Chapter (96-1) - ဦးလေးယဲ့နှင့် ဖက်တီးလေးများ

4.3K 926 8
                                    



Chapter (96-1) - ဦးလေးယဲ့နှင့် ဖက်တီးလေးများ



လီယွီသည် ငါးကြင်းနတ်ဆိုးတစ်ကောင်အဖြစ် ဟန်ဆောင်ကာ သူက System နဲ့ချိတ်ဆက်ထားတဲ့ ငါးတစ်ကောင် ဆိုတဲ့ သူ့ သွင်ပြင်လက္ခဏာကို ရုပ်ဖျက်ထားသောကြောင့်၊ အရာအားလုံးကို ကျင်းဝမ်အား ဖွင့်ပြလိုက်သောအခါတွင် ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်ခြင်းသို့ ပြောင်းလဲကာ ပြောခဲ့ရသည်။

အဓိကအချက်မှာ၊ သူသည် သုံးရက်ကြာမည့် ထိုအတိဒုက္ခကို ကျော်ဖြတ်ရန် အချိန်ကိုရွေးရန် လိုအပ်သည်။ သူသည် လူသားတဝက် ငါးတစ်ဝက် အခြေနေတွင် ရှိနေမည်ဖြစ်ပြီး သူ့ကို ပြုစုစောင့်ရှောက်ရန်နှင့် ကာကွယ်ရန် ကျင်းဝမ်ကို လိုအပ်သည်။

ကျင်းဝမ် သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ငြိမ်သက်စွာ နားထောင်နေသည်။

လီယွီသည် အလုပ်ကို အမြန်ရှင်းပြပြီးသွားချိန် ကျင်းဝမ် ရံဖန်ရံခါ မျက်ခုံးပင့်သွားသော်လည်း  လီယွီ၏လက်ကို လုံးဝလက်မလွှတ်ဘဲ ဆုပ်ကိုင်ထားသည်။

လီယွီက တဖက်လူကို ဖိအားတွေ သိပ်မပေးချင်လို့ပြောလိုက်သည်။

 "ဒီအတိဒုက္ခကို ကျွန်တော် ချက်ချင်းလုပ်စရာမလိုဘူး။ ကျွန်တော်တို့ အေးအေးဆေးဆေးပဲ  လူတွေ  မနှောင့်ယှက်မယ့်နေရာကို အရင်ရွေးနိုင်တယ်...... အဲဒီအချိန်ရောက်မှ ကျွန်တော်က   ကောင်းကောင်း မလှုပ်ရှားနိုင်တော့ဘူး။ အရှင်မင်းသားက ကျွန်တော့်အတွက် စားစရာတချို့နဲ့ ရေချိုတွေ ပြင်ဆင်ပေးပါ။ ပြီးတော့ကျွန်တော့်ကို တခြားသူတွေကို မမြင်စေနဲ့။ ဒါလောက်ပါပဲ။"

အလုပ်၏အမည်မှာ "အိမ်မွေးငါးများကိုကာကွယ်ပါ" ဖြစ်သော်လည်း၊ သူသည် လူသား မဟုတ် ငါးမဟုတ်သော အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့မည်ဖြစ်သည်။ ဒီအိမ်ကြီးထဲမှာ သူမနေနိုင်တာ သေချာသည်။ ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို ဖယ်ရှားခြင်းဖြင့် အလုပ်ပိုမိုလွယ်ကူစေလောက်သည်။  

ကျင်းဝမ် က ပို၍ရှုပ်ထွေးသောအရာများကို တွေးတောနေခဲ့သည်။ သူက ချရေးရန် စုတ်တံနှင့် စာရွက်ကို ပြန်ယူခဲ့သည်- ငါ့အတွက် ရက်အနည်းငယ်စောင့်ပါ။ ငါ မင်းကို သေချာကာကွယ်မယ်။

