Chapter 43

1.1K 119 2
                                    

Chapter 43 သိုင်းလေ့ကျင့်ရေး စတင်ပြီ

*စစ်သည်တော်ဌာနကို ဝင်ဖို့လား*
“လုံးဝပဲ”
ရဲ့လင်းချန် ခေါင်းခါ၍ အခိုင်အမာ ပြောလိုက်သည်။
“ဘာလို့လဲ”
လင်းအောင် အသံကျယ်ကျယ်ဖြင့် ပြန်မေးလေသည်။
“ခင်ဗျားက ငယ်သေးတယ်၊ စစ်သည်တော်ဌာနကို ဝင်ဖို့ အကောင်းဆုံး အချိန်ပဲ၊ ပြီးတော့ ဒီလောက် အတိုက်အခိုက် ကောင်းတာ၊ အလားအလာကောင်းတဲ့ အနာဂတ်ရှိတဲ့ အလုပ်အကိုင်လည်း ရမှာလေ”
“ငါ့ဘဝကို အေးအေးဆေးဆေး နေပြီး ငါနဲ့ နီးကပ်တဲ့လူတွေနဲ့ အတူတူ နေချင်လို့”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟ”
လင်းအောင် သရော်လိုက်သည်။ သူ့အဖြေကို မကျေနပ်မှန်း သိသာပေသည်။ သူသည် သိုင်းသမားတစ်ဦး ဖြစ်သဖြင့် ကဗျာဆန်သော စကားများက သူ့ဟန် မဟုတ်ပါ။
“တိုင်းပြည်က မတည်ငြိမ်ရင် ခင်ဗျား ဘယ်လိုလုပ် အေးအေးဆေးဆေး နေနိုင်မှာလဲ”
“အခု ကမ္ဘာကြီးက အရမ်း ငြိမ်းချမ်းနေတယ်လို့ ခင်ဗျား ထင်လား”
လင်းအောင်က အတွေ့အကြုံအရ ပြောလိုက်သည်။
“ငါတို့နိုင်ငံရဲ့နယ်နိမိတ်က ကျယ်ပြန့်ပြီး အရင်းအမြစ်တွေနဲ့ အပြည့်ပဲလေ၊ ဘယ်သူက ဒီလို အလျှံပယ် ရှိနေတာကို မနာလိုဘဲ ရှိမလဲ၊ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အမေရိကားက အစားအသောက်၊ နည်းပညာနဲ့ အခွန်အခနဲ့ ပတ်သက်ပြီး စိန်ခေါ်နေတာ၊ ဒါပေမဲ့ လူတော်တော်များများက ငြိမ်းချမ်းတယ်ပဲ ပြောနေကြတယ်”
ရဲ့လင်းချန် တိတ်ဆိတ်သွားသည်။ သူ ထိုမျှ မတုံးအပါ။ ပြဿနာများစွာ ရှိသော်လည်း တမင်သက်သက် သူတို့ကို လျစ်လျူရှူထားခြင်း ဖြစ်သည်။
“ငါ အသက် ဆယ့်ခုနစ်နှစ်မှာ စစ်သည်တော်ဌာနကို ဝင်ခဲ့တာ၊ ငါ သုံးနှစ်တိတိ အိမ်မပြန်ဖြစ်ဘူး၊ အခု ငါ နှစ်ဆယ့်ငါးနှစ်၊ ဒါက ငါရဲ့ ငါးကြိမ်မြောက် အိမ်ကိုပြန်လာတဲ့ ခရီးပဲ”
လင်းအောင်က တည်ငြိမ်သော လေသံဖြင့် ဆက်ပြောနေသည်။
“ငါ့အဘိုးရဲ့ ကျန်းမာရေး အခြေအနေ ကောင်းသွားတာနဲ့ ငါ စစ်သည်တော်ဌာနကို ပြန်သွားမှာ”
