Chapter (122-2) - ပူလျှို၏အခန်းကို ဝင်ရောက်စစ်ဆေးခြင်း

3.8K 874 12
                                    

Chapter (122-2) - ပူလျှို၏အခန်းကို ဝင်ရောက်စစ်ဆေးခြင်း



တစ်ချိန်က အခြားမင်းသားနှစ်ပါးကို ပြုစုစောင့်ရှောက်ခဲ့ဖူးသော နို့ထိန်းတစ်ဦးအနေဖြင့် ထိုသို့သော အခြေခံအမှားကို ပြုလုပ်ခြင်းသည် အမှန်တကယ်ပင် သဘာဝမကျလှပေ။

ထို့အပြင် လီယွီ သည် ကျင်းဝမ် ကို သူ့မျက်မြင်  စစ်ဆေးလိုသည့်အပြင် စိတ်ရောကိုယ်ပါ  ကူညီချင်ဖြင့် ဧကရာဇ်ဘုရင်က မငြင်းပယ်နိုင်ခဲ့ပေ။

ဧကရာဇ်မင်းကြီးက ခဏကြာတော့ တီးတိုးပြောလိုက်သည်။

  "မင်းသွားချင်ရင် သွားကြည့်လိုက်ပါ။ ပူလျှိုက သံသယဖြစ်စရာကောင်းတာကြောင့်၊ လော့လွေ့စိန်းကို သူ့ရဲ့ လက်ရှိနေထိုင်ရာနေရာကို စုံစမ်းခိုင်းမယ်။ အဲဒီတုန်းက သူ့ကို တော်ဝင်နန်းတော်ကနေ နှင်ထုတ်ခဲ့တာပဲ မှတ်မိတယ်။ သူမကို ရှာတွေ့ဖို့ ဖြစ်နိုင်ပါသေးတယ်။"

လီယွီ က ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောခဲ့သည်။  ပူလျှိုသည် သူမ၏မွေးရပ်မြေသို့ ပြန်သွားပြီဖြစ်ကြောင်းကို သူ သိသည်။ လော့လွေ့စိန်းသည် ယခင်က သူမ၏လိပ်စာကို ရှာဖွေရာတွင်ပင် ကူညီခဲ့လို  အခုချက်ချင်းသုံးလို့ရသည်။

သို့သော် ဧကရာဇ်မင်းအား ထိုစကားကို အထူးပြောမနေတော့ပေ။

ဧကရာဇ်မင်းကြီးသည် လီယွီအား ကျင်းဝမ် ကို ဂရုစိုက်ရန် အမိန့်ပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။ လီယွီသည် ပူလျိူကို တစ်ကြိမ်စုံစမ်းခဲ့ကြောင်း ကျင်းဝမ် သိသည်။ ယခု ဧကရာဇ်မင်းကြီးရှေ့တွင် သူမ အကြောင်းကို ရည်ညွှန်းပြောဆိုနေလေသည်။ ဒါက ရိုးရှင်းတဲ့အရာမဟုတ်တာ သေချာသည်။

သူမက ငါ့ကို အဆိပ်ခတ်တယ်လို့ သံသယရှိတာလား.... ကျင်းဝမ်က မေးလိုက်သည်။

လီယွီသည် system ထဲတွင် သူမြင်ခဲ့ရသမျှကို ကျင်းဝမ်အား ပြောပြလို့မရပေ။ ။   သူ့မျက်နှာကို ပွတ်သပ်ကာ ပြောလိုက်သည်။

 "ထျန်းချီ၊ ကျွန်တော် ခင်ဗျားကို အခု မပြောနိုင်သေးဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့အဆိပ်ကို ရှင်းဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်"

ကျင်းဝမ်က ခေါင်းညိတ်လိုက်သည်။ ကျင်းဝမ် ကိုယ်တိုင်လည်း တော်ဝင်ဆေးပညာရှင်၏ စကားကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အနည်းငယ် ရှိနေခဲ့သည်။

