Chapter 71

1K 123 3
                                    

Chapter 71 လူမဆန်သော နှိပ်စက်ညှဉ်းဆဲမှု

“ပိုပြီး အံ့ဩဖို့ကောင်းတာ ရှိသေးတယ်”
ရဲ့လင်းချန်က ရယ်၍ ပြောလိုက်သည်။ ထိုသို့သောအချိန်၌ ယင်ကောင်တစ်ကောင်က သူတို့အနား၌ ဝေ့ဝဲ ပျံသန်းချိန်နှင့် တိုက်ဆိုင်သွားသည်။
“ဖမ်းလိုက်”
“အာဝူး”
ရှောင်ချင်နှင့် ရှောင်ဟွေက အူလိုက်ပြီး ကိုယ်ကိုကိုင်းလိုက်ပြီးနောက် အပေါ်သို့ လွှားခနဲ ခုန်၍ ယင်ကောင်ကို ဖမ်းလေသည်။
သို့သော် ယင်ကောင်က မြန်လွန်းသဖြင့် မျက်တောင်တစ်ခတ်အတွင်း အဝေးသို့ ပျံသွားသည်။ ဝံပုလွေပေါက်လေး နှစ်ကောင်သည် အချင်းချင်း ခေါင်းနှင့် တိုက်မိကာ မြေကြီးပေါ် ပြန်ပြုတ်ကျပြီး လူးလိမ့်သွားကြသည်။
“ချစ်ဖို့ကောင်းလိုက်တာ”
ရှောင်ဖေးဖေးသည် ဝံပုလွေပေါက်လေး နှစ်ကောင်ကို ချစ်သွားပြီး သူတို့၏ ချစ်စရာကောင်းပုံကြောင့် သူမ နှလုံးသား အရည်ပျော်သွားသည်။
“ငါ သူတို့ကို ခေါ်ပြီး ငါကိုယ်တိုင်ပဲ မွေးချင်လိုက်တာ”
သူမသည် စကားအဖြစ်သာ ပြောခြင်း ဖြစ်လေသည်။ ရဲ့လင်းချန်သာလျင် ဤဝံပုလွေပေါက်လေးများကို လေ့ကျင့်နိုင်ခြင်း ဖြစ်ပြီး မည်သည့် သာမန်လူမဆို သူတို့ ကြီးလာသည်အထိ ယဉ်ပါးအောင် လုပ်နိုင်စွမ်း မရှိသည်ကို သူမ ကောင်းကောင်း သိပါ၏။
ရဲ့လင်းချန် နှာခေါင်းပွတ်၍ ရှောင်ဖေးဖေး၏ ပျော်ရွှင်နေသော ပုံလေးကို ကြည့်ကာ ပြောလိုက်သည်။
“အစ်မ သဘောကျတယ်ဆိုရင် ကျွန်တော့်ကို ပြောလေ၊ သူတို့ကို ခေါ်လာခဲ့ပေးမယ်”
“ဒါဆို ကောင်းတာပေါ့၊ နင် သူတို့ကို ကောင်းကောင်း ဂရုစိုက်ရမယ်နော်”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ကြည့်ပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။ သူမ၏ မျက်လုံးက လခြမ်းကွေးသဖွယ် ကွေးညွတ်နေပြီး လှပမှုက နှိုင်းယှဉ်မရအောင်ပင်။ ရဲ့လင်းချန်သည် တဒိတ်ဒိတ် ခုန်နေသော နှလုံးသားအား တည်ငြိမ်စေရန် အသက်ကို ဖြည်းဖြည်းချင်း ရှူလိုက်သည်။
“ဪ ဟုတ်သားပဲ၊ ငါ့လည်ပင်းက အခုတလော ပြန်နာနေတာ၊ ငါ့ကို နှိပ်ပေးပါဦး”
သူမက လည်ပင်းကိုကိုင်၍ မျက်မှောင်ကြုတ်ကာ ပြောလေသည်။ သူမ ပြောပြီးသွားသည်နှင့် သူမ၏ သိမ်မွေ့သော ခါးလေးအား လှည့်လိုက်သေးသည်။
“အင်း ကိစ္စမရှိပါဘူး”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ရှောင်ဖေးဖေး၏ အသွင်အပြင်ကို ကြည့်ပြီး သူ့အသက်ရှူသံက ပြတ်တောင်း ပြတ်တောင်း ဖြစ်လာသည်။