လီယွီသည် ထိုစကားလုံးများကို ထပ်ခါတလဲလဲ ဖတ်ရင်း ရင်ဘတ်ထဲပီတိ လှိုင်းလုံးများဖြင့် ပူနွေးလာခဲ့သည်- "အရှင်မင်းသား...ကျွန်တော် ဘယ်လို ပြောင်းလဲသွားမလဲဆိုတာ မေးရမှာ မဟုတ်ဘူးလား"

ကျင်းဝမ် သူ့လက်ကိုဆွဲကာ ပြုံးကာ ချရေးလိုက်သည်- မင်းဘယ်လိုပဲ ပြောင်းပြောင်း မင်းက မင်း ဖြစ်နေတုန်းပဲ။

"ကောင်းပြီလေ....အချိန်တန်ရင် အရှင် ကျွန်တော့်ကို မရယ်ရင်ကို တော်ပါပြီ !" လီယွီသည် ဟန်ဆောင်ကာ ဟာသလုပ်လိုက်သည်။
 
အချစ်ရေးမှာ လူတွေက သူတို့ချစ်သူရှေ့မှာ အကောင်းဆုံးရုပ်သွင် ဖြစ်ဖို့ မျှော်လင့်လေ့ရှိသည်။   လီယွီလည်း အလားတူ ခံစားခဲ့ရသည်။ အခုမှ သူက အိမ်ထောင်ကျတယ်။သူက  အလွန်အမင်း လှပခြင်းမရှိသော်လည်း အနည်းဆုံးတော့ ချစ်စရာကောင်းပြီး နုပျိုပုံပေါ်သည်။ သူသည် ကျင်းဝမ်ကို သူ့ရဲ့ လူသားမဟုတ်သည့် ငါးပုံစံဖြင့် ဆက်လက်မမြင်စေချင်သည့် စိတ်က မသိစိတ်ထဲမှာ ရှိလာခဲ့သည်။

လူခန္ဓာကိုယ်နဲ့ ငါးအမြီးရှိရင်လည်း ကောင်းသေးတယ်။ ငါးကိုယ်ထည်နဲ့ လူ့ခြေထောက်တွေဆိုရင်၊ သူက မကောင်းဆိုးဝါး တစ်ကောင်နဲ့ တကယ်မတူဘူးလား။  ကျင်းဝမ်၏ရှေ့တွင် ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲခြင်းသည် ရှက်စရာကောင်းသည်ဟု လီယွီတွေးထားပြီးဖြစ်သည်။ အခုတော့ System က သူ့ကို လူတစ်ဝက်၊ ငါးဝက်ဖြစ်စေချင်တယ်။ ဒါက သူ့အတွက် အဆုံးမသတ်ဘဲ အကြိမ်တိုင်း ပိုပို နက်တဲ့ တွင်းကို တူးခဲ့တာပဲ မဟုတ်လား။

သို့သော် လီယွီသည် ပင်မမစ်ရှင်၏ ထိုအဆင့်ကို ပြီးမြောက်အောင် တွေးတောသောအခါတွင် သူက လူသားအဖြစ်သို့ လုံးလုံးလျားလျား ပြန်သွားနိုင်သည်၊ သူ လုပ်ဆောင်ရန်မှတပါး အခြားရွေးချယ်စရာ မရှိပေ။ ဒီတကြိမ်တာဝန်ယူရတဲ့သူက ကျင်းဝမ်လည်းဖြစ်တယ်။ ဒါကြောင့် သူ လိမ်ညာပြောဖို့ မဖြစ်နိုင်ပေ။
 

ကျင်းဝမ် သူ့ကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံခဲ့ပေမဲ့ လီယွီကတော့ မသက်မသာ ခံစားနေရဆဲပဲ။ သို့သော်၊ ကျင်းဝမ်၏ရိုးရှင်းသော ဝါကျလေးက လီယွီ၏အတွင်းစိတ်ပူပန်မှုများကို ဖယ်ရှားပေးနိုင်ခဲ့သည်။ သူ့စိတ်ခံစားချက်တွေကို ခေတ္တမထိန်းနိုင်တော့ဘဲ  လီယွီက ရုတ်တရက် လှည့်ကြည့်လိုက်သည်။  

