Chapter (69) - ဆွေပြမျိုးပြ....

6.2K 1.1K 7
                                    

   Chapter (69) – ဆွေပြမျိုးပြ....




လီယွီ သည် သူနှင့် ကျင်းဝမ် အကြား ဆက်ဆံရေးကို မြှင့်တင်ရန် ဆုံးဖြတ်ပြီးနောက် ပိုလို့  အရှက်မရှိသော အလုပ် လုပ်ဖြစ်လိမ့်မယ်ဆိုတာ ထင်ခဲ့ပေမယ့် တကယ်တော့ သူတို့နှစ်ယောက်ကြား အေးအတူပူအမျှ "ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို မျှဝေခြင်း" ဖြစ်လာခဲ့သည်။ ဒါက သူတို့နောက်ထပ်ကြုံတွေ့ရမယ့် ဒုက္ခတွေ လာဦးမယ်ဆိုတာကို ညွှန်ပြနေတာများလား။
တကယ် အခက်ခဲရှိလာရင်လည်း ဘာမှမဖြစ်ပါဘူး။ သူနဲ့ကျင်းဝမ်တို့က ချစ်သူဖြစ်လာပြီးနောက်ပိုင်း တစ်ယောက်ကို တစ်ယောက် ဖေးမပြီး ရှေ့ဆက်သွားဦးမှာပဲလေ။ နှစ်ယောက်သားလက်တွေ ခိုင်ခိုင်တွဲပြီးအခက်ခဲတွေကို ဖြတ်သန်းနိုင်မယ်လို့ လီယွီ ယုံကြည်သည်။


"ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကို မျှဝေခံစားခြင်း" ဆိုတာ ကျင်းဝမ်ရဲ့ လျှို့ဝှက်ချက်ကို ဝေမျှခြင်း ဖြစ်သည်။ နောက်ပိုင်း လီယွီက ကျင်းဝမ်ရဲ့ လျှို့ဝှက်ချက်အားလုံးကို ထိန်းသိမ်းထားရမယ်လို့ ဆိုလိုတာပဲ။

 လီယွီက ပြုံးပြီး system မှ ထွက်လာခဲ့သည် ။ သူက ကုတင်ကို မော့ကြည့်ရင်း စိတ်မသက်မသာဖြစ်မိသည်။ ကျင်းဝမ်က  ငါးကန်ကို ဂရုမစိုက်ဘဲ အနားယူနေသင့်တယ်။ ဒါမှ သူလည်း သူ့ရေကန်ထဲက ရေညှိရောင် စောင်လေးတင်ထားသည့်  ငွေရောင်ကုတင်ပေါ် ကူးခတ်လာနိုင်လိမ့်မည်။
 
လီယွီက စောင်ကို ခေါင်းမြီးခြုံပြီး အမှောင်ထဲမှာ အစောပိုင်း ကျင်းဝမ်နဲ့ သူလုပ်ခဲ့သည့် ရှက်စရာလုပ်ရပ်ကို ပြန်တွေးကာ ငါးသည် ယခုအချိန်တွင် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ နှလုံးသားက တဒုန်းဒုန်းခုန်နေပြီး ငါးအမြီးကို စိတ်လှုပ်ရှားစွာ လှုပ်ယမ်းနေသည်။
 

မေ့လိုက်ပါ၊ ငါ အကုန်လုပ်ခဲ့ပြီးပြီ၊ အနာဂတ်မှာ ပိုလို့တောင် ဆိုးလာဦးမယ်...ရှက်စရာတွေကို ဘေးဖယ်ထားမှ.....
 
လီယွီသည် သူ့ကိုယ်သူ နှစ်သိမ့်နိုင်သော်လည်း  မအိပ်မီ အကြိမ်ပေါင်းများစွာ သူ့ပါးကို ပြန်ပုတ်ကာ တဖွဖွရွတ်လိုက်သည်။
 
ကုတင်ပေါ်ရှိလူသည် ငါး၏လှုပ်ရှားမှု လုံးဝပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းနေခဲ့ပြီး မျက်လုံးများကိုဖွင့်ကာ ငါးကို နူးညံ့စွာကြည့်နေသည်။

ယဲ့ချင်းဟွမ် နဲ့ ကျင်းကြွယ် မင်းသမီး  တို့ရဲ့ မင်္ဂလာပွဲရက်နီးလာပါပြီ။ မင်းသမီးလေးသည် လီယွီကို မင်္ဂလာဆောင်သို့ ဖိတ်ခေါ်ခဲ့ဖူးသည်။ လီယွီလည်း တက်ရောက်မည်ဟု ကတိပေးခဲ့သည်။  ယဲ့ချင်းဟွမ်နှင့် မင်းသမီးလေးအတွက် မင်္ဂလာလက်ဖွဲ့ပြင်မှပဲဟုတွေးမိသည်။  

