ဤသို့သောကိစ္စမျိုးကို စစ်ယင်းက သတိပေးနေစရာပင် မလိုအပ်ပေ။ ယီယွမ်က သူ၏စိတ်ထဲတွင် နားလည်ထားခဲ့ပြီးဖြစ်၏။ သို့သော်လည်း ယီယွမ်ကို ထိတ်လန့်စေရန်အတွက်မူ ထိုငနဲများက အဆင့်မီခြင်းမရှိပေ။

သို့သော် စစ်ယင်း၏ စကားထဲမှ အဓိပ္ပာယ်အချို့ကို ယီယွမ်က ရိပ်မိသိရှိခဲ့ပေသည်။

"အရှင်ကြီးမြတ်သူရဲ့ စကားကိုကြားရတာ အရှင်ကြီးမြတ်သူက နဂါးဧကရာဇ်နယ်မြေကို ဝင်ရောက်ဖို့ အစီအစဥ်မရှိဘူးနဲ့တူတယ်….."

ယီယွမ်က အလွန်သိချင်သွားခဲ့၏။ ကြီးမြတ်သူအားလုံးက နဂါးဧကရာဇ်နယ်မြေကို အလွန်စိတ်ဝင်စားနေခဲ့၍ ထိုနယ်မြေတွင် ရတနာများစွာ ရှိနေမည်မှာ သေချာလှပေသည်။ သို့သော် ကြီးမြတ်သူ စစ်ယင်းကမူ အခြားအစီအစဥ်များ ရှိနေခဲ့ပုံရ၏။

"နဂါးဧကရာဇ်နယ်မြေက ပရိယာယ်ကြီးတစ်ခုပဲ… အထဲမှာရှိတဲ့ ရတနာပစ္စည်းတွေကို ရချင်တယ်ဆိုရင် ကောင်းကင်ကို တက်လှမ်းတာထက်  ပိုပြီးခက်လိမ့်မယ်… မင်းက ဒီကြီးမြတ်သူနောက်ကို လိုက်ပါမယ်ဆိုရင် ဒီကြီးမြတ်သူက မင်းကို အန္တရာယ်ကင်းဖို့နဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးကို ပေးအပ်မယ်လို့ အာမခံတယ်….." စစ်ယင်းက ကြီးမားသောတန်ဖိုးကို ကမ်းလှမ်းလိုက်ပေသည်။

ရတနာများက မည်မျှပင် တန်ဖိုးကြီးမားစေကာမူ ထိုရတနာများကို ရယူရန်အတွက် အသက်ရှင်ရန် လိုအပ်ပေ၏။ စစ်ယင်း၏ ဤကတိက ယီယွမ်ကို အကျိုးအမြတ်များရရှိပြီး အန္တရာယ်ကင်းကင်းနှင့် ပြန်ထွက်လာနိုင်မည်ဟု အာမခံပေးခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ယီယွမ်က ထိုကိစ္စကို  လက်ခံခြင်းမပြုသေးဘဲ  တည်ငြိမ်စွာပင် ပြောဆိုခဲ့၏။ "အသေးစိတ် ပြောပြပေးပါ….."

စစ်ယင်းက ကူရာကယ်ရာမဲ့စွာဖြင့် သူမ၏ဒေါသကို ထိန်းချုပ်ထားခဲ့ပြီး ပြောလိုက်ပေသည်။ "ဒီကြီးမြတ်သူက နဂါးဧကရာဇ်နယ်မြေကို နောက်ဆုံးတစ်ကြိမ် ဝင်ရောက်ခဲ့ချိန်တုန်းက ချောင်ကျတဲ့နေရာတစ်ခုမှာ လိုဏ်ဂူတစ်ခုကို ရှာတွေ့ခဲ့တယ်… ဒီကြီးမြတ်သူက အစွန်အဖျားနေရာမှာပဲ ရှာဖွေခဲ့ပေမဲ့ ပစ္စည်းကောင်းတွေ အများကြီးကို ရှာဖွေတွေ့ရှိခဲ့တယ်… ဒီကြီးမြတ်သူက ကြီးမြတ်သူဖြစ်လာတာ အဲဒီလိုဏ်ဂူရဲ့ ကျေးဇူးတွေကြောင့်ပဲ… အဲဒီနေရာမှာ သဘာဝစွမ်းအင်တွေ ကင်းမဲ့နေတဲ့ ကျောက်တံခါးတစ်ချပ် ရှိနေတယ်… ဒီကြီးမြတ်သူက အဲဒါကို နည်းလမ်းမျိုးစုံသုံးပြီး ဖွင့်လှစ်ခဲ့တာတောင် မဖွင့်နိုင်ခဲ့ဘူး….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)حيث تعيش القصص. اكتشف الآن