သူသည် အသက် 20 ဝန်းကျင်သာရှိသေးပြီး ချစ်သူနှင့်လက်ထပ်ကာ သားသမီးများပင်ရှိသေးသည်။ သူ့ဘဝနဲ့သူ အပြည့်အ၀ ရောင့်ရဲပြီး လွန်လွန်ကဲကဲ ကိစ္စတွေကို ကြုံရာကျပန်း ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး။ သို့သော် ယနေ့တွင် သူသည် လွန်ခဲ့သော နှစ်ဆယ်ကျော်လောက်က အမည်မသိ အဆိပ်တစ်မျိုးခတ်ခံထားရကြောင်း ရုတ်တရက် တွေ့ရှိခဲ့သည်။ သမားတော်များက အစွမ်းကုန် ကုသပေးမည်ဟု ကတိပြုထားသော်လည်း ရှောင်ယွီက သူ့ကို သဲလွန်စအချို့ ရှာတွေ့အောင် ကူညီပေးမည်ဟု ပြောခဲ့သော်လည်း ကျင်းဝမ် သည် အဆိုးဆုံးအတွက် ပြင်ဆင်ထားတော့သည်။

ယခင်က ကျင်းဝမ်သည် ရှောင်ယွီ၏ မိုးကောင်းကင် စမ်းသပ်ချက် အတိဒုက္ခများ ပြီးဆုံးပြီးနောက် သူ ထွက်သွားမည်ကို ကြောက်ရွံ့ခဲ့သည်။ ကျင်းဝမ် က ရှောင်ယွီထက်အရင် သူက ဒီလိုပုံစံနဲ့ အရင်ထွက်သွားမယ်လို့ တစ်ခါမှ မစဉ်းစားဖူးဘူး...။

နောက်ဆုံးတွင် ထီးနန်းမတက်နိုင်ခဲ့သော်ငြား လက်ရှိရောက်ရှိနေသည့်နေရာသို့ ရောက်အောင် လုပ်နိုင်ခဲ့သည့်အတွက် နောင်တရစရာများစွာ မရှိပါ။ ရှောင်ယွီနဲ့အတူတူ အသက်တွေကြီးကာ အိုမင်းသည်အထိ အတူနေပေးနိုင်အောင် ကံမကောင်းခဲ့ပေ....

ရှောင်ယွီသည် ငါးကြင်းနတ်ဆိုးဖြစ်သည်။ သူသေရင် သူ့အတွက် တခြားနေရာကို သွားနိုင်မှာ သေချာသည်။ ကျင်းဝမ် က ဘယ်လောက်ပဲ ဝန်လေးနေပါစေ သူက သေပြီးနောက် ရှောင်ယွီနောက်ကို လိုက်ဖို့ ဘာမှ မလုပ်နိုင်ဘူး။ သူ၏တိုတောင်းသော လူ့ဘဝလေးကြောင့် ရှောင်ယွီကို အကြာကြီး အနားနေဖို့ မထိန်းထားနိုင်ပေ။ ရှောင်ယွီကို သူ့ရဲ့ တိုတောင်းသည့် ဘဝလေးကြောင့် ဒီနေရာမှာ ဒီအဆင့်မှာရပ်တန့်နေဖို့ မပြောရက်ပေ။

ဒီလိုတွေးထားပေမယ့် ကျင်းဝမ် သည် ရှောင်ယွီကို ခွဲထားရဖို့ကို စိတ်ပိုင်းဆိုင်ရာအရ လက်ခံရန် ခက်ခဲနေဆဲဖြစ်သည်။  

ကျင်းဝမ် က သူ့လက်ချောင်းတွေကို တင်းတင်းကြပ်ကြပ် ညှစ်ထားတာကြောင့် သူ့လက်ချောင်းထိပ်တွေက ဖြူဆွတ်နေသည် ။ သူသည် နာကျင်သော်လည်း လေးနက်သောအကြည့်ကို အသုံးပြု၍ ထိုငါးကလေး၏ပုံသဏ္ဍာန်ကို ထာဝစဉ်သတိရစေဖို့  လီယွီကို တစ်သတ်မတ်တည်း ငေးစိုက်ကြည့်ကာ မှတ်သားနေတော့သည်။