လီယွီက နေ့ခင်းမှာ ငါးပုံစံနဲ့ ကျင်းဝမ်ကိုအဖော်ပြုပြီး အလုပ်ကို သွားခဲ့တယ်။ ညအချိန်မှာ လူပုံစံနဲ့ ကျင်းဝမ်နဲ့ ချစ်ကြည်နူး တစ်တီတူးကြတယ်။ တချိန်လုံးကျင်းဝမ်ကို အဖော်ပြုပေးပြီးနောက် သူက ကျင်းဝမ်ကို မင်္ဂလာလက်ဖွဲ့ဝယ်ဖို့ အဖော်ပြုပေးဖို့ ပြောခဲ့တယ်။

  လီယွီသည် တစ်ရက်ကို  ရွေးချယ်ပြီး ကျင်းဝမ်က သူ လက်ဆောင်များဝယ်ရန် လိုက်ပို့ပေးရမည်ဖြစ်သည်။
 လီယွီက ဘာကြောင့် မင်္ဂလာလက်ဖွဲ့သွားဝယ်မည်ကို နားမလည်ပေ။ ယဲ့ချင်းဟွမ် ရဲ့ကြိုက်နှစ်သက်မှုနဲ့ပတ်သတ်ပြီး ကျင်းဝမ်က ဘယ်တော့မှ မစိုးရိမ်ဖူးပေ။  ဒီလိုမျိုးအလုပ်ကို ဝမ်ကုန်းကုန်းကပဲလုပ်တာမဟုတ်လား။ သူ့ စံအိမ်တော်က ဂိုဒေါင်ထဲ ကြိုက်တာကို သွားယူလိုက်ရင် ရပါလျက် လီယွီက ဘာကြောင့် လက်ဆောင်ထွက်ဝယ်ချင်နေတာလဲ။


"အရှင်မင်းသား...ဒါက ကျွန်တော့်ရဲ့စိတ်ရင်းစေတနာကို ဖော်ပြရမှာဖြစ်လို့ ကိုယ်တိုင် သေချာရွေးချယ်ပြင်ဆင်သင့်တာပေါ့....  " လီယွီက ရှင်းပြသည်။

ရှောင်ယွီ သည် အခြားသူများအတွက် အလုပ်များနေတာကို ကြည့်ပြီး ကျင်းဝမ်က  စိတ်မချမ်းသာသော်လည်း ရှောင်ယွီ နှင့်အတူ သွားလာရလို့    ပျော်ရွှင်နေဆဲဖြစ်ပြီး လီယွီ ၏ဘေးတွင် တောက်လျှောက်လိုက်နေခဲ့သည်။

လီယွီ သည်   တောက်ပြောင်သော အရာများကို နှစ်သက်ပြီး လက်ဆောင်ပေးခြင်းအတွက် သူ၏ ပုံမှန်ပုံစံအတိုင်း လိုက်လံရှာဖွေနေသည်။ ယဲ့ချင်းဟွမ်နှင့် မင်းသမီးလေး၏ အဆင့်တန်းကို တွေးတောကြည့်လျှင် အဲ့ဒါက လက်တွေ့ကျသလားဆိုတာ  စဉ်းစားရန် မလိုအပ်ပါ။ လီယွီသည် သူ့အား ထောက်ပံ့ပေးမည့်  ရည်းစားရှိခြင်းအပေါ် အားကိုးကာ စိတ်တိုင်းကျ လျှောက်ရှာနေခဲ့သည်။ သူက အရမ်းတန်ဖိုးကြီးတဲ့ ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုထဲဝင်ကာ လက်ထပ်မယ့် ဇနီးမောင်နှံကို ပေးဖို့အတွက်   ရှေးဟောင်းပစ္စည်းဝယ်ချင်နေသည်။

လီယွီသည် ရှေးဟောင်းပစ္စည်းများကို အစစ်နဲ့အတု လုံးဝ ခွဲခြား မကြည့်တတ်ပေ။ သူက ခရမ်းရွှေရောင်တောက်နေသည့် အမွှေးနံ့သာအိုးလေးကို မျက်စိကျကာ ကောက်ယူခဲ့သည်။ လီယွီ နှင့် ကျင်းဝမ်က အစောင့်များ မခေါ်ပဲ နှစ်ယောက်သား သာမာန်လူအနေဖြင့် ဈေးကိုပတ်ကြည့်နေသဖြင့် ဆိုင်ရှင်က သူတို့ကို အချဉ်ဟု သတ်မှတ်ကာ ထိုအမွှေးနံ့သာအိုးကို မိုးလောက် အမွှွမ်းတင်ကာ ဈေးတင်ရောင်းတော့သည်။ ခရမ်းရွှေရောင်တောက်နေသည့် အမွှေးနံ့သာအိုးလေးက လေးလံပြီး သေချာကနုတ်များ ရေးထွင်းထားလို့ ဒါက တန်ဖိုးရှိသည်ဟု လီယွီက ထင်ကာ ငွေပေးချေရန်လုပ်ခဲ့သည်။

ကျင်းဝမ်က မအောင့်နိုင်တော့ပဲ ထိုအိုးအဖုံးလေးကို လက်နှင့်အသာပုတ်လိုက်ရာ အဖုံးလေးကျိုးသွားပြီး အတွင်းသားက မူလအရောင်ကို ပေါ်လွင်လာစေသည်။ တကယ်တော့ ခရမ်းရွှေရောင်ကို အပေါ်ယံလေးသာ ဖုံးအုပ်ထားတာ ဖြစ်သည်။

 

လီယွီ: "..."

