Chapter (142-1) _ ထိုက်ကျူဖေးက ငါးနတ်ဆိုး ဖြစ်ကြောင်းပါ
ချူးရန့်ယွီ သည် ကန်ချင်း နန်းတော်အပြင်ဘက်တွင် တွေ့ခွင့်တောင်းဆိုခဲ့သည်။ ဧကရာဇ်သည် ချူးကွေ့ရန် ကို အလွန်အထင်ကြီးသဖြင့် ချူးကွေ့ရန် ကို ဝင်ခွင့်ပြုခဲ့သည်။
ချူးရန့်ယွီ နန်းတော်ထဲဝင်သွားပြီးနောက် အိမ်ရှေ့မင်းသား၏ သားတွေလည်း ရှိနေသည်ကို သူ တွေ့ရှိခဲ့သည်။ ငါးနတ်ဆိုးမှ ဆင်းသက်လာသော အရာသည်လည်း နတ်ဆိုးဖြစ်မည်ဟု သူ့တစ်ကိုတယ်တည်း တွေးနေမိသည်။ ဧကရာဇ်မင်းကို ဆွဲဆောင်နိုင်ခဲ့ကြသည်မှာ အံ့သြစရာမဟုတ်ပေ။ ချူးရန့်ယွီ သည် ထိုနတ်ဆိုးများကို ပို၍ပင် အထင်အမြင်သေးသွားသလို ခံစားလိုက်ရသည်။
ကလေးများ သည် မူလက တော်ဝင်စာသင်ကျောင်းရှိ အတန်းထဲတွင် ပညာသင်ကြားခဲ့သည်။ အိမ်ရှေ့မင်းသား ဇနီးမောင်နှံ ကြွလာသည်ကို ဧကရာဇ်မင်း သိပြီးနောက်၊ လော့လွေ့စိန်း အား စာသင်ဆောင်သို့ သွားကာ ကလေးတွေ ပြန်ခေါ်လာရန် အထူး အမိန့်ပေးခဲ့သည်။
ကလေးတွေဟာ ဧကရာဇ်မင်းအနားမှာ အချိန်ကုန်လေ့ရှိသည်။ ဧကရာဇ် ၏ ကိုယ်လုပ်တော်များကိုလည်း တွေ့ဖူးမြင်ဖူးကြလေသည်။ ယခင်က၊ ဧကရာဇ်၏မျက်နှာသာရစေရန်အတွက် ချူးကွေ့ရန် သည် ကလေးများကို အာရုံစူးစိုက်ပြီး မကြာခဏ ကျောက်စိမ်းဖြင့် ထွင်းထားသည့် ပန်းပုများကို ယူဆောင်လာလေ့ရှိသည်။ အရင်ကလည်း အရုပ်လေးတွေ ယူလာပေးသည်။ သို့သော်လည်း ကလေးများ သည် ငါးပါးပါး ၏သတိပေးချက်ကို လက်ခံရရှိပြီးဖြစ်ပြီး သူတို့နှင့် မရင်းနှီးသောသူများနှင့် သူစိမ်းထားထံမှ ။ လက်ဆောင်တွေလည်း လက်မခံတော့ပေ။ ထို့ကြောင့် ချူးကွေ့ရန် ၏ အစီအစဉ်များသည် တစ်ကြိမ်ပင် မအောင်မြင်ခဲ့ပေ။
ထိုကလေးများကိုတွေ့ပြီးနောက် ချူးရန့်ယွီ ၏အမူအရာက ပြောင်းသွားခဲ့သည်။ ကလေးတွေရဲ့ ထက်မြက်မှုက ပုံမှန်မဟုတ်သည်မှာ သိသာထင်ရှားလှသည်။ ကလေးတွေက ငယ်ပေမယ့် ဘာမှ မသိဘူးလို့ မဆိုလိုပေ။ မြန်မြန်ဆန်ဆန်ပဲ၊ အရင်က သူတို့ကို ပြုံးပြလေ့ရှိတဲ့ ချူးကွေ့ရန် က ပြုံးမပြတော့ဘူးဆိုတာ သူတို့သတိထားမိလိုက်သည်။
