Chapter 38

1K 115 0
                                    

Chapter 38 ရွေးချယ်စရာ နှစ်ခု

“ဟားဟားဟား … မျိုးမစစ်ကောင် မင်းကိုယ်မင်း ဘာထင်နေလဲ၊ သခင်လေးလုရှေ့မှာ မင်းက ချီးထုပ်အဆင့်ပဲ ရှိတယ်၊ မင်းက သူ့ဖိနပ်ကို လျက်ဖို့အဆင့်တောင် မရှိဘူး၊ ဆက်လုပ်၊ ဆက်ပြီး ဟန်ထုတ်နေ၊ ဆက်လေကျယ် နေလိုက်”
ဝူဖုန်းက သုန်မှုန်နေသော မျက်နှာထားနှင့် သူ့အား ခွေးရူးသဖွယ် အော်ဟစ်နေ၏။
“မင်းက ရဲ့လင်းချန်လား ငါ မင်းအကြောင်း ကြားဖူးပါတယ်”
လုဟောင်က အရာအားလုံး သူ့ထိန်းချုပ်မှုအောက်၌ ရှိနေသကဲ့သို့ တည်ငြိမ်နေလေသည်။
“မင်းက တော်တော်လေး အစွမ်းအစရှိတဲ့ တိုက်ခိုက်ရေးသမားလို့ ငါ ကြားဖူးတယ်၊ မင်း ငါ့လူနှစ်ယောက်နဲ့ ပြိုင်ကြည့်ပါလား”
သူ့စကားအဆုံး၌ သူ့အနောက်မှ လူနှစ်ယောက်က ရှေ့သို့ လျှောက်လာသည်။ သူတို့နှစ်ယောက်လုံး၌ လူသတ်လိုသော အငွေ့အသက်တစ်ခု ရှိနေသည်။ သူတို့ အရင်က လူသတ်ဖူးပုံ ပေါ်ပြီး သားကောင်ကလည်း တစ်ယောက်ထက် မကမည့်ပုံပင်။
သူတို့၏ ဖိနှိပ်နိုင်သော အရှိန်အဝါက ခန်းမထဲမှ လူတိုင်းကို ပင့်သက်ရှိုက်သွားရစေသည်။
“လုဟောင် တော်လိုက်တော့ ရဲ့လင်းချန်က ကျွန်မမိတ်ဆွေ”
ရှောင်ဖေးဖေးက လုဟောင်ကို စိုက်ကြည့်၍ ပြန်ချေပလိုက်သည်။ သူမ မျက်နှာအမူအရာက သုန်မှုန်နေ၏။
“မင်းက သူ့အစား တောင်းပန်ချင်တာလား”
လုဟောင်က ရှောင်ဖေးဖေးကို စနောက်သော အမူအရာဖြင့် ကြည့်နေပြီး နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်သည်။
“သူ့ကို ကာကွယ်ဖို့ မဖြစ်နိုင်ဘူး၊ ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်”
အခြားသူအပေါ် မင်းမူ၍ သူတို့၏ ကံကြမ္မာကို သူ့စကားဖြင့် ဆုံးဖြတ်ရသော ဤခံစားချက်ကို သူ သဘောကျသည်။
“ဘာရွေးချယ်စရာလဲ”
ရှောင်ဖေးဖေးက နှုတ်ခမ်းကိုကိုက်၍ မေးလိုက်သည်။ လုဟောင်က ညာဘက် ခြေထောက်ကိုမြှောက်၍ ထိုင်ခုံပေါ် တင်လိုက်သည်။ ထို့နောက် သူက ရဲ့လင်းချန်ကို လက်ညှိုးထိုး၍ အောင်နိုင်သူ လေသံဖြင့် အမိန့်ပေးလိုက်သည်။
“သူ ငါ့ပေါင်ကြားကနေ လေးဘက်ထောက်သွားပြီး ခွေးလို သုံးကြိမ်ဟောင်မယ်ဆိုရင် ငါ သူ့အသက်ကို ချမ်းသာ ပေးမယ်”