  လူတွေက ဝမ်းနည်းပြီး စိတ်ဆိုးတဲ့အခါ ငိုကြသလို ဝမ်းသာသည့်အခါတွင်လည်း ရင်ထဲ လှိုက်လှိုက်ကာ ငိုချင်လာတတ်သည်။ အခု ခင်ပွန်းသည်ကြောင့် လီယွီက ရင်ထဲ ဆို့နင့်ထိမိလာခဲ့လို့  သူ့အသံက သိပ်အဆင်မပြေတော့ပေ။

သို့သော် ကျင်းဝမ် သူ့ကို ချစ်မြတ်နိုးပေးခဲ့သည့် နည်းလမ်းမျိုးစုံကို တွေးတောရင်း လီယွီက ကျင်းဝမ်ကို အမှန်တကယ် ယုံကြည်သင့်သည်ဟု တွေးလိုက်သည်။ လူသားငါး နဲ့ ငါးလူသားတွေရဲ့ ပုံစံက အလွန်ထိတ်လန့်စရာကောင်းပြီး ကျင်းဝမ် အလွန်ထိတ်လန့်ဖြစ်သွားစေလိမ့်မည်။ ဒါပေမယ့် ကျင်းဝမ်က လီယွီကို စိတ်ပျက်စေမည်မဟုတ်သည်မှာ သေချာသည်။

လီယွီက တကယ်ကို ရင်ထဲ ခံစားလိုက်ရသည်။ ကျင်းဝမ် နားလည်မှုလွဲပြီး ကောင်းကင် အတိဒုက္ခကို လီယွီ မအောင်မြင်မှာကို ကြောက်ရွံ့နေပုံပေါ်သည် ။

ကျင်းဝမ် စိတ်မပူပါနဲ့ ။ ငါ မင်းကို အကြာကြီး မစောင့်ခိုင်းပါဘူး...

လီယွီက ပြုံးပြီး အားတက်သရော ခေါင်းညိတ်သည်။

ဒီလူနဲ့ တွေ့ပြီး လက်ထပ်ပြီးကတည်းက သူ အမြဲတမ်း စိတ်ချမ်းသာမှု ရခဲ့တယ်။

ဤဆွေးနွေးမှုပြီးနောက်၊ လီယွီသည်  "မိုးကောင်းကင် အတိုဒုက္ခစမ်းသပ်ချက်ကိုရင်ဆိုင်ရန်"  လိုအပ်သည့် အစီစဉ်များစွာလုပ်ခဲ့သည်။

နောက်ပိုင်းတွင် ဧကရာဇ်ပေးပို့ခဲ့သည့် စာများထဲတွင် သူသည် ကလေးများအကြောင်းကို အမြဲဖော်ပြခဲ့သည်။   သူ့ကို နှစ်နှစ်နေခိုင်းခဲ့သော်လည်း၊ အနောက်နယ်ခြားဒေသရှိ ကျင်းဝမ်၏မိသားစု ခြောက်ယောက်၏ ဘဝက နယ်စပ်တွင် နေရမယ့် အချိန်များစွာ မကျန်တော့ကြောင်း ကျင်းဝမ် ခန့်မှန်းခဲ့သည်။ သို့သော်လည်း ကလေးများ ငယ်စဉ်ကတည်းကပင် ဧကရာဇ်မင်းက သူ့ကို ပြန်လာစေချင်သော်ငြားလည်း ကျင်းဝမ်သည် ခရီးပန်းတာကို သူ့ ကလေးတွေကို တွေ့ကြုံခံစားခွင့် မပြုချင်ပေ။ ကလေးလေးယောက်ကို နို့ဖြတ်ပြီးသည်အထိ ဒီမှာ နေနိုင်ဖို့ မင်းကြီးကို ရအောင်ပြောဖို့  စီစဉ်ထားတယ်...။