ရဲ့လင်းချန် လင်းအောင်ကို သေချာ ကြည့်လိုက်မိသည်။ လင်းအောင် စစ်သည်တော်ဌာန၏ အထက်တန်းအဆင့်သို့ တက်နိုင်ခြင်းက သူ့မိသားစု၏ ဩဇာလွှမ်းမိုးမှုကြောင့် ဖြစ်သည်ဟု သူ အစက ထင်ခဲ့မိသည်။ သို့သော် ယခု ထိုထင်မြင်ချက်က လုံးဝဥသုံ လွဲမှားနေကြောင်း သိလိုက်ရသည်။
လင်းမိသားစုထဲ၌ မွေးဖွားလာသူများသည် သာမန်လူများထက် ပို၍ လေးလံသော ဝန်ထုပ်ဝန်ပိုးအား ထမ်းပိုးရန် ကံပါလာသူများ ဖြစ်လေသည်။
“ငါ့အဘိုးက ငါ့ကို တစ်ခါ ပြောဖူးတယ်၊ တကယ်လို့ မင်းရဲ့ ဟန်ပန်အမူအရာက သာမန်လူတွေထက် သာလွန်နေရင် မင်း လူအုပ်ရဲ့ အထက်ကို မြင့်တက်သွားနိုင်တယ်တဲ့”
လင်းအောင်က ပြန်အမှတ်ရကာ ပြောလာသည်။
“ငါ့အဘိုးက ငါ့ကို ကြီးမားတဲ့ အင်အား ရှိတဲ့လူတွေမှာ ပိုကြီးတဲ့ တာဝန်ယူမှုတွေ ရှိလိမ့်မယ်လို့လည်း သင်ခဲ့တယ်၊ ငါ ပြောတာကို မင်း ပြန်စဉ်းစားမယ်လို့ မျှော်လင့်ပါတယ်”
ရဲ့လင်းချန်က နှာခေါင်းပွတ်၍ မချိပြုံး ပြုံးလိုက်သည်။
“အစ်ကိုလင်း ခင်ဗျား ကျွန်တော်နဲ့ ဒီကိစ္စမျိုး ဆွေးနွေးဖို့ စောလွန်းပါသေးတယ်၊ အခု ကျွန်တော့် အခြေခံအနေနဲ့ ကျွန်တော့် ပညာရေးကိုပဲ အာရုံစိုက်ရဦးမယ်၊ မနက်ဖြန် ကျွန်တော် သိုင်းလေ့ကျင့်ရေး သွားဖို့ ရှိတယ်”
“ဟမ် သိုင်းလေ့ကျင့်ရေး ဟုတ်လား”
လင်းအောင်က မယုံနိုင်စရာကောင်းသော တစ်စုံတစ်ရာကို ကြားလိုက်ရသကဲ့သို့ ဘရိတ်ကို ဖျတ်ခနဲ နင်းလိုက် လေသည်။ သူသည် ရဲ့လင်းချန်အား တစ်ခဏမျှ သေချာစိုက်ကြည့်ပြီးနောက် ကျယ်လောင်စွာ ရယ်မော လိုက်သည်။
“ဟားဟားဟား ညီလေးရဲ့ မင်း ငါ့ကို လာနောက်နေတာလား၊ မင်းက သိုင်းလေ့ကျင့်ရေးကို သွားမယ် ဟုတ်လား၊ ဒါက အယ်လ်ထရာမန်းကို ကစားစရာ သေနတ် ပေးလိုက်တာနဲ့ အတူတူပဲ ဖြစ်မနေဘူးလား”
ထိုသို့ပြောပြီးနောက် သူ ထိန်းမရဘဲ ဆက်တိုက် ရယ်မောနေသည်။ သူ ခွက်ထိုးခွက်လန် ရယ်မောနေပြီး ရယ်ရလွန်းသဖြင့် မျက်ရည်များပင် ဝေ့တက်လာ၏။
နှစ်ယောက်သား တစ်ယောက်က နာမည်တပ်ခေါ်ပြီး နောက်တစ်ယောက်က မဟာဆရာသခင်ရဲ့ဟု ခေါ်နေရာမှ ညီလေးရဲ့နှင့် အစ်ကိုလင်းဟု ပြောင်းလဲ ခေါ်ဆိုလာကြပြီး အချင်းချင်း ပိုရင်းနှီးလာကြသည်။