“သခင်လေးလု ဒါက သူ့လိုလူတစ်ယောက်အတွက် အရမ်း ကြင်နာရာ ရောက်နေပါပြီ”
ဝူဖုန်းက မကျေမနပ်နှင့် ညည်းတွားလေသည်။ သူ့အကြည့်တွင် ရဲ့လင်းချန်ကို အစိမ်းလိုက် ဝါးစားချင်နေဟန်များ ပေါ်နေ၏။ လုဟောင်က ဝူဖုန်းကို ပါးစပ်ပိတ်ထားရန် လက်ကာပြလေသည်။
“ဖေးဖေး မင်း သဘောကျတဲ့ ကောင်က ငါ့ရှေ့မှာ ခွေးတစ်ကောင်လိုပဲ ရှိတာကို သေချာကြည့်ပြီး နားလည် စေချင်တယ်၊ သူတင်မကဘူး၊ ဒီလောကထဲက ယောက်ျားတော်တော်များများက ခွေးတွေပဲ၊ မဟုတ်သေးဘူး သူတို့ကို ခွေးနဲ့တောင် ယှဉ်ဖို့ မတန်ဘူး၊ ငါ သဘောကျတာကို ခံရတာ မင်းအတွက် ကံကောင်းတာပဲ”
လုဟောင်က ဘေးပတ်လည်မှ လူတိုင်းကို အထင်သေးသလို ဝေ့ကြည့်၍ အထက်စီးဆန်သော လေသံဖြင့် ပြောလိုက်သည်။
“ဒုတိယတစ်ခုက ဘာလဲ”
ရှောင်ဖေးဖေးက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
“ဟဲဟဲ”
လုဟောင်က ရယ်မော၍ သူ့ရှေ့ စားပွဲပေါ်မှ ဝိုင်အားလုံးကို စုစည်းလိုက်သည်။ အဆင့်မြင့် ဟိုတယ် ဖြစ်သောကြောင့် နာမည်ကြီး ဝိုင်တံဆိပ်များစွာကို သိုလှောင်ထားပြီး အမျိုးအစား စုံလင်စွာ ရရှိနိုင်သည်။
Maotai, Le Vin Rouge, Lafite စသည်တို့လည်း ရနိုင်သလို ဝိုင်နီနှင့် ဝိုင်ဖြူတို့လည်း ရနိုင်သည်။ လုဟောင်က ပုလင်းတိုင်းကို ဖွင့်ကာ အမျိုးအစား မတူညီသော ဝိုင်များကို ဖန်ခွက်တစ်ခွက်တည်း ရောထည့်လိုက်သည်။
“မင်း ဒီခွက်ထဲက ဝိုင်အားလုံးကို တစ်ခါတည်း သောက်နိုင်သရွေ့ ငါ အဲ့ကောင်ကို လွှတ်ပေးမယ်”
သူ သုံးထားသည့် ဝိုင်ခွက်က ကြီးသလို ခွက်ထဲ၌ ပါသည့် ဝိုင်ပမာဏကလည်း တစ်လီတာ မကပေ။ ထို့အပြင် ခွက်ထဲ၌ အယ်လ်ကိုဟော ပမာဏ မြင့်မားသော ဝိုင်အမျိုးအစား ခြောက်မျိုးကို ရောထည့်ထားသေးသည်။
ရောထားသော ဝိုင်များသည် အရက်မူးလာရန် အလွယ်ကူဆုံးပင်။ တကယ်တမ်းတွင် ရောထားသော ဝိုင်မဆို ထားနှင့် သာမန်ဝိုင်ဖြူတစ်ခွက်ကပင် အရက်လုံးဝ မသောက်တတ်သော ရှောင်ဖေးဖေးအတွက် တစ်ခါတည်း မူးသွားရန် လုံလောက်နေလေပြီ။ ဤသို့သော ဝိုင်မျိုးက အယ်လ်ကိုဟောကြောင့် သတိလစ်သည့်အပြင် ခံရလည်း ခက်လှသည်။