ဟေ့၊ ရှေးဟောင်းအမွှေးနံ့သာအိုးလေးက အတုလား။

ငါးကို အပြစ်တင်လို့ မရပါဘူး၊ ငါးက ဒါတွေနဲ့ပတ်သတ်ပြီး အတွေ့အကြုံ သိပ်မရှိလို့ မပြောတတ်ဘူးလေ....

သို့သော်   ရှေးဟောင်းပစ္စည်းများသည်  နှစ်ကာလ ကြာရှည်ကတည်းက ရှိခဲ့တာ ဖြစ်လို့ အခုလောက်ဆိုရင် ဖုန်မှုန့်တွေ ဖြစ်လောက်ပြီ မဟုတ်လား။  သန့် ရှင်းရေး မှာ ပြဿနာရှိလို့ ဝယ်လို့မဖြစ်လောက်ဘူး....

အတုတွေရောင်းတဲ့ဆိုင်ကို မင်းသားရဲ့နန်းတော်မှ ကိုယ်ရံတော်အစောင့်တပ်များက  ဖမ်းသွားတယ်။

လီယွီသည်  ထိုအဖြစ်ကို သင်ခန်းစာယူကာ ပျော်ရွှင်စွာဖြင့် အခြားဆိုင်ကို ပြောင်းကာ အလှပြင်ပစ္စည်ဒ ထည့်သည့် ရှေးဟောင်း သေတ္တာကို ဝယ်ရန် ပြင်လိုက်သည်။ ဆိုင်ရှင်က သူ့ရင်ဘတ်ကို လက်နှင့်ပုတ်ကာ ဒါက တကယ့် အစစ်ဖြစ်ပြီး အရင်ခေတ်က မင်းသမီးတစ်ပါး သုံးခဲ့သည့် ထီးသုံးနန်းသုံး ပစ္စည် ဖြစ်သည်ဟု အာမခံပြောကြားခဲ့သည်။

  လီယွီသည် ထိုသေတ္တာသည် ရှေးကျပြီး အလွန်ဟောင်းသည်ဟု ခံစားရသည်။ ဒါက တကယ့် အစစ်အမှန်ဖြစ်နိုင်ပြီး မင်းသမီးနဲ့ လိုက်ဖက်သည်ဟု ခံစားကာ လီယွီက ဝယ်တော့မည့်အချိန် ကျင်းဝမ်က ချောင်းဟန့်က  ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ လီယွီသည် သူ့နောက်မှလိုက်ကာ ကြည့်လိုက်တော့ လမ်းဘေးတွင် ဈေးဆိုင်ငယ်တစ်ခုရှိသည်ကို တွေ့လိုက်ရသည်။ ထိုနေရာမှာ ခင်းကျင်းထားသည့် သေတ္တာ က "ရှေ့က  မင်းသမီးတစ်ပါးသုံးခဲ့သည့် ရှေးဟောင်း သေတ္တာ" နဲ့ အတူတူပဲဆိုတာ တွေ့လိုက်ရသည်။

လီယွီ: "..."

လီယွီသည် ရှေးဟောင်းပစ္စည်း မဝယ်တော့ဘူးဟု တွေးကာ အလွန် ဒေါသထွက်ကာ ရွှေငွေ အဆင်တန်ဆာများကိုသာ ဝယ်ခဲ့သည်။

သူက ရွှေနှင့် ကျောက်စိမ်းကွပ်ထားသည့် လက်ဝတ်ရတနာက ပြဿနာဖြစ်မှာမဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် ထိုရတနာရဲ့ နောက်ကျောမှာ လျှို့ဝှက်အက်ကွဲအက်ရာ တစ်ခု ရှိနေတယ်။ ကျင်းဝမ်ရဲ့ စူးစူးရှရှမျက်လုံးများကြောင့် ထိုအပြစ်အနာအဆာကို   တွေ့ရှိခဲ့သည်။ ကျင်းဝမ်က အဲဒါကို ထိရုံနဲ့ မျက်နှာပြင်က တစ်ဝက်ကွဲသွားတယ်။

