Chapter (65) : ငါကိုယ်တော်ရဲ့ ချစ်သူ ချက်ပေးလိုက်တဲ့ဟင်းတွေ.....

6.6K 1.1K 8
                                    

Chapter (65) :  ငါကိုယ်တော်ရဲ့ ချစ်သူ ချက်ပေးလိုက်တဲ့ဟင်းတွေ.....




ကျုံးစွေ့ နန်းတော်ကို ပြုပြင်ခြင်းသည် အရေးတကြီးမဟုတ်ပေ။ ကျင်းဝမ် သည် အလုပ်သမားဝန်ကြီးဌာန၏ စည်းမျဉ်းများကို သိရှိရန် ကျန့်ကျင့် ၏နောက်သို့ လိုက်ခဲ့သည်။ ကျုံးစွေ့နန်းတော်၏ မူရင်းပုံများကို ကျန့်ကျင့်က ကျင်းဝမ်ဆီကို ပေးပို့ခဲ့သည်။
 

ကျင်းဝမ် သည် ထိုပုံကို ဖွင့်ကြည့်ကာ ကျန့်ကျင့်က ကျင်းဝမ် မေးလာရင် ဖြေဖို့ အသင့်စောင့်နေသည်။
  နောက်ဆုံးတော့ ကျင်းဝမ် က ဒီလို အလုပ်မျိုးကို အရင်က မကြီးကြပ်ခဲ့ဖူးပေ။ ကျန့်ကျင့်ကိုယ်တိုင်လည်း ဒီနှစ်မှ ဆောက်လုပ်ရေးဌာနက အလုပ်ကို အရင်က တစ်ခါမှ မအုပ်ချုပ်ခဲ့ဖူးဘူး။  

သို့သော် ကျင်းဝမ် သည် တိုက်ရိုက်မမေးဘဲ နန်းဆောင်ဗီသုကာပုံကို ဂရုတစိုက်ကြည့်ကာ ရံဖန်ရံခါ ဘေးဘက်တွင် မှတ်စုအချို့ရေးခဲ့သည်။

ကျန့်ကျင့် ရဲ့ ရှုထောင့်ကနေကြည့်ရင် ကျင်းဝမ် ရေးတဲ့စာကို သူ မမြင်နိုင်ပေမယ့် ကျင်းဝမ် က ပန်းချီကားကို လှန်ကြည့်လိုက်တော့ သလင်းကျောက်ပုလင်းထဲက ငွေရောင်ရွှေငါးလေးက ကျင်းဝမ်ရဲ့    တံတောင်ဆစ်နဲ့ ကပ်ပြီး ပုလင်းနားကို တိုးကပ်ကာ ကြည့်နေသည်ကို ကျန့်ကျင့် သတိထားမိလိုက်ပါတယ်။  

ကျန့်ကျင့်က ဒီရွှေငါးလေးက ကျင်းဝမ် ပုံတွေပေါ်မှာ မှတ်ချက်ရေးသည်ကို ကြည့်နေသည်ဟု ထင်ယောင်ထင်မှား တွေးလိုက်မိသည်။
 

ကျန့်ကျင့် : "..."

သူ ဘယ်လိုထင်နိုင်တာလဲ၊ အဲဒါက ရွှေငါးလေ...ငါးက ပုံရော၊ စာရော ဘယ်လိုနားလည်နိုင်မှာလဲ။

 အထင်လွဲခံရသော ငါးကြင်းငယ်- အင်း၊ ဒါပါပဲ၊ ငါ့ရည်းစားက အလုပ်မှာ ဘယ်လိုလုပ်သလဲဆိုတာ ငါလည်း မြင်ချင်တယ်....

လီယွီသည် ကျင်းဝမ်က ပုံတွေကို ဖတ်တတ်မည်ကို မထင်ထားပေ။ အရင် ကျင်ဝမ်ရဲ့ စာဖတ်ခန်းထဲမှာ ဗီသုကာပုံ ပန်းချီကြည့်တာကို တခါမှ မမြင်ဖူးပေ။
  လီယွီသည် ရှေးခေတ် ဗီသုကာ ပန်းချီကားများ၏ ပုံသဏ္ဍာန်ကို သိချင်သောကြောင့် ရှေ့သို့ ဆက်တိုးလာခဲ့သည်။ ငါးငယ်လေးသည် စိတ်ဝင်စားနေကြောင်း ကျင်းဝမ်က  သိသွားခဲ့သည်။ ရှောင်ယွီက ပုလင်းထဲမှာ ရောက်နေတယ်ဆိုတာ မေ့သွားပြီး ပုလင်းကို မျက်နှာနှင့် ရိုက်မိမှာကို ကြောက်နေမိတယ်။ ကျင်းဝမ် သည် ပန်းချီကားကို ငါးဆီသို့ တည်ငြိမ်စွာ ရွှေ့ကာ တွေးတောနေရင်း မျက်ခုံးပင့်ကာ ခပ်တည်တည်နှင့် အလုပ်အကြောင်းကို ဆက်ပြောနေသည်။

ချစ်သူက လေးနက်တည်ကြည့်တဲ့ အချိန်မှာ အရမ်းချောတယ်မဟုတ်လား...