“ကျွန်တော် တကယ် သိုင်းလေ့ကျင့်ရေးကို သွားတက်ဖို့ လိုတယ်”
ရဲ့လင်းချန်က ရိုးသားစွာ ပြောလိုက်သည်။
“မင်း သိုင်းလေ့ကျင့်ရေးကို သွားဖို့လိုလို့လား”
လင်းအောင်က ရယ်နေရာမှ ရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
“ညီလေးရဲ့ မင်း သိုင်းလေ့ကျင့်ရေးကို သွားတာက မင်းအရည်အချင်းတွေကို ဖြုန်းတီးတာပဲ၊ မင်း တစ်ခုခု လုပ်ဖို့လိုတယ်ဆိုလည်း အနည်းဆုံး ငါ့အသင်းကို လာသင့်တယ်”
“အစ်ကိုလင်း ကျွန်တော် အဆင်ပြေပါတယ်၊ ကျွန်တော် ဒါအတွက် ဆက်မပြောချင်တော့ဘူး”
သိုင်းလေ့ကျင့်ရေးသည် တက္ကသိုလ်က စီစဉ်ထားခြင်း ဖြစ်ပြီး ၎င်းအား သူတို့၏ အမှတ်စာရင်းထဲ ထည့်မှတ်မည် ဖြစ်သည်။
“ဟားဟားဟား ... ငါ ပြောလို့ရတယ်”
လင်းအောင် ပျော်ရွှင်စွာ ရယ်မောလေသည်။
“မြို့တော်က တက္ကသိုလ်ကျောင်းတွေရဲ့ သိုင်းလေ့ကျင့်ရေးက စစ်သည်တော်ဌာနရဲ့ တတိယအခွဲအောက်မှာရှိတာ၊ ဒီကိစ္စကို ဖြေရှင်းဖို့ ငါ စကားနည်းနည်းလောက် ပြောလိုက်ဖို့ပဲ လိုတာ”
“ညီလေးရဲ့ မင်း ငါ့အသင်းကို ဝင်ရင် ငါတို့က ရဲဘော်ရဲဘက်တွေ ဖြစ်လာမှာ၊ အခုခေတ် လူငယ်တွေက အားလုံး ပျော့ဖတ်ဖတ်နဲ့၊ သူတို့က မိန်းကလေးတွေထက်တောင် အားနည်းသေးတယ်၊ အထူးသဖြင့် အခုခေတ်စားနေတဲ့ ပိန်ပါးပါး လူငယ်ပုံစံကောင်တွေပေါ့၊ ငါ သူတို့ကိုမြင်ရင် ဒီလိုပုံစံမျိုးတွေနဲ့ ငါတို့နိုင်ငံကို ဘယ်လို ကာကွယ်မလဲ၊ ငါ အထင်ကြီးတာ မင်းတစ်ယောက်ပဲ ရှိတယ်”
သိုင်းသမားများသည် ရဲတင်းသောလူများ ဖြစ်သည်။ သူတို့ မကြိုက်လျင် မကြိုက်သည့်အတိုင်း ပြောဆို တတ်သည်။ သူတို့ သဘောကျသွားလျင်မူ သေဖော်သေဖက် ညီအစ်ကိုအဖြစ် သတ်မှတ်ကြလေသည်။
မကြာခင်မှာပင် လင်းမိသားစု အိမ်တော်သို့ သူတို့ ရောက်လာ၏။ မဟာဆရာသခင်ကျန်းက ချက်ချင်း ထွက်လာပြီး ရဲ့လင်းချန်အား လာကြိုသည်။
ရဲ့လင်းချန်က အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် အိမ်တော်ထဲသို့ ဝင်သွားသည်။ လင်းထျန်းဟွာက ဧည့်ခန်း၌ စောင့်နေ၏။ ရဲ့လင်းချန်၏ ကုသမှုကို ခံယူပြီးနောက် သူ လမ်းလျှောက်လာနိုင်သည်။