လီယွီသည် နဂါး နှင့် ဖီးနစ် လက်ကောက်တစ်ရံကို တစ်ဖန် ကောက်ကိုင်လိုက်စဉ် ကျင်းဝမ်က ဆေးပင်တချို့ကို လက်ဖက်ရည်ခွက်ထဲထည့်ကာ ထိုလက်ကောက်ပေါ်လောင်းလိုက်တော့ ကျောက်စိမ်းက အတုဖြစ်ကာ ဆေးများကွာကျလာသည်ကိုတွေ့လိုက်ရသည်။
 
တစ်ဆိုင်ပြီးတစ်ဆိုင် လျှောက်သွားပေမယ့် လီယွီ မျက်စိကျလိုက်တဲ့အရာမှန်သမျှက အတု ဒါမှမဟုတ် ချို့ယွင်းချက်ပါတဲ့ အရာတွေချည်းဖြစ်နေသည်။ ဝမ့်ကုန်းကုန်းက အတုတွေလိမ်ရောင်းသည့် ဆိုင်ရှင်တွေကို   တစ်ယောက်ပြီးတစ်ယောက် ဖမ်းမိသော်လည်း လီယွီမှာ ခုထိ လက်ဖွဲ့အတွက် လိုချင်တာ မရသေးပေ။

ဒီရွှေငါးလေးက ဘယ်လိုတောင် ကံကောင်းနေပြီးအတုတွေချည်း မိနေတာလဲ...

 လီယွီသည် အလွန်စိတ်မကောင်းဖြစ်ခဲ့သော်လည်း အတုအယောင်များစွာကို ရွေးမိသဖြင့် သူ့အမြင်အာရုံက ကန်းလုနီးပါးဖြစ်နေတယ်လို့ မဆိုလိုဘူးလား။

လီယွီသည် ဒေါသတကြီး အော်ဟစ်ကာ ထွက်ခွာသွားတော့မည်အလုပ်ကျင်းဝမ်က  သူ့ကို ဖမ်းကိုင်လိုက်ပြီး သူ့လက်ထဲကို တစ်ခုခု ထည့်ပေးလိုက်တယ်။

လီယွီက ကျင်းဝမ်ကို စိတ်မဆိုးသော်လည်း သူက အတုချည်းရွေးခဲ့မိလို့ အရှက်တကွဲဖြစ်နေခဲ့သည်။
 စိတ်တိုနေသည့် ချစ်သူလေးကို ချော့ဖို့ ကျင်းဝမ်က လီယွီကို ထိုအရာလေး ပေးလိုက်တာဖြစ်သည်။ လီယွီက ငုံ့ကြည့်လိုက်တော့ ရွှေငါးအရုပ်လေးကို တွေ့လိုက်ရပြန်သည်။ ဒါက အရင်နေ့က ငါးရုပ်လေးနဲ့တူပေမယ့် ဒီတစ်ခါ ငါးပုံလေးက အမြီးကို ကွေးပြီး နှုတ်ခမ်းစူပြီး ပူဖောင်းတွေ ထွေးနေသည်ကို ထွင်းထုထားသည်။


လီယွီသည် မျက်မှောင်ကြုတ်ပြီး ကျင်းဝမ်ကို စိုက်ကြည့်နေသည်။ ကျင်းဝမ် လည်း သူ့ကိုကြည့်နေတယ်။ လီယွီ(Li Yu) က တစ်ဖက်လူက သူ စိတ်ပြောအောင် လုပ်နေတယ်ဆိုတာ   နှုတ်ခမ်းစူကာ ရယ်မောလိုက်သည်။ သူ့လက်ဖဝါးထဲမှာ ငါးကိုကိုင်ပြီး ဒေါသမထွက်တော့ဘူး။

သူ့ဆီမှာ ရွှေငါးလေးတွေ ဘယ်လောက်တောင် ရှိနေတာလဲ။

လီယွီသည် မတ်တတ်ထကာ ကျင်းဝမ်ကို သူ့ခါးစည်းကြိုးမှာ ရွှေးငါးလေးကို အလှချိတ်ဆွဲဖို့ အကူအညီတောင်းခဲ့သည်။

ကျင်းဝမ် က  နှုတ်ခမ်းကို တွန့်ကွေးပြီး ငါးကို ခါးစည်းကြိုးလေးမှာ ဆွဲပြီး သူ့လက်ကို ကိုင်ကာ တော်ဝင်နန်းမြိုတော်ကြီးရဲ့ အကြီးဆုံး ငွေရောင် အဆောက်အဦးကို ခေါ်သွားခဲ့သည် ။

ယင်းလျှို ဆိုင်ပိုင်ရှင်သည် အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များနှင့် မကြာခဏ စီးပွားရေးလုပ်လေ့ရှိပြီး ကျင်းဝမ် ကို သိသောကြောင့် နှုတ်ခွန်းဆက်စကားပြောဖို့ အပြေးအလွှားလာခဲ့သည်။