လီယွီက ကျင်းဝမ်ရဲ့ ဘေးတိုက်ပုံ မျက်နှာကို သဘောကျစွာကြည့်ကာ လေထဲ ပူစီဘောင်းများမှုတ်ထုတ် လိုက်သည်။ ပြီးတော့  ပုံများကို ကြည့်ရန် ငါး၏ ခေါင်းကို ဆန့်ထုတ်လိုက်သည်။

လီယွီက အနည်းငယ်မျှော်လင့်ချက်နေမိတာက သူက ကျင်းဝမ်ကို ဘယ်လိုနေရာလေးမှာ နည်းနည်းလေးဖြစ်ဖြစ် ကူညီပေးနိုင်မလဲဆိုတာပဲ...
 

ပန်းချီကားပေါ်တွင် စံနန်းတော် အဆောင်တစ်ခုပုံကို ရေးဆွဲထားသည်။  လီယွီသည် ထိုနန်းဆောင်ပုံစံငယ်တွေကြားက    ခြားနားချက်ကို မမြင်နိုင်ပေ။ အိမ်ပုံစံအောက်မှာ စာစုတွေအများကြီးရှိတယ်။ လီယွီသည် ငါးမျက်လုံးထက် သေးငယ်သော စာလုံးများကို မြင်လိုက်ရသောအခါ ခေါင်းကိုက်လာသည်။

  ပုံဆွဲသူက ငါးကိုမှတ်မိသည်၊ ငါးက ဆွဲထားသော ပုံကို မမှတ်မိနိုင်ဖြစ်နေသည်။  

လီယွီသက်ပြင်းချလိုက်သည်၊ သူ ကူညီပေးဖို့ နည်းလမ်းမရှိတော့ဘူးထင်တယ်။

ထိုစဉ် ကျင်းဝမ်က  အဓိကအချက်ကိုမြင်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်လိုက်သည်။ သူ ခေါင်းမော့လိုက်စဉ် သလင်းကျောက်ပုလင်းထဲမှာ   လဲလျောင်းနေတဲ့ ငါးကို တွေ့လိုက်တယ်။

ကျင်းဝမ် : ရှောင်ယွီ က ပုံတွေကို  ကည့်ရတာ ကြိုက်တာလား။

နောက်တခဏမှာတော့ ပုံတွေကိုကြည့်ရတာ သဘောကျတဲ့ငါးက ပုလင်းရဲ့အောက်ခြေကို လျှောကျသွားတယ်။

ကျင်းဝမ်-"........."

ကျင်းဝမ်က တိတ်တဆိတ်ပြုံးလိုက်သည်။ ရှောင်ယွီ သည် ပန်းချီကားများကို မကြည့်ချင်သောကြောင့်   အိပ်ပျော်သွားပြန်သည်။ ရှောင်ယွီက ဒီနေ့ စောစောထပြီး သူ့အတွက် အစားအသောက်ပြင်ဆင်ဖို့ အထူးခရီးထွက်ခဲ့တာကို သတိရ လိုက်သည်။ ကျင်းဝမ်ရဲ့ ရင်ထဲမှာ  နွေးထွေးမှုကို ခံစားခဲ့ရပြီး နှလုံးခုန်သံမြန်လာခဲ့သည်။

အိမ်မှာ စည်းကမ်းစာရွက်ကို ဖတ်တုန်းကလည်း  ဒီလိုပါပဲ။ ကျင်းဝမ် က သူတို့ကြားမှာ ဘာခံစားချက်မှ မရှိဘူးလို့ မထင်ခဲ့မိဘူး။ ငါးလေးက အိပ်ပျော်နေရင်း သူ့အမြီးသည် လွင့်ပျံလာပြီး လက်ချောင်းများကို အလိုလျောက် ရစ်ပတ်နေလေသည်။

ကျင်းဝမ်ရဲ့  နှုတ်ခမ်းတွေက အထက်ကို ကော့တက်သွာအောင် ပြုံးလိုက်မိသည်။
 

"...အရှင်မင်းသားကျင်း..."