သူ သေဆုံး သွားပြီးနောက် ဝမ့်ရှီးသည် ကလေးများကို   ပြုစုစောင့်ရှောက်ပေးလိမ့်မည်။ ကျင်းဝမ် သည် ဝမ့်ရှီးကို အလွန်ယုံကြည်ခဲ့သည်။ ထိုကလေးတွေ ကောင်းကောင်း နေထိုင်နိုင်လိမ့်မည်ဟု တနေ့ထက်တနေ့ ပိုကြီးလာခဲ့တဲ့ ကလေးလေးယောက်ကို ပိုလို့တောင် ယုံကြည်လာခဲ့သည်။

ဒီဘဝမှာ သူလက်မလွှတ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဒီငါးကလေး ရှောင်ယွီပဲ ရှိသည်။  ရှောင်ယွီကို အတတ်နိုင်ဆုံး ကာကွယ်ချင်သေးသည်။ ဒီငါးကလေးက သူ့ကို ထာဝရ အမှတ်ရနေဖို့လည်း သူ ဆန္ဒရှိသည်။

ကျင်းဝမ် သည် သူ၏ နှလုံးသားထဲမှ လှိုက်တက်လာသည့် ကြီးမားသော နာကျင်မှုကို ဖိနှိပ်လိုက်ပြီး ကျောက်စိမ်းခေါင်းလောင်းကို ခါလိုက်ကာ သူ၏ သစ္စာရှိ လက်အောက်ငယ်သားအားလုံးကို ခေါ်ယူလိုက်သည်။  

ငါ သူတို့အားလုံးကို မင်းအတွက် ချန်ထားပေးတယ်။  သူတို့က နောင်အနာဂါတ်မှာ မင်း ညွှန်ကြားချက်တွေကို နားထောင်လိမ့်မယ်....

ကျင်းဝမ် သည် လီယွီ၏ လက်ကို ပုတ်ကာ လီယွီ၏ လက်ဖဝါးထဲတွင် စာရေးပေးခဲ့သည်။


ပထမတော့ လီယွီ က ကျင်းဝမ် က သူ့အတွက် လူတွေ ခွဲဝေပေးနေတာက ပူလျှိုကို ရှာဖို့ အကူအညီပေးတာပဲလို့ ထင်ခဲ့သည်။ များသောအားဖြင့် သူ အလွန်အမင်း လိုအပ်နေချိန်တွင် လျှို့ဝှက်စောင့်များက ပေါ်လာတတ်တယ် မဟုတ်လား။  လီယွီသည် ကျင်းဝမ် ၏ စာကို ဖတ်ပြီး တိတ်တဆိတ် ကြောက်လန့်သွားသည် ။ ကျင်းဝမ် က "နောင်အနာဂတ်" က ဘာကို ဆိုလိုတာလဲ။

သူ... လွန်လွန်ကဲကဲ စီစဉ်နေတာလား။  

လီယွီသည် သူ့ရင်ဘတ်ကို ဓားဖြင့်လှီးဖြတ်လိုက်သလို   နာကျင်သွားသလို ခံစားလိုက်ရသည်။ သူက ငိုတာထက်တောင် ပိုရုပ်ဆိုးတဲ့ အပြုံးကို အသည်းအသန် ပြုံလိုက်ပြီး ကျင်းဝမ် ဆိုလိုသည့်  အဓိပ္ပါယ်ကို  လွဲချော်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

"ဒါ ကောင်းပါတယ်။ ခင်ဗျားရဲ့လက်အောက်ငယ်သားတွေကို ရက်အနည်းငယ်လောက် ငှားလိုက်မယ်။ သဲလွန်စတွေကို အမြန်ရှာတွေ့နိုင်မှာပါ......"

"ကျွန်တော်က ငါးကြင်းနတ်ဆိုးဆိုတာ မမေ့နဲ့။ ကျွန်တော် မလုပ်နိုင်တာ ဘာမှမရှိဘူး။ ကျွန်တော် တောင် လက်မလျှော့သေးဘူး။ ထျန်းချီ ကိုယ်တိုင် အလံဖြူပြပြီး လက်လျှော့အရှုံးပေးဖို့ မဆုံးဖြတ်တာ ပိုကောင်းလိမ့်မယ်!"