ကျင်းဝမ် ပေးသောငါးသည် ဤနေရာ၌ စိတ်ကြိုက်ပြုလုပ်ထားသည်ကို လီယွီ သိရှိခဲ့သည်။

သူက အရမ်းမိုက်တယ်၊ ဘာလို့ သူ့ဘာသာသူ ဆိုင်ကိုသွားတာလဲ၊ ကျင်းဝမ်ရဲ့ သဘောထားကို စောစောက မမေးခဲ့မိုလို့ အခုထိ  တစ်ချိန်လုံး ဈေးထဲက ပေါက်ကရ လူလိမ်တွေရဲ့  လှည့်စားခံခဲ့ရတယ်။

ကျင်းဝမ်လည်းသူက ယင်းလျှိုဆိုင်ဆီကို ရောက်လာလိမ့်မယ်လို့   မမျှော်လင့်ထားတာကြောင့် လီယွီကို မပြောခဲ့တာ ဖြစ်တယ်။ ဆိုင်မှာ ကျင်းဝမ်ကိုယ်တိုင်ရောက်လာလို့ ဆိုင်ရှင်သူဌေးက သခင်လေးလီအတွက်  အရည်အသွေးမြင့် ကုန်ပစ္စည်းအားလုံးကို ထုတ်ပြဖို့ အစပြုခဲ့တယ်။ လီယွီသည် သူ့လက်ဖြင့် ကိုယ်တိုင် ငွေပုလင်းတစ်စုံ၊ ရွှေရောင်ကျိုင်းလေးနှင့် တစ်သက်တာ ထာဝရကို ကိုယ်စားပြုသည့် ကျောက်စိမ်းဌက်မောင်နှံတစ်စုံကိုရွေးယူခဲ့သည်။
 

ကျင်းဝမ်က ငွေလွှဲစက္ကူအနည်းငယ်ကို ထုတ်ကာ ငွေရှင်းလိုက်ပြီး  သူဌေးက သူတို့ကို ထုပ်ပိုးရန် အလျင်အမြန် အမိန့်ပေးပြီးနောက် သူ့စံအိမ်တော်သို့ ပို့စေခဲ့သည်။

ယင်းလျှိုဆိုင်ဆီကို လာဖို့ အခွင့်အလမ်းတွေ အများကြီး မရှိခဲ့ဘူး၊ လီယွီ က ခဏလောက် စဉ်းစားပြီး ဘဲဥပုံ ငွေပုတီးကို ထည့်လိုက်တယ်။ ထိုပုတီးစေ့သည် လက်မအရွယ်မျှသာ ကြီးမားပြီး အပေါ်မှ ပုံစံသည် လီယု၏ အာရုံကို စွဲဆောင်စေသည့် ကမ္ဘာမြေကြီးနှင့် ခပ်ဆင်ဆင်တူသည်။ လီယွီက ကျင်းဝမ်က သူ့အား ပစ္စည်းများစွာ ဝယ်ပေးခဲ့ကြောင်း ခံစားခဲ့ရပြီး ကျင်းဝမ်ကို သူ ဘာမှ လက်ဆောင်မပေးခဲ့ဖူးဘူးဆိုတာ ခံစားခဲ့ရသည်။

လီယွီက အနီရောင်ကြိုးတစ်ချောင်းကို သူဌေးကိုတောင်းပြီး အနီရောင်ကြိုးတွင်ငွေပုတီးစေ့ကို သီကုံးကာ ကျင်းဝမ်ကို ကမ်းပေးလိုက်သည်။
 

"ဒါကို အရှင်မင်းသားကို ပေးတာပါ။ ကျွန်တော့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်" လီယွီက ပြုံးပြလိုက်သည်။

ကျန်တဲ့အရာအားလုံးကို ကျင်းဝမ်ရဲ့ ငွေလက်မှတ်တွေနဲ့ ဝယ်ထားတယ်၊ ဒါလေးကို သူ့ကို ပေးသင့်ပါတယ်။
 

လီယွီသည် ငွေရှင်းရန်အတွက်  သူ့ရဲ့ဖုဖောင်းနေတဲ့ ရွှေရောင်ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်သည်။ တကယ်တော့ ဝမ့်ကုန်းကုန်းက   စံအိမ်တော်က မထွက်သွားခင်က သူ့လက်ထဲကို ပေးအပ်ခဲ့တာဖြစ်သည်။
 ယင်းလျှိုဆိုင်က ပုတီးလုံးများသည် အလွန်ဈေးကြီးနိုင်တယ် မဟုတ်လားဟု လီယွီက တွေးလိုက်သည်။
 ယင်လျှိုဆိုင်ပိုင်ရှင်က ထိုငွေပုတီးစေ့လေးက အလှဆင်ဖို့လုပ်ထားတာဖြစ်ပြီး ဘယ်လောက်မှ မတန်ဘူးဆိုတာဖွင့်မပြောရဲ သလို ငွေလည်း လက်မခံရဲပေ။
  အလကားလက်ဆောင်ဖြစ်မည်ဟု ပြောလိုက်ချင်ပေမယ့် ကျင်းဝမ်က အေးစက်စက်မျက်လုံးများနှင့် ကြည့်နေသလို ဘေးက ကောင်ချောလေးက ငွေရှင်းဖို့ အရမ်း တက်ကြွစွာ စောင့်နေသည်ကို   သူဌေးက တန်ဖိုးတစ်ခုကို အားနည်း ပျော့ညံ့စွာ ပြော့လိုက်ရာ လီယွီလည်း  ငွေပေးချေရန် အလွန်စိတ်လှုပ်ရှားနေလေသည်။

