Chapter 4

1.6K 170 1
                                    

ကျုပ်က ပါရမီရှင်
I am a prodigy
Author Rugao Under The Bridge
ဘာသာပြန် Han Shin

Chapter 4 တကယ်တော့ ငါက နတ်ဘုရားလေ

(ကြည့်ဦး၊ ထုတ်လွှင့်သူတော့ ဒေါပွတော့မယ်ကွ၊ သူပဲ ဖြစ်ပြန်ပြီ၊ ဝိုင်နတ်ဘုရားလေ)
(ထုတ်လွှင့်သူ၊ မတုန်လှုပ်နဲ့၊ ဒီတစ်ခေါက် အခြေအနေကို ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေး ရှိပါသေးတယ်၊ ဝိုင်နတ်ဘုရားက … ပြိုင်ဘက်အသင်းထဲမှာလေ”
(လခွမ်း၊ ဝိုင်နတ်ဘုရားက ပြိုင်ဘက်အသင်းထဲမှာဆိုတော့ ဒီပွဲကတော့ ပွဲကြီးပွဲကောင်းပဲ)
(နောက်ဆုံးတော့ ငါ့ဒေါသကို သူ့အပေါ် ဖြေချနိုင်ပြီ၊ သနားစရာ မလိုတော့ဘူး၊ ရေခဲနတ်သမီး ဝိုင်နတ်ဘုရားကို နာနာလေးသာ ဆော်လိုက်ပါ)

ကိုးလ်၏ တိုက်ရိုက် ထုတ်လွှင့်မှုချန်နယ်၌ ဆူညံပွက်လောရိုက်နေ၏။ ဝိုင်နတ်ဘုရားကို ဝိုင်းဒဏ်ခတ်လိုသော အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
“လူတိုင်းက ဝိုင်နတ်ဘုရားကို အရိုးထဲအထိ မုန်းနေတဲ့ပုံပဲ၊ စိတ်မပူနဲ့၊ ဒီပွဲမှာ ငါ သူနဲ့ ဖြည်းဖြည်းချင်း ဆော့မှာ”
ကိုးလ်၏ နှစ်လိုဖွယ်ကောင်းသော မျက်ဝန်း၌ အေးစက်စက် အလင်းများဖြင့် ပြည့်နှက်နေ၏။ နှစ်ပွဲလုံး ထောင်ချောက်ဆင်ခံလိုက်ရသဖြင့် သူမ ဝိုင်နတ်ဘုရား၏ နာမည်ကို ရင်ထဲအထိ မှတ်မိနေလေပြီ။
သူမသည် အစောပိုင်းက တစ်ကိုယ်တော်ပွဲအတွက် အကောင့်အသစ်ကို အသုံးပြုခဲ့သည်။ အစကတည်းက နှစ်ပွဲလုံး ရှုံးခဲ့သဖြင့် အကောင့်က သုံးမရတော့ပေ။ သူမ၏ ဂိမ်းဆော့သည့် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ထောင်ချောက်ဆင်ခံရမှုဟု ဆိုနိုင်ပေသည်။
ရဲ့လင်းချန်သည် မိန်းမလှလေး၏ အာရုံကို မိမိ ဖမ်းစားသွားနိုင်လိမ့်မည်ဟု ထင်မထားမိချေ။ သူသည် ဂိမ်းထဲသို့ ဝင်ရောက်ပြီး ကြည့်ရှုနေသူများအား အလွန် နားလည်မှုပေးနိုင်သော ပုံစံဖြင့် ပြောလိုက်သည်။
“ဒီတစ်ခေါက် နတ်ဘုရားတစ်ပါးက ဘယ်လိုထိန်းချုပ်သလဲဆိုတာကို မင်းတို့ကို ပြပေးမယ်”
ထုတ်လွှင့်သူတစ်ယောက်၌ ကိုယ်ပိုင်ထွင်လုံးများ ရှိရန် လိုအပ်သည်ကို သူ သတိပြုမိသည်။ ထို့ကြောင့် သူသည် ချက်ချင်း ယတိပြတ် ကတိပေးလိုက်သည်။
“ငါ ရှုံးရင် တိုက်ရိုက်ထုတ်လွှင့်ပြီး ချီးစားပြမယ်ကွာ”