“အစ်မလင်းကလည်း နင့်ဆီမှာ အနှိပ်ခံချင်လို့တဲ့”
ရှောင်ဖေးဖေးက ဆက်ပြောလာသည်။ ရဲ့လင်းချန် အစ်မလင်းကို လှမ်းကြည့်လိုက်သည်။ သို့သော် သူမက မျက်နှာ နီမြန်း၍ တစ်ခွန်းမှမပြောချေ။
“ကျွန်တော် အစ်မတို့ကို ပြိုင်တူ နှိပ်ပေးရင်ရော”
“နင် အဲ့လိုလုပ်လို့ရလား”
“အင်း”
“အဆင်ပြေတာပေါ့၊ နင် နှိပ်ပေးတာက တော်တော် ကောင်းတယ်”
ရှောင်ဖေးဖေး၏ မျက်နှာတွင် စိတ်လှုပ်ရှားသော အရိပ်အယောင် ပေါ်နေသည်။
“တစ်ခု ရှိတယ်၊ အစ်မတို့ နှစ်ယောက်လုံး နှိပ်ပေးနေတုန်း ကိုယ့်ကိုယ်ကိုယ် ထိန်းပေးပါ၊ ဘာသံမှ မထွက်အောင် ကြိုးစားပေးပါ”
ရဲ့လင်းချန် ပြောပြီး ဖြစ်လာမည့်အရာအတွက် ကိုယ့်ကိုယ်ကိုယ် စိတ်ကိုတင်းလိုက်သည်။
“မပူနဲ့ မဖြစ်လာစေရဘူး”
….
နှိပ်နယ်ခြင်းအား စတင်လိုက်သည်။

တစ်နာရီကြာပြီးနောက် ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်ပြီး မျက်နှာက စက္ကူအလား ဖြူရော်နေသည်။
*သူတို့ ဘာသံမှ မထွက်ပါဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ လူလိမ်တွေ*
ရှောင်ဖေးဖေးနှင့် အစ်မလင်းတို့သည် ရီဝေဝေ မျက်လုံးများနှင့် ဖြစ်နေကာ လှဲနေရင်း အိပ်ပျော်လုလု ဖြစ်နေ၏။
ရဲ့လင်းချန် ချွေးများနှင့် ရွှဲနစ်နေကာ အင်္ကျီနှင့် ခန္ဓာကိုယ်တွင် ချွေးများ နင့်နေပြီး မသိလျင် လူမဆန်သော နှိပ်စက်ညှဉ်းဆဲမှုကို ဖြတ်ကျော်ခဲ့ရသလိုပင်။
ဤအခြေအနေအား ဖြတ်ကျော်ရန် မလွယ်ပေ။ သူ စိုးရိမ်နေသည်။ ဤလမ်းကြောင်းကို လိုက်ခြင်းကြောင့် သူ့ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်မိသလိုများ ဖြစ်နေသလား။ အခြားသူများကို ကယ်တင်ရန် သူ့အသက်ကို လောင်ကျွမ်းအောင် ပြုမူမိနေလေသည်။
“ဟင် … လင်းချန် နင် ဘာဖြစ်တာလဲ၊ နင့်မျက်နှာ နီရဲနေတာပဲ၊ ချစ်ဖို့ကောင်းသား
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို လှည့်ကြည့်ပြီး ပြုံး၍ ပြောလာသည်။
*ချစ်ဖို့ကောင်းတယ် ဟုတ်လား*
ရဲ့လင်းချန်၏ မျက်နှာ မည်းမှောင်သွားသည်။ အစောပိုင်းက အခြေအနေကို ထိန်းနိုင်ပြီးနောက် ရဲ့လင်းချန် သက်ပြင်းချလိုက်သည်။ သူ့ကိုယ်ထဲမှ မီးတောက်ကို ငြှိမ်းသတ်နိုင်သွားလေပြီ။