ပုတီးလုံးတွေက တကယ်ဈေးကြီးတယ်။ လီယွီသည် ငွေရှင်းလိုက်ရတာ ရင်နာပေမယ့် ဒီလက်ဆောင်ပုတီးစေ့ကို ကျင်းဝမ်က ခါးမှာ ချိတ်ထားတာမြင်ရတော့ လီယွီ က   အရမ်း ပျော်ရွှင်နေပြီး ကြည့်လို့မဝနိုင်သလို ခံစားလိုက်ရသည။်
 
အနည်းဆုံး၊ ကိုယ့်ချစ်သူနဲ့ ထိုက်တန်တာကို ဝယ်ပေးလိုက်နိုင်တယ် မဟုတ်လား...


လက်ဆောင်ဝယ်ပြီးနောက် ကျင်းဝမ်က အိမ်သို့ပြန်လာပြီးနောက် လက်ဆောင်စာရင်းကို ပြန်လည်ရေးခိုင်းကာ လီယွီဝယ်ခဲ့သော လက်ဆောင်အချို့ကို မင်္ဂလာလက်ဖွဲ့ထဲကို ထပ်ထည့်ပေးလိုက်သည်။

"အရှင်မင်းသားက ဘာလို့ ကျွန်တော့်လက်ဆောင်တွေကို အတူတူ ထည့်လိုက်တာလဲ "

လီယွီက သူဝယ်ခဲ့သော ပစ္စည်းများသည် ကျင်းဝမ်ရဲ့လက်ဆောင်တွေနဲ့  မယှဉ်နိုင်မှန်း သိသည်။ ဘာကြောင့် လက်ဆောင် အတူတူ ထည့်တာကိုလည်း သိချင်လာသည်။

ကျင်းဝမ် သည် သူ့ဘေးတွင် လီယွီ၏ နာမည်ကို ကိုယ်တိုင်ရေးပြီး လီယွီကို  အကြာကြီး စိုက်ကြည့်လိုက်သည်။
 
လီယွီမှာ ကျင်းဝမ် ဆိုလိုသည်ကို သဘောပေါက်သွားပြီး နားရွက်တွေ၊ မျက်နှာတွေလည်း နီရဲနေသည်။

ကျင်းဝမ်ရဲ့ဘေးက ကြင်ယာတော်ရဲ့ နေရာဖြစ်တယ်။ ကျင်းဝမ်က သူတို့နှစ်ယောက်ရဲ့နာမည်ကို  သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ အညီရေးသွင်းလိုက်တာ ဖြစ်သည်။ ဟုတ်တာပေါ့...သူက ကျင်းဝမ်ရဲ့ မိသားစုဝင် ကြင်ယာတော် ဝမ်ဖေး ဖြစ်နေတာကြောင့်ပါပဲ...
 
မင်း နဲ့ ငါက အခုမှ ချိန်းတွေ့နေတာလား၊ငါ့ကို ကြင်ယာတော် ဝမ်ဖေး ဖြစ်စေချင်ပြီပေါ့လေ.....

လီယွီ တွေးနေသော်လည်း ငြင်းဆန်ရန်   မပြောလိုက်ပေ။

မင်္ဂလာဆောင်သည့်နေ့တွင် လီယွီသည် သူ့အတွက် ကျင်းဝမ် ပြင်ဆင်ပေးထားသော  သန္တာရောင်ပန်းထိုးထားသည့် ငွေကြာပန်းပုံစံ ဘရိုကိတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်ကို ဆံထုံးအဖြစ် ချည်နှောင်ထားပြီး၊ ရွှေငါးရုပ်လေးတွေ ဆင်ယင်ထားသည့် ခါးစည်းကြိုးကို စည်းထားသည်။ သူ့ပုံစံက အထက်တန်းကျသည့် တော်ဝင်အနွယ်တော်လေးနှင့်ပင် တူနေသည်။

ကျုင်းဝမ် သည် အနီရောင် ခေါင်းစည်းကို အနက်ရောင်နှင့် ကြက်သွေးရောင် ပါသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အရမ်းချောပြီး ခန့်ညားလွန်းတယ်။

