Chapter 32

1K 116 1
                                    

ကျုပ်က ပါရမီရှင်
Chapter 32 မလိုတမာစိတ်ဖြင့် တိုက်ခိုက်ခြင်း

*ဒီမိန်းမက အတ္တကြီးတာပဲ*
ထိုစကားကြောင့် ရဲ့လင်းချန် အော်ရယ်မိမတတ် ဖြစ်သွားရသည်။ ထို့နောက် သူ မျက်မှောင်ကြုတ်၍ ပြန်ပြော လိုက်သည်။
“မင်း ဘယ်သူမို့လို့လဲ၊ ငါက ဘာလို့ မင်းအာရုံစိုက်တာကို လိုချင်ရမှာဲ”
“မသိသလို လုပ်ချင်နေသေးတယ်ပေါ့လေ”
မိန်းမပျိုလေး၏ မျက်ဝန်းတွင်းမှ အထင်သေးဟန်က ပိုမို ထင်ရှားလာ၏။
“နင် ကားပေါ် တက်လာတုန်းက ငါ့ကို ပီကင်းတက္ကသိုလ်က ကျောင်းသားလားလို့ မေးတယ်လေ၊ နင်က ငါနဲ့ ပိုနီးစက်ချင်လို့ စကားစတာလေ၊ ငါ နင့်ကို မသိချင်ယောင်ဆောင်ကတည်းက ငါ စိတ်ဝင်စားတာ ခံရအောင် မဟုတ်တမ်း တရားတွေ လုပ်တော့တာပဲ၊ နင် ငါ့ဘေးနားထိုင်ဖို့ ထိုင်ခံဖိုးတောင် တမင် ဝယ်ထားနိုင်လောက်တာ”
“နင့်လိုလူမျိုးက ငါတို့ လူမှုပတ်ဝန်းကျင်ရဲ့ အမှိုက်ပဲ၊ ဒီလောကထဲမှာ ယောက်ျားဆိုလို့ နင်တစ်ယောက်ပဲ ကျန်နေခဲ့ရင်တောင် ငါ နင့်ကို လုံးဝ ချစ်လာမှာ မဟုတ်ဘူး”
ဝတ်ကောင်းစားကောင်း ဝတ်ထားသည့် လူငယ်လေးက ထိုမိန်းမပျိုလေးကို ကြည့်လာသည်။ သူမကို မြင်မြင်ချင်း သူ ချက်ချင်း ကြက်သေ သေသွား၏။
*ဒီမိန်းကလေးက ထျန်းရှန်း ချောက်ကမ်းပါးက နှင်းကြာပန်းလိုပဲ၊ ဖြူစင်အေးစက်ပြီး မဟာဆန်တယ်၊ ဆွဲဆောင်မှု ရှိပင်မယ့် ရဖို့ခက်တယ်၊ ကြောက်စိတ်မရှိဘူး*
*ကျက်သရေ ရှိလိုက်တာ၊ ဒီလောကထဲမှာ ရှားမှရှားပဲ*
သူသည် အဝတ်အစားကို သပ်သပ်ရပ်ရပ် ပြုပြင်၍ မျက်မှန်ကို ပြန်ပင့်တင်လိုက်သည်။ ထို့နောက် ရင်ကိုကော့၍ ဖြောင့်မတ် တည်ကြည်သော လေသံဖြင့် ပြောလိုက်လေသည်။
“ဒီမိန်းကလေး ပြောတာ မှန်တယ်၊ အချစ်ဆိုတာ မြင့်မြတ်ပြီး ဆန်းကြယ်တယ်၊ အချစ်ကို ရှာဖွေတဲ့ နေရာမှာ လူတစ်ယောက်က ဒီလို ယုတ်ညံ့တဲ့ နည်းလမ်းမျိုး မသုံးသင့်ဘူး၊ မင်း မြန်မြန် တောင်းပန်သင့်တယ်၊ မဟုတ်လို့ကတော့ လူ့အဖွဲ့အစည်းရဲ့ ကျဉ်ဖယ်တာ ခံရလိမ့်မယ်”
“ဆိုတော့ သူ ဒီလိုတွေလုပ်နေရတာက မိန်းကလေးဆီက အာရုံစိုက်တာ ခံရဖို့ပေါ့လေ၊ ဒီလိုလူမျိုးက တိရစ္ဆာန်ထက် ဆိုးတာပဲ”
“မိန်းကလေး မင်း သေချာမြင်တတ်ဖို့ လိုတယ်၊ ဒီလိုလူမျိုးနဲ့ မင်း ကင်းကင်းနေ”
“ဒီကောင်မလေး အချိန်မီ ရိပ်မိလို့ တော်သေးတယ်”