(ချီးပူပူလေး ပြင်ထားပြီးပါပြီ၊ ပျော်ပျော်ကြီး စားလိုက်တော့ ထုတ်လွှင့်သူရေ)
(ဒီလောကမှာ ကြောက်စရာအကောင်းဆုံးက ငတုံးတစ်ကောင်နဲ့ တွေ့ရတာ မဟုတ်ဘူး၊ အဲ့ငတုံးက သူ ငတုံးဆိုတာကို သတိမပြုမိတာက ကြောက်စရာ အကောင်းဆုံးပဲ)
(ထုတ်လွှင့်သူ၊ တစ်ဖက်အသင်းမှာ ဘယ်သူပါလဲ မင်း မသိသေးဘူးနဲ့တူတယ်၊ ဟုတ်တယ်မလား၊ သနားစရာ ပဲကွာ …)
(အားလုံး ရန်ဖြစ်နေတာကို ရပ်လိုက်တော့၊ ရေခဲနတ်သမီးက ဒီထုတ်လွှင့်သူအတွက် သူ ချီးဝယ်ပေးမယ်လို့ ပြောထားပြီးပြီ)

“ဝိုင်နတ်ဘုရားက ရှဲဒိုးဖီးန်ကို ရွေးလိုက်ပါပြီ”
ဖန်သားပြင်ပေါ်၌ ရင်းနှီးသော စာတန်းတစ်ခု ပေါ်လာသဖြင့် ကိုးလ် ပြုံးလိုက်မိသည်။ သူမသည်လည်း ကိုင်နေကျ ဟီးရိုးကိုသာ ရွေးလိုက်သည်။ သူမ ရွေးလိုက်သည့် ဟီးရိုးမှာ သတ်ဖြတ်သူ လီနာပင်။
လီနာသည် DotA လောကတစ်ခုလုံး၌ ထိခိုက်မှု အများဆုံး ပေးနိုင်စွမ်းရှိသည့် အကောင်းဆုံးသော စွမ်းရည်များ ပိုင်ဆိုင်ထားသည့် ဟီးရိုးများထဲမှ တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူမသည် အလွန် ကြီးမားသော ထိခိုက်မှု စွမ်းရည်ကို ပိုင်ဆိုင်ထားသဖြင့် ရှဲဒိုးဖီးန်၏ မဟာရန်ဘက်ဟု ဆိုရပေမည်။ ဤဟီးရိုးကို ရွေးလိုက်ခြင်းအားဖြင့် ကိုးလ်က ရဲ့လင်းချန်ကို မည်မျှ နက်နက်ရှိုင်းရှိုင်း မုန်းတီးနေကြောင်း လူတိုင်း သိနိုင်ပေ၏။
ယခုပွဲတွင် ရဲ့လင်းချန်က အလယ်လမ်းက ယုံကြည်မှုရှိစွာ ရွေးချယ်လိုက်သည်။ ရှဲဒိုးဖီးန်သည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်နေပြီး သူ လျှောက်သွားသည့် လမ်းတစ်လျှောက်၌ အနက်ရောင် လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။ သူသည် နှိုင်းယှဉ်မရလောက်အောင် ကြည့်ကောင်းလှသည်။
သူ ပေါ်လာသည်နှင့် လီနာက သူမ၏ နဂါးမီးတောက် စွမ်းရည်ကို ဆက်တိုက် ထုတ်လွှတ်နေသည်။ အနီရောင် မီးလျှံများက လမ်းကြောင်းကို ဖြတ်၍ ရှဲဒိုးဖီးန်၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားသဖြင့် သွေးလျော့သွားသည်။
လီနာသည် စီဒီ ဖြစ်ပြီးသွားသည်နှင့် နဂါးမီးတောက် စွမ်းရည်ကို ဆက်တိုက် ထုတ်ဖော်၍ ရဲ့လင်းချန်၏ သွေးတန်းကို လျော့အောင် ပြုလုပ်ကာ ပြန်မတိုက်နိုင်အောင် နှောင့်ယှက်နေ၏။ ရဲ့လင်းချန်သည် သွေးပျက်မသွားသော်လည်း သွေးကြောင်စွာဖြင့် မျှော်စင်အောက်၌ ပုန်းနေသည်။
