Chapter (67)_ မုထျန်းရှောင်နှင့် ချူးရန့်ရီ

6.7K 1.2K 37
                                    


Chapter (67)_  မုထျန်းရှောင်နှင့် ချူးရန့်ရီ


အနှစ်ကို စုပ်ယူတယ် ဟုတ်လား ?

လီယွီသည် အနည်းငယ် မသေချာလို့ မေးလိုက်သည်။

 "တော်ဝင်မင်းသား၊ ဒါက ဘာကိုဆိုလိုတာလဲ"

ကျင်းဝမ် သည် သူ၏ စိတ်ခံစားမှုများကို သက်သာစေရန် ဒီမှတ်စုကို ချကာ ရေးသားခဲ့သည်။ လီယွီ၏ လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ ရှောင်ယွီအား သူ၏ စိတ်ကူးယဉ်အတွေးများ အားလုံးကို မြင်လိုက်ရသဖြင့် ရှောင်ယွီက သူ အနိုင်ကျင့်ဖို့ ကြံနေသည်ဟု ထင်သွားမည်ကို   ပို၍ပင် စိုးရိမ်လာခဲ့သည်။ ငါးကြင်းလေးကသာ အနှစ်က ဘာလဲဆိုတာ သိသွားလိုက်ရင်...
ကျင်းဝမ်က ရင်တုန်သွားပြီး သူ့မျက်နှာပျက်ကာ ခေါင်းကို ဘာမှမထူးခြားစွာ ခါလိုက်သည်။

ဝန်မခံဘဲ အသေခံလိုက်တာမှ ကောင်းဦးမယ်။

လီယွီ: "..."

လီယွီက  လက်သီးဆုပ်ထားပြီး နှုတ်ခမ်းပေါ်တင်ကာ ချောင်းဆိုးလိုက်သည်-

 "အရှင်မင်းသား... ဒါက အရှင်မင်းသား  မသိဘူးဆိုတဲ့သဘောလား...ဒါက အရှင်မင်းသားနဲ့  မဆိုင်ဘူးလား"

ကျင်းဝမ် သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။

လီယွီက တိတ်တဆိတ်ပြုံးလိုက်သည်။ အရင်က သူက ရှန်းရှ ဇာတ်လမ်းတွေ အများကြီး ဖတ်ဖူးခဲ့တယ်။ အနှစ်ကို စုပ်ယူတယ် ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာ သူ သိထားပြီးဖြစ်တယ်။ ကျင်းဝမ်က သူနဲ့ အဲ့ဒါ လုပ်ချင်တာများလား...
 မကောင်းတဲ့ အယုတ်တမာကြီးက ခေါင်းထဲမှာ မကောင်းတဲ့အတွေးတွေနဲ့ပြည့်နေပြီး   ဝန်မခံကြောင်း တွေ့ရှိခဲ့သည်။ မမျှော်လင့်ဘဲ ကျင်းဝမ်ဆီမှာလည်း ဒီလို နုံအတဲ့ ဘက်ခြမ်းလည်း ရှိနေတယ်။

လီယွီက ကျင်းဝမ်ကို "လူယုတ်မာ" လို့ တိုးတိုးလေးပြောပြီး သူ့နှုတ်ခမ်းတွေကို တွန့်ကွေးကာ ပြုံးလိုက်ရင်း ထပ်မေးလိုက်သည်။
  "အရှင်မင်းသား တကယ်ရေးတာမဟုတ်ပေမယ့် ဒါက အရှင်မင်းသား လက်ရေးဆိုတာ ရှင်းပါတယ်"

ကျင်းဝမ်-"....."

ကျင်းဝမ် က စိတ်တိုနေတယ် ၊ အဲဒါ ငါ မဟုတ်ဘူး။

"အင်း၊ ကျွန်တော် သိပြီ။ အဲဒါ အရှင်မင်းသား မဟုတ်ဘူး"

လီယွီ(Li Yu) သည်   ကျယ်လောင်စွာ မရယ်မောဘဲ မျက်လုံးများကို မှိတ်ထားပြီး ကျင်းဝမ်ကို ဆက်ပြီး စနေနေသည်။
  "ဒါဆို အရှင်မင်းသားက အနှစ်ကို စုပ်ယူတယ်ဆိုတာ ဘာကို ဆိုလိုမှန်းသိလို့လား  "

လီယွီသည် သူ့စိတ်ထဲတွင် ပြင်းစွာ ရယ်မောလိုက်သည်- မင်း ငါ့တို့ဟူးကို အရင်စားရချင်ပေမယ့် အခုတော့ မင်းရဲ့ ပါးစပ်လောင်သွားပြီ မဟုတ်လား။
 (ကျင်းဝမ်က သူ့ကို အသားယူချင်ပေမယ့် အခုတော့ အရှက်ကွဲလိုက်ရပြီ)
 

ကျင်းဝမ်-"...."

ကျင်းဝမ်က လီယွီကို တောင်းပန်ဟန်ပြုံးပြီး သူကိုယ်တိုင်လုပ်ထားတဲ့ ရွှေငါးရုပ်လေးကို လီယွီရဲ့လက်ထဲ တိတ်တိတ်ကလေး ထည့်ပေးလိုက်သည်။ ရှောင်ယွီက   ရွှေအစစ်ကို နှစ်သက်သည်။ ဒါကြောင့် ရှောင်ယွီကို ချော့ဖို့ သူကိုယ်တိုင် ခုတလောလေးမှ ရွှေငါးလေးကို ဒီဇိုင်းဆွဲကာ လုပ်ခိုင်းထားတာဖြစ်သည်။
 

"ဒီငါးက အရမ်းချစ်စရာကောင်းတယ်၊ ကျွန်တော့် အတွက်လား!"