“ဟားဟား ရှောင်ရဲ့ မင်း ရောက်လာပြီပဲ”
လင်းထျန်းဟွာက ရဲ့လင်းချန်ကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
“အဘိုးလင်း ကျွန်တော် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်”
“ဟားဟားဟား မိတ်ဆွေလေး မင်း ဘာတွေပြောနေတာလဲ၊ ဒီအဘိုးကြီးကသာ မင်းကို ကျေးဇူးတင်ရမှာပါ”
“ပထမအကြိမ် ကုသပြီးနောက်ပိုင်း ခင်ဗျား အခြေအနေက တိုးတက်တဲ့ လက္ခဏာကို ပြနေတာပဲ၊ အခုတစ်ခေါက်က ခင်ဗျား သတိရှိနေတာဆိုတော့ ဝေဒနာက ပိုပြင်းလိမ့်မယ်၊ ကျွန်တော်တို့ မေ့ဆေး ဒါမှမဟုတ် ထုံဆေးပေးဖို့ အကြံပေးချင်တယ်”
ရဲ့လင်းချန် အကြံပေးလိုက်သည်။
“မိတ်ဆွေလေး စိတ်မပူပါနဲ့၊ ငါ့အသက်မွေးဝမ်းကြောင်းက စစ်သားပါ၊ ဝေဒနာဆိုတာ ငါ့အတွက် မပြော ပလောက်ပါဘူး”
လင်းထျန်းဟွာက အပြုံးနှင့် ပြောလေသည်။ သူ့မျက်လုံးတစ်စုံက ရေကဲ့သို့ တည်ငြိမ်နေ၏။
“ငါတို့ မေ့ဆေးတွေ၊ ထုံဆေးတွေကို မေ့ထားလိုက်လို့ ရတယ်၊ ကုသာကုပါ”
ရဲ့လင်းချန် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လေသည်။ ထို့နောက် အစေခံများက ကြိုပြင်ထားသော ငွေအပ်များ၊ အရက်ပြန်နှင့် မီးဖိုတစ်ခုကို ယူလာလေသည်။
ဤငွေအပ်များက ယခင်အပ်များနှင့် ခြားနားသည်။ အပ်ရှစ်ချောင်းလုံးက အရှည်မတူဘဲ ကိုင်လိုက်ချိန်တွင် အတော်လေး လေးလံသည်။ အပ်များက သတ္တုသဖွယ် လေးလံသော်လည်း ကျောက်စိမ်းသဖွယ် နွေးထွေးသည်။ သေချာဖန်တီးထားပြီး တစ်မူထူးခြားပေသည်။
“ညီလေးရဲ့ ဒီငွေအပ်တွေက မဟာဆရာခင်ကျန်း ပေးတဲ့ ငွေအပ်တွေလေ၊ မင်မင်းဆက်က သမားတော် ယန်ကျီကျိုး ပိုင်တဲ့ ငွေအပ်တွေလို့ ကောလာဟလ ရှိတယ်”
လင်းအောင်က ရှင်းပြလေသည်။
“ကောင်းလိုက်တဲ့ ငွေအပ်တွေ”
ရဲ့လင်းချန် ချီးမွမ်းလိုက်သည်။ မဟာဆရာသခင်ကျန်းက ချက်ချင်း ဝင်ပြောလေသည်။
“မဟာဆရာသခင်ရဲ့ ဒီငွေအပ်တွေက ကျုပ်တို့ ဆေးရုံမှာ ဘယ်သူ့ကိုမှ သုံးခွင့်မပေးဘဲ ပြသထားတာ၊ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဒါတွေကို အပြည့်အဝ အသုံးချနိုင်မှာ၊ အသိမ်းခံရပြီး ဖုန်တက်မနေမှာ သေချာတယ်”