သူ၏ အရိပ်ဖြိုစွမ်းရည်ကို မကြာခဏ ထုတ်သုံး၍ အဖွဲ့သားများ အားလာဖြည့်ပေးမည်ကို စောင့်နေ၏။ ဖိနှိပ်ခံထားရခြင်းကြောင့် ဆိုးရွားသော အခြေအနေသို့ သူ ရောက်နေလေသည်။
(ကိုးလ်က ဒီပွဲအတွက် ထောက်ပံ့မှုအသစ်တွေ ဝယ်မထားဘူးကွ၊ သူ့မှော်စွမ်းရည်ကို အားဖြည့်ဖို့အတွက်ပဲ မှော်ဆေးရည်ကို သယ်လာတယ်၊ ဒါမှ ရှဲဒိုးဖီးန်ကို ဆက်တိုက် ဆော်လို့ရမှာလေ)
(ဆိုးတယ်၊ ဒါ ဆိုးတယ်ကွ၊ လူတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ရန်မစသင့်ဘူးဆိုတာကို ဒါက သက်သေပြနေပြီ)
(ရုတ်တရက်ကြီး ငါ ရှဲဒိုးဖီးန်ကို နည်းနည်း သနားလာသလိုပဲ)

ချန်နယ်အတွင်း၌ အားလုံးက ရဲ့လင်းချန်ကို ပြိုင်တူ သနားလာကြသည်။ နောက်ဆုံးတွင် ရှဲဒိုးဖီးန်၏ ကိုယ်ပေါ်၌ ရွှေရောင်အလင်းတစ်ခု တောက်ပလာသည်။ သူသည် ကြယ်သုံးလုံးသို့ တက်သွားပြီး လီနာက ကြယ် သုံးဒသမငါး အထိ တက်သွားလေသည်။
“ငါ့ကို သနားစရာ မလိုဘူး၊ ဟီးရိုးတစ်ယောက်ချင်းစီမှာကိုယ်ပိုင် အားသာချက်တွေ ရှိတယ်၊ လီနာက ပွဲအစပိုင်းမှာ ရှဲဒိုးဖီးန်ကို ဖိနှိပ်နိုင်တာက ပုံမှန်ပဲ”
ရဲ့လင်းချန်သည် ကိုယ့်ကိုယ်ကိုယ် ထုတ်လွှင့်သူတစ်ယောက်အဖြစ် တဖြည်းဖြည်း အရောင်တင်လာနိုင်၏။
“အခု ကြယ်သုံးလုံး ဖြစ်နေပြီလေ၊ အားလုံး ကြည့်ကြည့်လိုက်၊ တစ်ဖက်အသင်းက ကိုးလ်က နာမည်ကြီး ထုတ်လွှင့်သူ ဖြစ်မယ်လို့ ငါ ထင်တယ်၊ သူ လှရဲ့လားလို့ ငါ သိချင်သား၊ အခု ငါ သူ့ဆီကနေ သွေးတန်းတစ်ခု သွားယူတော့မယ်”
(လခွမ်း၊ မိုက်တယ်ကွာ …)
(သွားပြီ … ကိုးလ်က ခုနတုန်းက ရက်ရက်စက်စက် ဖိနှိပ်ထားတာ၊ ဒီလူကို သူ ဒေါပွအောင် လုပ်လိုက်ပြီ)
(ငါ့နတ်သမီးရဲ့ သွေးတန်းကို ထိခိုက်အောင် လုပ်ချင်ရင် ငါ့အလောင်းကို အရင် နင်းသွားမှပဲ ရမယ်ကွ)

ရဲ့လင်းချန်၏ ရွှတ်နောက်သော စကားက ကိုးလ်၏ တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်ထဲမှ ပရိသတ်များစွာသို့ ပျံ့နှံ့သွားပြီး အားလုံး ဆူညံသွားကြသည်။
ကိုးလ်သည်လည်း ဒေါသထွက်သွားပြီး အထင်သေးစွာ ပြန်ပြောလိုက်သည်။
“ငါ့သွေးတန်းကို လျော့အောင်လုပ်ချင်တယ်ပေါ့လေ၊ ငါကပဲ သူ့သွေးတန်းကို လုမှာပေါ့”