လီယွီသည် ရွှေငါးရုပ်ကလေးရဲ့ ဆွဲဆောင်တာ ခံလိုက်ရပြီး    ရွှေငါးကို လက်ထဲတွင် ကိုင်ကာ အံ့သြစွာ ကြည့်လိုက်သည်။

ရွှေငါးလေးသည် အရမ်းချစ်စရာကောင်းပြီး ကိုယ်ကို စက်ဝိုင်းလို ကွေးညွတ်ကာ သူ့အမြီးကို ပြန်ကစားနေသည်။   လီယွီက သူ့ပုံတူ သဘောကျနေသည်။ ထိုငါးလေးမှာ လီယွီ  ကြိုက်သော မြက်ပင်စိမ်းစိမ်းလေးပါပြီး ငါးကျောရိုးပေါ်တွင် အထူးကျစ်ထားသောကြိုးနှင့်ဆွဲရန် ချိတ်တစ်ခုရှိသည်။

လီယွီသည် ငါးပေါ်ရှိ ကြိုး ကို မြတ်နိုးစွာ တို့ထိကာပြောလိုက်သည်။
 "ဒါက ဘယ်မှာ ချည်ရမှာလဲ"  

ကျင်းဝမ် က ပြုံးပြီး သူ့ခါးမှာပတ်ထားတဲ့ ရောင်စုံပိုးစနှင့် လုပ်ထားသော ခါးပတ်နားတွင်    ရွှေငါးလေးကို ချည်နှောင်လိုက်ပါတယ်။

လီယွီသည် သူ့ခါးပေါ်ရှိ ငါးကို ခဏမျှ ဆော့ရင်း တောက်ပသော မျက်လုံးများဖြင့် ကျင်ဝမ်ကို  စိုက်ကြည့်ကာ မေးလိုက်သည်။
"အရှင်မင်းသား....စကားကို မလွဲနဲ့။ ကျွန်တော့်ကို ဘာကြောင့် ရွှေနဲ့ ဆွဲဆောင်တာလဲ။ အနှစ်ကို စုပ်ယူတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ပြောပါဦး  "

ကျင်းဝမ် -"...."

ရှောင်ယွီသည် အာရုံလွဲရခက်ပေမယ့် ဒီပုံစံလေးကို ကျင်းဝမ် တကယ် ကြိုက်သည်။
 
လီယွီက စိတ်ရှည်စွာစောင့်နေစဉ် တိုက်ဆိုင်စွာ ဝမ့်ကုန်းကုန်းက အပြင်ဘက်ကနေ တံခါးခေါက်ကာ ခွင့်တောင်းလိုက်စဉ် ကျင်းဝမ်က ထွက်ပြေးဖို့ အကြောင်းပြချက်ရသွားသည်။ တကယ်တော့ ဝမ့်ကုန်းကုန်းက ကျင်းဝမ်က သခင်လေးလီနှင့် အတူနေချိန် မနှောက်ယှက်ဖို့ ပြောထားပေမယ့် အခု    ဆဋ္ဌမမင်းသားလေးသည် နျဉ်ဟွေ့ ခန်းမတွင် အကြာကြီးစောင့်ဆိုင်းနေခဲ့သည်။ ဆဋ္ဌမမြောက်မင်းသားလေးက ကျင်းဝမ်အရှင့်သားကို တောင်းပန်စကား ပြောချင်လို့လာသည်ကို ဝမ့်ကုန်းကုန်းသိသည်။ ဆဋ္ဌမမြောက်မင်းသားက ကျင်းဝမ်ကို နောက်ကွယ်ကနေ တိုက်ခိုက်ခဲ့သည်ကို သိလို့ မျက်နှာသာ မပေးချင်ပေမယ့် ဆဋ္ဌမမြောက်မင်းသားက ဒီကိုမလာခင် မင်းကြီးရဲ့နန်းဆောင်ကို အရင်ဝင်ခဲ့တယ်ဆိုတာ သိလိုက်ရသည်။ ဒါကြောင့် ဆဋ္ဌမမြောက်မင်းသားကို အကြာကြီးစောင့်ရအောင် မလုပ်ချင်တော့ပေ။

 
 

"အရှင်မင်းသား....ဆဋ္ဌမမြောက်မင်းသားက အရှင်မင်းသားဆီကို တောင်းပန်ဖို့ လက်ဆောင်တွေနဲ့ရောက်နေပါတယ်..."
 

ဝမ့်ကုန်းကုန်းက ကျင်းဝမ်နှင့် သခင်လေးလီကို ထပ်နှောက်ယှက်မိလို့ အနူးအညွတ်  တောင်းပန်ပြီး အကြောင်းကြားလိုက်သည်။
 
အရင်တခါက သခင်လေးလီနှင့် အရှင့်သားကြား သဘောထားကွဲလွဲပြီး မခေါ်ကြတာ အတော်ကြာတယ်။ အဲ့ဒီအချိန်တုန်းက အိမ်တော်တစ်ခုလုံးက ရင်တမမ နဲ့နေခဲ့ရသည်။ ဒါကြောင့် သူတို့ အားလုံးက သခင်လေးလီနှင့် အရှင့်သားကို ဆက်ဆံရေး  ပိုကောင်းစေချင်ကြသည်။ အရှင့်သားစိတ်ပျော်မှာ အားလုံး စိတ်အေးရမယ် မဟုတ်လား။


