111

3.7K 719 112
                                    

Unicode

ထိုပုံရိပ်သည် အလွန်ပင် တုန်လှုပ်ချောက်ခြားဖွယ်ကောင်းလှ၏။

မိုးကောင်းကင်တစ်ခုလုံးသည် ညို့မှိုင်းလျက်၊ အနက်ရောင်တိမ်တိုက်များက ကောင်းကင်၏ မူလအရောင်ကို ဖုံးလွှမ်းထားပြီး မိုးကောင်းကင်နှင့် မြေပြင်လွှာကြားတွင် အရိုးဖြူဖြူများက ကတော့ချွန်သဏ္ဍာန် တောင်ပုံရာပုံဖြစ်နေခဲ့သည်။

အမှောင်ထုနှင့် ညို့မှိုင်းမှုန်ဝေနေသော ပတ်ဝန်းကျင်က သက်ရှိငရဲတစ်ခုကို ဖော်ကျူးနေသည့်နှယ်။

အရိုးဖြူဖြူများ၏ ထိပ်ဆုံးနေရာတွင် အမျိုးသားတစ်ယောက် ထိုင်နေလေသည်။ ထိုအမျိုးသားသည် လက်ကောက်ဝတ်အကျပ် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခြေတံရှည်များက အနည်းငယ် ကွေးညွတ်လျက် သွေးစွန်းနေသောဖိနပ်ဖြင့် အရိုးများ၊ ဦးခေါင်းခွံများထက် ဒူးနှန့်နေလေ၏။

သွေးလွှမ်းသော ကောင်းကင်ယံကို နောက်ခံထားကာ အလောင်းများအပေါ်တွင် ထိုင်နေခဲ့ပါသော်လည်း ထိုအမျိုးသားသည် ရာဇပုလ္လင်ထက်တွင် ထိုင်နေသကဲ့သို့ သူ၏ဟန်ပန်က ထောင်လွှားမောက်မာခြင်းများ ပြည့်နှက်နေလေသည်။

ခြူးမုယွင်က ထိုအမျိုးသားကို ငေးကြည့်နေခဲ့သည်။ သို့သော် နောက်ခံအလင်းကြောင့် ထိုသူ၏မျက်နှာကို မမြင်နိုင်ခဲ့ချေ။ မည်သို့ပင်ဆိုစေ ခြူးမုယွင်အတွက် သဲသဲကွဲကွဲ မြင်တွေ့ရန် မလိုခဲ့ပါချေ။ ထိုအမျိုးသား ဘယ်သူဘယ်ဝါဖြစ်ကြောင်း သူသိနေသည်။

ထိုသူကား နတ်ဆိုးအရှင်ခုနစ်ပါးအနက် အရက်စက်ဆုံး၊ အဆိုးရွားဆုံးဖြစ်သော ‘အစားကြူးခြင်း’ အရှင်သခင်၊ ယဲ့ကျန့်ဟန်ပင် ဖြစ်သည်။

အနက်ရောင်ဝတ် ထိုအမျိုးသားသည် အရိုးဖြူဖြူများထက်မှ ခုန်ချလာခဲ့သည်။ အရပ်ရှည်သော်လည်း လှုပ်ရှားမှုတိုင်းက အလွန်ပေါ့ပါးလှ၏။ ဖြည်းညင်းပေါ့ပါးစွာ လမ်းလျှောက်လာပါသော်လည်း ပြင်းထန်လွန်းသော အရှိန်အဝါက လူအများကို မြေပေါ်ဝပ်တွားလျက် သူ၏အရှေ့တွင် ဒူးထောက်ခစားရစေသည်။

ခြူးမုယွင်က မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူ နီးကပ်လာသည်နှင့်အမျှ ထိုသူ၏ မျက်နှာသွင်ပြင်ကိုပါ တဖြည်းဖြည်းချင်း မြင်လာနိုင်ခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now