(အာ … ရေခဲနတ်သမီး၊ မင်းက သူ့ဆီက သွေးတန်းတစ်တန်း လျော့အောင် လုပ်ပြီးတော့ သူကလည်း မင်းဆီကနေ သွေးတစ်ခါ လျော့အောင် လုပ်မယ်ဆိုရင် ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာ မရှိသလိုပဲနော် …)
ပရိသတ်များက သူမစကား၏ အဓိပ္ပာယ် နှစ်ခွထွက်ပုံကို ဇဝေဇဝါဖြင့် ထောက်ပြလိုက်သောကြောင့် ဆူညံသံများ ပိုထွက်ပေါ်လာ၏။
“လီနာက သူ့စွမ်းရည်ကို ဆက်တိုက် သုံးနေတာဆိုတော့ မှော်ဆေးရည်က အားပြန်ဖြည့်ဖို့အတွက် မလောက်သလို ဖြစ်လာပြီ၊ သူရဲ့ ပထမ စွမ်းရည်နဲ့ ဒုတိယစွမ်းရည်ကို တစ်ကြိမ်စီပဲ သုံးလာနိုင်တော့တယ်”
ရဲ့လင်းချန်သည် သူ၏ ချန်နယ်တွင်းမှ ပွက်လောရိုက်မှုကို အလေးမထားဘဲ သူ၏ တိုက်ကွက်များကို ရှင်းပြနေပြီး ရှဲဒိုးဖီးန်ကို ထိန်းချုပ်၍ နောက်ဆုံးထိချက်ကို မလွှတ်တမ်း အသုံးချနိုင်အောင် စောင့်ကြည့်နေ၏။
သူ အခွင့်အရေးကို စောင့်နေခြင်းက အမှားတစ်ခုလို ဖြစ်သွားပုံရသည်။ ရှဲဒိုးဖီးန်သည် လီနာ၏ ဒုတိယစွမ်းရည် တိုက်ခိုက်မှုနားသို့ ကပ်လာသည်။ ကိုးလ်က အမှားကို ချက်ချင်း သတိပြုမိပြီး သူမ၏ ဒုတိယစွမ်းရည် အလင်းချက် အစီအရင်ဖြင့် ရှဲဒိုးဖီးန်ကို လွှမ်းအုပ်ထားလိုက်သည်။
အလင်းချက် အစီအရင်သည် မီးလျှံများကို ဆင့်ခေါ်နိုင်ပြီး ရန်သူအား ထိခိုက် မှင်တက်နိုင်အောင် လုပ်နိုင်၏။
“ထင်တဲ့အတိုင်းပဲ”
ရဲ့လင်းချန်က တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောလာသည်။
“လီနာရဲ့ တိုက်ခိုက်မှုအရှိန်အရဆို ရန်သူ မှင်တက်နေတဲ့အချိန်အတွင်း သုံးကြိမ်ပဲ တိုက်ခိုက်နိုင်တယ်”
ရှဲဒိုးဖီးန် လှုပ်ရှားလာသည်။ သူသည် ခပ်သွက်သွက် မန္တန်ထုတ်ဖော်၍ လီနာ၏ သွေးတန်းအား ထိခိုက်အောင် လုပ်လိုက်ပြီး အလန့်တကြားဟန်ဖြင့် ပြန်ဆုတ်လေသည်။
“အခု ငါ့သွေးတန်း တစ်မိနစ်စာလောက်ပဲ ကျန်နေတုန်း လီနာက သူ့တိုက်ခိုက်မှု အမြင့်ဆုံးဖြစ်အောင် မန္တန်တစ်ခု ထုတ်ဖော်လိမ့်မယ်”
ရဲ့လင်းချန်၏ အသံအဆုံး၌ နဂါးမီးတောက်မန္တန်က ချက်ချင်း ကျရောက်လာသည်။ ရှဲဒိုးဖီးန်၏ သွေးတန်းက ချက်ချင်း အနက်ရောင် ဖြစ်သွားသည်။ ထိုတိုက်ခိုက်မှုကြောင့် သူ တစ်ကြိမ် သေသွားလေသည်။
“လီနာက ဒီအခွင့်အရေးကို လုံးဝ လက်လွှတ်ခံမှာ မဟုတ်တာ သေချာတယ်၊ သူ ငါ့နောက်ကို လိုက်မှာပဲ”