ခေါင်းပြန်ဖီး၍ မိတ်ကပ်ကို ပြန်ပြင်နေသော ရှောင်ဖေးဖေးနှင့် အစ်မလင်းတို့ကို သူ လှမ်းကြည့်လိုက်သည်။ သူ၏ ဆုံးဖြတ်ချက် ခိုင်မာမှုကို သူ လေးစားမိသည်။ လီရှားဟွေတောင်မှ ဤသို့ လုပ်နိုင်မည် မဟုတ်ပါ။ သူက အလှလေး နှစ်ယောက်နှင့် တစ်ချိန်တည်း ရင်ဆိုင်ရသောကြောင့် လီရှားဟွေထက် ပိုသာသည်ဟု တွေးမိသည်။
“လင်းချန် နင့်ကျော်ကြားမှုက ပေါက်ထွက်လုနီးပါးပဲနော်၊ နင့် ရေပန်းစားမှုက ဘီအဆင့် အနုပညာရှင်တွေကို ကျော်တက်နေပြီ၊ နင်က အခု အေအဆင့် အနုပညာရှင်ဖြစ်ဖို့ အညွန့်တက်နေပြီ”
ရှောင်ဖေးဖေးက တအံ့တဩ ပြောလာသည်။
“အနုပညာ ပွဲလမ်းတော်တော်များများက ငါ့ကို နင့်ကို ပွဲတက်ပေးဖို့ ဖိတ်ချင်နေတာ၊ နင် တက်မယ်ဆိုလည်း မျက်နှာဖုံး တပ်ဖို့ ငါ အကြံပေးချင်တယ်၊ ဆန်းကြယ်မှုကို ထိန်းသိမ်းနိုင်တာပေါ့”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“အဲ့ပွဲတွေကို ခေါက်ထားလိုက်ပါ၊ ကျွန်တော့်မျက်နှာကို ထုတ်ပြဖို့ အစီအစဉ် မရှိသေးဘူး
“ဪ ဟုတ်သားပဲ၊ နင် ဝိုင်ဆိုနဲ့ နာမည်နဲ့ ဝေ့ပေါ်အကောင့် မြန်မြန် ဖွင့်သင့်တယ်၊ အခုတလော အဲ့နာမည်နဲ့ လူတွေ အများကြီး ပေါ်နေတာ၊ နင် ရှေ့ရောက်နေသင့်တယ်”
ရှောင်ဖေးဖေးက ထိုနာမည်များနှင့် လူအများ ပြောနေကြသူက သူ ဖြစ်ကြောင်း မသိသဖြင့် အကြံပေးလာသည်။
“ကောင်းသားပဲ”
ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားလိုက်မိသည်။ သူ၏ ရေပန်းစားမှုကို တိုးစေချင်လျင် သူ ဝေ့ပေါ်အကောင့်တစ်ခု ဖွင့်ရန် လိုအပ်ပေလိမ့်မည်။
ထို့ကြောင့် သူသည် ဝေ့ပေါ် အကောင့်သစ်တစ်ခု ဖွင့်လိုက်ပြီး ၎င်းတွင် အတည်ပြု အမှတ်အသားလည်း ပါသည်။ ယင်းသည် ရှောင်ဖေးဖေး၏ ထောက်ခံချက်ဖြင့် သူ့ကိုယ်သူ သရုပ်ဆောင် တစ်ယောက်အဖြစ် ဖွင့်ထားသော အကောင့် ဖြစ်လေသည်။
[အခု ဝိုင်နတ်ဘုရားမှာ ဝေ့ပေါ် အကောင့်ရှိလာပြီဆိုတော့ မေးစရာ ရှိလာပြီ၊ ဒါ ရုပ်ရှင်နတ်ဘုရား ဝိုင်လား၊ တိုက်ရိုက်ထုတ်လွှင့်သူ ဝိုင်လား၊ ဒါမှမဟုတ် စူပါမန်း ဝိုင်လား]
[ဟားဟားဟား နောက်ဆုံးတော့ သူ့မှာ ဝေ့ပေါ် အကောင့် ရှိလာပြီ၊ နောက်ဆုံးတော့ ငါ့နတ်ဘုရားကို ချစ်စကား ပြောနိုင်ပြီ]
[ဘယ်ဝိုင်ဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ငါ သူတို့အားလုံးကို ချစ်တယ်]
[ကောင်းမွန်တဲ့ ဗွီဒီယို၊ အွန်လိုင်းမိတ်ဆွေ၊ အိမ်တိုင်ရာရောက် ဝန်ဆောင်မှု၊ ပရိုဖိုင် စစ်ဆေးပြီး …]
….