"သူက အရမ်းတုံးတာပဲနော်။" ကလေးတွေက သူတို့ဖာသာ တိုးတိုးလေပြောနေကြသည်။
ဒီစကားလုံးက မကြာသေးမီက သူတို့သင်ယူခဲ့သော စကားလုံးအသစ်ဖြစ်သည်။ ဒါကို အသုံးပြုဖို့ မကြာခဏ သူတို့လေးတွေရဲ့ ပါးစပ်ဖျားမှ ထွက်ထွက်လာတတ်သည်။
ကလေးတွေရဲ့ စကားကိုကြားတော့ ဧကရာဇ်က မအောင့်နိုင်တော့ပဲ ဝုန်းခနဲ ရယ်လိုက်မိသည်။ ချူးရန့်ယွီ သည် မင်းကြီးရယ်လိုက်သဖြင့် အလွန်စိတ်မကောင်းဖြစ်ပြီး ဘာမှ မကြားသလိုသာ ဟန်ဆောင်လိုက်သည်။
"အရှင်မင်းကြီး.....ကျွန်တော်မျိုး အရှင့်ကို တင်လျှောက်စရာ အရေးကြီးသတင်းရှိပါတယ် "
ချူးရန့်ယွီ ရှေ့သို့ ခြေတစ်လှမ်းဆုတ်ပြီး ဒူးထောက်ကာ လျှောက်တင်လိုက်သည်။
ထိုသတင်းသည် ငါးနတ်ဆိုးနှင့် ဆက်စပ်နေသောကြောင့် ကလေးများ အနားမှာ ရှိနေလို့ မဖြစ်ပေ။ ချူးရန့်ယွီ က ဧကရာဇ်က သူတို့ကို အပြင် ထွက်ခိုင်းဖို့ကို မျှော်လင့်နေခဲ့သည်။
"မင်း တိုက်ရိုက်ပြောလို့ရတယ်။"
ချူးရန့်ယွီ ၏ သတိပေးမှုကို ဧကရာဇ်ဘုရင်က လုံးဝ သတိမထားမိပေ။ ဧကရာဇ်၏အမြင်တွင်၊ ကလေးများ သည် ပြင်ပ လူများမဟုတ်ဘဲ သူ၏မြေးများဖြစ်သည်။ ကလေးတွေကို အပြင်လွှတ်ထားစရာ မလိုဘူး။
ချူးရန့်ယွီ အံကိုကြိတ်လိုက်သည်။ ဒီနတ်ဆိုးတွေရှေ့မှာ သူပြောရတော့မယ့်ပုံပဲ...။
ကန်ချင်း နန်းတော်သို့ လာရာလမ်းတွင် သူ လျှောက်တင်ရမယ့် စကားကို သေချာ ပြင်ဆင်ထားပြီး ဖြစ်သည်။ အမဲလိုက်ကွင်းမှာ အစေခံ က မြင်ခဲ့ရတာတွေနဲ့ ထိုက်ကျူဖေး ရဲ့ ထမ်းစင် ထဲမှာ ငါးတစ်ကောင်ပဲ ရှိတာကို သေချာပေါ်လွင်အောင် တင်လျှောက်လိုက်သည်။
သူသည် ထိုက်ကျူဖေး သည် ငါးနတ်ဆိုးဖြစ်ကြောင်း တိုက်ရိုက်မပြောသော်လည်း သူ့စကားတွေရဲ့ ဆိုလိုရင်း အဓိပ္ပါယ်မှာ အလွန်ထင်ရှားနေပြီဖြစ်သည်။
မင်းကြီး: "......"