ဘက်စ်ကားတစ်စီးလုံး ရဲ့လင်းချန်၏ အပြုအမူနှင့် ပတ်သက်၍ အကြီးအကျယ် ဆွေးနွေးနေ၏။ ဤမိန်းမပျိုလေးသည် ဒေါင်းမလေးသဖွယ် မာနကြီးလှသည်။ သူမအရပ်က တစ်ရာ့ခုနစ်ဆယ် စင်တီမီတာကျော် ရှိပြီး အရပ်ရှည်ကာ သွယ်လျသည်။ သူမက မေးကိုမော့ထားသဖြင့် သူမ၏ လည်တိုင်သွယ်သွယ်လေးအား ရဲ့လင်းချန်ကို ပြသသလို ဖြစ်နေ၏။
“မိန်းကလေး ငါတို့ကို ကူညီပေးလို့ ကျေးဇူးပါပဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားက မိန်းမပျိုလေးကို သွားရည်ကျမတ် ကြည့်နေသည်။ သူမကို ကျေးဇူးတင်စကား ပြောရင်းနှင့် သူ၏ တပ်မက်သော လက်တို့အား မိန်းမပျိုလေးထံ ကမ်းပေးလိုက်သည်။
“ဒါတွေက ဘာတွေလဲ၊ မင်းရဲ့ စိတ်ကူးယဉ်နိုင်စွမ်းက ဝတ္ထုသာ ရေးမစားခဲ့ရင် သုံးစားမရ ဖြစ်တော့မှာပဲ”
ရဲ့လင်းချန်သည် ဘတ်စ်ကားတစ်စီးလုံးမှ လူများ၏ ဉာဏ်ရည်ထက်မြက်မှုကြောင့် မျက်ရည်ပင် လည်ချင် သွားသည်။ လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်ကို ဖမ်းဆွဲ၍ အားဖြင့် တွန်းထုတ်လိုက်လေသည်။ ထိုအခါ လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အဘွားအိုပါ ခုံပေါ်သို့ ပြန်ပစ်ကျသွားသည်။
“ဒီနေ့ ခင်ဗျား မပေးဆပ်ရဘဲ မသွားရဘူး”
ရဲ့လင်းချန်က ရက်စက်သော လေသံဖြင့် ပြောလေသည်။ အဘွားအိုက ခုံပေါ် ပြန်ကျသွားသည်နှင့် နာသလို ညည်းလိုက်ပြီး မျက်ရည်ဝဲလာသည်။
“ငါ့ခါး … ငါ့ခါး”
“မား … အဆင်ပြေရဲ့လား”
လူလတ်ပိုင်းအရွယ် အမျိုးသားက မေးလိုက်သည်။
“ငါ့အရိုးတွေ အဆစ်လွဲကုန်ပြီထင်တယ်၊ နာလိုက်တာ”
“ရက်စက်တယ်၊ ဒါ ရက်စက်လွန်းတယ်”
ဝတ်ကောင်းစားကောင်း ဝတ်ဆင်ထားသော လူငယ်က ဒေါသတကြီး ခေါင်းခါလာသည်။
“ငါသာ ဒါကို ကိုယ်တိုင် မမြင်ခဲ့ရင် လူ့အရေခြုံထားတဲ့ တိရစ္ဆာန် ရှိနေလိမ့်မယ်လို့ ယုံဖို့ ခက်နေမှာ”
“နင့်လိုလူမျိုးက ပီကင်းတက္ကသိုလ်ကို တက်မှာက ငါတို့ကျောင်းအတွက် အရှက်ရစရာပဲ”
မိန်းမပျိုလေးသည်လည်း စိတ်မရှည်တော့ချေ။ သူမ ပြစ်တင်ဆုံးမလာ၏။
“ငါ နင် လုပ်ခဲ့သမျှ အရာအားလုံးကို ကျောင်းကို ပြန်တိုင်ပြီး နင့်ကို ကျောင်းထုတ်ခိုင်းမယ်”
“ဘေးဖယ်နေစမ်း”
ရဲ့လင်းချန် ဤလူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာသည်။ သူ အဘွားအိုကို စိုက်ကြည့်လိုက်သည်။
