို ဝင်ချင်စိတ် မရှိသေးဘူးလား"
လင်းအောင်က ရဲ့လင်းချန်ကို စိတ်အားထက်သန်စွာ ကြည့်လေသည်။
"ဘာဖြစ်ခဲ့သလဲ မင်း မြင်တာပဲလေ၊ ကမ္ဘာမြေရဲ့ ဂိတ်တံခါး အဖွဲ့ဝင်တွေက စည်းကျော်နေပြီ"
ရဲ့လင်းချန် ငြိမ်သက်မြဲ ငြိမ်သက်နေ၏။ လင်းအောင်က အခွင့်ရတုန်း ဆက်ပြောလေသည်။
"မင်းတက္ကသိုလ်က အဖြစ်အပျက်နဲ့ ပတ်သက်ပြီးလည်း ငါ စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ မင်းလည်း သတိထားမိသင့်တယ်၊ တစ်ခါတလေ ဂုဏ်အဆင့်အတန်း ရှိတာက သိပ်အဆင်ပြေတဲ့ အရာပဲ၊ အနည်းဆုံးတော့ အနိုင်ကျင့်ခံရမယ့်အစား မင်း မကောင်းတဲ့လူတွေကို အပြစ်ပေးနိုင်တာပေါ့ကွာ"
ရဲ့လင်းချန်၏ မျက်လုံးများက အတွေးနက်နေဟန် ပေါ်သည်။
ယခုမတိုင်မီအထိ သာမန်လူတစ်ယောက် ဖြစ်ခဲ့သောကြောင့် သူသည် လောကကြီးအား အလွန် သမာရိုးကျသော အမြင်ဖြင့်သာ မြင်ခဲ့သည်။ သို့သော် ယခုအခါတွင်တော့ လောကကြီးက သူ ထင်သလောက် မရိုးရှင်းမှန်း သိလိုက်ရသည်။ လင်းအောင်၏ စကားက သူ့စိတ်ထဲ၌ ရိုက်ခက်နေသည်။ သူ့တွင် စနစ် ရှိ၏။ ဆက်လက် ပုန်းကွယ်နေခြင်းက အဖြေ မဟုတ်ချေ။ သူ၏ လူမှုအဆင့်အတန်းနှင့် စွမ်းရည်များကို မြှင့်တင်ရန် လိုအပ်ပေသည်။ ယင်းကသာ သူ့ကိုယ်သူ ကာကွယ်နိုင်မည့် အကောင်းဆုံး နည်းလမ်းပင်တည်း။
နောက်ဆုံး၌ ရဲ့လင်းချန် ဆုံးဖြတ်ချက် ချလိုက်သည်။
"ဟုတ်ပါပြီ၊ ကျွန်တော် စစ်သည်တော်ဌာနကို ဝင်ပါ့မယ်၊ ကျွန်တော် ဘာလုပ်ဖို့ လိုသလဲ"
"ဟားဟားဟား သိပ်ကောင်းတယ်"
လင်းအောင် အူမြူးသွားသည်။
"ညီလေးရဲ့ မင်း အဲ့လောက် တွေးနေစရာ မလိုပါဘူး၊ မင်း စစ်သည်တော်ဌာနကို ဝင်တာနဲ့တင် အောင်ပွဲခံဖို့ ထိုက်တန်နေပါပြီ၊ မင်း ဘာမှလုပ်စရာ မလိုဘူး"
"အရင်တစ်ခေါက်က မင်း စွန်းချောင်နဲ့ သူ့ညီကို အပြစ်ပေးတယ်၊ အခု မင်း ကမ္ဘာမြေရဲ့ ဂိတ်တံခါးက ငွေအဆင့် အဖွဲ့ဝင်တွေကို ဖမ်းပေးခဲ့တယ်၊ မင်းရဲ့ လုပ်ဆောင်ချက်တွေက အတော်ကောင်းနေပြီ၊ ငါ မင်းအတွက် လျှောက်လွှာ တင်ထားပေးမယ်၊ ငါတို့ မင်းကို အနည်းဆုံး အနိမ့်ဆုံးအဆင့် စစ်သည်တော်ကနေ စခိုင်းမယ်"
"အဆင့်နိမ့် စစ်သည်တော်အဆင့်အဖြစ် စရမှာလား"