ကျင်းဝမ် နဲ့ တစ်ခန်းတည်းမှာ အလုပ်လုပ်ရင်း အချိန်အကြာကြီး စောင့်ကြည့်နေတဲ့ ကျန့်ကျင့်က ဒါကိုမြင်တော့  ချောင်းဆိုးလိုက်မိသည်။ ကျင်းဝမ်က  ခေါင်းကို မော့ပြီး ဝန်ကြီးကျန့်ကျင့် ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေသည် ။

ကျန့်ကျင့် က သူ့စကားကို တိုးတိုးလေးပြောသည်။
 "အရှင်မင်းသား၊  ရုံးတော်မှာ ငါးနဲ့ မကစားပါနဲ့"

ကျင်းဝမ်-"....."

ကျင်းဝမ်က ကျန့်ကျင့် ကို အေးစက်သောအကြည့်ကိုပေးကာ ပုံများကိုဆက်လက်လေ့လာခဲ့သည်။

သူ က ဗီသုကာမှတ်တမ်းပုံနှင့် စာကို ဖတ်နေချိန်မှာ အာရုံစိုက်ဖို့လိုအပ်တဲ့အသေးစိတ်အချက်အလက်အားလုံးကို ချရေးလေ့ရှိပေမယ့် သူ နားမလည်တာတစ်ခုခုကြုံလာတိုင်း ကျန့်ကျင့် ကိုမေးဖို့ စိတ်မပူဘူး။ သူလည်း အားလုံးကို မှတ်မိနေတယ်။ စကားမပြောနိုင်သောကြောင့် မေးခွန်းမေးခြင်းသည် အချိန်များစွာယူရပြီး အနှောင့်အယှက်ဖြစ်နေလိမ့်မည်။ ကျင်းဝမ် သည် ပန်းချီကားများကို ရိုးရှင်းစွာဖတ်ပြီးနောက် ကျန့်ကျင့် ကို နားမလည်တာကို ရှင်းပြပေးရန် သေချာမေးမြန်းခဲ့သည်။

သို့သော်လည်း ကျန့်ကျင့် သည် ကျင်းဝမ်ကို တိတ်တိတ်လေး အကဲခတ်နေသဖြင့် ကျင်းဝမ်က ဒီလောက်   တည်ငြိမ်အေးဆေးသည်ကို အနည်းငယ် အံ့သြသွားခဲ့သည်။

ကျင်းဝမ်ကို ငါးနှင့် မကစားဖို့    သတိပေးသော်လည်း ဒီငါးက ကျင်းဝမ် လောက်နီးနီး မျက်နှာကြီးလှသည်။ ကျင်းဝမ်က သွားလေရာ ငါးကို ယူလာတယ်ဆိုလည်း ကျန့်ကျင့်က လက်ခံရမည်ဖြစ်သည်။ နောက်ဆုံးတော့လည်း တော်ဝင်မင်းသား ကျင်းဝမ်က သခင်ဖြစ်ပြီး သူတို့က အမှုထမ်းကျေးကျွန်တွေပဲ မဟုတ်လား။  သို့သော်လည်း ကျန့်ကျင့်က နောင်တတော့ မရပေ။ သူက ကျင်းဝမ်နှင့် ဆက်ဆံရေးကောင်းချင်ပေမယ့် အလုပ်နဲ့ပတ်သတ်လာရင် သူက စည်းကမ်းတကျ လုပ်ဖို့တော့ ပြောရလိမ့်မည်။
 

ကျန့်ကျင့်က အလုပ်ချိန်တွင်း ကျင်းဝမ်  ရွှေငါးလေးကို ဖမ်းပြီး ကစားခြင်းကို သဘောမတူပါ။

ကျင်းဝမ်ကို ကူညီပေးသည့်အပြင်၊ ဧကရာဇ်မင်းကြီးသည်  အလုပ်သမားရေးရာဌာနတွင် ကျင်းဝမ်ရဲ့ လုပ်ငန်းကို အစီရင်ခံရန် ကျန့်ကျင့်ကို နောက်ထပ်တာဝန်တစ်ခု ပေးခဲ့သည်။