ရဲ့လင်းချန်၏ ရှဲဒိုးဖီးန်က လီနာ၏ တိုက်ခိုက်မှုတွင်းမှ လွတ်သွားလေသည်။ သူ တည်ငြိမ်စွာ ထုတ်လွှင့်နေ၏။ လီနာ၏ လှုပ်ရှားမှုက သူ ခန့်မှန်းထားသည့်အတိုင်းပင်။
လီနာ၏ တိုက်ခိုက်မှုက ခရိတွေ၏ အမုန်းတရားကို ရရှိသွားလေသည်။ ခရိများ၏ တိုက်ခိုက်မှုကို သူမ စတင်ခံရ လာသည်။ ထို့အပြင် သူမသည် ရဲ့လင်းချန်ဘက်မှ အသင်း၏ ခုခံမှုမျှော်စင်၏ တိုက်ခိုက်မှု အကွာအဝေးတွင်းသို့ ဝင်မိသွားသည်။
သို့သော် ကိုးလ်က ထိုကိစ္စကို ဂရုမစိုက်ဘဲ ဆက်၍မျှားခေါ်ကာ တိုက်ခိုက်နေ၏။ တစ်ချက်၊ သူမ တစ်ချက်သာ တိုက်ရန် လိုအပ်တော့သည်။ ကိုးလ်၏ မျက်လုံးများက စိတ်အားထက်သန်မှုကြောင့် နီမြန်းလာ၏။
သူမ၏အရှိန်က ရဲ့လင်းချန်ထက် ပိုမြန်သည်။ သူ့ကို လိုက်မီသွားသည်နှင့် သူမက အသေသတ် တိုက်ကွက် ထုတ်ဖော်ရန် လက်ကိုမြှောက်လိုက်သည်။ သို့သော် ရှဲဒိုးဖီးန်၏ ခန္ဓာကိုယ်က လှစ်ခနဲ လမ်းကြောင်း ပြောင်းသွားပြီး တောအုပ်ထဲ ဝင်သွားသည်။
ထိုနေရာသည် မြင်ကွင်းကို ပိတ်ဆို့ထားသောနေရာ ဖြစ်သည်။ လီနာသည် ရှဲဒိုးဖီးန်ကို မမြင်ရတော့သဖြင့် ဆက်၍ မတိုက်ခိုက်နိုင် ဖြစ်နေသည်။ တစ်ဖက်တွင်မူ လီနာ၏ အပြာရောင် သွေးတန်းက တဖြည်းဖြည်း ဆုတ်ယုတ် လာပြီး မန္တန်များ ထပ်မထုတ်နိုင်တော့ချေ။
အစပိုင်း၌ ရဲ့လင်းချန်၏ အရိပ်ဖြိုမန္တန် ထိထားသည့်အပြင် ခရိများနှင့် ခုခံမှုမျှော်စင်၏ တိုက်ခိုက်မှုများကြောင့် လီနာ၏ သွေးတန်းက ထက်ဝက်ကျော်မျှ လျော့နေ၏။ ကိုးလ် တုန်လှုပ်စပြုလာပြီး နောက်ဆုတ်ရန် စဉ်းစား လာသည်။
သို့သော် ရှဲဒိုးဖီးန်က ရန်သူကို ရန်စသကဲ့သို့ ပြုမူလာသည်။ သူသည် မူလအရိပ်ပုံစံအတိုင်း ထွက်လာပြီး လီနာအား တိုက်ခိုက်လေ၏။
“ချီးပဲ”
ကိုးလ် မနေနိုင်ဘဲ ဆဲဆိုလိုက်မိသည်။ ကိုးလ်သည် သွေးတန်း လျော့နည်းလာသည်နှင့် ထွက်ပြေးရန် ကြံစည် ထားခဲ့သည်။ ထိုအခိုက်မှာပင် အရိပ်ဖြို မန္တန်ပေါ်လာပြီး လီနာ၏ လက်ကျန်သွေးတန်းကို ဖျက်ဆီးသွားလေသည်။
“ပထမဆုံး သတ်ဖြတ်ခြင်း”
“ဝိုင်နတ်ဘုရားက ကိုးလ်ဗွီကို သတ်လိုက်ပါပြီ”
ကျယ်လောင်သော ကြေငြာသံ ထွက်ပေါ်လာချိန်တွင် ကိုးလ် တစ်ကိုယ်လုံး တောင့်တင်းသွားရသလို သူမချန်နယ် တစ်ခုလုံးလည်း တိတ်ဆိတ်သွားသည်။ မကြာခင်မှာပင် စကားသံများ ထွက်ပေါ်လာသည်။