ဧကရာဇ်၏ ပထမဆုံးတုံ့ပြန်မှုသည် မယုံကြည်မှုဖြစ်သည်။ တကယ့်အသက်ရှင်နေတဲ့လူဟာ နတ်ဆိုးတစ်ပါး ဖြစ်တယ်လို့ သူ့ကိုယုံကြည်စေဖို့အတွက် စကားလုံးသက်သက်က ဘယ်လိုဖြစ်နိုင်မလဲ။ ဒါက နည်းနည်းတော့ ပေါ်တင်ချောက်ချလွန်းနေပြီ။
ဧကရာဇ်က ချူးရန့်ယွီကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်သည်–
"ဒါက ဘာကိုဆိုလိုတာလဲ။ မောင်မင်းက ထိုက်ကျူဖေး ကို ကျိန်ဆဲဖို့ ကြိုးစားနေတာလား။"
ဧကရာဇ်သည် ချူးကွေ့ရန် ကို အထင်ကြီးစရာကောင်းသည်ဟု ခံစားမိသော်လည်း ထိုက်ကျူဖေး သည် သူ၏ မိသားစုဝင် ချွေးမလေး ဖြစ်သည်။ ဤသို့ စွပ်စွဲချက်လေးလောက်က ထိုက်ကျူဖေး ၏ အနေအထားကို လှုပ်ခတ်သွားစေရန် မလုံလောက်ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ ဧကရာဇ်က ချူးကွေ့ရန်တစ်ယောက် မနာလို ဝန်တိုဖြစ်ကာ ချောက်ချသည်ဟုသာ ထင်မြင်လာစေသည်။
ပေါင်းရိ သည် ဧကရာဇ် အဖိုးတော်၏ နားတွင် ရှိနေသဖြင့် ထိုစကားအားလုံးကို ပွင့်ပွင့်လင်းလင်း ကြားလိုက်ရသည်။ ငါးပါးပါးကို ဒီလူက ရှာတွေ့ပြီလားဟု သူ့တစ်ယောက်တည်း တွေးနေမိသည်။
ပေါင်းရိ သည် အဖိုးတော်၏ နဂါးဝတ်ရုံ င်္အကျီလက်ကို အလျင်စလို ဆွဲလိုက်သည်။
ဒါကိုမြင်တော့ ဧကရာဇ်ဘုရင်က သူ့ကို ကောက်ပွေ့လိုက်ပြီး ချူးကွေ့ရန် ရဲ့ မထင်မှတ်တဲ့ တင်လျှောက်စကားကြောင့် ပေါင်းရိ မကြောက်သွားစေဖို့ ပေါင်းရိ ကို သူ့ ဒူးပေါ် ပွေ့ချီထားလိုက်သည်။
ချူးရန့်ယွီ သည် ဧကရာဇ်မင်းအား တစ်ချိန်က ကူညီခဲ့ဖူးသော်လည်း ဧကရာဇ်မင်းသည် ထိုက်ကျူဖေး ကို သွားပုပ်လေလွှင့် ပြောဆိုကာ ဂုဏ်သရေ ညှိုးနွမ်းစေမည့် ကိုယ်လုပ်တော်တစ်ဦးကို ဒီအတိုင်း ရှိခွင့်မပြုပေ။
"တစ်ယောက်ယောက်လာစမ်း! ချူးကွေ့ရန် က အဓိပ္ပါယ်မဲ့တဲ့ စကားတွေကို ပြောနေတယ်။ သူ့ကို ဆွဲထုတ်ပြီး အပြစ်ပေးတဲ့ဌာနလက်ထဲကို အပ်လိုက်!"