လီယွီသည် နောက်ကို လှည့်ကာ သူ့မျက်လုံးထောင့်စွန်းမှ စိမ့်ထွက်လာသည့် မျက်ရည်များကို အတင်း  ပွတ်တိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အငမ်းမရ အရှက်မဲ့စွာ ကြွားဝါခဲ့သည်။

တကယ်တော့ သူသည် အဆိပ်ကို ကုသရန် 100% ယုံကြည်မှုမရှိပေ။ သူအား ကိုးနိုင်သည့်အရာမှာ စာတစ်ကြောင်းသာဖြစ်သည်။ ကျင်းဝမ် သည် ဇာတ်လိုက် အရှိန်ဝါ ရှိကာ ထီးနန်းတက်မည်ကို   System က တစ်ချိန်က ပြောခဲ့ဖူးသည်။ တစ်နည်းဆိုရသော် သူသည် အဆိပ်ခတ်ခံရသော်လည်း ကျင်းဝမ်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိင်ခြင်းမရှိပေ။

လွန်လွန်ကဲကဲ ရလဒ်ကို ကြိုတင်စဉ်းစားကာ ပြင်ဆင်သည့် အဖြစ်က  နှစ်ဦးအတွက်  စောလွန်းနေသေးသည်။သူတို့ထဲက ဘယ်သူမှ မသေသေးဘူးလေ!

ခဏတာ အံ့အားသင့်သွားပြီး၊ ဒါက ရှောင်ယွီရဲ့ ချစ်ခြင်းမေတ္တာပဲဆိုတာ ကျင်းဝမ် သဘောပေါက်သွားသည်။ ကျင်းဝမ် သည် သေမည့်အကြောင်း ထပ်မတွေးချင်တော့ဘဲ လီယွီ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်သည်။

ကျင်းဝမ် သည် အဆိပ်သင့်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီးနောက် ဧကရာဇ်မင်းသည် အရေးတကြီးထွက်ခွာပြီး မကြာမီတွင် နန်းတော်သို့ ပြန်လာခဲ့သည်။

လီယွီ သည် ချက်ချင်းပင် ပြင်ဆင်ပြီး အနားယူရန်ပင် မရပ်ဘဲ ချန်ချွန်း နန်းတော်ဆီသို့ ပြေးသွားခဲ့သည်။ သူက အရမ်းအဆင်ပြေတဲ့ ထမ်းစင်ဖြင့် ကျင်းဝမ် ကို သယ်ဆောင်လာသည်။

မခေါ်လာလို့လည်းမရပေ။ လီယွီသည် တော်ဝင်နန်းတော်သို့ ဝင်ကာ စစ်ဆေးလိုကြောင်းကို သိပြီးနောက်တွင် ရက်စက်ကြမ်းကြုတ်သော ခင်ပွန်းသည်က မည်သို့ပင် မသွားရန် တောင်းဆိုနေပါစေ...လီယွီကို တားလို့မရခဲ့သည်။ သူ့လက်အောက်ငယ်သားအားလုံးကို လီယွီထံ အပ်ထားပြီးဖြစ်သော်လည်း အဆိပ်သင့်နေသော ကျင်းဝမ်သည်  သည်းညည်းခံကာ စံအိမ်တော်မှာ မနေရစ်နိုင်ပေ။ သူသည် မရေမတွက်နိုင်သော အခြွေအရံအဖွဲ့ဝင်များကြားတွင် သူ့ကိုယ်သူ အတင်းအကြပ် ဖျစ်ညစ်ကာ လိုက်ပါလာခဲ့သည်။

လီယွီကို မည်သူမှ မနှောင့်ယှက်နိုင်ပေ။ ကံကောင်းထောက်မစွာ၊ ထိုအဆိပ်သည် ကျင်းဝမ် နှင့်အတူ အချိန်အတော်ကြာ ရှိနေသောကြောင့်၊ ကျင်းဝမ်၏ နေ့စဉ်ဘဝကို ရုတ်တရက် မထိခိုက်စေတာ ကံကောင်းသည်ဟု သမားတော်များက ပြောခဲ့သည်။ ဒါပေမယ့် လီယွီက ကျင်းဝမ် တခုခုဖြစ်သွားမည်ကို ကြောက်နေသဖြင့် ကျင်းဝမ်ကို အမြဲမပြတ် စိုက်ကြည့်နေတတ်သည်။

စိတ်ပူစရာမလိုပါဘူး။ စလိုက်ရအောင်.......