ရဲ့လင်းချန် အနည်းငယ် အံ့ဩသွားသည်။
"အဲ့ဒါက တော်တော်လေး နိမ့်နေတာပဲ၊ ငါ့အမြင်မှာတော့ မင်းရဲ့အဆင့်က အဆင့်နိမ့် စစ်သည်တော်အဆင့်ထက် ပိုသာတယ်၊ ဒါပေမဲ့ မင်းက လူသစ်ဆိုတော့ ငါတို့ မင်းကို အခြေခံကနေ စပေးဖို့ လိုတယ်"
လင်းအောင်က ထပ်ပြောလိုက်သည်။
"ဪ ဟုတ်သားပဲ၊ မကြာခင် ငါတို့ စစ်သည်တော် အထူး လေ့ကျင့်ရေးစခန်းလေးခုအတွက် အကဲဖြတ်ပွဲ ကျင်းပမှာ၊ အချိန်တန်ရင် ငါ မင်းကို အသိပေးမယ်၊ ဒါမှ မင်း ဝင်လို့ရမှာ"
"ဟုတ်ကဲ့"
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
အထူး လေ့ကျင့်ရေး စခန်းလေးခု၊ ၎င်းတို့နှင့် ပတ်သက်၍ ရဲ့လင်းချန် အလွန် စိတ်ဝင်စားက သိချင်စိတ် များလာရသည်။
လင်းမိသားစုမှ ထွက်လာပြီးနောက် ရဲ့လင်းချန်သည် အဆောင်သို့ ပြန်လာလိုက်သည်။ သူ့စိတ်ထဲ၌ မသက်မသာ ဖြစ်နေသည်။
တရုတ်ပြည်၌ စစ်သည်တော်ဌာနရှိပြီး ဂျပန်နိုင်ငံ၌ ကမ္ဘာမြေရဲ့ ဂိတ်တံခါး ရှိသည်။ ဤသည်က အခြားသော နိုင်ငံများ၌ သူတို့၏ ကိုယ်ပိုင် သိုင်းပညာ အဖွဲ့အစည်းများ ရှိသည်ဟု ဆိုလိုနေ၏။
လင်းအောင် ပြောခဲ့သလို ဖြစ်နေသည့်ပုံပင်။ အရာအားလုံး ငြိမ်သက်အေးချမ်းနေခြင်းက အထင်သက်သက်ပင်။ ထိုသို့ ဖြစ်နေရခြင်းမှာ အခြားသူများက လေးလံသော ဝန်ထုပ်ဝန်ပိုးများဖြင့် ရှေ့ဆက်နေခြင်းကြောင့်ပင်တည်း။ မမြင်ရသော နေရာများ၌ ဤနိုင်ငံမှ ပြည်သူများ၏ လုံခြုံရေးကို တိတ်တဆိတ် စောင့်ရှောက်နေသူများ ရှိသည်။
ငွေအဆင့် အဖွဲ့ဝင်လေးယောက်နှင့် စနိုက်ပါသမား တစ်ယောက်။ ကမ္ဘာမြေရဲ့ ဂိတ်တံခါး အဖွဲ့၏ လွှမ်းမိုးမှုကို သိသိသာသာ မြင်နေရသည်။ သူ၏ခွန်အားက မဆိုးသော်လည်း ကမ္ဘာမြေရဲ့ ဂိတ်တံခါးအမြင်တွင် သူသည် နှုတ်မြိန်စာအဆင့်လောက်သာ ရှိသည်ဟု သတ်မှတ်ရပေမည်။
သိုင််းပညာရှင်များကြားမှ တိုက်ပွဲစစ်သာ ဖြစ်ခဲ့လျင် သူ့၌ ပါရမီရှင် စနစ်ရှိသဖြင့် သိုင်းပညာ သင်ယူရခြင်းက သူ့အတွက် ထမင်းစား ရေသောက်သလိုပင်။ သူသည် ကျွမ်းကျင်သူဟု ခေါ်သူများကို ကြောက်နေစရာ မလိုပါ။
အဓိက ပြဿနာမှာ ရန်သူ၌ သေနတ်များ ရှိနေ၏။ သူသည် သေနတ်ရန်မှ ကင်းဝေးနိုင်မည့် အစွမ်းမျိုး ရရန် လိုအပ်နေသေးသည်။