ရှောင်ယွီရဲ့ မိုးကောင်းကင်အတိဒုက္ခဖြစ်ကျော်ခြင်းက အလျင်စလိုမဟုတ်ပဲ အချိန်ယူနိုင်ကြောင်း ပြောခဲ့သော်လည်း ကျင်းဝမ်က အရင်ကထက် အချိန်ကုန်တာ ပိုမြန်လာသည်ဟု ခံစားခဲ့ရသည်။ အနောက်တောင်တန်းဒေသမှာဆိုရင် မိုးကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ဖို့ ပိုစိတ်ချရသည်။  အနောက်ဘက် တာင်းတန်းဒေသတွင် လီယွီ၏ ကိုယ်ဝန်နှင့် ကလေးမွေးဖွားခြင်းကို ဖုံးကွယ်ရန် ပြီးပြည့်စုံသော အကြောင်းပြချက်ကို ပေးနိုင်ဖို့ သူ့တွင် အခွင့်အာဏာအပြည့်ရှိသည်။ အကယ်၍ သူတို့သည် တော်ဝင်မြို့တော် သို့ ပြန်လာပါက၊ ကန့်သတ်ချက်များ ပိုမိုများပြားလာဖွယ်ရှိသည်။ ရှောင်ယွီ၏ အထောက်အထားများ ဖော်ထုတ်ခံရမည်ကို သူလည်း စိုးရိမ်ခဲ့သည်။

သူ့အမြင်အရတော့ ဒီမင်္ဂလာပွဲကြီးပြီးပြီးချင်း ရက်အနည်းငယ်အကြာအထိ အခြေနေတွေက တော်တော် လေးကို ချောမောခဲ့သည်။ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲအတွက် သူ့မှာ ကိစ္စတွေ အများကြီး ပြီးသွားပြီ။ သူ့မင်္ဂလာဆောင်အားလပ်ရက်မှာ သူ့ကို အနှောက်အယှက်ပေးလောက်အောင် ဘယ်သူမှ မိုက်မဲနေမှာ မဟုတ်ပေဘူး။

တစ်ခုတည်းသောပြဿနာမှာ သူနှင့်ရှောင်ယွီတို့သည် မိုးကောင်းကင် အတိဒုက္ခက မကျော်ဖြတ်နိုင်ခဲ့လို့ တခုခုဖြစ်သွားခဲ့လျှင်လည်း ကလေးများအား စောင့်ရှောက်ရန် ဝမ့်ရှီးကို သေချာအပ်ထားမည် ဖြစ်သည်။ ယဲ့ချင်းဟွမ်လည်း ထိုဒေသမှ မထွက်ခွာသေးလို့ ဒီအရေးပေါ်အခြေအနေတွေကို ကိုင်တွယ်ဖို့ သူ့ကို ဆွဲထားနိုင်လေပြီ။

မေပယ်လ်ဒေသတွင်၊ ကျင်းဝမ်နေထိုင်ရန်အတွက် မြို့တော်ဝန်မှ သန့်ရှင်းရေးလုပ်ခဲ့သော ထိုအိမ်ခြံမြေအပြင် နောက်ပိုင်းတွင် ဝမ့်ရှီးသည် အရေးပေါ်အခြေအနေတွင် အသုံးပြုရန် အိမ်အချို့ကို လျှို့ဝှက်ဝယ်ယူခဲ့သည်။ ကျင်းဝမ် ထိုနေရာများထဲမှ နေရာတစ်ခုကို ရွေးခဲ့သည်။ ထိုနေရာသည် ကျင်းအိမ်တော်နှင့် မနီးမဝေးတွင်ရှိပြီး လျှို့ဝှက်မြေအောက်ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် ကျင်းအိမ်တော်နှင့်လည်း တိတ်တဆိတ် ချိတ်ဆက်ထားသည်။ မိုးကောင်းကင် အတိဒုက္ခစမ်းသပ်ချက် အတွက် ပြီးပြည့်စုံသည့်နေရာဖြစ်သည်။ တစ်ခုခုဖြစ်ရင် သူတို့အိမ်တော်ကို ချက်ချင်းပြန်သွားနိုင်သည်။