ဧကရာဇ်က ချက်ချင်း အမိန့်ပေးလိုက်သည်။
အပါးတော်မြဲ လော့ ရောက်လာပြီး ချူးရန့်ယွီကို လူသေလို ကြည့်ကာ ဖမ်းဆီးလိုက်သည်။
ဧကရာဇ်သည် ထိုက်ကျူဖေး အပေါ် အလွန်ကောင်းမွန်သော သဘောထားရှိသည်။ ချူးကွေ့ရန် ဒီမှာ နေရတာ ငြီးငွေ့နေပြီလား။ ထိုစကားများသည် အိမ်ရှေ့မင်းသား၏နားသို့ ပျံ့နှံ့သွားပါက ဧကရာဇ်မင်းနှင့် အိမ်ရှေ့မင်းသားတို့ကိုလည်း စော်ကားရာရောက်ပေလိမ့်မည်။
"အရှင်မင်းကြီး...ကျွန်တော်မျိုး တောင်းပန်ပါတယ်။ ကျွန်တော်မျိုး စကားကို နားထောင်ပေးတော်မူပါ။ ဒီငါးကို အရှင်မင်းကြီး မြင်ဖူးတယ် မဟုတ်လား။ သူက လူနဲ့အရမ်း တူတယ်လို့ မထင်ဘူးလား။ ဒ့ါအပြင်၊ ထိုက်ကျူဖေးနဲ့ အဲ့ဒီ ငါးက တစ်ချိန်တည်း အတူပေါ်လာတာကို အရှင်မင်းကြီး မမြင်ဖူးဘူး မဟုတ်လား။ အကြောင်းပြချက်က အလွန်ရှင်းပါတယ်။ တကယ်တော့ ထိုက်ကျူဖေး က အဲဒီငါးဖြစ်နေလို့ပဲ။ အဲဒါကြောင့် သူတို့နှစ်ယောက် အတူတူ ပေါ်လာဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်မျိုးရဲ့ စကားအားလုံးက အမှန်တရားဖြစ်တယ်ဆိုတာ ကျွန်တော်မျိုး အာမခံနိုင်သည် ။ ကျွန်တော်မျိုးရဲ့စကားတွေက မုသားဖြစ်ရင် ကောင်းကင်ကနေ မိုးကြိုးပစ်ချပါစေ!"
ချူးရန့်ယွီ သည် ဧကရာဇ်မင်းအား ယုံကြည်စေရန် အသက် သေမည်ကိုပင် မကြောက်ဘဲ သူ့အသက်ကို ရင်းကာ ကျယ်လောင်စွာ ကျိန်ဆိုလိုက်သည်။
"အရှင်မင်းကြီး....ခဏလောက် အချိန်ပေးပြီး စဉ်းစားတော်မူပါ။ ထိုက်ကျူဖေးရဲ့ အမည်က လီယွီဖြစ်တယ်။ ဒါကြောင့် သူက ငါးနတ်ဆိုးဆိုတာ ရှင်းပါတယ်!"
ချူးရန့်ယွီ ၏စကားကြောင့် ဧကရာဇ် ဒေါသထွက်လာသည်။ ရယ်စရာကောင်းသော စကားများကို ကြားပြီးနောက် ပေါင်းရိ ၏ ခေါင်းလေးလည်းပင် ယမ်းလိုက်မိသည်။ သူ နည်းနည်းလေးတောင် တုန်နေခဲ့သည်။ ဧကရာဇ်သည် မြေးတော်လေး ကြောက်မည်ကို စိတ်ပူပြီး ဒေါသ ထွက်ကာ ချူးရန့်ယွီကို အော်လိုက်သည်။
"ပါးစပ်ပိတ်ထား။ ငါကိုယ်တော် မယုံဘူး။ သူ့နာမည်က လီယွီမို့လို့ ငါးနတ်ဆိုးဖြစ်လာမှာလား?"
အခု သူတို့ မင်းဆက်တွင် ကြီးကျယ်ထင်ရှားတဲ့ စစ်သေနာပတိချုပ်ကြီး၏အမည်တွင် ထု (ယုန်) ဆိုသည့် အမည်ပါနေသည်။ ဒါ့အပြင် ထင်ရှားကျော်ကြားသည့် တေးဂီတ အနုပညာရှင်ကြီး၏အမည်တွင် ကွေး (လိပ်) ဆိုသည့် အမည်ပါသည်။ ဒီအတွက် သူတို့က ယုန်နတ်ဆိုးနဲ့ လိပ်နတ်ဆိုးတွေ ဖြစ်ရ တော့မှာလား?