(လခွမ်း၊ သွေးတန်းတစ်ခု၊ ကမ္ဘာ့အကြီးစား ငတုံးက ကိုးလ်ဆီက တကယ်ကို သွေးတန်းတစ်ခု ယူသွားတာပဲ)
(အံ့ဩစရာကောင်းလိုက်တဲ့ လေ့လာချက်နဲ့ မိုက်လိုက်တဲ့ ထိန်းချုပ်မှုကွာ၊ ထုတ်လွှင့်သူက လူစားလဲသွားတာ သေချာတယ်)
(ဟားဟားဟား … မင်းတို့အားလုံး ကိုးလ်ရဲ့ ချန်နယ်ကို ကြည့်နေလား၊ သူ ဒေါသထွက်လွန်းလို့ ကီးဘုတ်ကို ဖျက်ဆီးလုနီးပါး ဖြစ်နေပြီကွ)
(သူ့ရဲ့ တိုက်ခိုက်မှုဖြစ်ဖြစ် သွေးတန်းဖြစ်ဖြစ်၊ သူ အတိအကျကို ခန့်မှန်းနိုင်တာကွ၊ သောက်ရမ်းမှန်နေတယ်)

ကိုးလ် ကျေးဇူးကြောင့် ရဲ့လင်းချန်သည် သူ၏ ဂိမ်းထိန်းချုပ်မှုနှင့်အတူ ကြည့်ရှုသူများကို ပို၍ဆွဲဆောင် နိုင်သွားသည်။ သူ၏ ချန်နယ်၌ စကားသံများ ပြည့်နှက်လာ၏။
“တကယ်‌တော့ ငါက နတ်ဘုရားတစ်ပါးပါ”
ရဲ့လင်းချန်က အပြစ်မရှိသကဲ့သို့ ပြောလာသည်။ ကစားပွဲက ဆက်၍ ရှိနေသေးသည်။ ကိုးလ် စကားမ ပြောတော့ပေ၊ သို့သော် သူမအကြည့်အရ ရဲ့လင်းချန်ကို သတ်ရန် ဆုံးဖြတ်ထားကြောင်း သိသာလှသည်။ နှစ်ယောက်ကြားမှ လူသတ်လိုသော အငွေ့အသက်ကို ကြည့်ရှုသူများ ခံစားမိနေ၏။
ပထမဆုံး သတ်ဖြတ်ခြင်း အပြီး၌ သူ၏ ပစ္စည်းကိရိယာသာမက အဆင့်တွင်ပင် ရှဲဒိုးဖီးန်က လီနာအပေါ် အောင်ပွဲခံ နိုင်သွားလေသည်။ ထို့အပြင် ရဲ့လင်းချန်၏ ဝင့်ကြွားလွန်းသော ထိန်းချုပ်မှုပါ ရှိနေသဖြင့် နှစ်ဖက်စလုံး အခြေအနေ တင်းမာလာသည်။
ရဲ့လင်းချန်သည် တစ်ဖက်မိန်းမလှလေးအပေါ် တစ်စက်ကလေးမှ သဘောကျသယောင် မပြပေ။ သူသည် အခွင့်အရေး ရတိုင်း လီနာကို တိုက်ခိုက်သဖြင့် ကိုးလ် သူ့အပေါ် အလွန် မုန်းတီးလာလေသည်။ သူမသည် မတတ်သာဘဲ မြေပုံလေးထဲမှ သူမအသင်းအား အားဖြည့်ပေးရန် သတိပေးစာ ပို့ရလေတော့သည်။
“မြေပုံလေးထဲမှာ အနီရောင် အစက်ပျောက်သွားတာ စက္ကန့်သုံးဆယ် ရှိပြီ၊ တစ်ယောက်ယောက်ကတော့ အမှတ်ကို စိတ်မဝင်စားတော့တဲ့ ပုံပဲ၊ ငါ့ကို ချောင်းတိုက်ဖို့ တစ်ယောက်ယောက်က လီနာနဲ့ ပူးပေါင်း ထားနိုင်တယ်”
ရဲ့လင်းချန်က ဖြည်းဖြည်းချင်း ပြောနေသည်။ သူသည် ပုန်းကွယ်ရန် စိတ်ကူးတစ်စက်ပင် မရှိဘဲ နေရာ၌ ငြိမ်နေ၏။ သူသည် စကားပြောရင်း မြေပုံကို အလျင်အမြန် ဖမ်းကြည့်လိုက်သည်
“အစွယ်နဲ့ ယူမီအာ လိုင်းပေါ်မှာ မရှိတော့ဘူး၊ သူ လီနာနဲ့ ပေါင်းတိုက်ဖို့ လာနေတယ်လို့ ငါ ထင်တယ်၊ ရှဲဒိုးဖီးန်ကို သတ်ဖို့ ဒီလောက်နဲ့ ဘယ်ရမလဲ”