တစ်နည်းပြောရလျင် သိုင်းပညာကိုသာ လေ့လာဆည်းပူးပါက သူ အင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်လာနိုင်သလို နတ်ဘုရားသဖွယ်လည်း ဖြစ်လာနိုင်၏။
သူ့စွမ်းရည်ကို လျင်မြန်စွာ မြှင့်တင်ရန် ရေပန်းစားမှုအမှတ်များ သူ လိုအပ်နေသည်။
အစောပိုင်းက ဘေးရန်မှ သူ ရှောင်တိမ်းနိုင်သည့် အဓိက အကြောင်းရင်းမှာ သူ၏ သိုင်းပညာ၊ ငှက်ဘာသာစကားနှင့် အတားအဆီး စွမ်းရည်တို့ကြောင့် ဖြစ်သည်။ သူသာ ထိုသုံးခုထဲမှ တစ်ခုခုကို မတတ်မြောက်ခဲ့လျင် မတူညီသော ရလဒ်မျိုး ဖြစ်လာပေလိမ့်မည်။ တိုက်ဆိုင်စွာပင် ဤစွမ်းရည်များအားလုံးကို သူ စနစ်ကြောင့် ရရှိထား၏။
သူ စွမ်းရည်များစွာ လေ့လာရန် လိုအပ်သည်။ ဘယ်အချိန် အသုံးဝင်လာမလဲဆိုသည်ကို ဘယ်သူက သိနိုင်မည်နည်း။
အတွေးထဲ နစ်နေရင်းနှင့် ရဲ့လင်းချန် အင်တာနက် ကဖေးထဲ ရောက်လာသည်။ ပုံမှန်အတိုင်း သူ သီးသန့်ခန်းထဲ ဝင်၍ တိုက်ရိုက်ထုတ်လွှင့်ခြင်း စတင်ရန် ပြင်လိုက်သည်။
ဤအတောအတွင်း ရဲ့လင်းချန် ကြန့်ကြာနေသော အခြေအနေနှင့် ကြုံတွေ့နေရသည်။ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက သူ့အတွက် ရေပန်းစားမှု များစွာ ပေးနေသေးသော်လည်း ယခင်ကထက်စာလျင် အလွန် နည်းနေသည်။ ပြီးခဲ့သည့်အခေါက်နှင့် ယခုအချိန်က တစ်ပတ်မျှ ကွာဟသည်။ သူ၏ ရေပန်းစားမှုအမှတ်က လေးသောင်း နှစ်ထောင့် သုံးရာရှစ်ဆယ့်ကိုးမှတ်သာ တက်လာသေးသည်။
သက်ရောက်မှုက သိသိသာသာ ကျဆင်းသွားသည်။
ရုတ်ရုတ်သဲသဲ ဖြစ်စေမည့် သတင်းမျိုး သူ ဆက်လက်ဖန်တီးရန် လိုအပ်နေသည့်ပုံပင်။
"စစ်လေ့နှင့် သူ စိန်ခေါ်ထားသည့် ဟွာရန်ကျား ရုပ်ရှင်ကိုသာ ထုတ်လွှင့်ဖြစ်ပါက သူ နောက်ထပ် ရေပန်းစားမှု တစ်ခု ရရှိလောက်သည်။ ထို့အပြင် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက အဆုံးသတ်ချိန် ရောက်လာနေပြီ ဖြစ်သည်။ သူ နောက်ထပ် ဝတ္ထုတစ်ပုဒ် ပြောလျင် ထုတ်လွှင့်မှုမှနေ၍ ရေပန်းစားမှု ပိုရလောက်သည်။ နောက်ဆုံးအနေဖြင့် ယခင်က အလင်းအား ဖွေရှာသူ ရှိသည်။ ချန်ရှောင်ယန်က သူ့ကို အခုထိ ကြိုးစားပန်းစား ရှာနေကြောင်း သူ ကြားခဲ့၏။ သူမအတွက် သီချင်းသစ်တစ်ပုဒ် ရေးပေးနိုင်မည့် အခွင့်အရေးကို ရှာသင့်သည်။ ယင်းကလည်း မဆိုးသော ရွေးချယ်မှုပင်။