သူ အစောပိုင်းလေးတင် အကောင့်ဖွင့်ပြီးသွားခြင်း ဖြစ်ပြီး မှတ်ချက်များက ပလူပျံလာသည်။ စာတို ပို့ခြင်းကလည်း အခု ငါးဆယ်ကျော်လာသည်။ အခြား ဝိုင်သုံးယောက်၏ ပရိသတ်များက ဤနေရာသို့ လာစုနေကြသည်။
[အားလုံး အာရုံမစိုက်မိကြဘူးထင်တယ်၊ ရှောင်ဖေးဖေး လိုက်ခ် လုပ်ထားတာကို မင်းတို့ မမြင်ဘူးလား၊ ဒါ သေချာပေါက် ရုပ်ရှင်နတ်ဘုရား ဝိုင်ပဲ]
[ဝါး … သိုင်းပညာရှင်ပဲ၊ မင်းမျက်နှာကို ပြလို့ရမလား]
[သူ့သိုင်းပညာ ဒီလောက် ကောင်းပုံနဲ့ဆိုရင် သူ စူပါမန်းကို နိုင်နိုင်မလား]
[ရုပ်ရှင်နတ်ဘုရား ဝိုင်နဲ့ စူပါမန်းဝိုင်က တစ်ယောက်တည်းဖြစ်မယ်လို့ ငါ ထင်တယ်]
[နေဦး … ရှောင်ဖေးဖေးက ဘယ်လိုလုပ် အရင်ဆုံး လိုက်ခ် လုပ်သွားတာလဲ၊ အဖြစ်အပျက်က တွေးကြည့်ရုံနဲ့တင် ကြောက်စရာ ကောင်းလောက်အောင် ရှုပ်ထွေးသလိုပဲ]
….
ရဲ့လင်းချန် မည်သို့သော ပို့စ်မျိုးကိုမှ မတင်ရသေးသောလည်း ပရိသတ် အရေအတွက်က ဆက်လက် တိုးတက် နေ၏။
တစ်ချိန်တည်းမှာပင် လီထိုက် ဝင်လာပြီး မှတ်ချက် ဝင်ရေးလေသည်။
[ဝိုင်ရဲ့ သရုပ်ဆောင်စွမ်းရည်က ဘာမှကို ပြောစရာ မလိုလောက်အောင်ပဲ၊ သူ့သိုင်းပညာညာက အစစ်အမှန်၊ အမှန်အတိုင်း ပြောရရင် ငါ ဝူရှ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ရိုက်တာ ကြာလှပြီ၊ တကယ့် ကွန်ဖူးအစစ်ကို များများစားစား မမြင်ဖူးဘူး၊ ဝိုင်ရဲ့ ကွန်ဖူးက ငါ့ကို အံ့ဩစေတာပဲ၊ အနာဂတ်မှာ ငါ သူနဲ့ အလုပ်ဆက်လုပ်ဖို့ မျှော်လင့်မိတယ်]
ရဲ့လင်းချန်က ချက်ချင်း နှိမ့်ချစွာ ပြန်ဖြေလိုက်သည်။
[ဒါရိုက်တာလီက ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ၊ ကျွန်တော်လည်း ခင်ဗျားနဲ့ အလုပ်ထပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်]
ရှောင်ဖေးဖေးကလည်း ဝင်လာပြီး မှတ်ချက်ရေးသည်။
[ဝိုင်ရဲ့ သရုပ်ဆောင် စွမ်းရည်က ငါ့ဇာတ်ကောင်ရဲ့ ပရိသတ်အာရုံကို ခိုးယူသွားတာပဲ၊ သူက တကယ့်ကို သဘာဝကျတဲ့ သရုပ်ဆောင်၊ ငါတို့ နောက်တစ်ခါ အတူတူ သရုပ်ဆောင်ရင် ငါ့ကို သူ့အရိပ်က လွှမ်းမိုးသွား မှာတောင် စိုးရိမ်ရတယ်၊ (ဝမ်းနည်းနေသော အီမိုဂျီ)]
[ဝိုင်က နောက်ထပ် ဒရာမ ရိုက်မှာလား၊ ငါတော့ မျှော်လင့်နေပြီ …]
[နတ်သမီးလေး မစိုးရိမ်ပါနဲ့၊ ဝိုင်နဲ့ စင်မြင့်တစ်ခုတည်းမှာ ရှိနေတဲ့အချိန် မင်းရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး၊ ဘာလို့လဲဆိုတော့ … မင်းက ဘယ်တော့မှ လူသတိထားမိတာ ခံရမှာ မဟုတ်လို့ပဲ]