 နောက်ပိုင်း သခင်လေးလီနဲ့ အရှင့်သားက အတူတူရှိလာကြသည်။ ဝမ့်ကုန်းကုန်းက သူတို့ကို တိတ်တိတ်လေး လေ့လာနေခဲ့သည်။ သူတို့နှစ်ဦးက ခုတင်ပေါ်မှာ အတူတူအိပ်ကြတယ်။ ဆွဲကြတွန်းကြတယ်။ ဒီတော့ နှစ်ဦးသားရင်းနှီးနေပြီလို့ထင်ခဲ့မိတယ်။ ဒါပေမယ့် အရှင့်သားတို့က အတူတူ စာဖတ်ကြ၊ စကားပြောကြ၊ မုန့်စားကြ၊ စာရေးသင်ကြလုပ်ရုံပဲ ဆိုတာ နောက်ပိုင်းမှ သိလိုက်ရသည်။

ထို့နောက် သခင်လေးလီက အရှင့်သားကို အတူတူနေဖို့ ငြင်းဆန်ပြီး ထွက်ပြေးသွားပြန်တယ်။ အရှင့်သားက အိမ်တော်နံရံမှာ ရည်းစားစာကို ရေးပြီး ဖွင့်ဟဝန်ခံခဲ့တယ်။ အဲ့နောက် သခင်လေးလီက ပြန်လာပြီး အရှင့်သားကို အကပ်ခံခဲ့တယ်။ ဒါပေမယ့် သခင်လေးလီက အတူူတူအိပ်ဖို့ ငြင်းဆန်နေပြန်သည်။

အရှင့်သားက သခင်လေးလီနှင့် တွေ့ပြီးနောက်ပိုင်း ရေအေးအေးနဲ့ ချိုးချိုးုနေရသည်ကို သခင်လေးလီက မသိခဲ့ပေ။ သခင်လေးလီက အရှင့်သား   ကျင်းဝမ်၏ ကိုယ်ရေးကိုယ်တာအစေခံတစ်ဦးအဖြစ် နေနေပါလျက် မသိတာက   ဘယ်လိုဖြစ်နိုင်မှာလဲ?

ထို့ကြောင့် အရှင့်သားနဲ့ သခင်လေးလီကြားက ဆက်ဆံရေးကိုပြောရမယ်ဆိုရင် ခက်ခဲပြီး ရှင်းပြဖို့ မလွယ်ဘူးလို့ပဲ သုံးနှုန်းရတော့မယ်။
 

ရှားရှားပါးပါး သခင်လေးလီနှင့် အတူရှိသည့် အခိုက်တန့်ကို နှောက်ယှက်မိလို့ ဝမ့်ကုန်းကုန်းက စိတ်ဆိုးမည်စိုးကာ တောင်းပန်ပေမယ့် အရှင့်သားဆီက စိတ်သက်သာရာရသွားသလို ဖြစ်သွားတာ မြင်ရတော့ ဝမ့်ကုန်းကုန်း နားမလည်နိုင်ဖြစ်မိသည်။
 

ဝမ့်ကုန်းကုန်း: "..."

ကျင်းဝမ် သည် ဆဋ္ဌမမင်းသားကို မောင်းထုတ်ရန် ရည်မှန်းပြီး လီယွီ၏လက်ကို ပုတ်လိုက်သည်။ တကယ်တော့ ရှောင်ယွီ က မေးခွန်းတွေဆက်မေးမှာကို သူ ကြောက်နေခဲ့တယ်။ သူ တကယ်ရှက်သွားပြီး အဖြေမပေး နိုင်ခဲ့ဘူး။ သူသည် ထိုအရာကို ရှောင်ရှားရန် ဆဌမမင်းသားကို အသုံးပြုလိုခြင်း ဖြစ်သည်။ရှောင်ယွီက ဆော့ရတာကြိုက်တယ်၊  ေနောက်မှပြန်လာတဲ့အခါ ရှောင်ယွီက မေ့သွားပြီး ဒီမေးခွန်းကို ထပ်မမေးလောက်တော့ဘူး။

"အရှင်မင်းသား၊  ဆဋ္ဌမမင်းသားကို သွားတွေ့မှာလား။"

လီယွီ သည် ဆဋ္ဌမမင်းသား၏အမည်ကိုကြားသောအခါတွင် သူ၏ နောက်ပြောင်သည့်အမူအရာမှာ ရုတ်တရက် ထိတ်လန့်သွားပြီး ကျင်းဝမ် ၏ င်္အကျီလက်ကို မသိစိတ်က ဖမ်းဆုပ်လိုက်လေသည်။

ဆဌမမင်းသားက  မူရင်းစာအုပ်တွင် ကျင်းဝမ် ၏အကြီးမားဆုံးပြိုင်ဘက်ဖြစ်သည်။ ဒုတိယနှင့် တတိယမင်းသားများ က မင်းကြီး၏ မျက်နှာသာပေးမှုကို မရရှိနိုင်ပြီးနောက်၊ ဆဋ္ဌမမင်းသားသည် ဧကရာဇ်မင်းမြတ်၏မျက်လုံးထဲတွင်   ရှိခဲ့သည်။ ဆဋ္ဌမမင်းသားလေးသည် များစွာခံစားခဲ့ရပြီး ချူးရန့်ရီ ကြောင့် ကျင်းဝမ်က ဆဋ္ဌမမင်းသား၏လက်တွင် သေဆုံးသွားလုနီးပါး ဖြစ်ခဲ့ည်။ ဆဋ္ဌမမင်းသား လုံးဝဆုတ်ခွာသွားသည့်တိုင်အောင် ကျင်းဝမ် ကို ဒုက္ခများစွာပေးခဲ့သည်။

ဇာတ်လမ်းက မှတ်မိနိုင်စရာမရှိပေမယ့် ဆဋ္ဌမမင်းသားရဲ့ စရိုက်က ပြောင်းလဲသွားတာဖြစ်နိုင်သလား။