နေရာကို ရွေးပြီးနောက် လီယွီအား သူ၏ အစီအစဉ်များကို အကြောင်းကြားခဲ့သည်။ လီယွီသည် ကျင်းဝမ်၏ စေ့စပ်သေချာမှုကြောင့် အံ့သြသွားသည်။ ရှက်စရာကောင်းအောင်ပင် သူ ကြိုတင်ပြင်ဆင်ရမယ့်အချက်နဲ့ ပတ်သတ်ပြီး ရေနဲ့ အစားအသောက်ကိုပဲ တွေးနေခဲ့သည်။ ကျင်းဝမ်က နေစရာနေရာနဲ့ ကလေးတွေကို တောင် တွေးနေခဲ့သည်။ ထို့ကြောင့် လီယွီသည် မည်သည်ကိုမျှ စိုးရိမ်နေရန် မလိုအပ်ပေ။ သူ့မှာ ထပ်ထည့်စရာ ညွှတ်ကြားချက်တောင် မရှိတော့ဘူး။

ကျင်းဝမ် လူများကို တတ်နိုင်သမျှ မြန်မြန် နေအိမ်ပြင်ဆင်ထားရန် တိတ်တဆိတ် အမိန့်ပေးခဲ့သည်။ လီယွီ စားချင်သော အစားအစာ အများအပြား ပြင်ဆင်ရန် စားဖိုမှု အဒေါ်ရှုကိုလည်း အမိန့်ပေးခဲ့သည်။ ရိက္ခာနှင့် ငါးစားများသည် လှည်းတစ်ခုလုံး ပြည့်သွားသည် ။ သုံးရက်နေဖို့တောင် မပြောနဲ့၊ ရက် 30 နေထိုင်ရန်အလုံအလောက်ရှိနေသည်။  


အနောက်နယ်ခြားတွင် အခွင့်အာဏာအရှိဆုံးပုဂ္ဂိုလ်အနေဖြင့် ကျင်းဝမ်သည် သူ၏ ဝမ်ဖေးကို ခေါ်ဆောင်လာမည့်နေရာကို အခြားသူများအား ထုတ်ဖော်ပြောရန် မလိုအပ်ပေ။ သို့သော်လည်း ဝမ့်ရှီးနှင့် ယဲ့ချင်းဟွမ်တို့အား ရှင်းပြရန် လိုအပ်နေသေးသည်။ ကျင်းဝမ်၏ အစီအစဉ်မှာ အမဲလိုက်ဟန်ဆောင်ရန် ဖြစ်သည်။ သို့သော် သူသည် တော်ဝင်မြို့တော်၌ရှိသောအခါတွင် သူသည် အမဲလိုက်လေ့တော့ ရှိသည်။ ထို့ကြောင့် ထိုအကြောင်းပြချက်သည် အမှန်တကယ် ပြည့်စုံလွန်းလှသည်။  လီယွီက အကူအညီတစ်ခု ပေးချင်သည်။ သူ့ရဲ့ထက်မြက်သော စိတ်ကူးဖြင့်  လီယွီသည် ဟန်းနီးမွန်းထွက်ရန် အကြောင်းပြချက်ဖြင့် ထွက်လာခဲ့သည်။

"အရှင်မင်းသား..ကျွန်တော်လာခဲ့တဲ့နေရာမှာဆိုရင် လူတွေက လက်ထပ်ပြီးစမှာ ပျားရည်ဆမ်းခရီး ထွက်ကြတယ်။ လက်ထပ်ပြီးစ လူနှစ်ယောက်က အပန်းဖြေပြီး ပျော်စရာကို ခံစားတတ်ကြတယ်."