ကျင်းဝမ်က ဒီတာဝန်အတွက် မသင့်တော်လောက်ဘူးလို့ မင်းကြီးကို လျှောက်တင်ဖို့ ကျန့်ကျင့်က ပြင်ဆင်ထားလေပြီ။
 ကျင်းဝမ်က အလုပ်တက်သည့်  ပထမနေ့တွင် အချစ်တော် ရွှေငါးလေးကို သယ်လာသည်။ ဒီအချက်အရ ကျင်းဝမ်က အလုပ်ပေါ် အာရုံမစိုက်ဘူးဟု ကျန့်ကျင့် ယူဆသည်။ ကျင်းဝမ်က ငါးမြီးလေးနှင့် ဆော့နေတာကို တွေ့တော့ ကျင်းဝမ်က အလုပ်ထဲ  စိတ်မရှိပဲ ကစားနေသည်ဟု ထင်သည်။

 
သို့သော်လည်း ကျင်းဝမ်က ဗီသုကာပုံများကို ကြည့်ကာ မှတ်စုများရေးပြီး သူ့ကို ပေးခဲ့တဲ့နောက် သူက စာကို ငုံ့ဖတ်မိပြီး    အလွန် ထိတ်လန့်သွားသည်။ ကျင်းဝမ် က သူ့ကို မေးဖို့ စာရေးခဲ့တာဟာ ဝေဖန်ထားတဲ့အချက်နဲ့ မေးထားတဲ့ မေးခွန်းတွေ အများကြီးပါပဲ။ ဒီမေးခွန်းကို ဖတ်ပြီးနောက် ဝန်ကြီးကျန့်ကျင့် ချွေးပြန်လာသည်။

 

အရင်တုန်းကတော့ ကျင်းဝမ် ရဲ့ စိတ်ကို မှန်းဆလို့ မရတာကြောင့် စိုးရွံ့မိပေမယ့် အခုတော့ ကျင်းဝမ် ရဲ့ မေးခွန်းကြောင့် ကျန့်ကျင့် တကယ်ကို ရှက်မိသွားသည်။
 

ကျန့်ကျင့် သည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်ကိစ္စများဆောင်ရွက်ရန် တတိယမြောက်မင်းသား ရောက်ရှိလာသည်ကို သတိရမိသော်လည်း တော်ဝင်တည်ဆောက်ရေး အင်ဂျင်နီယာဌာနသည် အိမ်ဆောက်ခြင်းသာ ဖြစ်သည်ဟု သံသယရှိကာ အိမ်ဆောက်သည့် အလုပ်ကို ဦးစီးရတာ  အလွန်ရှက်စရာကောင်းသည်ဟု ဆိုကာ တတိယမင်းသားက အရမ်းကို မပျော်မရွှင်ဖြစ်ခဲ့သည်။

  အလုပ်ကိစ္စတစ်ခုလို့ ပြောပေမယ့် အလုပ်သမားဝန်ကြီးဌာနမှာ ရက်အနည်းငယ်ကြာအောင် လက်ဖက်ရည်ပဲ သောက်ကာ ပြန်သွားပြီးနောက်  ဝန်ကြီးဌာနဝန်ကြီးရေးသည့် စာထဲမှာ တတိယမင်းသားက ဒီဌာနအတွက် မသင့်တော်ဘူးလို့ ရေးလိုက်သောကြောင့် ဧကရာဇ်မင်းမြတ်က တတိယမင်းသားကို အခြားတစ်နေရာကို ရွှေ့ပြောင်းပေးခဲ့သည်။
 

ဆန့်ကျင်ဘက်အားဖြင့်၊ ကျင်းဝမ်က အနည်းငယ်ထူးဆန်းပြီး ငါးနှင့် ကစားခြင်းကို နှစ်သက်သော်လည်း ပန်းချီကားများကို သေချာလေ့လာပြီး  တွေးတောဆင်ခြင်ဖို့ သူ့နှလုံးသားကို နစ်မြုပ်ကာ ထူးရှထက်မြက်စွာ ဝေဖတ်ပိုင်းခြားထားသည်။ ဒါက  အခြားမင်းသားများက ကျင်းဝမ်ကို နှိုင်းယှဉ်လို့ပင် မရပေ။
 

ကျန့်ကျင့်က ကျင်းဝမ်အပေါ် အမြင်ကို ပြောင်းလဲခဲ့သော်လည်း ကျင်းဝမ်က ဒီအလုပ်နဲ့ သင့်တော်သည်ဟု မထင်သေးပေ။ ဒါပေမယ့် မင်းကြီးကို အလျင်စလို မတင်လျှောက်ပဲ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ကျင်းဝမ်က စကားမပြောနိုင်တာ နှမျောစရာပဲ...ကျင်းဝမ်လို ထက်မြက်ကာ အမြင်စူးရှသူက အလုပ်ကို တကယ် စိတ်နှစ်ကာ အေးဆေးလုပ်နိုင်သူ ဖြစ်သင့်ပါလျက်... အခုတော့ နှမျောစရာပဲ...
 