လီယွီ(Li Yu) သည် ဆဋ္ဌမမင်းသား မုထျန်းရှောင်၏ အသေးစိတ်အချက်အလက်များကို သိသော်လည်း ကျင်းဝမ်ကို  မည်သို့သတိပေးရမည်ကို မသိခဲ့ပေ။ အရင်တုန်းက ယဲ့ချင်းဟွမ်ရှိခဲ့လို့ မတော်တဆ သတင်းရသလိုနဲ့ သတင်းပို့လို့ရသေးတယ်။ အခု တူညီသော ဖြစ်ရပ်ကို ပြန်သုံးလို့ မရနိုင်လောက်တော့ပေ။အခု မုထျန်းရှောင်အကြောင်းကို ထပ်ပြောပြလိုက်ရင် ဒီဟာက လုပ်ကြံပြောတယ်လို့ ထင်ရနိုင်တယ်။


 
 

လီယွီသည် မျက်မှောင်ကြုတ်ကာ ဆဋ္ဌမမင်းသားကို သေချာစောင့်ကြည့်ဖို့ ကျင်းဝမ်ကို ပြောပြရန် အကြောင်းပြချက်ကို စဉ်းစားနေသည်။  

သူ့မျက်မှောင်ကြုတ်ပြီး လေးလေးနက်နက်တွေးနေတာကိုမြင်တော့ ကျင်းဝမ် က သူ့လက်ကိုဆွဲတင်လိုက်ပြီး သူ့ရဲ့အေးစက်တဲ့လက်ချောင်းတွေနဲ့ လီယွီ ရဲ့မျက်ခုံးမွှေးကြားမှာရှိတဲ့ အရေးအကြောင်းတွေကို ချောမွေ့အောင် အသာလေး ဖိပေးလိုက်တယ်။

"အရှင်မင်းသား... မင်းဆဋ္ဌမမင်းသားကို သတိထားစောင့်ကြည့်စေချင်......"

ကျင်းဝမ်က အလွန်နူးညံ့သိမ်မွေ့စွာ ကြည့်နေသောကြောင့် လီယွီရဲ့အသံက  ချက်ချင်း တိုးသွားခဲ့သည်။ ကျင်းဝမ်က   သူ့ကို ငုံ့ကြည့်ပြီး ခေါင်းညိတ်တယ်။

လီယွီ: "..."

"အရှင်မင်းသားက  ဘာလို့ မမေးတာလဲ" လီယွီက မေးသည်။

ကျင်းဝမ် သည် ငါးကန်ဘေးက နံရံပေါ်ရှိ စည်းကမ်းသုံးချက်ကို ရေးထားသည့် စာရွက်ကို  ညွှန်ပြလိုက်သည်။ ကျင်းဝမ်က ရှောင်ယွီ နဲ့ သူ့ကြားက သဘောတူညီချက်ကို မေ့သွားမှာကို ကြောက်တဲ့အတွက် ကြိုးနဲ့ သေချာချိတ်ဆွဲထားပြီး သူ့ကိုယ်သူ ခဏခဏ သတိပေးခဲ့တယ်။

လီယွီက သူ ဘာကိုဆိုလိုသည်ကို နားလည်လိုက်သည်။ ဆိုလိုသည်မှာ သဘောတူညီချက်အရ ကျင်းဝမ် သည် သူ့ကို ယုံကြည်ရမည်။ သူက ဘာမှ မပြောပြရင် ကျင်းဝမ်က မမေးရဘူး။
 

ကျင်းဝမ် ကို သူ  ဘယ်သွားသလဲဆိုတာ မမေးဖို့သာ ပြောခဲ့ပေမယ့် မမျှော်လင့်ဘဲ ကျင်းဝမ် သည် သူ့အလိုလို  လီယွီ မပြောချင်သည့်အရာကို မမေးတော့ပေ။
 

... ဒါ မဆိုးဘူး မဟုတ်လား ?

အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်၊ ဒီထက်ကောင်းတာ ဘာမှမရှိပါဘူး။

လီယွီ သည်   နှလုံးသားထဲတွင် ဝမ်းသာသွားတာကို ချုပ်တည်းထားပြီး အကြောင်းပြချက်ကို ရှာနေဆဲဖြစ်ပြီး သူ့ကို ဖြားယောင်းသွေးဆောင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်-

 "အရှင်မင်းသား... ဆဋ္ဌမမင်းသားက အရှင်မင်းသားကို ဒုက္ခပေးနေပြီ၊ အရှင်မင်းသား သူ့ကို မယုံရဘူး"

လီယွီသည် ဆဌမမင်းသား မည်ကဲ့သို့ ရောက်ရှိလာသည်ကို မသိသော်လည်း အမြဲသတိထားသင့်သည်။
 
ကျင်းဝမ်က ခေါင်းညိတ်ပြကာ ပြုံးပြီး သူ့ပါးကို တို့ထိကာ စိတ်သက်သာရာရရန် အရိပ်ပြခဲ့သည်။

ကျင်းဝမ်က ဝမ့်ကုန်ုးကုန်း နှင့်အတူ ထွက်ခွာသွားခဲ့သည်။ လီယွီသည် ဆဋ္ဌမမင်းသားရှေ့တွင် သူ့မျက်နှာကို အမှန်တကယ် မပြချင်ပေ။ ဒုတိယအချက်က သူ့ဆီမှာ လူသား အသွင်နဲ့နေဖို့  အချိန်မလောက်ငှမှာကို ကြောက်တဲ့အတွက် အိမ်ခန်းထဲမှာပဲနေဖို့ ဆုံးဖြတ်ပြီး ကျင်းဝမ် ကို စောင့်ခဲ့ပါတယ်။