ဒီလိုပြောပြီး သူ့အတွက်နစ်နာသွားတယ်လို့ လီယွီထင်နေခဲ့သည်။ တကယ်တော့သူ့မစ်ရှင်အတွက် သုံးရက်သာ လိုအပ်ပေမယ့် ဒီကာလမှာ သူလည်း အပန်းဖြေ ခရီးထွက်လို့ရသေးသည်ဟု တွေးလိုက်သည်။

လီယွီက ဒီလိုပြောပြီး ကျင်းဝမ်က အကြံကောင်းတစ်ခုလို့ ချက်ချင်းပဲ တွေးလိုက်တယ်။ ထို့ကြောင့် သူက ယဲ့ချင်းဟွမ်နှင့် ဝမ့်ရှီးကို ထိုသို့ ပြောပြခဲ့သည်။  

ဝမ့်ကုန်းကုန်း သည် ဝမ်ရယ် နှင့် ဝမ်ဖေး တို့ နှစ်ယောက်တည်း အတူတူ အချိန်ကုန်တော့မည်ကို သိလာပြီးနောက်တွင် သူ အလွန်ဝမ်းသာသွားသည်။ ထိုအိမ်တွင်   သခင်ငယ်လေးပါးရှိနေပြီဖြစ်သည်။ ဒီခရီးစဉ်ပြီးရင် နောက်ထပ် သခင်မလေးငယ်လေးတွေ ရှိတော့မှာလား။

ဝမ့်ကုန်းကုန်း က ဒါကို လျှပ်တပြက် တွေးမိပြီး ဝမ်ရယ်နှင့် ဝမ်ဖေးတို့အတွက် ပျော်ရွှင်စရာ ဟန်းနီးမွန်းဖြစ်ပါစေလို့တောင် လက်တွေ့ကျကျ ဆုတောင်းပေးခဲ့သေးသည်။


သို့သော် ယဲ့ချင်းဟွမ်က နေရစ်ဖို့ ဆန္ဒမရှိပေ။ ကူညီရန်အတင်းအကျပ်ခိုင်းစေခံသူ သခင်လေးယဲ့က ပြင်းထန်သောအမူအရာဖြင့် ပြောလိုက်သည်။

 "မင်းတို့ ဒီပျားရည်စမ်းခရီးကို ဘယ်လိုသွားရတာလဲ...  ၊ မင်းအတွက် ငါ မင်းရဲ့ကလေးတွေကို ပြုစုပေးရမှာမို့လား။"

ကျင်းဝမ် ဝမ့်ရှီးကို တစ်ချက်ကြည့်လိုက်သည်။ ဝမ့်ရှီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး  ရှင်းပြလိုက်သည်။

"သခင်လေး...အရှင်မင်းသားက သခင်လေးက သခင်ငယ်လေးတွေကို စောင့်ရှောက်ဖို့ ထိုက်တန်တယ် ထင်လို့ သူတို့ကို ပြုစုစောင့်ရှောက်ခွင့်ပေးလိုက်တာပဲ"  

"ငရဲလိုပဲ!" ယဲ့ချင်းဟွမ်က မကျေမနပ်ဆက်ပြောခဲ့သည်။

 "ငါက ဝိုင်သောက်ပြီး အောင်ပွဲခံဖို့ လာခဲ့တာတဲ့ ဧည့်သည်လေ။ ဧည့်သည်ကို ဘယ်လိုလုပ်ပြီး အလုပ်လာခိုင်းနေတာလဲ။  ဒါက ဘယ်လို ယုတ္တိရှိနိုင်မှာလဲ။ ငါ့ကိုလည်း ဟန်းနီးမွန်းခရီးကို သွားခွင့်ပေးလိုက်တာက ပိုအဓိပ္ပါယ်ရှိတယ် မဟုတ်လား။"

ကျင်းဝမ် သူ့ကို အထင်အမြင်သေးပုံနဲ့ စကားစ ဖြတ်လိုက်သည်။ ရှောင်ယွီက ဟန်းနီးမွန်းခရီးတွင် ခင်ပွန်းများ အတွက်သာဖြစ်ကြောင်း ပြောခဲ့သည်။ ဟန်းနီးမွန်းကို နှောင့်ယှက်ဖို့ ကြိုးစားတဲ့လူတွေက ဖယောင်းတိုင်တွေ ကြိုသာ  ထွန်းထားကြပေတော့....