"တကယ်လို့ အရှင်မင်းသား မရှင်းတာ ရှိရင် ဒီအမှုထမ်းကို ချက်ချင်းမေးလို့ပါတယ်။ ကျွန်တော်မျိုး မဖြေနိုင်တာရှိရင် င်းရဲ့ဘုရင့်နောင်တော်တွေ စိတ်ရှုပ်ထွေးနေတယ်ဆိုရင် မင်းရဲ့ဝန်ကြီးကိုပြောဖို့ တုံ့ဆိုင်းမနေပါနဲ့။ မင်းမဖြေနိုင်ရင်  ဆရာကြီးရှန့်ရှုးကို မေးလို့ရတယ်။"
ကျန့်ကျင့်က နွေးထွေးစွာပြောတော့ ကျင်းဝမ်က ခေါင်းညိတ်လိုက်သည်။

ပုံတွေကိုဖတ်ပြီးရင် ငါးကလေးကို ကစားလို့ရသည်။ ကျင်းဝမ်က ကျန့်ကျင့်၏ အကြည့်အောက်မှာ သလင်းကျောက်ပုလင်းထဲက ရွှေငါးလေးကို စားပွဲပေါ်  ပြောင်းတင်လိုက်သည်။
 

ကျန့်ကျင့် -  "..."

ထမင်းစားနေစဉ် ကျန့်ကျင့် သည် နေ့လယ်စာပါရှိသော အထုပ်ကြီးကြီးကို ဖြည်လိုက်ကာ  ကြီးမားသော အစားစာ ထည့်ထားသော သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ အစားအသောက်ပုံးထဲမှာ ပန်းကန်ကြီး သုံးလုံးရှိနေတယ်။

ကျင်းဝမ် သည် ပန်းကန်လုံးအဖုံးကို တစ်လုံးပြီးတစ်လုံးဖွင့်လိုက်ရာ ကျင်းဝမ် နှင့် မနီးမဝေးတွင်ထိုင်နေသော ကျန့်ကျင့် သည် ထမင်း တစ်ပန်းကန်၊ ဘာဟင်းမှန်းမသိသည့် အနက်ရောင် ဟင်းထည့်ထားသည့် ပန်းကန်နှင့်   နောက်ပန်းကန်တစ်ခု... ... သခွားသီးပျော့လေးနဲ့တူတယ်။

ကျန့်ကျင့်က စိတ်ဝင်တစားနဲ့  မနေနိုင်ပဲ မေးလိုက်တယ်။

 "အရှင်မင်းသားယူလာတာက ဘယ်လို ဟင်းလျာမျိုးပါလဲ"

ကျန့်ကျင့် က မေးပြီးနောက်၊ ထမင်းစားတဲ့အခါ ဘယ်သူက စာရေးပြီး ပြန်ဖြေနိုင်မလဲဆိုတာ သတိရသွားတယ်။ ကျင်းဝမ်က သူ့ကို အပြစ်တင်တော့မှာပဲ ဟု တွေးနေစဉ်    မမျှော်လင့်ဘဲ ကျင်းဝမ်က စိတ်ကောင်းဝင်ကာ အိတ်ထဲက မှတ်စုစာအုပ်လေးကို ထုတ်ကာ လှမ်းပေးခဲ့သည်။
 

ကျန့်ကျင့်: ? ? ?

ကျင်းဝမ် က ဒီမှတ်စုကို ဘယ်တုန်းက ပြင်ဆင်ခဲ့တာလဲ။ ဒါက သူမေးမယ်ဆိုတာ ကြိုသိနေတာလား...
 

ဟင်းနှစ်မျိုးနဲ့ ထမင်း တစ်ပန်းကန်တည်းလား....

ကျန့်ကျင့်က မှတ်စုတစ်ခုယူပြီး ဖတ်လိုက်သည်။ မှတ်စုထဲတွင် ငါကိုယ်တော်ရဲ့ ချစ်သူက ချက်ပေးလိုက်တဲ့  ခရမ်းသီးအချဉ်သုပ် နဲ့ သခွားသီးဟင်း...
 

ကျန့်ကျင့် -  "..."

ဟင်းက တကယ်တော့ အချဉ်သုပ်ထးတဲ့ ခရမ်းသီးပါလား.... ဒီလောက်မည်းနေတဲ့ ခရမ်းသီးဆိုတာ ရှိလို့လား...
 