နာမည်ကျော် နှစ်ယောက် ဝင်လာသောအခါ ရဲ့လင်းချန်၏ ဝေ့ပေါ်က ပို၍ အသက်ဝင်လာသည်။ တစ်ခဏ ကြာသော် ရဲ့လင်းချန်၏ ဝေ့ပေါ်အကောင့်ကို တွဲ၍ ပို့စ် တစ်ခု တက်လာသည်။
ထိုပို့စ်ကို တင်ထားသည့်သူမှာ “ရှစ်လေ့” ဟူသော လူတစ်ယောက်ပင်။
[ဘာမဟုတ်တဲ့လူလေးက နည်းနည်းလေး နာမည်ကျော်နေတာပဲ၊ သူတို့ ပိုမြင့်တဲ့နေရာကို တက်လေ အကျကြမ်း လေပဲ၊ ဒါက လုံးဝကို အတုအယောင်ကြီး၊ အမြင့်ကနေ ပြုတ်ကျတဲ့အချိန် မသေအောင် သတိထားပေါ့]
ထိုပိုစ့်သည် နာမည် အတိအကျ မပါသော်လည်း ဝိုင်ကို ပစ်မှတ်ထား၍ ပုတ်ခတ်နေခြင်း ဖြစ်မှန်း လူတိုင်း သိလေသည်။ အဘယ်ကြောင့်ဆိုသော် ရှစ်လေ့သည် ဝိုင်က ဝေ့ပေါ်အကောင့် ဖွင့်လိုက်သည့်အချိန်၌ တင်ထားသောကြောင့် ရည်ရွယ်ချက်က ရှင်းလွန်းနေသည်။ သူ၏ ဝေ့ပေါ် အတည်ပြုချက်တွင် သိုင်းပညာရှင် စတားဟု ပါနေသည်။
ရှောင်ဖေးဖေး မသိမသာ မျက်မှောင်ကြုတ်သွားပြီး မျက်နှာတွင် မကျေနပ်သော အရိပ်အယောင် ပေါ်လာသည်။
“နင် ပြန်တုံ့ပြန်မှာလား”
ရဲ့လင်းချန် လက်ယမ်းပြလိုက်သည်။ တစ်စုံတစ်ယောက်နှင့် စကားအချေအတင် ဖြစ်ရအောင် သူ အားမနေချေ။
“ရှစ်လေ့က ပေါ်တာ နည်းနည်းကြာနေတဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက်ပဲ၊ သူက အတော်လေး နာမည်ကြီးတယ်၊ ပြီးတော့ သူ့သိုင်းပညာနဲ့ ပိုထင်ပေါ်လာတာ၊ သူက စိတ်အား တက်ကြွပြီးတော့ သူ့ကို ရှောင်လင် တပည့်လို့ တစ်ချို့လူတွေက ခေါ်ကြပြီးတော့ တကယ့် ကွန်ဖူးကို လေ့ကျင်တယ် ပြောတယ်”
ရှောင်ဖေးဖေးက ဆက်ပြောပြသည်။ ရဲ့လင်းချန်က ခေါင်းညိတ်ပြလိုက်သည်။ အကယ်၍ သူက ကွန်ဖူးစတားဆိုလျင် တိုက်ဆိုင်တာ မဖြစ်နိုင်ချေ။ တစ်ဂူထဲ၌ ကျားနှစ်ကောင် မနေနိုင်သော ဆိုရိုးလိုပင်။ ဤရှစ်လေ့က ဝိုင်၏ ကျော်ကြားမှုကြောင့် ခြိမ်းခြောက်ခံရသလို ခံစားရသဖြင့် လာကိုက်နေခြင်းသာ။
အစက ရဲ့လင်းချန်သည် ဤကိစ္စကို ပြုံး၍ မသိသလို ထားရန် ရည်ရွယ်ထားသော်လည်း ရှစ်လေ့က ဗွီဒီယိုတစ်ခုဖြင့် ပို့စ်တစ်ခု ထပ်တင်လာသည်။ ထိုဗွီဒီယို၏ အကြောင်းအရာမှာ ဝိုင်က ဝံပုလွေနှင့် တိုက်နေသော အကြောင်းပင်။
“ဒီဗွီဒီယီုက တစ်ချက် ကြည့်လိုက်ရုံနဲ့ အထူး ပြုလုပ်ချက်တွေ ထည့်ထားတယ်လို့ ပြောနိုင်တယ်၊ ဘာကို တကယ့် ကွန်ဖူးလဲ၊ သောက်ရေးမပါတာ၊ ဒါ လူသိများလာအောင် လုပ်တဲ့ ဈေးကွက်ဆင်းတဲ့ စတန့်တစ်ခုပဲ”

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now