ရဲ့လင်းချန်က မဟာဆရာသခင်ကျန်းကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
“ကျုပ် ဒီကျေးဇူးကို မှတ်ထားပါ့မယ်”
ကောင်းမွန်သော ငွေအပ်တစ်စုံက ကုသမှု၏ သက်ရောက်မှုကို တိုးမြှင့်စေနိုင်သည်။ မဟာဆရာသခင်ကျန်း၏ မျက်နှာ နီရဲသွားပြီး စိတ်လှုပ်ရှားလာသည်။ သူ ရဲ့လင်းချန်က ဤသို့သော တုံ့ပြန်မှုကို စောင့်မျှော်နေခြင်း ဖြစ်သည်။
ကုသမှုတစ်လျောက်လုံး လင်းထျန်းဟွာက တစ်ကြိမ်ပင် မျက်မှောင်မကြုတ်ချေ။ သူသည် ရဲ့လင်းချန်နှင့်ပင် စကားပြောနေနိုင်ပြီး အမူအရာက အေးချမ်းနေသည်။
*ဒီလိုအဘိုးက လင်းအောင်လို မြေးမျိုးကို ပျိုးထောင်နိုင်တာ မအံ့ဩတော့ဘူး*
သို့သော် မဟာဆရာသခင်ကျန်းက မျက်လုံးကို ပြူးထားပြီး မျက်တောင်ပင် မခတ်ဘဲ ရဲ့လင်းချန်အား အသည်းအသန် စိုက်ကြည့်နေသည်။ ရဲ့လင်းချန် အပ်စိုက်လိုက်တိုင်း သူ့မျက်လုံးတွင် အံ့ဩဟန်များ ပြည့်နှက် လာသည်။
ကုသမှုပြီးသွားသည်နှင့် သူတို့ အနည်းငယ် စကားစမြည် ပြောဆိုကြပြီးနောက် လင်းမိသားစုက သူ့အား ကျောင်းပြန်ပို့ပေးရန် သူတို့ အစေခံများကို အမိန့်ပေးလိုက်သည်။
လက်ရှိတွင် လင်းမိသားစု အိမ်တော်တွင်း၌ လင်းထျန်ဟွာ၏ သွင်ပြင်လက္ခဏာက ပိုမို ကောင်းမွန်လာသည်။ သူ၏ အသက်အရွယ် ကြီးရင့်သော မျက်နှာတွင် ဩဇာအာဏာ ရှိဟန်များ ပေါ်လွင်နေပြီး သူ့မိသားစုကို မေးလိုက်သည်။
“ဒီကိုမလာခင် မဟာဆရာသခင်ရဲ့ ဘာပြဿနာနဲ့ ကြုံနေတာလဲ”
“လုမိသားစု သားအဖနဲ့ပါ”
လင်းအောင်က အစောပိုင်းမှ အဖြစ်အပျက်များကို နောက်တစ်ကြိမ် ထပ်ပြောပြလိုက်သည်။
“မဟာဆရာသခင်ရဲ့က ငါတို့ လင်းမိသားစုအပေါ် ကျေးဇူးကြွေး မတင်ချင်လို့ စိတ်ထိန်းထားခဲ့တာပဲ”
လင်းထျန်းဟွာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်လေသည်။
“ငါတို့ လင်းမိသားစုက ဒီကိစ္စကို အသာထားလိုက်လို့မရဘူး၊ တစ်ယောက်ယောက်ကို လွှတ်ပြီး လုမိသားစုကို သတိပေးခိုင်းလိုက်”
....