“ဒါပေမဲ့ သူ လာရဲရင်တော့ ငါ သူ့ကို ပြန်သတ်လိုက်မှာ”
(ဘဝမှာ နားလည်မှုလွဲမှားတာ သုံးခုရှိတယ်တဲ့၊ ဖုန်းတုန်ခါတာ၊ သူ ငါ့ကို ကြိုက်နေတာပဲနဲ့၊ ငါ ပြန်သတ်လိုက်မှာဆိုတာပဲ)
(ထုတ်လွှင့်သူရဲ့ စိစစ်ချက်က အထင်ကြီးစရာပဲ၊ ယူမီအာ သူ့ဆီလာနေတာ သေချာသလောက်ပဲ)
(ငါ့ကို စိတ်ထဲမထားကြနဲ့၊ ငါက အဲ့ထုတ်လွှင့်သူ ပျက်စီးမှာကို ကြည့်ဖို့ ထိုင်စောင့်နေတာ)

လီနာ နဂါးမီးတောက် မန္တန်ကို ထုတ်လိုက်သည့် တစ်ခဏမှာပင် မှောင်ရိပ်ထဲမှနေ၍ ရှဲဒိုးဖီးန်ထံသို့ ကြီးမားသော နှင်းဘောလုံး ကျရောက်လာ၏။ ချုံခိုတိုက်ခိုက်ခြင်း စတင်လေပြီ။
ရှဲဒိုးဖီးန် ရှောင်လိုက်သော်လည်း နှင်းဘောလုံးက သူ့ကို ထိသွားသေးသဖြင့် နေရာမှပင် အေးခဲပြီး ရပ်သွားရသည်။ လီနာက သူ့ဆီ ပြေးလာပြီး ယူမီအာ၏ တိုက်ခိုက်မှုပြီးသည်နှင့် အလင်း အစီအရင် မန္တန်ကို ထုတ်ဖော်လိုက်သည်။
ထိုအချိန်တွင် ရှဲဒိုးဖီးန်သည် အေးခဲနေရာမှ ပြန်လှုပ်ရှားနိုင်ပြီး သွေးတန်းတစ်ဝက်မျှ လျော့သွားလေသည်။ ရှဲဒိုးဖီးန်က မျှော်စင်သို့ ပြန်ဆုတ်ရန် ပြင်သော်လည်း သူ နောက်ဆုတ်မည့်လမ်းအား ယူမီအာက ရေခဲချပ်သုံး၍ ပိတ်ဆို့ထားသည်။
ထိုအခိုက်တွင် ရှဲဒိုးဖီးန်သည် စဉ်းစားနေပုံရသည်။ သူ့၌ ရှိသမျှအားလုံးကိုသုံး၍ အရိပ်ဖြိုမန္တန်သုံးခုကို ထုတ်ဖော်ကာ လီနာ၏ သွေးတန်းကို သုံးပုံနှစ်ပုံ လျော့အောင် လုပ်လိုက်သလို ယူမီအာ၏ သွေးတန်းကိုလည်း တစ်ဝက်မျှ လျော့အောင် လုပ်လိုက်သည်။
ရေခဲချပ် မန္တန် ကုန်သွားချိန်တွင် ရှဲဒိုးဖီးန်သည်လည်း သွေးတန်းတစ်ဝက်မျှ လျော့နေလေသည်။ သူ အလျင်စလို နောက်ဆုတ်တော့သည်။ ယူမီအာနှင့် လီနာသည် ခုခံမှု မျှော်စင်၏ ကာကွယ်ပေးမှုအောက်၌ ဆက်လက်၍ လိုက်လံ တိုက်ခိုက်ကြသည်။
“ဒီတစ်ခေါက် သူ သေကိုသေရမယ်”
ကိုးလ် အံကိုကြိတ်ထားသည်။ သူမသည် ရှဲဒိုးဖီးန်၏ အသက်ကို နုတ်ယူနိုင်ရန် နဂါးမီးတောက် မန္တန် ပြန်သုံးနိုင်မည့် အချိန်ကို စောင့်နေသည်။
“နဂါးမီးတောက် မန္တန်”
လီနာ၏ ခန္ဓာကိုယ်မှ တောက်ပသော အနီရောင် မီးလျှံများ ထွက်ပေါ်လာ၏။ သို့သော် ရှဲဒိုးဖီးန်သည် တည့်တည့် လျှောက်နေရာမှ ရုတ်တရက် ကွေ့ကောက်လျှောက်လိုက်ပြီး နဂါးမီးတောက် မန္တန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်သည်။