လီယွီက သူ့ကို   ဝမ်းသာအားရ ကြည့်နေသည် ။ နှစ်ယောက်သား ဝတ်စုံအသစ်တွေကို ဝတ်ထားသည် ။ သတို့သားဖြစ်သူ ရဲ့ ပေါ်လွင်ထင်ရှားမှုကို ကျော်လွန်တော့မလိုပင်။
 

ကျင်းဝမ်က လီယွီ၏ ခါးကို ပွေ့ဖက်ထားပြီး သက်တောင့်သက်သာရှိစေချင်တယ်။ ကျင်းဝမ်က ယဲ့ချင်းဟွမ်ကို စိတ်ထဲမှာ ထည့်တောင်မတွေးပေ။
 
သူတို့နှစ်ယောက်အဆင်သင့်ဖြစ်ပြီးနောက်  ပြီး လီယွီသည် ကျင်းဝမ်နှင့်အတူ ရထားပေါ်တွင်ထိုင်နေကာ ထွက်ခဲ့စဉ်  တစ်ခုခုမှားနေတာတွေ့တယ်။ ဈေးသွားတုန်းကတော့  သူတို့ စီးတဲ့ရထားက အရမ်းကျယ်တယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ လူနှစ်ယောက်စာလောက် ကွက်တိပေးပဲ ကျယ်တယ်၊ စားပွဲ၊ လက်ဖက်ရည်နဲ့ သူ့အကြိုက် သရေစာတချို့တောင် ပြင်ဆင်ထားတယ်။

ကျင်းဝမ် က ပြုံးပြီး လီယွီ၏ လက်ကို ကိုင်ကာ လီယွီ နှင့်အတူ ထိုင်လိုက်သည်။ လီယွီသည် ကျင်းဝမ်ကို ခါးခါးသီးသီး စိုက်ကြည့်ကာ ဒီအယုတ်တမာက တယုတ်တမာ စိတ်ရှိနေတုန်းပါလားဟု တွေးလိုက်မိသည်။

မင်္ဂလာပွဲတက်နေတုန်း ရှောင်ယွီ ငါးအဖြစ် ပြောင်းသွားခဲ့လျှင် ဆိုပြီး လိုလိုမယ်မယ် ကျင်းဝမ်က  သူ့ရဲ့ "အချစ်တော်" ကိုပါ တစ်လက်စတည်း မင်္ဂလာဆောင်ကို ယူဆောင်လာပါသေးတယ်။

သလင်းကျောက်ပုလင်းကို ရထားလုံးထောင့်မှာ ချထားလိုက်ပြီး ငါးရုပ်နှင့် တစ်ထေရာတည်းတူသည့် ငါးခေါင်းအုံးက သူတို့နှစ်ယောက်ကို ကြည့်နေသလို ငြိမ်ငြိမ်လေး လွင့်မျောနေတယ်။

ရထားစတင်ရွေ့လျားလာသောအခါ ကျင်းဝမ်က လီယွီလက်ထဲကို ပုံပြင်စာအုပ်တစ်အုပ်ပေးခဲ့သည်။ ဟုတ်ပါတယ်၊ အဲဒါက မိစ္ဆာနဲ့ မဆိုင်ဘူး။ လီယွီသည် ပုံပြင်စာအုပ်များဖတ်ခြင်းကို နှစ်သက်ကြောင်း ကျင်းဝမ် တွေ့ရှိခဲ့သည်။ ဒီတစ်ခါတော့ ရထားက ကြီးတယ်။ လီယွီသည် ခေါင်းအုံကိုမှီထိုင်ကာ စာဖတ်နေစဉ် စကားမပြောပေ။

ကျင်းဝမ် သည် မက်မွန်ပွင့်ကိတ်မုန့်တစ်ဖဲ့ကို ကောက်ကိုင်လိုက်ပြီး အပိုင်းသေးလေး ဖဲ့ကာ ပုလင်းထဲက ငါးကလေးကို ကျွေးသလို ကျန်တာကို ရှောင်ယွီရဲ့ပါးစပ်ထဲ ခွံ့ပေးလိုက်သည်။
 