ထိုအချိန်တွင် ရဲ့လင်းချန်သည် အဆောင်သို့ ပြန်ရောက်လာပြီး ညဆယ်နာရီ ထိုးခါနီးနေလေသည်။ အခန်းဖော် သုံးယောက်သည် ခုတင်ပေါ်၌ မအိပ်သေးဘဲ ကွန်ပျူတာရှေ့၌ ထိုင်၍ ဂိမ်းဆော့နေကြသည်။
ယခုအချိန်မှ ရဲ့လင်းချန် အဆောင်ပြန်လာသည်ကို မြင်ပြီး သူတို့ စိတ်ရှုပ်ထွေးသော အမူအရာမျိုး ဖြစ်လာ ပြီးနောက် တစ်ခုခုကို နားလည်ဟန် ပြလာသည်။
အာလူးလေးက သရိုးသရီ ပြုံးလေသည်။
“ရှောင်ရဲ့ မင်း ဆယ်ခွဲအထိ နေလို့ရပါတယ်၊ အဲ့ဒါ သူတို့ အဆောင်တံခါး ပိတ်တဲ့အချိန်လေ၊ ဒါဆို မင်း တရားဝင် အခန်းငှားနေလို့ရတယ်”
ရဲ့လင်းချန် ရယ်ရုံရယ်၍ ငြိမ်နေလိုက်သည်။ ယနေ့ည သူ ရှောင်ဖေးဖေးနှင့် ညစာစားပွဲ တက်ခဲ့သည်ကိုသာ သူတို့ သိလျင် ရူးပင်ရူးသွားလောက်သည်။
ရှောင်ဖေးဖေးသည် ရုပ်ရှင်လောက၏ နတ်မိမယ်လေး ဖြစ်ပြီး ဤသုံးယောက်က သူမ၏ အမာခံ ပရိသတ်များ ဖြစ်သည်။
နောက်တစ်နေ့ မနက် ခုနစ်နာရီတွင် နေရောင်က သူတို့ပေါ် ကျဆင်းလာပြီး သူတို့၏ သိုင်းလေ့ကျင့်ရေး စတင်ပြီ ဖြစ်ကြောင်း အချက်ပြလာ၏။
သူတို့ တော်တော်များများက ယခုအချိန်မှ အိပ်ရာက ထကြသော်လည်း ရဲ့လင်းချန်ကမူ သူ၏ မနက်ပိုင်း လေ့ကျင့်ခန်းကိုပင် လုပ်ပြီးသွားလေပြီ။
သူ့မနက်စာကို ကန်တင်း၌ စားပြီးနောက် လေ့ကျင့်ရေးကွင်းသို့ လျှောက်သွားလိုက်သည်။ လက်ရှိတွင် ကွင်းထဲ၌ ကျောင်းသား တော်တော်များများ ရောက်နေကြသည်။ လူတိုင်း ကျားမမရွေး သိုင်းလေ့ကျင့်ရေးအတွက် သီးသန့် ပေးထားသော ဝတ်စုံများကို ဝတ်ထားကြသည်။
အဆောင် တစ်ခန်းတည်းကျသော လူအချင်းချင်းသာ ရင်းနှီးကြပြီး အခြားသူများနှင့် သူစိမ်းလွင်ပြင်များ ဖြစ်နေ ကြသည်။ လူတိုင်းက အချင်းချင်း လေ့လာနေကြပြီး တစ်ခါတရံ စကားတစ်ချို့ ပြောဆို၍ တဖြည်းဖြည်း ရင်းနှီး လာသည်။
သို့သော် သူတို့အားလုံး၏ မျက်လုံးတွင် သိုင်းလေ့ကျင့်ရေးအတွက် စိုးရိမ်သော လက္ခဏာများနှင့် သူတို့၏ ဖြစ်အံ့ဆဲဆဲ တက္ကသိုလ်ကျောင်းသားဘဝအတွက် ရင်ခုန်နေဟန်များ ပေါ်လွင်နေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now