“ဟန်ဆောင်မနေနဲ့၊ ကျုပ် စိတ်ဒဏ်ရာအတွက် ခင်ဗျား လျော်ကြေးပေးကို ပေးရမယ်၊ လျှော့ဈေးနဲ့ လျှောချ သွားဖို့တော့ စိတ်တောင်မကူးနဲ့”
“အမှိုက်ကောင် မင်း စိတ်ကြိုက်ပြုမူလို့ မရဘူးကွ”
ဝတ်ကောင်းစားကောင်း ဝတ်ထားသော လူငယ်လေးက နီရဲနေသော မျက်နှာနှင့် ရဲ့လင်းချန်ကို လက်ညှိုး ငေါက်ငေါက် ထိုးလေသည်။ မိစ္ဆာအင်အားစုကို တိုက်ခိုက်နေသည့် ကယ်တင်ရှင်ကဲ့သို့ သူ့ခန္ဓာကိုယ်မှ သူတော်စင် ရောင်ခြည်များ ထွက်နေသည်ဟု ခံစားမိနေ၏။
ထို့အပြင် မိန်းမပျိုလေး၏ သူ့ကို ကြည့်နေသော အကြည့်၌ လေးစားနေသော အရိပ်အယောင်များ ပါနေသည်ဟု သူ တွေးနေမိ၏။ လက်ရှိအချိန်က သူ့ဘဝ၏ အထွတ်အထိပ်ပင်။
သူသည် အဘွားအိုအား ရပ်နိုင်အောင် ကူညီလိုက်ပြီးနောက် ရဲ့လင်းချန်ကို သေစေနိုင်သော အကြည့်မျိုးဖြင့် စူးစိုက်ကြည့်လေသည်။
“မင်း အခုချက်ချင်း တောင်းပန်လိုက် မဟုတ်လို့ကတော့ ငါ ရဲခေါ်မယ်”
ရဲဟူသော စကားကို ကြားသည်နှင့် အဘွားအို၏ မျက်နှာတွင် စိုးရိမ်သော အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် သူမက ချက်ချင်း ဝင်ပြောလေသည်။
“ရဲခေါ်စရာ မလိုပါဘူးကွယ်၊ အဘွားတို့က ကားပေါ်က ဆင်းချင်ရုံလေးပါ”
သို့သော် ထိုလူငယ်က စိတ်ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီး အဘွားအိုက ထိန်းထားရင်း ပြောလိုက်သည်။
“အဘွား စိတ်ပူစရာ မလိုပါဘူး၊ ဒီလိုလူမျိုးက သည်းညည်းခံတတ်တဲ့လူတွေကိုပဲ အနိုင်ကျင့်တာ၊ ဒီနေ့ ကျွန်တော်တို့ ရဲခေါ်ကိုခေါ်မှ ဖြစ်မယ်”
ထိုစကားနှင့်အတူ သူသည် ဖုန်းကိုထုတ်၍ ရဲဌာနသို့ ဖုန်းဆက်လိုက်သည်။ ထိုဖြစ်စဉ်တစ်ခုလုံး၌ ရဲ့လင်းချန်သည် နေရာ၌ တည်ငြိမ်သော မျက်နှာထားနှင့် အေးအေးလူလူ ရပ်နေ၏။
ဖုန်းဆက်ပြီးနောက် ထိုလူငယ်က လှောင်ရယ်လေသည်။
“အမှိုက်ကောင် စောင့်နေလိုက်၊ ငါက မသန်မစွမ်းသူများ လေ့ကျင့်ပြုပြင်သူအဖြစ် အလုပ်လုပ်တာ၊ ဒီအဘွားရဲ့ ကျောကို အနည်းဆုံး အဆင့်ငါး ဒဏ်ရာလို့ ငါ သတ်မှတ်တယ်၊ မင်း သူ့ကို ယွမ် ရှစ်သောင်းကနေ တစ်သိန်း ဝန်းကျင်အထိ လျော်ကြေး မပေးမခြင်း မင်း ထွက်သွားလို့မရဘူး”
“ဒါက တကယ်ကို ရဲပါ ပါလာစရာ မလိုပါဘူး”
အဘွားအိုနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတို့က စိုးရိမ်ကာ သွေးတိုးမတတ် ဖြစ်နေပြီး ငိုလုနီးပါး ဖြစ်နေကြသည်။