ဒီချူးကွေ့ရန်က ရူးသွားပြီလား? အဲ့လိုဖြစ်ဖို့ သေချာတယ်။
ထိုက်ကျူဖေးက ငါးနဲ့အတူ မင်းကြီးရှေ့မှာ တစ်ပြိုင်တည်း ပေါ်မလာဖူးပေ။ ဒါနဲ့ပဲ သူ့ကို ငါးကြင်းနတ်ဆိုးလို့ သမုတ်ရေတော့မှာလား?
လုံးဝကို အဓိပ္ပါယ်မဲ့လိုက်တာ။
အပါးတော်မြဲ လော့ထံမှ အပြင်သို့ ဆွဲထုတ်ခံနေရသည့် ချူးရန့်ယွီ က အသည်းအသန် အော်ဟစ်ကာ လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး....ကျွန်တော် အမှန်တိုင်းပြောနေတာပါ။ ထိုက်ကျူဖေးက အခု သူ့ရဲ့ မူလပုံစံကို ပြန်ပြောင်းအောင် လုပ်ခံထားရပါပြီ။ သူက နန်းတော်ကို လာတဲ့ ထမ်းစင်ထဲမှာ ပုန်းဖို့ လုပ်နေပါတယ်။ အရှင်မင်းကြီး စစ်ဆေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်မယ်ဆိုရင် ဒါကို သေချာ သိနိုင်ပါလိမ့်မယ်"
ဧကရာဇ်က သူ့စကားကို နားမထောင်ချင်ဘူး။ ဒီအချိန်မှာပဲ အိမ်ရှေ့မင်းသားက တွေ့ခွင့် တောင်းနေကြောင်း အစေခံတစ်ဦးမှ လာလျှောက်တင်ခဲ့သည်။
အချိန်မီလေးပဲ... ဧကရာဇ်မင်းသည် အိမ်ရှေ့မင်းသားကို အလျင်အမြန် ဝင်ခိုင်းလိုက်သည်။
"ထျန်းချီ ၊ ချူးကွေ့ရန် က ထိုက်ကျူဖေး ကို စွပ်ဆွဲဖို့ လုပ်နေတယ်။ ဒါကို မင်း ဘယ်လိုဖြေရှင်းချင်လဲ။"
ချူးကွေ့ရန်၏ တရစပ် အော်ဟစ်သံကြောင့် ဧကရာဇ်က ခေါင်းကိုက်လာသည်။ သူ၏ အဖိုးတန်မြေးလေး ပေါင်းရိ ကို စိတ်တည်ငြိမ်အောင်ထားရန် စိုးရိမ်သဖြင့် ထိုပြဿနာကို အိမ်ရှေ့မင်းသားထံ တိုက်ရိုက်ပစ်ချ ပေးလိုက်တော့သည်။
မုထျန်းချီ က အေးစက်စွာပြောလိုက်သည်။
"ခမည်းတော်.... ကျွန်တော့်ငါးက လူနဲ့တူတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ထိုက်ကျူဖေး ကို အတင်းအဖျင်းပြောပြီး ညစ်ပတ်နေတဲ့ရေတွေကို လောင်းချနေတဲ့သူတွေရှိနေမယ်လို့ ဘယ်သူ ထင်မိမှာလဲ။ အမှန်တော့၊ ထိုက်ကျူဖေး ကို သူတို့ ဘယ်လို စွပ်ဆွဲဖို့ ကြံစည်နေလဲဆိုတာ ကျွန်တော် ကြားချင်ပါတယ်"
ဧကရာဇ်မင်းသည် အိမ်ရှေ့မင်းသားအား အံ့အားသင့်စွာ အကြည့် တစ်ချက် ပေးလိုက်သည်။ အိမ်ရှေ့မင်းသားက ချူးရန့်ယွီ ကို ဒီနေရာမှာ ဆက်ပြောစေချင်ခဲ့တာလား။