 ကျင်းဝမ်က လီယွီကို တစ်ချက်ကြည့်လိုက်သည်။

လီယွီ သည် တုံ့ဆိုင်းမနေဘဲ တစ်ချိန်က နို့ထိန်း ပူလျှိုနေထိုင်သည့် အခန်းရှေ့သို့ ရောက်ရှိလာပြီး ချိပ်တံဆိပ်ကို ဖယ်ရှားရန် နန်းတော်ကျွန်များကို အမိန့်ပေးခဲ့သည်။ နှစ်ပေါင်းများစွာ အသုံးမပြုခဲ့သော နန်းတော်အခန်းသည် အလင်းရောင်ကို အခုမှ တစ်ဖန်မြင်ရတော့သည်။

ဒီအခန်းက  ပူလျှိုထွက်သွားတုန်းက အခြေအနေအတိုင်းပဲ ရှိနေသေးတယ်လို့ ဆိုပေမယ့်   အချိန်အကြာကြီး ဘယ်သူမှ မသန့်ရှင်းသောကြောင့်၊ တခန်းလုံး ပင့်ကူမျှင်များဖြင့် ဖုံးအုပ်ထားသည်။

လီယွီသည် အနည်းငယ် ထိတ်လန့်သွားသည်။ နန်းတော်အစေခံများက သူတို့ အရင် သန့်ရှင်းရေးလုပ်ပါရစေဟု အကြံပြုထားပေမယ့်  လီယွီ က ငြင်းဆိုလိုက်သည်။ အကယ်၍ ထိုအခန်းတွင် သဲလွန်စများ အမှန်တကယ်ရှိခဲ့ပါက၊ အခြားသူများကို မထိမိစေရန်နှင့် သူ၏မူလအခြေအနေအတိုင်း ထားရှိခြင်းသည် အကောင်းဆုံးဖြစ်သည်။

လီယွီသည် သန့်ရှင်းသော လက်ကိုင်ပုဝါကို ကောက်ကိုင်လိုက်ပြီး သူ့မြင်ကွင်းကို ပိတ်ဆို့နေသော ပင့်ကူမျှင်များကို ဖယ်ရှားပစ်ချင်သည်။ သို့သော်လည်း ကျင်းဝမ် သည် ရှေ့မှထွက်ကာ တံခါးအပြင်သို့ လီယွီကို တွန်းထုတ်ကာ သူက လက်ကိုင်ပုဝါကို ဆွဲယူပြီး သူ့ဖာသာ ပင့်ကူမျှင်တွေကို ရှင်းလင်းရေး စလုပ်တော့သည်။

လီယွီသည် အဝင်ဝတွင် ပိတ်ဆို့ကာ ဒေါသတကြီး တွေးလိုက်သည်-

 ဒီမှာ  အဆိပ်သင့်နေသူမှာ ဘယ်သူလဲ.....

ကျင်းဝမ် သည် ထုံးစံအတိုင်း လီယွီကို ပင်ပန်းအောင်လုပ်ခိုင်းဖို့ ဝန်လေးနေသည်။

ပင့်ကူမျှင်များနှင့် အမှုန်အမွှားများကို အကြမ်းဖျင်းရှင်းလင်းပြီးနောက်၊ နောက်ဆုံးတွင် လီယွီသည် အခန်းတွင်းရှိ အခြေအနေကို ကြည့်ရှုရန် အထဲသို့ ဝင်ခွင့်ပြုခဲ့သည်။

ကုတင်၏ မူလအသွင်အပြင်ကို ပြောပြရန် ခက်ခဲလှသည်။ စားပွဲပေါ်ရှိ အပ်နှင့် ချည်မျှင်တို့သည် ရှိနေသေးသည်။ ကုလားထိုင်တစ်လုံး ကြမ်းပြင်ပေါ် လဲကျနေသည်။

"ထျန်းချီ ဒီနေရာကို မှတ်မိလား" လီယွီ သည် ကျင်းဝမ် ၏ မှတ်ဉာဏ်ကို သတိရလိုရငြား ကျင်းဝမ်အား မေးမြန်းရန် ကြိုးစားခဲ့သည်။  