“အဘွား ဒီလိုလူမျိုးကို အေးအေးဆေးဆေး လွှတ်ထားလိုက်ရင် သူတို့ကို လုပ်ခွင့်ပေးလိုက်သလို ဖြစ်သွဦးပြီ၊ သူက ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အမှိုက်ပဲ၊ ဒီလောကထဲမှာ သူ နေဖို့ မထိုက်တန်ဘူး”
ဝတ်ကောင်းစားကောင်းနှင့်လူငယ်က မာကျောချင်ယောင် ဆောင်လေသည်။ လန်းဆန်းသွားသလို ခံစားရ ပြီးနောက် အင်္ကျီကို သပ်ရပ်အောင် ပြုပြင်၍ မိန်းမပျိုလေးအား လူကြီးလူ‌ကောင်းဆန်သော အပြုံးမျိုး ပြုံးပြ လိုက်သည်။
“မိန်းကလေး မင်းရော အဲ့လို မထင်ဘူးလား”
တစ်ခဏအတွင်း ရဲကား၏ အချက်ပေးဥဩသံကို ကြားလိုက်ရသည်။ ကားပေါ်မှ ရဲဝတ်စုံနှင့် ရဲမေတစ်ဦး ဆင်းလာသည်။ သူမသည် တစ်ရာခြောက်ဆယ့်ငါး စင်တီမီတာ အရပ်ရှိပြီး ဆံပင်တိုတိုနှင့် မျက်ဝန်းများက ကြီးမားကာ ဆွဲမက်ဖွယ်ကောင်းသော အနီရောင် နှုတ်ခမ်းနှင့် နှာခေါင်းလှလှလေးတို့ ရှိလေသည်။
သူမ၏ အသွင်အပြင်က သူရဲကောင်းတစ်ယောက်၏ ပုံသဏ္ဌာန်ကို ဖော်ပြနေသည်။ ရဲဝတ်စုံနှင့် လေကဲ့သို့ လျှောက်လှမ်းလာပုံက သန်မာသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ကို မီးမောင်းထိုး ပြနေ၏။
*လှလိုက်တာ*
*နောက်ထပ် ရှားမှရှားတဲ့ အလှလေးပဲ*
*ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ ယူနီဖောင်းနဲ့*
ဝတ်ကောင်းစားကောင်းနှင့်လူငယ် ရင်တဒိန်းဒိန်း ခေါ်လာပြန်သည်။ ထို့နောက် သူက ရဲ့လင်းချန်ကို လက်ညှိုးထိုး၍ အော်လိုက်သည်။
“အရာရှိကြီးခင်ဗျား ဒီလူပါပဲ၊ ဒီလူက အခြားသူတွေကို တိုက်ခိုက်ပြီးတော့ ခြိမ်းခြောက် အကြပ်ကိုင်ဖို့ ကြိုးစားပါတယ်၊ သူက ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အမှိုက်ပါပဲ”
ရဲမေက မာကျောသော မျက်နှာထားနှင့် အနားသို့ လျှောက်လာသည်။
“မျက်မြင်သက်သေ ရှိလား”
“အရာရှိ ကျွန်မ သက်သေ လိုက်ပေးနိုင်ပါတယ်”
မိန်းမပျိုလေးက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကျွန်တော်ရောပဲ”
ဘက်စ်ကားတစ်စီးလုံး သံယောင်လိုက်၍ ရဲ့လင်းချန်ကို လက်ညှိုးထိုးကြသည်။ ရဲမေက ရဲ့လင်းချန်ထံ မဖြုံသော မျက်နှာနှင့် လျှောက်လာပြီး ပြောလိုက်သည်။
“မှတ်ပုံတင်”
ရဲ့လင်းချန် မှတ်ပုံတင်ကို ထုတ်ပေးလိုက်လေသည်။ ရဲမေက အချိန်တစ်ချို့ကြာအောင် စစ်ဆေးပြီးနောက် အမိန့်ပေးလာ၏။
