Chapter 163

681 80 0
                                    

စာစဉ် 11 Chapter 163 ချန်ရှောင်မန် ပေါ်လာပြီ

ဒိုင်လေးယောက် စင်ပေါ် တက်လာသည်။ ဒိုင်လေးယောက်မှာ အမျိုးသား သုံးယောက်နှင့် အမျိုးသမီး တစ်ယောက်တို့ ဖြစ်သည်။ သူတို့သည် အစ်ကို ဟားဟား၊ ဟုန်နာ၊ ယန်ခွန်းနှင့် ဝမ်ချမ်းတို့ ဖြစ်သည်။

သူတို့သည် စင်မြင့်ပေါ်သို့ အထူးသီးသန့်လမ်းမှ တက်လာခြင်း ဖြစ်သည်။ သူတို့ ဝင်လာသည်နှင့် လူအများက လမ်းရှင်းပေးကြပြီး ဝင်ရောက်လာပုံက အတော်လေး အထင်ကြီးစရာပင်။

ထိုသို့သောအချိန်၌ ပရိသတ်များအားလုံး စိတ်လှုပ်ရှားမှုကြောင့် ပွက်လောရိုက်နေသည်။ မရေတွက်နိုင်သော လူများစွာက ဒိုင်လူကြီး လေးယောက်၏ နာမည်ကို အော်ဟစ်၍ အားပေးလာကြသည်။ ပရိသတ်အချို့ဆိုလျင် ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျနေကြသည်။ မျက်ရည်ကျနေသော မြင်ကွင်းများကိုလည်း ကင်မရာက အမိအရ ရိုက်ကူးထားသည်။

စိတ်လှုပ်ရှားစွာ အားပေးအော်ဟစ်နေသံများကို ကြားပြီး စင်အနောက်ဘက်မှ ပြိုင်ပွဲဝင်များ ပို၍ စိုးရိမ်တုန်လှုပ် လာကြသည်။

သူတို့ ရင်တဒိန်းဒိန်း ခုန်နေပြီး ဘေးဘီအား စိုးရိမ်တကြီး ကြည့်နေကြသည်။

တင်ဆက်သူက သူတို့ကို သတိပေးလာသည်။

"မင်းတို့ သီဆိုမယ့် သီချင်းကို သေချာ ရွေးထားကြပါ၊ ငါတို့က မင်းတို့အတွက် တီးလုံး ပြင်ဆင်ပေးမယ်၊ မင်းတို့ နာမည် ခေါ်တာနဲ့ စင်ပေါ်ကို တစ်ယောက်ချင်းစီ တက်သွားကြပါ၊ ဒိုင်လူကြီးက မင်းတို့ကို နောက်သီချင်းတစ်ပုဒ် ဆိုဖို့ မပြောခင်အထိ အဲ့လိုပဲ လုပ်သွားမယ်"

ထိုသို့ပြောပြီးသည်နှင့် သူက စင်ပေါ်သို့ ခပ်သုတ်သုတ် ပြေးတက်သွားသည်။

သူသည် စင်ပေါ်မှ ဒိုင်လူကြီးများကို အရင် မိတ်ဆက်ပေးပြီးနောက် ပရိသတ်များကို စိတ်အား တက်ကြွစေမည့် စကားတစ်ချို့ ပြောလေသည်။ ထို့နောက်တွင်မူ ပြိုင်ပွဲ စတင်လေတော့သည်။

"ပြိုင်ပွဲဝင် နံပါတ်တစ် ချန်လီ"

သူ ကြေငြာလို့ ပြီးသည်နှင့် စင်နောက်မှနေ၍ အနီရောင်ဝတ်စုံနှင့် မိန်းမပျိုလေးတစ်ယောက် ကြော့ကြော့ မော့မော့ လျှောက်လမ်းလာသည်။ သူမသည် စင်မြင့်အလယ်မှ မိုက်ရှေ့တွင် ရပ်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြုံးပြလေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Où les histoires vivent. Découvrez maintenant