ယဲ့ချင်းဟွမ်က သဘောတူသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ အရေးမကြီးပေ။ ကျင်းဝမ် စီစဉ်ထားသည့်အတိုင်း  လီယွီကို ခရီးထွက်ခဲ့သည်။ ကလေးလေးယောက်ကိုတော့ ယဲ့ချင်းဟွမ်ကို ပေးအပ်ခဲ့သည်။

လက်ရှိတွင် ငါးကလေးများသည် စကားမပြောနိုင်၊ မလှုပ်ရှားနိုင်သော်လည်း နားထောင်နိုင်သည်။   အစေခံတွေရဲ့ စကားစမြည်ပြောရာကနေ  သူတို့အဖေတွေက အပြင်ထွက်ပြီး ဝမ့်ကုန်းကုန်း နဲ့ ဦးလေးယဲ့တို့ထံ သူတို့ကို အပ်ထားခဲ့မည်ကို သိလိုက်ရသည်။

ငါးကလေးများသည် ဝမ့်ကုန်းကုန်း နှင့် အလွန်ရင်းနှီးကြသည်။ ဝမ့်ကုန်းကုန်း က သူတို့ကို ပြုစုပေးတဲ့အခါ ပေါင်းရိကနေ ပေါင်းဆု အထိ ကလေးအားလုံး အရမ်းသဘောကျသည်။

သို့သော် သူတို့က ဦးလေးယဲ့နဲ့ အခုမှ  ပထမဆုံးအကြိမ် တွေ့ဆုံတာလေ။ ပေါင်းလေးတွေက သူစိမ်းများအပေါ် အထူးယဉ်ကျေးသိမ်မွေ့ခြင်းမရှိပေ။

ထိုအချိန်တွင်၊ ယဲ့ချင်းဟွမ်သည် သူ့ကိုယ်သူ ဖခင်ဖြစ်တော့မည်ဆိုတာ သိသည်။ ဒါ့အပြင် ကျင်းဝမ်က သူ ပြောသလို မလုပ်ရင် ဒေါသတကြီးဖြစ်နိုင်သည်ကို သိလို့  ယဲ့ချင်းဟွမ်သည် ကလေးများကို လေးလေးနက်နက် ဂရုမစိုက်ပဲ မနေရဲတော့ပေ။

ပေါင်းလေးယောက်ကို မြင်လိုက်တာနဲ့ ငယ်ငယ်က ကျင်းဝမနဲ့ အရမ်းတူတဲ့ ဖက်တီးလေး သုံးယောက်ကို တွေ့လိုက်ရတယ်— နောက်ဆုံးမှာ ပေါင်းရိ, ပေါင်းအာ့, ပေါင်းစန်းကို   ခွဲပြီးပြောနိုင်ခဲ့သည်။  ပေါင်းစန်းက သူ့ကိုတွေ့တာနဲ့ ငိုတော့ ဆူညံသွားကာု သူလည်း  ခေါင်းကိုက်သွားခဲ့သည်။ ပေါင်းရိသည် တစ်ချိန်လုံး ပြင်းထန်သောအမူယာဖြင့် သူ့ အပြုအမူကို ထိန်းသိမ်းခဲ့သည်။

ယဲ့ချင်းဟွမ်ငယ်ငယ်တုန်းကလည်း ကျင်းဝမ် ဖက်တီးရိုက်တာကို ခံခဲ့ရသ်။ ထိုစဉ် တစ်ခဏတော့   သူတကယ်ကို ဖက်တီးလေးက သူ့ကိုကြည့်နေတယ်ထင်ပြီး   ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။   

သူ့နှာခေါင်းကို ပွတ်သပ်ရင်း ယဲ့ချင်းဟွမ်သည်သူ့ဖာသာ စိတ်ကူးယဉ်မိသည်ဟု ထင်ခဲ့သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ထိုကလေး၏ အထင်အမြင်သေးမှုကို ခံရလေသည်။

ယဲ့ချင်းဟွမ်: ...... ဘာဖြစ်နေတာလဲ။ သူ တကယ် ဒီကလေးကို ရိုက်ချင်လာပြီနော်....

*******-************

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now