“လက်ကိုမြှောက်ထား၊ နင့်ကို ဖမ်းလိုက်ပြီ”
ရှုနန်သည် စိတ်ထဲ၌ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ သူမသည် ရဲဌာန၌ နှစ်ဝက်မျှ တာဝန် ထမ်းဆောင် နေခဲ့သည်။ ပုံမှန်အားဖြင့် သူမတာဝန်မှာ ပျောက်သောကြောင်များကို ရှာပေးခြင်းနှင့် အခြားသူများ၏ တံခါးကို စောင့်ကြပ်ပေးခြင်းသာ ဖြစ်သည်။ ယခုအခါ၌ သူမ ပုံမှန်အမှုကို ကိုင်တွယ်နိုင်မည့် အခွင့်အ‌ရေး ရလာလေပြီ။
ဤသို့သော လူလိမ်လူညစ်ကို ဖမ်းနိုင်နေသဖြင့် သူမ အတွေးနှင့်တင် စိတ်လှုပ်ရှားလာရသည်။ သူမ ယခင်ကတည်းက ပြင်ဆင်ထားခဲ့သော စကားကို အမှုမဲ့အမှတ်မဲ့ ထုတ်ပြောလိုက်သည်။
“မင်းမှာ ဘာမှမပြောဘဲ နေပိုင်ခွင့်ရှိသလို မေးခွန်းကို မဖြေဘဲ ငြင်းဆန်ခွင့်လဲ ရှိတယ်၊ မင်း ပြောသမျှ အရာအားလုံးကို တရားရုံးမှာ ထည့်သွင်း ပြောဆိုမှာပဲ”
“ကိုယ်လုပ်တာ ကိုယ်ခံရပြီ”
အမျိုးသမီးလေး၏ ဘေးနားမှ လူက ခပ်တိုးတိုး ရေရွတ်လေသည်။
“အရာရှိကြီး ဒီလူက ဥပဒေကို မလေးမစား လုပ်တယ်၊ အဲ့တော့ သူ အပြစ်ပေးခံရသင့်ပါတယ်”
ဝတ်ကောင်းစားကောင်းနှင့်လူငယ်ကက သူ၏ ကံဆိုးမှုကို သိသာအောင် ထပ်လုပ်လေသည်။ ရဲ့လင်းချန် မျက်နှာ ရှစ်ခေါက်ချိုး ဖြစ်သွားပြီး အကြည့်များက အေးစက်လာသည်။
“ခင်ဗျား ဘာလို့ ကျုပ် မှတ်ပုံတင်ကိုပဲ စစ်ပြီး သူတို့မှတ်ပုံတင်ကိုကျတော့ ဘာလို့ မစစ်တာလြ”
“နင်က အခြားသူတွေကို မလိုတမာစိတ်နဲ့ တမင် တိုက်ခိုက်တာလေ၊ ဒီလောက် မျက်မြင်သက်သေတွေ အများကြီး ရှိတာတောင် ရူးချင်ယောင် ဆောင်နေသေးတာလား၊
ရဲမေက သုန်မှုန်သော မျက်နှာထားနှင့် ပြောလိုက်သည်။ သူမက လက်ထိပ်ကိုထုတ်၍ အမိန့်ပေးလေသည်။
“လက်မြှောက်စမ်း”
“ရဲဆိုတာ ပြည်သူလူထုအတွက် အမှုထမ်းဖို့လေ၊ ဒါ မင်းရဲ့အမှုကို ကိုင်တွယ်တဲ့ပုံစံလား၊ ဒီလို မဆင်မခြင် အပြုအမူနဲ့လေ”
“ဘာ ဥပဒေကို ချိုးဖောက်ပြီးတာတောင် မာရေကျောရေ လာလုပ်ချင်သေးတာလား”
ရဲမေ၏ အကြည့်က အေးစက်လာပြီး ရဲ့လင်းချန်၏ လက်ကို ဖမ်းဆွဲ၍ လက်ထိပ်ခပ်ရန် ပြင်လေသည်။ သို့သော် ရဲ့လင်းချန်သည် ရဲမေ၏ ဖမ်းချုပ်မှုအား လက်ကိုပြန်လိမ်၍ ရုန်းလိုက်ပြီးနောက် သူမလက်ကောက်ဝတ်ကို ဖမ်းကာ ကားဘေးသို့ တွန်းပို့လိုက်သည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Onde histórias criam vida. Descubra agora