Ch 1086 - 1088

137 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 79

Chapter-13

(ဒီလိုနေ့မျိုးရောက်လာမယ်လို့ သိခဲ့တာကို ဘာလို့ခေါင်းမာမာနဲ့ ဆက်တိုးလာခဲ့တာလဲ)

"ယီယွမ်… အဲဒါက ငါတို့ကို သတ်မပစ်လောက်ပါဘူးနော်….."

ဓားစွမ်းအင်ကြောင့် ဖိအားများ ခံစားနေရသည့်အတွက် ရဲ့ချင်၏စိတ်ထဲ၌ ထိတ်လန့်မှုများ ရှိနေဆဲပင် ဖြစ်သည်။

စောစောလေးမှ မိစ္ဆာသုတ်သင်ခြင်းဓား၏ အစွမ်းထက်လွန်းသော ခုတ်ချက်ကြောင့် ရဲ့ချင်၏ ထိတ်လန့်တုန်လှုပ်မှုက အသေးအဖွဲမဟုတ်ပေ။

ယီယွမ်က သူ၏ခေါင်းကို ခါယမ်း၍ ပြောဆိုခဲ့၏။ "အဲဒီလိုပုံစံမျိုး မဟုတ်ဘူး…. ဖြစ်နိုင်တာက… သူ့ကို လက်ခံဖို့အတွက် ငါ့ကို  တိုက်တွန်းချင်တဲ့ သဘောပဲ….."

ရဲ့ချင်က အံ့ဩသွားခဲ့ပြီး မယုံကြည်နိုင်ဟန်ဖြင့် ပြောဆိုလိုက်သည်။ "မင်းက ဟာသလုပ်နေတာလား… ဒီမိစ္ဆာသုတ်သင်ခြင်းဓားက နတ်ဘုရားအဆင့် ရတနာတစ်ခုပဲ… ဘာအကြောင်းနဲ့များ  သူ့ကိုလက်ခံဖို့ မင်းကို ဘာလို့တောင်းဆိုမှာလဲ….."

ယီယွမ်က သူ၏ခန္ဓာကိုယ်ကို  ကြိုးစား၍ လှုပ်ကြည့်လိုက်သည်။ သို့ရာတွင် သူ၏ဒဏ်ရာများက အလွန်ပြင်းထန်နေခဲ့၍ နှလုံးကွဲအက်သွားသည့် နာကျင်မှုဝေဒနာကို ခံစားလိုက်ရသည်။

"ငါ့ကို သူ့အနားသွားဖို့ ကူညီပေး….." ယီယွမ်က ပြောလိုက်သည်။

"ငါတို့က သူ့အနားကို တကယ်သွားမှာလား….." ရဲ့ချင်က ကြောက်ရွံ့နေဆဲပင် ဖြစ်သည်။

"သောက်ရေးမပါတာ မပြောနဲ့ဟ… တကယ်လို့ အဲဒီဟာက ငါတို့ကို သတ်ချင်တယ်ဆိုရင် ငါတို့က  အစောကြီးကတည်းက  သေသွားလောက်ပြီ… မြန်မြန်သွား….." ယီယွမ်က တိုက်တွန်းလိုက်သည်။

ရဲ့ချင်က ရွေးချယ်စရာမရှိခဲ့၍ ယီယွမ်ကို တွဲ၍ မိစ္ဆာသုတ်သင်ခြင်းဓား၏ ရှေ့မှောက်သို့ ဖြည်းဖြည်းချင်း ဦးတည်သွားရောက်ခဲ့သည်။

ယီယွမ်က အနားကပ်လာချိန်တွင် မိစ္ဆာသုတ်သင်ခြင်းဓားက ရုတ်တရက်ပင် မျက်စိကျိန်းလောက်အောင် တောက်ပသွားခဲ့ပြီး အဝါဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now