“မင်း စိတ်မပူနဲ့၊ မင်းအတွက် အထူးအခန်းတစ်ခန်း ကြိုယူထားပြီးသား၊ မင်း မူးလာရင် ငါကိုယ်တိုင် မင်းကို အခန်းထဲ လာပို့ပေးမယ်”
လုဟောင်က ရှောင်ဖေးဖေးကို ကြည့်ကာ ကျိတ်ရယ်လေသည်။ အရက်မူးနေသော အမျိုးသမီးတစ်ယောက်အား အမျိုးသားတစ်ယောက်က ဟိုတယ်အခန်းထဲ ခေါ်သွားခြင်း။ ဤလုပ်ရပ်ကပင် ဘယ်လို အဓိပ္ပာယ် ဖြစ်နေကြောင်း ဖော်ပြနေသည်။
ခန်းမတစ်ခုလုံး ငြိမ်သက်မြဲ ငြိမ်သက်နေ၏။ လုဟောင်သည် နိုင်လိုမင်းထက် ပြုမူလွန်းသည်။ သူ ပြောသော ရွေးချယ်စရာ နှစ်ခုလုံးက လူတစ်ယောက်၏ သိက္ခာကို ကစားနေခြင်း ဖြစ်ကာ သူ့လက်ခုပ်ထဲက ရေသဖွယ် ခိုင်းစေနေခြင်း ဖြစ်သည်။
ရှောင်ဖေးဖေး စိတ်လှုပ်ရှားသော အမူအရာ ဖြစ်လာသည်။ အချိန်တိုအတွင်းမှာပင် သူမစိတ်ထဲ၌ အတွေးများစွာ ဖြတ်ပြေးလာ၏။ နောက်ဆုံး၌ သူမ ကြိတ်မှိတ်၍ ပြုံးလိုက်ပြီး လက်ဆန့်၍ စားပွဲပေါ်မှ ဝိုင်ခွက်ကို ကောက်ယူ လိုက်သည်။
သို့သော် သူမ သောက်ရန် ပြင်လိုက်ချိန်တွင် ရဲ့လင်းချန်က ဖန်ခွက်ကို လုယူလိုက်သည်။ ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို တအံ့တဩ ပြန်ကြည့်လိုက်သည်။
“လင်းချန် နင် …”
“စိတ်မပူနဲ့ အဆင်ပြေသွားမှာပါ”
ရဲ့လင်းချန်၏ အမူအရာက တည်ငြိမ်နေပြီး သူမကို နှစ်သိမ့်လာသည်။
“ဟမ်”
လုဟောင်က ရဲ့လင်းချန်အား ပုရွက်ဆိတ်တစ်ချို့ကို ကြည့်နေသကဲ့သို့ ကြည့်လာသည်။ သူက မောက်မာစွာ ခေါင်းကို မော့လိုက်သည်။
“ကြည့်ရတာ မင်းက ပထမအချက်ကို ရွေးလိုက်တဲ့ပုံပဲ၊ လာ … တွားသွားလာလိုက်”
သူ၏ စကားလုံးတိုင်းက အခြားသူများက သူ့စကားကို နာခံလိမ့်မည်ဟု မျှော်မှန်းထားသည့်ပုံပင်။ အစမှ အဆုံးတိုင် သူ ရဲ့လင်းချန်ကို အထင်မကြီးပေ။
လူတစ်ချို့သည် ရွှေလင်ဗန်းဖြင့် အချင်းဆေး၍ မွေးဖွားလာသူများ ဖြစ်သည်။ မွေးကတည်းက သာမန်လူများ မရနိုင်သော အရာများကို သူတို့ ရရှိထားကြသည်။ အချို့လူများမှာမူ မွေးကတည်းက ဆင်းရဲဒုက္ခ ခံစားရကာ အမြင့်သို့ မတက်လှမ်းနိုင်ချေ။
ရဲ့လင်းချန်က ဒုတိယလူအမျိုးအစားထဲမှ လူတစ်ယောက် ဖြစ်သည်။ ရဲ့လင်းချန်၏ ကံကြမ္မာကို သူ အလွယ်တကူ ဆုံးဖြတ်နိုင်သောကြောင့် ရဲ့လင်းချန်၏ ခံစားချက်ကို သူ ထည့်စဉ်းစားပေးရန် မလိုချေ။