ကျန့်ကျင့်က  အနာဂတ် ကြင်ယာတော် မင်းသမီးလေးက ဟင်းချက်ကောင်းတယ်လို့ မထင်ပေ။
 
ကျင်းဝမ်က မှတ်စုကို ကြိုတင်ပြင်ဆင်ရေးသားထားရုံသာမက အခြားလူကို စားပါဦးဟုပင် မပြောပဲ မျက်နှာတစ်ချက်ပင် မပြောင်းပဲ ထိုပန်းကန်သုံးလုံးကို စားခဲ့သည်။

ကျန့်ကျင့်၏အမူယာက တောင့်တင်းသွားပြီးနောက် ပြောလိုက်ပြန်သည်။
  "အရှင်မင်းသားနဲ့ .. မင်းသမီးလေးရဲ့ ဆက်ဆံရေး အရမ်းကောင်းတာပဲ..."

ကျင်းဝမ် ၏လက်သည်   ချောမွတ်နေသော ငါးကြင်း၏ နောက်ကျောကို ထိကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

အိပ်ယာမှ နိုးလာသောငါးသည် ဒါကိုမြင်တော့ ကျေနပ်စပြုလာသည်။
 ဟုတ်တယ်၊ ငါ့လက်ရာကို ချီးကျူးနေတာလား။ !

သူက မနက်စောစောထပြီး  ဟင်းနှစ်မျိုးချက်ပြီး ထမင်းချက်ပေးခဲ့သည်။
ခရမ်းသီးက အကြောင်းတစ်ခုခုကြောင့် မည်းနေပြီး ထမင်းက နည်းနည်း ပျော့နေပေမယ့် အရသာရှိလောက်ပါတယ်...ပြီးတော့ ကျင်းဝမ် ကြိုက်တဲ့ သခွားသီးတွေလည်း ရှိပါတယ် ။

လီယွီသည် စိတ်အားထက်သန်ပြီး သူ့ကိုယ်ပိုင်လက်ရာကို စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အရည်အချင်းရှိတဲ့ ခုန်ပျံကျော်လွှားမှုမျိုးနဲ့ဆိုရင် သူချက်ထားတဲ့ဟင်းကို မြည်းနိုင်လောက်တယ်။
 

ကျင်းဝမ်က ကျန့်ကျင့်ရဲ့ စကားကို အာရုံစူးစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး သူသည် သလင်းကျောက်ပုလင်း၏ အဝသို့ တိတ်တဆိတ် ကူးခတ်လာသည်။ ကျင်းဝမ်၏ထမင်းပန်းကန်နှင့် ငါးကို ထည့်ထားသည့် သလင်းကျောက်ပုလင်းနှင့် မဝေးလှပေ။  လီယွီသည် ကျင်းဝမ်၏ ပန်းကန်ထဲမှ ခရမ်းသီးသေးသေးလေးကို ယူရန် စီစဉ်ခဲ့သည်။

ခရမ်းသီးက သက်သတ်လွတ် ဟင်းသက်သက် ပါ ၊ ငါးလည်း  စားလို့ရလောက်ပါတယ်..

 

ကျင်းဝမ်က  ခရမ်းသီးအရသာကို မြည်းစမ်းပြီးနောက် ငါးကလေး ထိုခရမ်းသီးကို စားမိမည်ကို သူ စိုးရိမ်နေသည်။ ဒါကြောင့် သူက ပန်းကန်ကို မကာ ခရမ်းသီးအကုန်လုံး နှစ်လုတ် သုံးလုတ်ဖြင့် ကုန်အောင်စားပစ်လိုက်သည်။  

လီယွီ: "..."

လီယွီသည် စိတ်လှုပ်ရှားနေပြီး သူ၏လက်ရာသည် အမှန်တကယ် တိုးတက်လာပုံပေါ်သည်။ မဟုတ်ရင် ကျင်းဝမ်က ခရမ်းသီးဟင်းကို ဒီလောက် မြန်မြန်ကုန်အောင်စားလိုက်မှာလဲ။
 
Li Yu သည် နောက်ထပ် ဟင်းချက်နည်းများကို စဉ်းစားလာသည်။ သူက အသုံးတည့်တဲ့ ချစ်သူတစ်ယောက်ပဲ... သူက ကျင်းဝမ်ကို ဗီသုကာ ပုံတွေကိုဖတ်ဖို့ မကူညီနိုင်ပေမယ့်   ချက်ပြုတ်ရာမှာ ကူညီနိုင်ပါတယ်။