ကျင်းဝမ် ရေးခဲ့တဲ့ မှတ်စုဟာ အဲဒီ့မှာ ရှိနေတုန်းပဲ၊ "ပြစ်မှုဆိုင်ရာ အထောက်အထား" ကိုတော့ မယူသွားဘဲ၊ ထားရစ်ခဲ့တယ်။ လီယွီ က ကျင်းဝမ် လက်ရေးနဲ့ရေးထားတဲ့ စာရွက်ကို ကြည့်နေတယ်။ သူတို့ နှစ်ယောက်လုံးက  ယောက်ျားများဖြစ်ကြပြီး ကျုင်းဝမ်၏ခံစားချက်ကို သူနားလည်နိုင်သည်။ ကျင်းဝမ် က သူ့အကြောင်း တွေးနေပေမယ့် စာချုပ်ပါ စည်းကမ်း သုံးချက်ကြောင့် သူတကယ်ပဲ သူ့ကို သူလုပ်ချင်တာ မလုပ်ခဲ့ဘူး။ တကယ်တော့ စာရွက်ပေါ်မှာ   စကားလုံးအနည်းငယ်မျှ သာ ရှိသေးသည်။

ကျင်းဝမ်မင်းသားက  အရမ်းကြင်နာတယ်။ သနားကြင်နာတတ်တဲ့ မင်းသားကို လွှတ်မလွတ်နိုင်ဘူး။ လီယွီက စဉ်းစားရင်း ကျေနပ်စွာ နူတ်ခမ်းလေး ကော့တက်အောင်ပြုံးလိုက်သည်။
 

 မုထျန်းရှောင်က  အချိန်အတော်ကြာအောင် စောင့်ခဲ့ကြပြီး နောက်ဆုံးတွင် ကျင်းဝမ်က တွေ့ဆုံရန် ထွက်လာဖို့ သဘောတူခဲ့သည်။ မုထျန်းရှောင်က  ယဉ်ကျေးသိမ်မွေ့စွာ နူတ်ဆက်ရင်း  ရှေ့သို့ တိုးလာကာ လက်ဆောင်ကို ကမ်းပေးလိုက်သည်။ ကျင်းဝမ်က  သူယူလာသမျှ ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ခေါင်းညိတ်လိုက်သည်။ ခဏလောက်ထိုင်ခိုင်းဖို့တောင် မရည်ရွယ်ခဲ့ပါဘူး။

မုထျန်းရှောင် က သူ့နှာခေါင်းကို ထိလိုက်ပြီး "အရင်က စိတ်ဆိုးအောင် လုပ်ခဲ့မိတာကို ညီတော့်ကို ခွင့်လွှတ်ပေးပါ" လို့ နွေးထွေးစွာ ပြောလိုက်တယ်။

မုထျန်းရှောင်က မုထျန်းမင်ကို မပြောပြပဲ သူ့ဘာသာသူ လာခဲ့သည်။ ဆဋ္ဌမမင်းသားက ကျင်းဝမ်ကို တောင်းပန်ခဲ့ပေမယ့် တတိယမင်းသားအကြောင်းကို မပြောပေးခဲ့ဘူး။ ဘယ်သူက အဆင့် ပိုမြင့်တယ်၊ နိမ့်တယ်ဆိုတာ ရှင်းပါတယ်။

မုထျန်းရှောင် သည် မုထျန်းမင်ကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားရန် စဉ်းစားနေပြီဖြစ်သည်။ နန်းတက်ရန် အကြီးမားဆုံး အတားအဆီးမှာ မာနကြီးသော ဒုတိယမင်းသား နဲ့ တတိယမင်းသား မဟုတ်ပေ။

"ပဉ္စမနောင်တော်.... ညီတော်က တတိယနောင်တော်ရဲ့ လှည့်စားခြင်းကို ခံခဲ့ရပြီး   ပဉ္စမနောင်တော်ကို   နားလည်မှုလွဲလုနီး ပါး ဖြစ်ခဲ့ပါတယ်။"

မုထျန်းရှောင်က လှည့်ပြီးပြောလိုက်သည်။

 "ပဉ္စမနောင်တော်က ဒီရွှေငါးကို အရမ်းကြိုက်တယ်လို့ ညီတော် ကြားဖူးတယ်။ နေရာတကာ ယူသွားတယ်ဆိုပေမယ့် ညီတော်က ငါးလေးကို တစ်ခါမှ မတွေ့ဖူးဘူး "

မုထျန်းရှောင်က ကျင်းဝမ် ၏ငါးသည် အနည်းငယ်ထူးဆန်းသည်ဟု ခံစားခဲ့ရပြီး ငါးကို လက်တွေ့ စမ်းသပ်ရန်အခွင့်အရေးကို ရယူလိုခဲ့သည်။

ကျင်းဝမ် သည် သူ့မျက်နှာကို ရှုံ့တွကာ ဝမ်ရှီကို စိုက်ကြည့်နေသည်။ ဝမ့်ကုန်းကုန်းက ကျင်းဝမ်ကိုယ်စား မုထျန်းရှောင်ကို စကားပြောလိုက်သည်။

 "ပဉ္စမမင်းသားအရှင့်သားက သခင်လေးယွီကို အရမ်းတန်ဖိုးထားတယ်။  မသက်ဆိုင်တဲ့သူတွေနဲ့ တွေ့တာကို မကြိုက်ဘူး။"

မုထျန်းရှောင်က  ငါးတစ်ကောင်ကြောင့် သူ့ကို ငြင်းလိုက်သည်ကို မြင်တော့ သိသိသာသာတုန်လှုပ်သွားသည်- "..."