“မျိုးမစစ်ကောင် သခင်လေးလုရဲ့ ပေါင်ကြားကနေ တွားသွားရတာကတောင် မင်းအတွက် ဂုဏ်ယူစရာ ကောင်းနေပြီ၊ မင်းဘိုးဘေးတွေကိုပါ မင်း ကျေးဇူးတင်သင့်တယ်”
ဝူဖုန်းက သူ့အား အထင်သေးစွာ ရယ်နေသည်။
“ရွေးချယ်စရာက နှစ်ခုပဲလား”
ရဲ့လင်းချန်၏ အမူအရာက ခံစားချက် ကင်းမဲ့နေသည်။
“တတိယတစ်ခု မရှိတော့ဘူးလား”
“လုံးဝ မရှိဘူး”
လုဟောင်က ဟားတိုက်ရယ်လာသည်။
“မင်းကို ရွေးချယ်စရာ နှစ်ခု ပေးတာကတင် မင်းအပေါ် ငါ အစွမ်းကုန် ကြင်နာမှု ထားပေးနေတာပဲ၊ မင်းကများ ငါ့ကို ထပ်တောင်းဆိုရဲတာလား၊ ငါ့အချိန်ကို ဖြုန်းမနေနဲ့၊ မင်းလို နိမ့်ကျတဲ့က ငါ့အချိန်ကို လာဖြုန်းနေတာကိုက စိတ်ပျက်စရာပဲ၊ မင်း ငါ့ကို ဒေါသထွက်အောင် လာလုပ်ရင် ငါ မင်းကို တမလွန် ပို့ပေးလိုက်မယ်”
ရဲ့လင်းချန်က လုဟောင်ကို အထက်စီးဖြင့် ပြန်ကြည့်ကာ ခေါင်းခါလိုက်သည်။
“ငါတော့ တတိယမြောက် ရွေးချယ်စရာ ရှိသေးတယ်လို့ ထင်တာပဲ”
“ဟ”
လုဟောင်၏ မျက်နှာက သုန်မှုန်လာသည်။
“ပြောစမ်းပါဦး”
“မင်းကို ဆုံးမဖို့လေ”
“ဘာ”
လုဟောင် နားကြားမှားလေသလားဟု တွေးလိုက်မိသည်။
“ငါတို့ကို အေးဆေးနေခွင့်ပေး မဟုတ်လို့ကတော့ ငါ ရိုင်းတယ်လို့ အဆိုးမဆိုနဲ့”
ရဲ့လင်းချန်က အေးအေးလူလူ ပြောလိုက်သည်။
“မင်းက ငါ့ကို ပြန်ရန်လိုမလို့လား ဟားဟားဟား…”
လုဟောင်က အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ မျက်ရည်ထွက်မတတ် ရယ်မောလေသည်။ လူအုပ်ထဲမှ တော်တော်များများကလည်း လိုက်ရယ်ကြသည်။
“သေချင်နေတာပဲ၊ ဒီကောင်က သေချင်နေတာ”
“သခင်လေးလုရဲ့ ဖိအားအောက်မှာ သူ ရူးသွားပြီနဲ့ တူတယ်”
“ဟူး … တစ်ခြားသူရဲ့ ပေါင်ကြားကနေ လေးဘက်ထောက် တွားရမှာကို ရှက်စရာလို့ တွေးနေတာကိုး၊ ဒီကောင်က ကောင်းကောင်း အသက်မရှင်ချင်ဘူးပဲ”
ဝူဖုန်း အလွန် စိတ်လှုပ်ရှားနေသဖြင့် အော်မရယ်မိအောင် ခက်ခက်ခဲခဲ ထိန်းနေရသည်။
“မိုးနတ်မင်းက ငါ့ကို ကူညီနေတာပဲ၊ ဒီကောင်က အရူးပါလား၊ သူ့အသက်ကို တန်ဖိုးထားရမယ့်အစား သေလမ်း လိုက်ရှာနေတာပဲ”