၎င်းတို့အပြင် ရဲ့လင်းချန်သည်လည်း ဘယ်လို သီချင်းဆိုရမလဲ လေ့လာသင့်သည်။ သူ့သီချင်းများကို ကိုယ်တိုင် ရေးဖွဲ့၍ သီဆိုခြင်း သို့မဟုတ် ဝတ္ထုရေးခြင်း ပြုလုပ်သင့်ပေသည်။ သူ့မျက်နျာကို မဖော်ဘဲ သရုပ်ဆောင်နိုင်မည့် အခွင့်အရေးလည်း ရှိ၏။ ပါရမီရှင် စနစ်နှင့်ဆိုလျင် အရာအားလုံး ဖြစ်နိုင်ချေ ရှိသည်။
သို့သော် ထိုအရာအားလုံးက အရံအစီအစဉ်များသာ ဖြစ်သည်။
ခုနစ်နာရီမှ ကိုးနာရီအထိ ရဲ့လင်းချန်သည် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို ပုံမှန်အတိုင်း ထုတ်လွှင့်၍ လိုင်းပေါ်မှ ထွက်ရန် ပြင်လိုက်သည်။
ထိုအခိုက်တွင် သူသည် မှတ်ချက်များကို တစ်ချက် ကြည့်လိုက်မိသည်။
ယခင်က သူသည် မှတ်ချက်များကို လုံးဝ မကြည့်ချေ။ သူသည် ပုံမှန်အားဖြင့် ထုတ်လွှင့်ပြီးသည်နှင့် ကွန်ပျူတာကို ပိတ်ပစ်လိုက်သည်။ သူက ပုံပြောသူ ဖြစ်သဖြင့် နားဆင်သူများနှင့် စကားပြောရန် မလိုအပ်ချေ။
သို့သော် ယခု သူ တစ်ချက် ကြည့်လိုက်သောအခါ ထုတ်လွှင့်မှုတွင်း၌ ပွက်လောရိုက်နေသည်။ မှတ်ချက်များစွာက သူ့အား ရူးမတတ် ခေါ်နေကြသည်။
[ဝိုင်နတ်ဘုရား တစ်ချက်လောက် မြန်မြန် လာကြည့်ပါ]
[ဝိုင်နတ်ဘုရား ငါတို့ဘက်က သုတ်သင်ခံနေရတယ်၊ ငါတို့ အကူလိုတယ်]
[ဝိုင်နတ်ဘုရားက သူ့မျက်နှာကို ဖွက်ထားတာပဲ၊ မျောက်နတ်ဘုရား ]
[မြေယိုးတွေ ဂျပန်တွေက အရမ်း ကြမ်းတာပဲ၊ ဝိုင်နတ်ဘုရား ကိုယ်ထင်ပြပါတော့၊ ငါ တောင်းပန်ပါတယ်]
[ဝိုင်နတ်ဘုရား မင်း မှတ်ချက်တွေကို ဖတ်ရောဖတ်ရဲ့လား၊ ကိုးလ်က မင်းကို မပြောဘူးလား]
....
*ဂျပန်နိုင်ငံလား၊ ဘာတွေဖြစ်နေတာလဲ*
လက်ရှိတွင် ရဲ့လင်းချန်သည် ဂျပန်နိုင်ငံနှင့် ပတ်သက်၍ အထိမခံ ရွှေပန်းကန် ဖြစ်နေချိန် ဖြစ်သည်။ သူသည် မျက်မှောင်ကြုတ်၍ ထုတ်လွှင့်နေရင်း မေးလိုက်သည်။
"ဘာဖြစ်တာလဲ"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now