နောက်ဆုံးတော့ ငါးလေးက အတွေးတွေ ရပ်လိုက်သည်။ ရှောင်ယွီက အချစ်တွေနဲ့ပြည့်နေသည့် ထမင်းဘူးလေးတွေ နောက်ရက်တွေလည်း လုပ်ပေးဖို့ တွေးနေသည်ကိုသာ ကျင်းဝမ်သိခဲ့မယ်ဆိုရင် သက်ပြင်းချနေလောက်သည်။
 

ဧကရာဇ်မင်းကြီးက ကျင်းဝမ်ကို အလုပ်သမားဝန်ကြီးဌာနမှာ ရာထူးတစ်ခုခန့်အပ်ကာ နန်းဆောင်တစ်ခု ပြန်လည်မွမ်းမံရာတွင် ဦးစီးခိုင်းသည့် သတင်းက တတိယမင်းသား မုထျန်းယန်၏နားကို ပေါက်သွားခဲ့သည်။ မုထျန်းယန်က သူ့ကိုထောက်ခံသည့် ဝန်ကြီးတွေကို ကျင်းဝမ်က ထိုအလုပ်အတွက် မသင့်လျော်ပါဘူး၊ တတိယမင်းသား မုထျန်းယန်ကိုသာ တာဝန်ပေးအပ်တော်မူပါဟု မင်းကြီးထံ တင်လျှောက်စေသော်လည်း မင်းကြီးက သူတို့လျှောက်တင်ချက်ကို  လျစ်လျူရှုကာ ကျင်းဝမ်ကိုသာ ဆက်လက်တာဝန်ပေးခဲ့သည်။
 

ဆွံ့အနေတဲ့ ကောင်က  ဘာလုပ်နိုင်မလဲ။ ဧကရာဇ်က သူ့ထက် အဲ့အမှိုက်လိုကောင်ကို  ပိုကြိုက်တာ ဖြစ်နိုင်လို့လား။

ဘယ်လောက်ပဲ မကျေမနပ်ဖြစ်ပါစေ မုထျန်းယန်က ကလန်ကဆန် မပြုမူဝံ့ပေ။  ဧကရာဇ်မင်းကြီးက သူ့လုပ်ရပ်ကို  အလွန်စက်ဆုပ်ရွံရှာကြောင်း ရှင်းရှင်းလင်းလင်း မိန့်ထားခဲ့သည်။ ဆဋ္ဌမ မင်းသားနှင့်   သူ၏ဒဏ်ရာများ သက်သာလုနီးပါးဖြစ်နေပြီ။ ဧကရာဇ်မင်းသည် မင်းသားခြောက်ပါးကို အဆောင်ထဲ ပိတ်ထားတာကို ဖြေလျော့ပေးလိုက်ပေမယ့် သူ့ကို အပြင်ထွက်ခွင့်မပေးသေးဘူး။
 သူ့ကို စာသင်ဆောင်မှာ  နေ့တိုင်း ကျမ်းဂန်တွေကို လေ့လာပြီး ကူးယူဖို့ ခိုင်းစေနေသဖြင့် မုထျန်းယန်က စိုးရိမ်လာသည်။ အခုလို အပြစ်ပေးခံရတာ   အချိန်အကြာလာရင်  သူ့နောက်လိုက်နေသော လက်အောက်ငယ်သား ဝန်ကြီးတွေကို ဘယ်လို အာမခံချက်ပေးနိုင်တော့မလဲ။ သူ့ကို ဖယ်ခွာသွားကုန်လျှင်....

 

သူသည် တော်ဝင်စာကြည့်တိုက်တွင် ပညာသင်ကြားနေပြီး ဧကရာဇ်မင်းမြတ်သည် မင်းသားငယ်နှစ်ဦးကို တမင်တကာ ပြုစု ပျိုးထောင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး မင်းသားငယ်ကို သင်ကြားပို့ချပေးသော ဆရာသခင်ကိုပင် ဧကရာဇ်မင်းမြတ်၏ ဆရာနှင့် အစားထိုးခဲ့သည်။

ဧကရာဇ်သည်   မင်းသားငယ်နှင့် ကျင်းဝမ်ကို မျက်နှာသာပေးကာ သူ့ကို တမင်သက်သက် သူတို့နောက်တွင် ထားခဲ့သည်။ မုထျန်းယန် က သူ့ဆီလာလည်တဲ့ ဆဋ္ဌမ မင်းသားကို ထိုအကြောင်း မကျေမနပ် ညည်းညူခဲ့တယ်။