မုထျန်းရှောင် က ထပ်မေးချင်ပေမယ့် ကျင်းဝမ် က သူ့စကားကို ရှည်ရှည်ဝေးဝေး နားမထောင်နိုင်တော့ဘူး။ တောင်းပန်စကားကို နားထောင်ပြီးနောက် လက်ဆောင်ကို ထားခဲ့ပြီး လူက ပြန်နိုင်ပြီမဟုတ်လား။

မုထျန်းရှောင်ခမျာ လက်ဖက်ရည်ပူပူ တစ်လုတ်တောင် မသောက်လိုက်ရဘူး။ ကျင်းဝမ်က ဝမ့်ကုန်းကုန်း ကို မျက်တောင်ခတ်ပြပြီး ဧည့်သည်ကို လိုက်ပို့ရန် တခါတည်း အချက်ပြခဲ့ပါတယ်။

မုထျန်းရှောင် : "..."

မုထျန်းရှောင်လည်း အရိုသေပေးလိုက်ပြီး နျဉ်ဟွေ့ခန်းမထဲက  ထွက်ခွာခဲ့သည်။  ကျင်းဝမ်စံအိမ်တော်မှ ခြေဆောင့်နင်းကာ ထွက်လာစဉ် ပိန်ပါးလွန်းသည့် လူတစ်ယောက်က သူ့ဆီပြေးဝင်လာခဲ့သည်။
 

"အရှင်မင်းသား....အရှင့်သား..."

ဒီလူက ငိုနေပြီး မုထျန်းရှောင် ရဲ့ ရင်ခွင်ထဲကို ထိုးကျသွားတော့မယ်။

မုထျန်းရှောင် သည် ထိုလူအား သတိရှိစွာ တွန်းထုတ်လိုက်ပြီး ကျင်းဝမ်က သူ့ကို အကွက်ဆင်နေတာလားဟု တွေးနေစဉ်  ထိုလူက မျက်ရည်စွန်းနေသော မျက်နှာကို မော့လိုက်စဉ် မုထျန်းရှောင်  အံ့သြသွားသည်။

"အရှင်မင်းသား..ကျွန်တော့်ကို မမှတ်မိဘူးလား " ထိုလူငယ်က ငိုရင်းပြောလိုက်တယ်။

"မင်းက... ရီအယ် လား?"

မုထျန်းရှောင်က အသားအရေညစ်တစ်တစ် နှင့်  သစ်ကြားသီးကဲ့သို့သော မျက်လုံးများ ရောင်ရမ်းနေသောသူက တကယ်ပဲ ချူးရန့်ရီဖြစ်တယ်ဆိုတာ မမှတ်မိပေ။     သူ့ပုံစံက မူလရုပ်သွင်နှင့် နည်းနည်းလေးပင် မဆင်ခဲ့ရင်   သူ့ကို ဘယ်တော့မှ မှတ်မိမည်မဟုတ်ပေ။

"ရီအယ်.....မင်းဘာလို့ ဒီလိုဖြစ်နေတာလဲ"


မုထျန်းရှောင်သည် ယခင်က ချူးရန့်ရီ ကို ဆက်သွယ်ရန် မလွယ်ကူခဲ့သလို ကျင်းဝမ် ၏စံအိမ်သို့ စာများပေးပို့ရန် ပို၍ ခက်ခဲလာခဲ့သည်။ ကျင်းဝမ်က သူ့ကို  သိပ်မျက်နှာသာမပေးကြောင်း စာထဲတွင်သာ ဖော်ပြခဲ့သည်။ ဒ
ဒါပေမယ့် ဒီလောက်အဖြစ်ဆိုးမယ်လို့ မုထျန်းရှောင်က မထင်ခဲ့ပေ။
 

ချူးရန့်ရီက သူ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်ရည်များဝဲလာသည်။ ဆဋ္ဌမမင်းသားကို ဘယ်လိုပြောရမလဲ။ ကျင်းဝမ် က သူ့ကို မျက်လုံးနဲ့ တည့်တည့်မကြည့်ဖူးသလို ကျင်းဝမ်ကို ဆေးခတ်ကာ အိပ်ယာပေါ် တက်ဖို့  အစီစဉ် မအောင်မြင်ခဲ့ဘူး။ ရလဒ်အနေနဲ့ ဆေးက သူ့အပေါ်ကို  လဲပြိုကျသွားခဲ့သည်။
 

သူ့ကို ဘယ်သူမှ မစော်ကားဘူး။ သူသည် ကြိုးနှင့်ချည်ထားကာ မလှုပ်ရှားနိုင်တော့ပေမယ့် သူ့ အသိစိတ်ပျောက်ဆုံး သွားသောအခါ အရူးအမူးအော်ဟစ်ကာ သူ့ရုပ်သွင်က ဆိုးဝါးကာ   သူ့ခန္ဓာကိုယ်ကို လွတ်လာစေဖို့ အစောင့်တွေကို လှည့်စားရန် နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့သည်။

စိတ်ကြွဆေးအစွမ်း မကုန်ဆုံးမီ သုံးရက်တိတိ ထိုဆေးက သူ၏ ခန္ဓာကိုယ်ကိုလည်း နှိပ်စက်ခဲ့သည်။

သူ့ကို ပိုလို့တောင် သည်းမခံနိုင်တော့တဲ့ အရာက  ကျန်နေသေးတယ်။ သူက စိတ်ပျက်လက်ပျက်ဖြင့် ငိုယိုနေသည့်အခါ ချင်းရှီဥယျာဉ် တစ်ခုလုံးသည် သူ့ငိုသံကိုကြားခဲ့ရသည်။ အခု အိမ်တော်တစ်ခုလုံးက အစေခံတွေ သူ့ကိုကြည့်သောမျက်လုံးများက  မထီမဲ့မြင်ပြုမှုများနှင့် ပြည့်နှက်နေသည်။

