Chapter 28

3.1K 377 9
                                    

#unicode

အပိုင်း (၂၈) ကောင်းပြီလေ… ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်

ခြံဝန်းအတွင်းရှိ ရှုခင်းကို လင်းလန်တစ်ယောက် ခံစားနေတုန်း ယဲ့ဖန် သူမအနောက်သို့ တိတ်တဆိတ်ကပ်သွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"တစ်ခါကြည့်ရင် ၅၀ RMB.. လေတစ်ခါရှူရင် ၁၀၀ RMB… မင်းက ၃ခါ အသက်ရှူပြီး ၁၁ခါ ကြည့်တာဆိုတော့ စုစုပေါင်း ၈၅၀ RMB ကျတယ်။ ဒီတော့ မင်း ငါ့ကို စုစုပေါင်း ပေးစရာအကြွေး ၂,၈၅၀ RMB ရှိပြီနော်"

"ဘာ"

လင်းလန် ဒေါသထွက်လွန်းလို့ ပြောစရာစကား မရှိ ဖြစ်နေသည်။

ယဲ့ဖန် ဒီလောက် အရှက်မရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူက သူမ အသက်ရှူတဲ့လေဖိုးတောင် တောင်းနေသေးသည်။

*လူဆိုးကောင်*

လင်းလန် ကူရာမဲ့စွာ အံကို တင်းတင်းကြိတ်ထားမိသည်။ သို့သော် ရှုခင်းကလည်း လှလွန်းသလို အထူးသဖြင့် လေထုကလည်း လတ်ဆတ်လွန်းလှသည်။ တစ်ခါရှူရှိုက်လိုက်မိသည်နှင့် ပင်ပန်းနွမ်းလျမှုတွေ ပြေပျောက်သွားသလို ခံစားမိသည်။

လင်းလန် နာမည်ကြီး ခရီးသွားနေရာများကို ရောက်ဖူးသော်လည်း ဘယ်နေရာမှ ဤရှုခင်းအား မမှီနိုင်ပါ။

"ဟွန့်"

ယဲ့ဖန်ကြောင့် လှပသော ရှုခင်းအား ကြည်နူးခံစားလိုသည့်စိတ်များ လင်းလန် ပျောက်ဆုံးသွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ဤခြံဝန်းအတွင်းမှ သူမ နှောင့်နှေးခြင်းအလျင်းမရှိဘဲ ထွက်လာလိုက်သည်။

သို့သော် ခြံဝန်းထဲမှ ထွက်လာလိုက်သည်နှင့် သူမ ထပ်မံ၍ အံ့အားသင့်သွားရသည်။

"ဆင်ခြေဖုံး ရပ်ကွက်ကြီးပါလား!"

အပြင်၌ ဘာဆို ဘာမှမရှိပါ။ ကိုယ်ပိုင်ကားတစ်စီး မပြောနှင့် တက္ကစီတောင် မရှိပါ။

"ငါ့ကားက ဘားလမ်းထဲမှာပဲ ကျန်ခဲ့တာထင်တယ်။ ငါ ဘာလုပ်ရမလဲ။ ငါ့ကို လာကြိုဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်ရင် ကောင်းမလား"

လင်းလန် ခေတ္တမျှ တွေဝေနေပြီးနောက် ထိုအကြံကို ပယ်ချလိုက်သည်။ သူမက ယဲ့ဖန်၏ အဝတ်အစားကို ဝတ်ထားပြီး ယဲ့ဖန်အိမ်ထဲမှ ထွက်လာသည်မို့ ဤကိစ္စက ရှင်းပြရ ခက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now