ကျင်းဝမ်က ခေါင်းခါနေတုန်းပဲ။

လီယွီ သည် အဖြေကို ရဖို့ မျှော်လင့်ချက် မရှိပေ။
လီယွီသည် ကုလားထိုင်ကို ကောက်ကိုင်လိုက်ပြီး တစ်ချိန်က ပူလျိူထိုင်သည့် နေရာတွင် ထိုင်လိုက်သည်။ ကျင်းဝမ်ကို အသိပေးပြီးနောက် System ထဲသို့ ဝင်သွားသည် ။

သူသာ မှန်ကန်စွာ မှတ်မိပါက၊ သူ အသုံးမပြုရသေးသည့် ကျင်းဝမ် ၏ လျှို့ဝှက်ချက်များစွာကို ချီးမြှင့်ခံထားရသေးသည်။ System သည် သူ့ဆန္ဒကို လိုက်နာပြီး ထိုအခန်းတွင် လျှို့ဝှက်ချက်ကို ထပ်မံမြင်တွေ့စေလိုက်သည်။ လောလောဆယ်တော့ သူက အဲဒါကို  လဲလှယ်နိုင်ပါသေးသည်။

တစ်ခန်းတည်းမှာ သဲလွန်စတွေ ရှာမတွေ့ဘူး ဆိုတာကို သူ မယုံဘူး ။

လီယွီသည် သူသိမ်းဆည်းထားသည့် ဆုငွေအားလုံးကို ချက်ချင်းမလဲလှယ်ခဲ့ပေ။ အဲဒီအစား ပထမတစ်ခုနဲ့ ဂရုတစိုက် လဲလှယ်ခဲ့သည်။

တစ်ဖန်၊ သူသည် လျှို့ဝှက်မှတ်ဉာဏ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်စုံတစ်ဦးကို စောင့်နေသည့် ပူလျှိုကို တွေ့လိုက်ပြီးနောက် ကိုယ်ရေးကိုယ်တာအစေခံနှင့် စကားများရန်ဖြစ်ပြီး ယမ်းမှုန့်ကို စားသည်။ သူသည် အသေးစိတ်အချက်အလတ်တိုင်းကို သေသေချာချာ စစ်ဆေးခဲ့ပြီး တစ်ခုပင် အလွတ်မခံနိုင်ပေ။

စေ့စေ့စပ်စပ် စစ်ဆေးမှုအပြီးတွင် သူကြည့်ရှုနေသည့်အရာကို ခေတ္တရပ်ကာ ရှေ့ဆက် ဆက်လက်ကစားနိုင်စေရန်  ဆန္ဒရှိနေခဲ့သည်။  

ဒီလျှို့ဝှက်ချက်ကို သူ စစ်ဆေးတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ နောက်ဆုံး အကြိမ်ပြီးသောအခါ သူသည် အလွန်ဂရုတစိုက်ကြည့်နေပြီဟု သူ ထင်ခဲ့ပေမယ့် တစ်ခါပြန်ကြည့်တိုင်း  သူက  အသစ်အဆန်းများကို မြင်နေရဆဲဖြစ်သည်။

လီယွီသည် သူတို့အား တစ်ခုပြီးတစ်ခု ခွဲခြမ်းစိတ်ဖြာရန် အချိန်မရှိပေ။ ယင်းအစား၊ သူသည် system ထဲမှ ထွက်သွားပြီးနောက် လက်တွေ့နှင့် နှိုင်းယှဉ်နိုင်စေရန်  အားလုံးကို မှတ်သားခဲ့သည်။

အဆုံးတွင်၊ မှတ်ဉာဏ်မပြီးဆုံးမီတွင် ပူလျှိုသည် အမှုန့်ကို မျိုချသည်ကို တွေ့လိုက်ရသည်။ အမှုန့်ထုပ်ထားသော စက္ကူသည် စားပွဲအောက်သို့ ဖြည်းညှင်းစွာ လွင့်ပျံလာသည်။

အဲဒီစာရွက်လေး...  

လီယွီ၏နှလုံးသည် ရုတ်တရတ်ခုန်သွားကာ ချက်ချင်း မတ်တတ်ထလိုက်သည်။



********-*********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now