ချူးရန့်ရီ သည် သည်းမခံနိုင်အောင်ခံစားနေရစဉ် သူ့ အသိစိတ်ပြန်လည်ကောင်းမွန်လာအောင် စောင့်နေဲ့သည်။ အခု သူ့သခင်    ဆဋ္ဌမမင်းသားလေးကိုတွေ့တော့ အားကိုးတကြီး ပြေးဖက်ကာ   ဒူးထောက်လိုက်သည်။

"အရှင်မင်းသား...ကျွန်တော် ဒီစံအိမ်မှာ ထပ်မနေနိုင်တော့ဘူး.... ကျွန်တော့်ကို တစ်ခါတည်း ခေါ်သွားပေးပါ။  "

ချူးရန့်ရီသည် ချင်းရီဥယျာဉ်ထဲက အဆောင် တွင် ထပ်မံမနေချင်တော့သလို ကျင်းဝမ်၏စံအိမ်က တစ်ခါတည်း ထွက်သွားချင်နေသည်။ ကျင်းဝမ်ကိုလည်း နောက်တစ်ကြိမ်ထပ်မတွေ့ချင်တော့ပါ။

ဆဋ္ဌမမင်းသားလေး ဒီကိုရောက်နေပြီဆိုတော့ ဆဋ္ဌမမင်းသားကို သူက ချစ်နေသဖြင့်  သူက ဆဌမမင်းသားနဲ့ အတူနေချင်သေးသည်။ ဒါကြောင့် သူက ငိုပြီး တောင်းပန်လိုက်တယ်။


ပထမ မုထျန်းရှောင်က ချူးရန့်ရီကို နှစ်သိမ့်ရန် တိုးတိုးလေးပြောနေရသည်။  ယခုသူက ကျင်းဝမ်၏ စံအိမ်တွင်ရှိနေပြီး ချူးရန့်ရီက ကျင်းဝမ် လုပ်ထားသည့် ထောင်ချောက်ဖြစ်နေမည်ကိုလည်း စိုးရိမ်နေသည်။
 

သူက ပတ်ပတ်လည်ကို လျင်မြန်စွာ ကြည့်လိုက်ပြီး သူတို့ကို စောင့်ကြည့်နေသူူတွေ ရှိနေတာကို ခံစားလိုက်ရတယ်။ ချူးရန့်ရီ ၏ အသွင်အပြင်သည် သူ့ကို ထိတ်လန့်စေခဲ့သည်။ မုထျန်းရှောင်က ချူးရန့်ရီကို သုံးပြီး ကျင်းဝမ်က သူ့ကို အမိဖမ်းသည့်  ဇာတ်ကွက်ကို တမင်ဖန်တီးမည်ကို စိုးရိမ်နေပါသည်။ သူသည် ကျင်းဝမ်၏ တန်ဖိုးထားမှုကို ခံရရန် မျှော်လင့်ခဲ့သည်။ ဒါပေမယ့် ကျင်းဝမ်က ချူးရန့်ရီကို ဂရုမစိုက်ပေမယ့် သူက ကျင်းဝမ်ရဲ့ကိုယ်လုပ်တော်ကို တရင်းတနှီးဆက်သွယ်ပြီး သူ့ကို မထီမဲ့မြင် မပြုရဲဘူး။ ချူးရန့်ရီ နှင့် သူ့ကြားက  ဆက်ဆံရေးကို ရှင်းလင်းအောင်လုပ်မှ ဖြစ်မည်။

"သခင်လေးချူး....မင်းနဲ့ ငါအရင်က အကြိမ်အနည်းငယ်ပဲ တွေ့ဖူးတာ။ အခု မင်းက နောင်တော့်ရဲ့ စံအိမ်ထဲကို   ဝင်လိုက်တာနဲ့ မင်းဟာ ပဉ္စမမြောက်နောင်တော်ရဲ့လူ ဖြစ်သွားပြီလေ။ မင်း ငါ့ကို ဘာလို့ ဒီလိုစကားတွေပြောရတာလဲ!"

မုထျန်းရှောင် သည် စိတ်ဆိုးဟန်ဆောင်ကာ ကျယ်လောင်စွာ အော်ငေါက်ကာ ချူးရန့်ရီ ကို တွန်းထုတ်လိုက်သည်။

"သခင်လေးချူး....အပြောအဆိုကို သတိထားပါ။ ဒီလိုဆက်လုပ်ရင် ကျူပ်ကို အဆိုးမဆိုနဲ့   !"

ဆဋ္ဌမမင်းသားလေး၏ ပြင်းထန်သော ခွန်အားများဖြင့် ချူးရန့်ရီကို ပါးရိုက်ကာ ထွက်ခွာသွားခဲ့သည်။

ဆဌမမင်းသားသည် ကျင်းဝမ် ၏စံအိမ်သို့ ရောက်ရှိလာပြီး တနေ့မှာ သူ မြတ်နိုးသည့်   ဆဋ္ဌမမင်းသားနှင့် တွေ့ဆုံကာ သူ့ကို ကယ်ထုတ်ပေးမည်ဟု မျှော်လင့်ခဲ့သည်။ မထင်မှတ်ပဲ၊ အတိတ်က သူ့ကို အချစ်ဆုံး မင်းသား မုထျန်းရှောင်က တကယ်ပဲ သူ့ကို ရိုက်လိမ့်မည်ဟု မထင်ထားပေ။  ဒီပါးရိုက်သံကြောင့် ချူးရန့်ရီဟာ လုံးဝအံ့အားသင့်သွားပြီး   ရင်ကွဲသံကိုပင် ကြားလိုက်ရသလို ခံစားလိုက်ရသည်။
 

ကျင်းဝမ် သည် ဤအရာအားလုံးကို ဂရုမစိုက်ဘဲ အဝေးကနေပုန်းကာ ကြည့်နေသည်။
 

"အရှင်မင်းသား...ကျွန်...ကျွန်တောမျိုး ..."