ထိုက်ကျူဖေး သည် ငါးအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်ဟု ဆိုခြင်းသည် ချူးရန့်ယွီ ၏ တစ်ဖက်သတ်ဇာတ်လမ်းတစ်ခုသာဖြစ်သည်။ ဧကရာဇ်မင်းသည် အိမ်ရှေ့မင်းသားနှင့် ထိုက်ကျူဖေး တို့ အချင်းချင်း တစ်ဦးနှင့်တစ်ဦး မည်မျှချစ်ကြောင်း ရှင်းရှင်းလင်းလင်း သိတော်မူသည်။ အိမ်ရှေ့မင်းသား၏ ပင်ကိုယ်စရိုက်အရ ချူးရန့်ယွီ ၏ ရဲရင့်သော စွပ်စွဲချက်ကို မည်သို့ သည်းခံနိုင်မည်နည်း။ သို့သော် အိမ်ရှေ့မင်းသားသည် လုံးဝငြိမ်သက်ပြီး ဒါကိုပင် သေချာနားထောင်ဖို့ ပြောနေတယ်ဆိုတော့ သူက ဖြေရှင်းမည့်နည်းကို တွေးထားပြီးပုံပေါ်သည်။
ထားလိုက်ပါ.....
ဧကရာဇ်မင်းသည် ပြဿနာကို အိမ်ရှေ့မင်းသားကို ကိုင်တွယ်ဖြေရှင်းစေလိုသည်ဟု မိန့်ကြားပြီး ဖြစ်သဖြင့် အိမ်ရှေ့မင်းသားကို စိတ်တိုင်းကျ ကိုင်တွယ်ခွင့်ပြုလိုက်မယ်...
ချူးရန့်ယွီက အားတက်လာခဲ့သည်။ ယခုအချိန်တွင် သူ့ကို အတွေ့မခံခဲ့သည့် အိမ်ရှေ့မင်းသားသည် အဘယ်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားသည်ကို အသေအချာ စဉ်းစားရန် အချိန်မရှိပေ။ အိမ်ရှေ့မင်းသားက ဘာပဲပြောပြော နောက်ဆုံးတော့ နားထောင်ချင်စိတ်ရှိသွားခဲ့တာပဲ။
ချူးရန့်ယွီ က အလျင်စလိုပြောလိုက်သည်၊
"အရှင်အိမ်ရှေ့စံ....ကျွန်တော်က ဒါကို အရှင့်ရဲ့အကျိုးအတွက်လုပ်နေတာပါ... ကျေးဇူးပြုပြီး ထိုက်ကျူဖေး ရဲ့ထမ်းစင် ကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ"
မုထျန်းချီ က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"ထမ်းစင် မှာ တစ်ခုခု ထူးဆန်းနေလို့လား"
မမျှော်လင့်ဘဲ အိမ်ရှေ့မင်းသားက ချူးရန့်ယွီ နဲ့ ပူးပေါင်းပြီး အရင်က ထိုက်ကျူဖေး ထိုင်ခဲ့တဲ့ ထမ်းစင် ကို ပြန်သယ်ဖို့ အမိန့်ပေးခဲ့သည်။
များမကြာမီတွင်၊ ကိုယ်ရေးကိုယ်တာ အပါးတော်မြဲ တစ်ဦးသည် သလင်းကျောက်ပုလင်းကို ကိုင်ဆောင်ကာ လျင်မြန်စွာပြန်လာခဲ့သည်-
"အရှင်မင်းသား...ထမ်းစင်ထဲမှာ ဘယ်သူမှမရှိဘူး၊ အထဲမှာ ငါးတစ်ကောင်ပါရှိတဲ့ ဒီသလင်းကျောက် ပုလင်းပဲရှိပါတယ်!"
*******-***
DU LIEST GERADE
(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)
Historische RomaneGenre _ Historical, Romance, Comedy, Yaoi