မုထျန်းရှောင် က သူ့ကို လှိုက်လှိုက်လှဲလှဲ သတိပေးခဲ့သည်။

 - "တတိယနောင်တော်   နောက်ဆုံးအကြိမ်က ရလိုက်တဲ့ သင်ခန်းစာကို မေ့သွားပြီလား ။ အလျင်မလိုပဲ စိတ်အေးအေးထားလိုက်ပါ။ ခမည်းတော်က နောင်တော်ရဲ့ စိတ်နေစိတ်ထားအပေါ် မူတည်ပြီး ဆက်ဆံပါလိမ့်မယ်။ တကယ်လို့ နောင်တော် အမှားတစ်ခုမှ မလုပ်ရင် ခမည်းတော်က နောင်တော် မခွင့်လွှတ်ပဲ နေမှာမဟုတ်ဘူး။ အခုက  အရမ်းကြာသွားပြီ။ စိတ်မပူပါနဲ့ အပြင်မှာ ကျွန်တော်လည်း ရှိပါသေးတယ်၊ ခမည်းတော်ကို စောင့်ကြည့်ဖို့ ကျွန်တော် ကူညီပေးပါ့မယ်"

မုထျန်းမင် ၏ မျက်လုံးများ တောက်ပလာကာ ဆဋ္ဌမမင်းသားပြောတာ မှန်သည်ဟု တွေးလိုက်သည်။   ဆဋ္ဌမမင်းသားသည် သူနှင့် နှစ်အတော်ကြာ နေခဲ့ရပြီး ယုံကြည်ထိုက်သူ ဖြစ်နိုင်လောက်သေးသည် မဟုတ်လား။


နောက်ဆုံးအကြိမ်တွင် ဆဋ္ဌမမင်းသား၏ စကားကို နားမထောင်ဘဲ ဇွတ်လုပ်ခဲ့လို့ ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရပြီး နောက် တတိယမင်းသားက ဆဋ္ဌမမင်းသားကို ပို၍ပို၍ ယုံကြည်လာစေသည်။

မုထျန်းမင် က စိတ်အားထက်သန်စွာပြောလိုက်သည်။

 " မင်း ဒီမှာရှိလို့  ငါ စိတ်ချလို့ရပြီ။  မင်းလက်ထဲအပ်လို့ရတဲ့ လူအင်အားတစ်ချို့ ငါ့မှ ရှိတယ်၊ ဒါကြောင့် မင်း ငါ့ကိုယ်စား ငါ့လူတွကို ကြည့်ရှုစောင့်ရှောက်ထားလို့ရတယ် "

မုထျန်းမင် သည် သူ့ အိတ်ထဲမှ အမိန့်ပေးတံဆိပ်ပြားကို ထုတ်ကာ ခဏမျှ တုံ့ဆိုင်းနေပြီး ဆဋ္ဌမမင်းသားအား ပေးလိုက်သည်။ ဆဋ္ဌမမင်းသားက အမိန့်ပေးတံဆိပ်ပြားကို လှမ်း ယူလိုက်သည်။  သူ့ရင်ထဲမှာ ဘယ်လောက်ပဲ မုန်းနေပါစေ... ဆဋ္ဌမမင်းသားလေးဟာ သူ့မျက်နှာပေါ်မှာ မာနအရိပ်အယောင်ကို မပြပဲ တတိယမင်းသားရဲ့ ကြင်နာမှုကို   ကျေးဇူးတင်လိုက်သည်။ သူ့ကို ဒီလိုအခွင့်အရေးပေးတဲ့အတွက် တတိယမင်းသားကို အရမ်းကျေးဇူးတင်ကာ ဒီကျေးဇူးကို  နွားလို၊ မြင်းလို ပြန်ပေးဆပ်ပါမည်ဟု ပြောခဲ့သည်။
 

ဆဋ္ဌမမင်းသားသည် အမိန့်ပေးတံဆိပ်ပြားကို ယူပြီး တတိယမင်းသား၏ ရှေ့မှ ထွက်လာခဲ့သည်။

အိမ်မှထွက်သွားပြီးနောက်၊ မုထျန်းရှောင် သည် သူ့ခေါင်းပေါ်တွင် အုပ်မိုးနေသော တိမ်တိုက်များ နောက်ဆုံးတွင် လွင့်စင်သွားတော့မည်ကို သိလိုက်ပြီး တတိယမင်းသားရဲ့ လူတွေကို ခိုင်းစေနိုင်သည့် အမိန့်ပေးတံဆိပ်ပြား သူ့လက်ထဲ တင်းတင်းဆုပ်ကိုင်ထားနိုင်သရွှေ့ သူ ဘာမှ ဖုံးကွယ်စရာမလိုတော့ပေ။
 

***-****

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now