ဝမ့်ကုန်းကုန်း က ထုတ်မပြောဝံ့ပေ။ ကျင်းဝမ်က ချူးရန့်ရီ ၏အသက် သေဆုံးခြင်းကို မည်သည့်အခါမျှ ဂရုမစိုက်ပေ။ ချူးရန့်ရီကို ဆဋ္ဌမမင်းသားနှင့် တွေ့ဆုံစေရန်  ဒီတစ်ကြိမ် လျှို့ဝှက်ပို့ဆောင်ထားတာက  ဘာလုပ်ဖို့လဲ။

သို့သော် ဆဋ္ဌမမင်းသားက ချူးရန့်ရီကို  စိမ်းကားစွာ ဆက်ဆံပေမယ့် ချူးရန့်ရီ၏ တုံ့ပြန်မှုကိုလည်း သူမြင်နိုင်သည်... ဒီလူနှစ်ယောက်သည် အသိအကျွမ်းဟောင်းများဖြစ်နေတယ်ဆိုတာ ကျင်းဝမ်သိမည်ကို  သူတို့ ကြောက်နေကြသည် ။

ကျင်းဝမ် က သူ့ကို တစ်ချက်ကြည့်လိုက်တော့ ဝမ့်ကုန်းကုန်း က သခင်က သူ့နောက်ဆက်တွဲလုပ်စေချင်တာကို သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ အလုပ်ရှုပ်သွားသည် ။

ထို့အတွက်ကြောင့် ကျင်းဝမ် သည် ရှောင်ယွီ ကိုတွေ့ရန် ပြန်သွားရန် နှောင့်နှေးခဲ့ပြီး ခြေလှမ်းအနည်းငယ် နောက်ကျ သွားခဲ့သည်။

အခန်းက မှောင်နေတယ်။ ထွန်းညှိထားသော ဖယောင်းတိုင်အများစုမှာ မီးငြိမ်းသွားခဲ့သည်။ ကုတင်ဘေး စားပွဲပေါ်တွင် မီးမှိန်မှိန်လေးသာ ကျန်ခဲ့သည်။ ကုတင်ရှေ့ ဒါမှမဟုတ် အခန်းထဲမှာ တစ်ယောက်မှမရှိ။

ရှောင်ယွီ က ငါးကလေးအဖြစ် ပြန်ပြောင်းသွားရမှာကို ကျင်းဝမ် ကြောက်သွားတယ်။ ကျင်းဝမ်သည် အလွန်စိတ်မကောင်းဖြစ်နေခဲ့သည်။ ချူးရန့်ရီနှင့်  ဆဌမမင်းသားတို့ကြား ဆက်ဆံရေးကို သူ မဆုံးဖြတ်နိုင်သေးပေ။

ဆဋ္ဌမမင်းသားနှင့် ချူးရန့်ရီကို အတူမြင်လိုက်ရသည့်အခါ ကျင်းဝမ်က    သူ့နှလုံးသားထဲတွင် ထူးဆန်းသောခံစားချက်ကို ခံစားလိုက်ရသည်။ သူဘာကြောင့်ဒီလိုခံစားရလဲမသိ၊ ချူးရန့်ရီ ဟာ အရိုက်ခံရတာကို ကြည့်ပြီး သူ တကယ်ကို ကြည်နူးလိုက်မိသည်။
 
ရှောင်ယွီ ကို ပြန်မတွေ့ရတော့တဲ့အတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိပါတယ်၊ နောက်နေ့အထိ မတွေ့ရတော့မှာကို ကျင်းဝမ် ကြောက်နေတယ်။

ကျင်းဝမ်က  စဉ်းစားပြီး ကုတင်ပေါ်က ပိတ်ထားတဲ့ လိုက်ကာကို ရုတ်တရက်ဖွင့်လိုက်တော့ ရှောင်ယွီ က သူ့ခေါင်းကို ထုတ်လိုက်ပြီး အိပ်ငိုက်နေတဲ့ မျက်လုံးတွေကို ပွတ်သပ်လိုက်တယ်။

ကျင်းဝမ် - ".......'

"အရှင်မင်းသား...ဘာလို့  ခုမှ ပြန်လာတာလဲ၊ ကျွန်တာ် အိပ်ပျော်သွားတော့မယ်။" လီယွီက ပြုံးလိုက်သည်။

ကျင်းဝမ် အံ့သြသွားပြီး လီယွီ ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတယ်။

လူငယ်လေးသည် ထကာ အိပ်ယာခေါင်းရင်းတွင် ဆီမီးထွန်းလိုက်စဉ် သူ့နှလုံးသားထဲတွင် တစ်ခုတည်းသော နွေးထွေးသောအလင်းရောင်ကို ထွန်းညှိပေးသည်။

"အရှင်မင်းသား......."

လီယွီ(Li Yu) က လိမ္မာပါးနပ်စွာဖြင့် ရှက်ရွံ့စွာပြောခဲ့သည်။
  "အနှစ်ကို စုပ်ယူစေချင်တယ်ဆိုတဲ့ စကားက ဘာဆိုလိုသလဲ ဆိုတာ အရှင်မင်းသား ကျွန်တော့်ကို မပြောပြရသေးဘူးလေ"

ကျင်းဝမ်-"......"
*****-****

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now