164

2.6K 596 25
                                    

Unicode

ရှန်ရွှိန်ယန်းသည်လည်း ပုံရိပ်ယောင်ထဲ ကျရောက်ခဲ့မှန်း သိသာလှပါ၏။ ကိုယ့်လက်ဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သည်အထိ မည်မျှစိတ်ပျက်အားလျော့ဖွယ် မြင်ကွင်းမျိုးကို တွေ့ကြုံခဲ့ရသနည်း။

အချိန်နည်းနည်းလေး နောက်ကျသွားလျှင် သူ့လက်ထဲမှဓားရှည်ဖြင့် ရှန်ရွှိန်ယန်း သေဆုံးချေလိမ့်မည်။

ခြူးမုယွင်မှာ ဘာမှမစဉ်းစားနိုင်တော့ဘဲ အော်ဟစ်ကာ ရှန်ရွှိန်ယန်းအား ပုံရိပ်ယောင်ထဲမှ ဆွဲထုတ်ပစ်လိုက်၏။

တကယ်တော့ ကျွင်းမော့ကို လုပ်ခိုင်း၍ရမှန်း သူသိသည်။ သူ့ကိုယ်စား ရှန်ရွှိန်ယန်းကို ကယ်တင်ပေးရန် ကျွင်းမော့ထံ အကူအညီ တောင်းနိုင်သည်။ ကျွင်းမော့သာ ကူညီပေးခဲ့လျှင်.. ပထမဆုံးအချက်၊ သူကိုယ်တိုင် ရှေ့ထွက်လူလုံးပြရန် မလိုတော့ချေ။ ဒုတိယအချက်၊ ရှန်ရွှိန်ယန်းသည် ကျွင်းမော့အပေါ် ကျေးဇူးကြွေးတင်သွား၍ နောင်တစ်ချိန် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများတွင် ပိုမိုအဆင်ပြေလာလိမ့်မည်။

သို့သော် မည်သို့ပင် နားလည်နေစေကာမူ၊ ခန္ဓာကိုယ်၏ အလိုလိုတုံ့ပြန်ချက်သည် ဘယ်သောအခါမှ တရားနည်းလမ်းမကျခဲ့ပေ။ ရှန်ရွှိန်ယန်း၏ ဦးတည်ရာမဲ့နေသော မျက်ဝန်းအိမ်ထဲမှ တောက်ပမှုများ ကွယ်ပျောက်လာသည်ကို မြင်လိုက်ရသောအခါ ခြူးမုယွင်လည်း သူ့ကိုယ်သူ နားလည်သွားခဲ့သည်။

-သူကိုယ်တိုင် ပျိုးထောင်ခဲ့သော ကလေးငယ်လေး။ သူ့အပေါ် အမှားများစွာ လုပ်ခဲ့ဖူးသည့်တိုင် ဤကလေးငယ်လေး အသက်အန္တရာယ် ကြုံတွေ့နေသည်ကို သူ ရပ်မကြည့်နိုင်ပါပေ။

အထူးသဖြင့် သူအနှစ်သက်ရဆုံး မျက်နှာပိုင်ရှင်လေး ဖြစ်နေသောကြောင့်ပင်။

ခြူးမုယွင်သည် များများစားစား တွေးမနေ။ သူက ထိုသို့သော လူစားမျိုးပင်။ တွက်ချက်ပြီး လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ အလိုလိုသိစိတ်ကြောင့် လှုပ်ရှားခဲ့သည်ဖြစ်စေ၊ သူ့လုပ်ရပ်အတွက် ဘယ်သောအခါမှ နောင်တရမည်မဟုတ်ပေ။

လူတစ်ယောက်ချင်းစီ၏ ပုံရိပ်ယောင်ကို သူတို့ကိုယ်တိုင်သာ မြင်နိုင်ပါ၏။ ထို့ကြောင့် ရှန်ရွှိန်ယန်း ဘာမြင်ခဲ့ရမှန်း မည်သူမျှ မသိချေ။ သို့သော် ပုံရိပ်ယောင်ထဲမှ ဆွဲထုတ်ပြီးသည့်တိုင် ရှန်ရွှိန်ယန်းခမျာ အနှီသက်ရောက်မှုမှ ရုန်းထွက်နိုင်ဟန်မပေါ်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now