“ကောင်းတယ် သိပ်ကောင်းတယ်၊ မင်း ငါ စိတ်ကုန်အောင် အောင်အောင်မြင်မြင် လုပ်လိုက်နိုင်တာပဲ”
လုဟောင် တစ်ခဏမျှ ရယ်လိုက်ပြီးနောက် ရဲ့လင်းချန်ကို အေးစက်စက် စူးစိုက်ကြည့်လေသည်။
“ဒါပေမဲ့ မင်း မသေခင် ငါ့ကို ကောင်းကောင်းကြီး ဖျော်ဖြေပေးသွားတာကို ထောက်ပြီးတော့ ငါ မင်းကို မနာကျင်ဘဲ မြန်မြန် သေရအောင် လုပ်ပေးမယ်”
ထိုသို့ပြောပြီးနောက် လူဖြူအမျိုးသားနှင့် အရှေ့တောင် အာရှသားတို့ နှစ်ယောက်လုံး ရဲ့လင်းချန်ထံသို့ လျှောက်လာကြသည်။
ရှောင်ဖေးဖေး၏ မျက်နှာ သွေးမရှိတော့သလို ဖြူရော်သွားပြီး တစ်ကိုယ်လုံး ကြောက်လန့်ကာ တုန်ယင်လာ၏။ ရဲ့လင်းချန်က သူမကို စိတ်အေးအေးထားဟူသော အကြည့်ဖြင့် ကြည့်ကာ ရှေ့သို့ တိုးလိုက်သည်။
သူသည် မျက်လုံးကိုစင်း၍ အရှေ့တည့်တည့်သို့ ကြည့်နေသည်။ သူ့လက်နှစ်ဘက်ကို နောက်ပစ်၍ ထိုလူနှစ်ယောက်ကို အေးအေးဆေးဆေး ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လုံး တက်လာခဲ့”
“လခွမ်း ဒါ ဘာလဲ ဟန်ထုတ်တာလား”
“ဒီအရှုံးသမားက ဟန်ထုတ်ဘုရင် ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ မသေခင်တောင် ကြွားဝါနေသေးတယ်”
“ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ ဒီကောင်က သူ့ကိုယ်သူ ဆရာသခင်များ မှတ်နေတာလား၊ ဒါမှမဟုတ် သူ ဟန်လုပ်နေတာလား”
လူဖြူအမျိုးသားက အရှေ့တောင်အာရှသားကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူတို့၏ မျက်လုံးတွင် ဒေါသမီးများ တောက်လောင်နေ၏။
လူဖြူအမျိုးသားက လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ရဲ့လင်းချန်၏ ဦးခေါင်းကို ထိုးနှက်လာသည်။ အရှေ့တောင်အာရှသားက လက်ထဲတွင် ဓားမြောင်တစ်လက်ကို ကစားနေပြီး ရဲ့လင်းချန်၏ ခါးကို ထိုးလိုက်သည်။
အပေါ်နှင့် အောက်ကို ပြိုင်တူ တိုက်ခိုက်ခြင်းပင်။ တစ်ယောက်က လက်ရုံးရည်ဖြင့် အားကုန်သုံး တိုက်ကာ နောက်တစ်ယောက်က လက်နက်ဖြင့် တိုက်ခိုက်သည်။ နှစ်ယောက်လုံး၏ လှုပ်ရှားမှုက ညီညွတ်၍ ပြီးပြည့်စုံသော တိုက်ခိုက်မှုတစ်ခုကို ပုံဖော်လာ၏။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now