သူမ၏ တိုက်ခိုက်မှု လွဲချော်သွားသဖြင့် ကိုးလ် ရင်တဒိန်းဒိန်း ခုန်လာပြီး စိတ်ထဲတွင် မကောင်းသော ခံစားချက်များ ပျံ့နှံ့လာ၏။
သူမ ထိုသို့ခံစားနေရစဉ်မှာပင် ထွက်ပြေးနေသော ရှဲဒိုးဖီးန်က ရုတ်တရက် နောက်ပြန်လှည့်လာ၏။ သူသည် အရိပ်ဖြို မန္တန်ဖြင့် ယူမီအာ၏ အသက်ကို နှုတ်လိုက်ပြီး ဒုတိယမြောက် အရိပ်ဖြိုမန္တန်ဖြင့် လီအာ၏ အသက်ကို သိမ်းလေတော့သည်။
“နှစ်ကြိမ်ဆက်တိုက် သတ်ဖြတ်ခြင်း”
“ဝိုင်နတ်ဘုရားက ကိုးလ်ဗွီကို သတ်လိုက်ပါပြီ”
“ဝိုင်နတ်ဘုရားက ယူမီအာကို သတ်လိုက်ပါပြီ”
“ဝိုင်နတ်ဘုရား တရစပ် သတ်နေပါပြီ”
ခြယ်လှယ်လွန်းသော အသံများ ပဲ့တင်ထပ်နေပြီး ဖန်သားပြင်၌ ဝိုင်နတ်ဘုရားဟူသော စကားလုံးက တစ်ဝက်ခန့် နေရာယူနေ၏။
(ဆောရီးကွာ၊ ငါ စကားတောင် မပြောနိုင်တော့ဘူး၊ ထုတ်လွှင့်သူအတွက် ငါ့လေးစားမှုကို ဖော်ပြဖို့ မိုက်တယ် ဆိုတဲ့ စကားပဲ သုံးနိုင်တော့တယ်)
(သူက ကြောင်တစ်ကောင်လို စိုးရိမ်ပုံ ပေါ်နေပင်မယ့် သူက တကယ်တမ်းတော့ ခွေးအိုကြီးလို တည်ငြိမ်တာပဲ၊ မိုက်တယ်ကွာ …)
(သူ့ထိန်းချုပ်ပုံက ပရိုတစ်ယောက်နဲ့ ယှဉ်လို့ရတယ်၊ မင်းတို့လည်း ငါ ပြောတာကို ငြင်းမယ် မထင်ဘူး၊ ဟုတ်တယ် မလား)
(ကိုးလ် ငိုတော့မယ်လို့ ငါ ထင်နေတယ်၊ ဒါ ဘယ်လိုပြိုင်ဘက်မျိုးလဲကွာ)

တတိယပွဲ၌ ရဲ့လင်းချန်သည် သူ၏ အနိုင်ပိုင်း တိုက်ကွက်ကို လေ့ကျင့်ရင်း အနိုင်ရသွားသည်။ သူ၏ ကျွမ်းကျင်သော ထိန်းချုပ်မှု၊ တိကျသော စိစစ်ချက်နှင့် ဝင့်ကြွားသော မှတ်ချက်များကြောင့် များစွာသော ပရိသတ်များကို ဖမ်းစားသွားလေသည်။ သူ ချန်နယ်၏ ကိန်းဂဏန်းကို တစ်ချက်ကြည့်လိုက်သောအခါ ပရိသတ်ပေါင်း သုံးထောင်ကျော် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူသည် လက်ဆောင်နှင့် လှူဒါန်းမှုများမှ ဒေါ်လာသုံးထောင် ရသွားလေသည်။
*လခွမ်း၊ လတ်စသက်တော့ ငါ တိုက်ရိုက်ထုတ်လွှင့်တာကနေ တကယ် ပိုက်ဆံရှာနိုင်နေတာပဲ*
ထိုအချိန်မှာပင် ဖန်သားပြင်၏ ညာဘက်အောက်ခြေမှ အသိပေးစာတစ်ခု တက်လာ၏။
(ကိုးလ်ဗွီက သူငယ်ချင်းဖြစ်ခွင့် တောင်းဆိုလာပါတယ်)

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now