မကြာခင် သူတို့က မင်္ဂလာပွဲသဘင် ကျင်းပရာ ချန်အန်း အိမ်တော်ကို ရောက်လာတယ်။

ထိုနေ့တွင်၊ ချန်အန်းအိမ်တော်က အရာရှိများ အိမ်တော်အကြီးကဲများက ဧည့်သည်များကို ကြိုဆိုနူတ်ခွန်းဆက်နေသည့်  အသံများနှင့် အနီရောင်မီးပုံးများဖြင့် အိမ်တော်ဝင်းတစ်ခုလုံး ပြည့်နေသည်။ ယဲ့ချင်းဟွမ်နှင့် ကျင်းကျွယ်မင်းသမီးတို့၏မင်္ဂလာပွဲတွင် ကျင်းကျွယ် တော်ဝင်မိသားစု၊ ချန်အန်းအိမ်တော်မှ ဆွေမျိုးများနှင့်သူငယ်ချင်းများသာမက အရေးကြီးသောတရားရုံး အရာရှိများစွာတို့က သူတို့ကိုဂုဏ်ပြုကြသည်။ မင်းကြီး၏အပါးတော်မြဲ လျှိုကုန်းကုန်းသည် ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ကို ယူဆောင်လာပြီး လက်ဆောင်များစွာ ပေးအပ်ခဲ့သည်။ လက်ဆောင်စာရင်းက အချိန်အတော်ကြာအောင် ဖတ်လို့ မပြီးနိုင်ခဲ့ပါ။ ကျင်းကျွယ်ဘုရင်မင်းမြတ်သည် ဤသမီးတော်အား အလွန်ချစ်မြတ်နိုးပြီး ရာနှင့်ချီသော  သတို့သမီးခန်းဝင်လက်ဆောင် ပေးပို့သည့်လူတန်းကြီးက ရှည်လျားလွန်းလှကာ စေလွှတ်လိုက်သော အဖွဲ့သည် အတော်လေးကို ပင်ပန်းနွမ်းနယ်ခဲ့ရသည်။

လီယွီသည် ကျင်းဝမ်နောက်သို့ လိုက်သွားကာ သတို့သားကို နူတ်ဆက်စကားပြောကြသည်။
 
ကျင်းဝမ်က ခန်းမထဲကို လီယွီ၏လက်ကိုတွဲကာ ဝင်လာပြီး ပင်မကုလားထိုင်မှာ ထိုင်နေသည့် ချန်အန်းအိမ်တော်သခင် မြို့စားကြီးကို နူတ်ဆက်သည်။ ချန်အန်းမြို့စားကြီးက ယခင်ဧကရီရှောင်ဟွေ့ရဲ့ အစ်ကိုတော်ဖြစ်ပြီး  ကျင်းဝမ်နှင့် ချန်အန်းမြို့စားကြီးက တူဝရီးတော်စပ်သည်။  နှစ်ယောက်သား တွေ့ဆုံကြသောအခါတွင်တော့ ဧည့်သည် တော်တော်များများ တိတ်ဆိတ်သွားကြသည်။

ကျင်းဝမ်ရဲ့ အဒေါ်တော်စပ်သည့် ချန်အန်းသခင်မကြီးက ဧည့်သည်တော်များကို နူတ်ခွန်းဆက်သနေရင်း လူငယ်လေးကို အတူခေါ်လာသည့် ကျင်းဝမ်ကိုတွေ့တော့ ပြုံးကာ နူတ်ဆက်ခဲ့သည်။ မကြာခင် အခြွေရံတစ်ယောက်က ရောက်လာပြီး    ကျောက်စိမ်းလိပ်ပြာလေးတစ်ရံကို လီယွီကို ပေးရင်း ပြုံးပြုံးလေးနဲ့ ပြောခဲ့သည်။

"သခင်မကြီးက မင်္ဂလာပွဲကို တက်ရောက်ပေးတဲ့ အရှင်မင်းသားနဲ့ သခင်လေးတို့နှစ်ယောက်ကို ကျေးဇူးတင်လက်ဆောင် ပေးအပ်လိုက်ပါတယ်။ အရှင်မင်းသားတို့နှစ်ယောက်  အတူတူ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"

လီယွီ: ? ? ?

လီယွီသည် ကျောက်စိမ်းလိပ်ပြာကိုယူ၍  ချန်အန်းသခင်မကိုကြည့်လိုက်စဉ် သခင်မကြီးက ပြုံးလျက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လီယွီက ဒီနေ့က ယဲ့ချင်းဟွမ်ရဲ့ လက်ထပ်ပွဲနေ့ မဟုတ်ဘူးလား၊  ဘာလို့ သူနဲ့ ကျင်းဝမ်ကို ခုလို ဆုတောင်း စကားပြောပေးနေတာလဲဟု တွေးနေသည်။
 

အဲ့ဒါများ....ဖြစ်နိုင်မလား--

လီယွီက ရုတ်တရက် အတွေးပေါက်လာသည်။ ကျင်းဝမ်က ဒီနေ့ သူ့ကို ခေါ်ပြီး သူ့ဘက်က လူကြီးတွေကို လာတွေ့ဆုံတာ ဖြစ်နိုင်မလား...
 
လီယွီ မျက်နှာကို အုပ်ထားလိုက်သည်၊ ငါး.... အဆင်သင့်မဖြစ်သေးခင်  ရုတ်တရက်ကြီး ဘာလို့ ခုလို ခင်ပွန်းသည်ဘက်က အမျိုးတွေကို လာတွေ့လိုက်ရတာလဲ...

ဒါပေမယ့် ငါး အရမ်းပျော်တယ်။



****-***

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now